← Chapters

လူငယ်လေး ခဏလောက် စောင့်ပါဦး

Vol. 8 Ch. 119

လူငယ်လေး ခဏလောက် စောင့်ပါဦး

Vol. 8 Ch. 119

*ခွေးကောင်*

မော့ထောင်က အနက်ရောင်နွယ်မြက်ပင်၏ ဈေးကို ၃၀ မီလီယံ ယွမ်အထိ မြှင့်လိုက်သဖြင့် ရှုထန့်၏ မျက်နှာက ဒေါသကြောင့် နီမြန်းလာသည်။

သူ၏ တမင်တကာ စိတ်ဆွနေသော မျက်နှာပေးကြောင့် ရှုထန့်သည် သူ့ကို အံကြိတ်၍ ကြည့်ကာ ရိုက်နှက်ပစ်ချင်စိတ် ပေါက်နေသည်။

သို့သော် ရှုထန့်နှင့် ဆန့်ကျင်ဘက် အမူအရာ ဖြစ်နေသူကတော့ ယဲ့ဖန်ပင်၊ သူက ဒေါသမထွက်သည့်အပြင် ပြုံးတောင် ပြုံးနေသည်။

သူ့နှုတ်ခမ်းက မြန်မြန်ဆန်ဆန် လှုပ်သွားကာ တစ်ခုခုကို ခပ်တိုးတိုး ပြောလိုက်သည့်ပုံပင်။

သူ့ပါးစပ်က မြန်ဆန်စွာ လှုပ်ရှားသွားသော်လည်း ထူးဆန်းစွာပင် မည်သည့်အသံမှ ထွက်မလာခဲ့ပါ။

ထိုစဉ် စင်ပေါ် ရပ်နေသည့် မာစတာကူးက တစ်ခဏမျှ မှင်တက်နေသည်။ ထို့နောက် သူက လေလံအိမ်ကို လိုက်လံကြည့်လိုက်သည်။

ယဲ့ဖန်ကို တွေ့လိုက်မှ မာစတာကူးက အသာပြုံး၍ ခေါင်းညိတ်လိုက်သည်။

ထိုစဉ် ရုတ်တရက် ယဲ့ဖန်က ထအော်လိုက်သည်။

"၄၀ မီလီယံ ယွမ်"

…..

ယဲ့ဖန်၏ ခေါ်ဈေးကြောင့် လေလံအိမ်တစ်ခုလုံး ပွက်လောရိုက်သွားပြန်သည်။

မော့ထောင်၏ မျက်နှာက ချက်ချင်း သုန်မှုန်လာသည်။ ဆေးဖက်ဝင် အပင် အတွက် ယဲ့ဖန် ဒီလောက် များများပေးလိမ့်မည်ဟု သူ ထင်မထားမိပါ။

ယဲ့ဖန် သူ့ထံမှ နက္ခတ်လေးသွယ် ကမ္ဘာဦး လက်ဘက်ရည်အိုးကို မည်သို့ လုယူ သွားခဲ့သည်ကို ပြန်အမှတ်ရမိပြီး မော့ထောင် အံကို တင်းနေအောင် ကြိတ်၍ အော်လိုက်သည်။

"၅၀ မီလီယံ ယွမ်"

…

မော့ထောင်၏ ခေါ်ဈေးကြောင့် ယဲ့ဖန်မှလွဲ၍ လေလံစံအိမ်တစ်ခုလုံး ထိတ်လန့်သွားသည်။

မော့ထောင်က ဈေးကို တမင်မြှင့်နေမှန်း သူတို့ သတိထားလိုက်မိသည်။

"၅၀ မီလီယံ ယွမ်၊ တစ်ကြိမ်"

"၅၀ မီလီယံ ယွမ်၊ နှစ်ကြိမ်"

""၅၀ မီလီယံ ယွမ်၊ သုံးကြိမ်"

ဒုန်း!

"ဂုဏ်ယူပါတယ်၊ မစ္စတာ မော့ထောင်၊ ခင်ဗျား အနက်ရောင်နွယ်မြက်ပင်ကို ၅၀ မီလီယံ ယွမ် နဲ့ ရသွားပါပြီ"

မာစတာကူးက စားပွဲကို တူလေးနှင့် ထုလိုက်သည်ကို မြင်ပြီး မော့ထောင် ဝမ်းသာအားရ ပြုံးလိုက်မိသည်။

*နောက်ဆုံးတော့ ငါ ပိုင်သွားပြီ*

*ဟိုအရူး လိုချင်နေတဲ့ဟာကို နောက်ဆုံးတော့ ငါ အပိုင်ရသွားပြီ*

ထို့နောက် မော့ထောင်က ယဲ့ဖန်အား အထင်သေး၊ ရန်စသည့် အကြည့်မျိုးဖြင့် ကြည့်လိုက်သည်။

သို့သော် ယဲ့ဖန်က ဝမ်းသာအားရ ပြုံးကာ စကားလုံးနှစ်လုံးကို ပြောတော့ မည့်ဟန် ပေါ်နေသည်။

သူ၏ ပါးစပ် လှုပ်ရှားပုံအရ သူက 'ကျေးဇူးတင်ပါတယ်' ဟု ပြောချင်နေမှန်း မော့ထောင် ချက်ချင်း သိလိုက်သည်။

*ကျေးဇူးတင်တယ်*

"ဟွန်း အရူးကများ"

ခေတ္တမျှ ကြောင်သွားပြီးမှ မော့ထောင်က အထင်သေးသည့်ဟန်ဖြင့် ဆက်ကြည့် နေလိုက်သည်။

မော့ထောင်တွင် ပိုက်ဆံများစွာ ရှိသည်။ သူက ယဲ့ဖန်ကို လက်စားချေ ချင်လို့သာ ယဲ့ဖန် လိုချင်သည့်အရာများကို လိုက်လု၍ ဝယ်နေခြင်း ဖြစ်သည်။

ကဲ… လေလံပွဲကို ပြန်စလိုက်ရအောင်ဗျာ!

များစွာသော ရှေးဟောင်းပစ္စည်းများ၊ ရှားပါးပစ္စည်းများ တစ်ခုပြီးတစ်ခု လေလံတင်နေကြသည်။

ထိုအထဲတွင်မှ ယဲ့ဖန်က ပစ္စည်းလေးခုကို လိုချင်နေသည်။

မန္တလကြာပန်း

သံချေးတက်နေသော ရှေးဟောင်းဓားကျိုးတစ်ချောင်း

သဲများကပ်နေသော ထူးဆန်းသည့်ကျောက်တုံးတစ်တုံးနှင့်

သလင်းကျောက်စိမ်းတို့ ဖြစ်သည်။

သို့သော် ထိုလေးခုလုံးကို မော့ထောင်က ၃၀ မီလီယံ ယွမ်၊ ၁၅၀ မီလီယံ ယွမ်၊ ၄၀ မီလီယံ ယွမ်နှင့် ၆၀ မီလီယံ ယွမ်တို့ အသီးသီး ပေး၍ ဝယ်ယူသွားသည်။

ထို့ကြောင့် ယဲ့ဖန် ဘာတစ်ခုမှ မရလိုက်ပါ။

ရှုထန့်သည် နာကျည်းနေဟန်ဖြင့် မျက်နှာကလည်း မည်းမှောင်နေကာ မေး လိုက်သည်။

"ဆရာဘိုးဘိုး၊ ဘာလို့ မော့ထောင်နဲ့ ပြိုင်ပြီး အဲ့ပစ္စည်းတွေကို လုမဝယ် တာလဲ? မော့ထောင်က ချမ်းသာတယ်ဆိုပင်မယ့် ကျွန်တော်တို့လည်း ချမ်းသာ တာပဲလေ"

ရှုထန့်သည် ရလဒ်နှင့် ပတ်သက်၍ သိပ်မကျေနပ်ပါ။ သူ့မျက်လုံးထဲတွင် သူ့ဆရာ ဘိုးဘိုးသည် ခန့်မှန်း၍ မရနိုင်သော ဆုံးဖြတ်နိုင်စွမ်း ရှိပေသည်။

သူနှစ်သက်သော အရာများသည် တန်ဖိုးဖြတ်မရသော ရတနာများပင် ဖြစ်ပေသည်။

သူ့စကားကြောင့် ယဲ့ဖန်က အသာပြုံး၍ မရိုးသားသော အမူအရာဖြင့် ပြန်ပြောလိုက်သည်။

"ဘာလို့ ငါတို့က သူနဲ့ ဖက်ပြီး လုရမှာလဲ? ငါတို့အတွက် တစ်ယောက် ယောက်က ဝယ်ပေးထားတာ ပိုမကောင်းဘူးလား?"

*ဘယ်လို*

*ငါတို့အတွက် သူက ဝယ်ပေးတယ်*

ရှုထန့် အံ့ဩသွားသည်။

သူ ယဲ့ဖန်ကို နားဝေတိမ်တောင်ဖြင့် ကြည့်နေမိသည်။ ထို့နောက် သူ့ဆရာ ဘိုးဘိုးကား ရူးနေပြီဟူသော ပေါက်ပေါက်ရှာရှာ အတွေးတစ်ချို့ သူ့စိတ်ထဲ ဝင်လာတော့သည်။

ထိုအချိန်တွင် လေလံစံအိမ်တွင် ပိုက်ဆံလွှဲပေးလိုက်ရင်း သူ့ရတနာပစ္စည်း များကို ယူကာ မော့ထောင် အားရပါးရ ရယ်ချလိုက်သည်။

*ဟဟ… ကောင်းတယ်၊ သိပ်ကောင်းတာပဲ*

မော့ထောင်နှင့် သူလူ့များက ရယ်မော၍ စကားဆိုနေကြသည်။

"အဲ့အရူးက ငါ့ရှေ့ကနေ နက္ခတ်လေးသွယ် ကမ္ဘာဦး လက်ဘက်ရည်အိုးကို လုယူသွားခဲ့တာ၊ အခုတော့ ငါ သူ့ကို လက်စားချေနိုင်ခဲ့ပြီ"

မော့ထောင်၏ စကားကြောင့် သူ့လူများက လှောင်ရယ်ဟန်ဖြင့် ဝင်ပြော ကြသည်။

"ဟုတ်တယ်၊ ငါတို့ သူလိုချင်တဲ့အရာအားလုံးကို ဝယ်လိုက်နိုင်ပြီပဲ၊ အခုဆို သူ သေချာပေါက် သွေးအန်နေလောက်ပြီ"

"ဟဟ… သူ စိတ်ဓာတ်ကျနေတဲ့ ရုပ်ကို ငါ မြင်ချင်လိုက်တာ၊ ရှုထန့်လည်း အရှက်ရ နေလောက်ပြီလို့ ငါ လောင်းရဲတယ်"

သုံးယောက်သား ဝမ်းသာအားရ ပြုံးရယ်နေကြလေ၏။

ထိုစဉ် မော့ထောင် ပြုံးနေရာမှ ရုတ်တရက် တောင့်ခနဲ ဖြစ်သွားသည်။

"အာ? ဘာဖြစ်တာလဲဟ? ငါ့ညာဘက် လက်ကောက်ဝတ်က ထုံလာသလိုပဲ"

*ဟမ်*

မော့ထောင်၏ ပုံမှန်မဟုတ်သော အပြောကြောင့် သူ့လူများက သူ့ကို ဝိုင်းကြည့် လာသည်။

"သခင်လေးမို ခင်ဗျား အကြာကြီး ထိုင်လိုက်မိလို့များလား?"

မျက်နှာ ဖြူဖတ်ဖြူရော် ဖြစ်နေသည့်အပြင် မော့ထောင် အနည်းငယ် ပျာယာ ခတ်နေ၏။

"ငါ့ဘယ်ခြေထောက်လည်း ထုံလာပြီ၊ ဘာ… ဘာဖြစ်နေတာလဲဟ"

ဗလုံးဗထွေး အသံနှင့်အတူ ထုံကျင်လာမှုက သူ့ခြေဖဝါးမှ ဒူးသို့၊ သူ့ပေါင်မှ ခါးအထိ ရောက်လာသောကြောင့် မော့ထောင် သွက်ချပါဒလိုက်ကာ ကြမ်းပြင် ပေါ် လဲကျသွားသည်။

မျက်တောင်တစ်ခတ်အတွင်း သူ့ကိုယ်အောက်ပိုင်းမှ မည်သို့သော ခံစားမှု မျိုးမှ မခံစားရတော့ပေ။

မော့ထောင် လိပ်ပြာလွင့်မတတ် ကြောက်လာသည်။

သူ့လူနှစ်ယောက်ကလည်း ထိတ်လန့်တကြားနှင့် သူ့ကို ကြည့်လာသည်။ သူတို့နှစ်ယောက်ထဲမှ တစ်ယောက်က မော့ထောင်၏ လက်ကောက်ကို သတိထားမိသွားပြီး မယုံနိုင်ဟန်ဖြင့် အထစ်ထစ် အငေါ့ငေါ့ ပြောလာသည်။

"သ…သခင်လေးမော့… ခင်ဗျားရဲ့ လက်ကောက်…"

*ဘာ*

သူ၏ သတိပေးစကားကြောင့် မော့ထောင် သူ့လက်ကောက်ဝတ်ကို အလျင် အမြန် ကြည့်လိုက်ပြီးနောက် လုံးဝကို မှင်တက်သွားသည်။

အရင်တုန်းက စိမ်းဖန့်ဖန့်လက်ကောက်လေးသည် ယခုတော့ မည်းနက် နေချေပြီ။

လက်ကောက်ကို ကြည့်ပြီး မော့ထောင် သေမတတ် လန့်သွားသည်။ သူ့ဘောင်းဘီကို အသည်းအသန် လှန်ကြည့်လိုက်သောအခါ သူ့အရေပြားက အစိမ်းရောင် ပြောင်းနေသည်ကို တွေ့လိုက်ရသည်။

ထို့နောက် သူ သွက်ချာပါဒ ဖြစ်ရခြင်း၏ အကြောင်းရင်းမှာ သူ့လက်ကောက် ၏ အစိမ်းရောင်မှ လာတာဖြစ်မည်ဟု သူ ကောက်ချက်ချလိုက်သည်။

*ဒါ… ဒါ အဆိပ်ပဲ*

"သခင်လေးမော့ ... ခင် ... ခင်ဗျား မှတ်မိသေးလား၊ ဟိုကောင်က ခင်ဗျား နှစ်နာရီအတွင်း အကြောသေမယ်၊ သုံးနာရီအတွင်း ကိုမာဝင်ပြီး နောက်ဆုံး ငါးနာရီအတွင်းမှာ သွေးအိုင်ဖြစ်သွားမယ်လို့ ပြောခဲ့သေးတယ်လေ…"

…

သူ့ဘက်တော်သား၏ အပြောကြောင့် မော့ထောင် ပြန်မှတ်မိလာကာ မျက်နှာက ပြာနှမ်းလာသည်။

ဟိုကောင်က ဒီလက်ကောက်ကို ဝတ်တာက ကိုယ့်သေတွင်း ကိုယ် တူးတာ ပဲဟု ပြောခဲ့သည်ကို မှတ်မိလိုက်သည်။

ထိုအချိန်တုန်းက အဲ့ကောင် လက်ကောက်ပြန်လိုချင်လို့သာ ပြောခဲ့ခြင်း ဖြစ်သည်ဟု ထင်ခဲ့မိသည်။

သို့သော် ယခုအခါမှာတော့…

မော့ထောင်၏ မျက်နှာက ချက်ချင်း ပျက်ယွင်းလာကာ သူက ကမန်းကတမ်း ပြောလိုက်သည်။

"မြန်မြန် ... ငါ့ကို သူနဲ့ တွေ့ဖို့ မြန်မြန်ခေါ်သွားပေး၊ မြန်မြန်လုပ်"

မော့ထောင် ပျာယာခတ်နေသည်။

သူ့ကို သတိပေးခဲ့သလို သူ သွေးအိုင်အဖြစ်သို့ ပြောင်းသွားမည်ကို သူ လန့်နေသည်။ သူ့လူတစ်ယောက်က သူ့ကို ဆွဲ၍ အပြင်သို့ ထိတ်လန့်တကြား ပြေးသွားသည်။

…

ယဲ့ဖန်နှင့် ရှုထန့်တို့သည် လေလံစံအိမ်၏ အပြင်ဘက်တွင် အေးအေး ဆေးဆေး ရပ်နေသည်။

"ဆရာဘိုးဘိုး၊ ကျွန်တော်တို့က ဘာလို့ ဒီနေရာမှာ ရပ်နေကြတာလဲ?"

ရှုထန့်က ဇဝေဇဝါဖြင့် မေးလိုက်သည်။ သူတို့ ဘာမှမဝယ်ဖြစ်လိုက် သော်လည်း ယဲ့ဖန်က ဒီကနေ ထွက်သွားချင်စိတ် မရှိသေးပါ။ ထို့ကြောင့် ရှုထန့် စဉ်းစားမရ ဖြစ်နေခြင်း ဖြစ်သည်။

ရှုထန့်အမေးကြောင့် ယဲ့ဖန်က ထူးဆန်းစွာ ပြုံး၍ ပြန်ဖြေလာသည်။

"ငါတို့ ပစ္စည်းတွေ ပြန်ယူဖို့ စောင့်နေတာလေ၊ အခု တစ်ယောက်ယောက်က ငါတို့အတွက် ဝယ်ထားပေးပြီးပြီဆိုတော့ ငါတို့ သူ့လက်ဆောင်ကို လက်မခံရင် မကောင်းတတ်ဘူးလေ"

*ဘာ*

ရှုထန့် လုံးဝကို အံ့ဩသွားရသည်။

ထိုအခါမှသာ ယဲ့ဖန်က မော့ထောင် သူ့ကို ပစ္စည်းတွေ လက်ဆောင် လာပေးမှာကို စောင့်နေမှန်း သူ ရိပ်မိလိုက်တော့သည်။

*ဒါ… ဒါ လုံးဝ မဖြစ်နိုင်တာကြီးကို*

ထိုအချိန်တွင် ရှုထန့်က သူ့ဆရာဘိုးဘိုးတော့ လုံးဝ ရူးသွားချေပြီဟု ထင်လိုက်မိသည်။

*မော့ထောင်က အသေးအမွှား ကိစ္စလေးတွေကိုတောင် လိုက်ပြီး လက်စား ချေတတ်တာ။ အခုလည်း သူက အဲ့ရှားပါးပစ္စည်းတွေကို ဈေးကြီးပေးပြီး ဝယ်သွား‌တာကို ဘယ်လိုလုပ် ငါတို့ကို လက်ဆောင်အနေနဲ့ ပေးပါ့မလဲ*

ရှုထန့်က ယဲ့ဖန်ကို ဖျောင်းဖျချင်လာသည်။ ထိုစဉ် သူ အံ့ဩလွန်းလို့ ပါးစပ် အဟောင်းသား ဖြစ်သွားရသည်။

"လူငယ်လေး ခဏလေး စောင့်ပါဦး"

လူငယ်တစ်ယောက်က မော့ထောင်ကို ကျောပိုး၍ သူတို့ထံ အသည်းအသဲ ပြေးလာနေ၏။

All Chapters