မင်းက တကယ် တစ်ခုခုတော့ တစ်ခုခုပဲ
Vol. 8 Ch. 120
*ဘာ*
မော့ထောင်ကို မြင်ပြီး ရှုထန့် မျက်လုံးပြူးသွားလေတော့သည်။ ယဲ့ဖန်၏ ထင်ကြေးတွေက မှန်နေလိမ့်မည်ဟု သူ ထင်မထားခဲ့မိပါ။
မော့ထောင်က တကယ်ပဲ သူတို့နှစ်ယောက်ကို လာတွေ့တာပါလား။
*ဒါ … ဒါ လုံးဝ မဖြစ်နိုင်ဘူး*
ထို့နောက် မော့ထောင်က ယဲ့ဖန်အား နောင်တရနေသော အကြည့်ဖြင့် ကြည့်ကာ တောင်းပန်တိုးလျှိုးတော့သည်။
"လူငယ်လေး၊ မင်းကို စော်ကားမော်ကား ပြောဆိုမိတဲ့အတွက် ကျုပ်ကို ခွင့်လွှတ်ပါ။ ကျုပ် တောင်းပန်ပါတယ်။ လူငယ်လေး၊ ကျေးဇူးပြုပြီး ကျုပ်ကို ကယ်ပါဦး"
*ဘယ်လို*
ရှုထန့် စက္ကန့်ပိုင်းမျှ မှင်တက်သွားရသည်။ တရုတ်ပြည်တောင်ပိုင်းမှ သခင်လေး တစ်ယောက် ဖြစ်သောကြောင့် ရှုထန့်သည် မော့ထောင်၏ စိတ်ကို ကောင်းကောင်းသိသည်။
သူသည် အမြဲ မာနကြီးကာ အထက်စီးဆန်စွာ ဆက်ဆံတတ်သည်။ လူအနည်း ငယ် ကသာ သူ၏ တလေးတစား ဆက်ဆံခြင်းကို ခံရသည်။ ထို့ကြောင့် သူ့အတွက် လူတိုင်းကို တောင်းပန်တတ်ဖို့က မလွယ်ကူပေ။
သို့သော်လည်း ယခု မော့ထောင့်က ယဲ့ဖန်ကို တလေးတစားဖြင့် တောင်းပန် နေသည်။
*ဒါ… ဒါ လုံးဝ မဖြစ်နိုင်ဘူး*
ယဲ့ဖန်က မော့ထောင်ကို စိုက်ကြည့်ရင်း အားပါးတရ ပြုံးကာ ပြောလိုက် သည်။
"မင်း လက်ကောက်ဝတ်တွေ ထုံမနေဘူးလား?"
…
ယဲ့ဖန်၏ အမေးကြောင့် မော့ထောင် ငိုချင်လာသည်။
*ထင်တဲ့အတိုင်းပဲ ယဲ့ဖန်က ငါ့အဖြစ်ကို ဟိုးအရင်ကတည်းက ရိပ်စားမိ နေတာပဲ။ သူက ငါ့ကို ကိုယ့်သေတွင်းကိုယ် တူးနေတာပဲလို့ ပြောတာ အံ့ဩစရာ မရှိတော့ပါဘူး*
ယဲ့ဖန်က လက်ကောက်ကို ဝတ်လျင် ဖြစ်လာမည့် အကျိုးဆက်ကို သတိပေး ခဲ့သည်ကို သူ ထပ်ခါထပ်ခါ သတိရလာသည်။ သို့သော်လည်း ထိုစဉ်က ယဲ့ဖန်၏ အကြံကို သူက လှည့်စားတာဟု ထင်ခဲ့မိသည်ပဲ။ ထို့ကြောင့် မော့ထောင် အလွန်အမင်း နောင်တရလာသည်။
မသဲမကွဲအသံနှင့်အတူ မော့ထောင်က သူ့ကို ကျောပိုးထားသည့် လူငယ်လေး၏ ကျောပေါ်တွင် ရုန်းကလန်လို့်သောကြောင့် ယဲ့ဖန်ရှေ့ လေးဘက် ထောက်၍ လဲကျလာသည်။
ထိုသို့ လေးဘက်ထောက် အနေအထားဖြင့် "လူငယ်လေး မင်းသာ ငါ့ကို ကယ်နိုင်မယ်ဆို မင်းလိုချင်တာ ဘာမဆို ငါ ပေးပါ့မယ်"
မော့ထောင် ထိတ်လန့်နေသည်။
သူသည် အလွန် ငယ်နေသေးသည့်အပြင် သေလည်း မသေချင်သေးပါ။ သွေးအိုင် အဖြစ်သို့လည်း ပြောင်းမသွားချင်ပါ။
သို့သော်လည်း ယဲ့ဖန်တစ်ဦးတည်းကသာ သူ့ကို ကုသပေးနိုင်သည်လေ။
မော့ထောင်၏ စကားကို ကြားပြီးနောက် ယဲ့ဖန်က အသာပြုံး၍ "မင်းရဲ့ ပစ္စည်းတွေ အကုန် ဒီယူလား?"
*ပစ္စည်းတွေ*
မော့ထောင် ကြောင်သွားပြီးမှ သဘောပေါက်ကာ လည်သာအိတ်ကို ယဲ့ဖန်ရှေ့ ချကာ ဖြေလိုက်သည်။
"လူငယ်လေး၊ လေလံပွဲက ဝယ်တဲ့အရာအားလုံး ဒီထဲမှာ ရှိပါတယ်။ ဒါတွေအကုန် ခင်ဗျားကို လက်ဆောင်ပေးပါ့မယ်။ ကျေးဇူးပြုပြီး ကျုပ်ကို ကယ်ပေးပါ"
မော့ထောင် ထိုစကားကို ပြောနေစဉ် တစ်ကိုယ်လုံး တုန်နေသည်။
ဒီပစ္စည်းတွေ အကုန်ပေါင်းလိုက်လျင် ၂၀၀ မီလီယံ ယွမ်တောင် ကျော်နေ သည်ကိုး။
သို့သော်လည်း သူ အသက်ရှင်ရေးအတွက် သူ ဒါတွေကို ယဲ့ဖန်အား လက်ဆောင် ပေးရပေမည်။
မော့ထောင်၏ စကားကြောင့် ယဲ့ဖန်က တည်ငြိမ်စွာ ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက ဆောင့်ကြောင့်ထိုင်ချကာ လည်သာအိတ်ကို ဖွင့်လိုက်သည်။
အနက်ရောင်နွယ်မြက်ပင်၊ မန္တလကြာပန်း၊ ရှေးဟောင်းဓား၊ သဲများ ကပ်နေသော ကျောက်တုံးနှင့် သလင်းကျောက်စိမ်းတုံးတို့ကို အထဲ၌ တွေ့လိုက် ရသည်။
သူ အစကတည်းက ဝယ်ချင်နေသည့် ပစ္စည်းများကို တွေ့လိုက်ရသဖြင့် ယဲ့ဖန်က အပြုံးကြီး ပြုံးလိုက်သည်။
ထို့နောက် မန္တလကြာပန်းကို ထုတ်၍ မော့ထောင်ကို ပေးကာ ပြောလိုက်သည်။
"မင်းက မြွေစိမ်းမြှီးချောက်ရဲ့ အဆိပ် မိနေတာ။ မန္တလကြာပန်းကို ဝါးပြီး မင်း ထုံသလို ဖြစ်နေတဲ့ နေရာတွေကို လိမ်းလိုက်၊ မင်း သုံးမိနစ်အတွင်း အဆိပ်ပြေ သွားလိမ့်မယ်"
*ဘာ*
ယဲ့ဖန်၏ စကားကြောင့် မော့ထောင်က ပြန်မေးလိုက်သည်။
"လူငယ်လေး၊ ဒါက… ဒါက အဲ့လောက် လွယ်တာလား?"
ယဲ့ဖန်က ခေါင်းကို ညိတ်ပြီး အသာပြုံး၍ ပြောလိုက်သည်။
"အင်း… အဲ့လောက်ကို လွယ်တာ"
ယဲ့ဖန်၏ ထောက်ခံသော မျက်နှာပေးကြောင့် မော့ထောင်က မန္တကြာပန်းကို ချက်ချင်း ပါးစပ်ထဲ ကောက်ထည့်ကာ ဝါးလိုက်သည်။ ထို့နောက် မန္တလ ကြာပန်းအရည်ကို သူ့ခြေထောက်ပေါ် လိမ်းလိုက်၏။
ရုတ်တရက် သူ့ခြေထောက် အေးခနဲ ဖြစ်သွားကာ သက်တောင့်သက်သာ ဖြစ်သွားသည်။ မော့ထောင် ချက်ချင်း ပျော်ရွှင်လာသည်။
ထိုအေးမြသော ခံစားချက်က သူ၏ ပျက်စီးနေသော သွေးကြောများထဲသို့ ဖြည်းဖြည်းချင်း ပျံ့နှံ့လာပြီး သူ အထိအတွေ့ အာရုံကို ပြန်ခံစားမိလာသည်။
သုံးမိနစ်ကြာပြိးနောက် သူ၏ သွက်ချာပါဒလိုက်ခြင်း ဝေဒနာက လုံးဝ ပျောက်ကင်းကာ သူ မတ်တပ်ပြန်ရပ်လာနိုင်သည်။
"ငါ ပြန်ကောင်းသွားပြီ၊ ငါ့ခြေထောက်တွေ ပြန်ကောင်းသွားပြီ"
မော့ထောင် ပျော်ရွှင်နေလေသည်။
သို့သော် အိတ်ထဲမှ ရှားပါးပစ္စည်းများနှင့် ရတနာများနှင့်အတူ သူ့ပါးစပ်ထဲ ကျန်နေသေးသော မန္တလကြာပန်းရယ်ကြောင့် သူ မျက်နှာမဲ့လာသည်။
*သူ တမင်လုပ်တာပဲ*
ယခုမှသာ ယဲ့ဖန်က မန္တလကြာပန်းကို တမင် ရည်ရွယ်ချက်ရှိရှိနှင့် လေလံ လိုက်ဆွဲ နေခြင်း ဖြစ်မှန်း သူ သိလိုက်သည်။
*သူလိုချင်တဲ့ အရာတိုင်းကို ငါ လိုက်လုမယ်ဆိုတာကို သူ ခန့်မှန်းမိပြီးသားပဲ၊ အဲ့ဒါကြောင့် သူ ဒါတွေကို တမင် လေလံလိုက်ဆွဲခဲ့တာကိုး*
*အခု သူက ငါဝယ်လိုက်တဲ့ မန္တလကြာပန်းနဲ့ပဲ ငါ့ကို အဆိပ်ဖြေပေးပြီးတော့ ကျန်တဲ့ ရှားပါးပစ္စည်းနဲ့ ရတနာတွေကို သူ အပိုင်သိမ်းသွားပြီ*
တွေးလိုက်တိုင်း မော့ထောင် သွေးအန်မတတ် ဖြစ်လာသည်။
*လူလိမ်ကောင်*
*အဲ့ဒါကြောင့် လေလံစံအိမ်ထဲမှာ သူ ငါ့ကို ကျေးဇူးတင်ကြောင်း ပြောသွား တာကိုး၊ ဒါ တမင် လုပ်တာပဲ*
သို့သော် နောက်ဖြစ်လာသည့် အဖြစ်အပျက်ကြောင့် မော့ထောင် ထိတ်လန့် တုန်လှုပ်သွားသည်။
"မိတ်ဆွေလေး"
ထိုအချိန်တွင် မာစတာကူးက တည်ငြိမ်ရင့်ကျက်သော အမူအရာနှင့် အနားသို့ လျင်မြန်စွာ ရောက်ရှိလာသည်။
မာစတာကူးကို မြင်ပြီး လူတိုင်း တစ်ခဏမျှ မှင်တက်သွားကြသည်။
အားလုံး၏ နားဝေတိမ်တောင် အကြည့်များ အောက်တွင် မာစတာကူးက ချက်လက်မှတ် တစ်ခုကို ထုတ်ကာ ယဲ့ဖန်ကို ပေးလိုက်သည်။
"မိတ်ဆွေလေး မင်းရဲ့ သဘောတူညီချက်အရ မင်းက လေလံဈေးကို ယွမ် ၁၁၀ မီလီယံအထိ မြှင့်နိုင်ခဲ့တယ်၊ ဒါကြောင့် ဒီမှာ မင်းရဲ့ ချက်လက်မှတ်၊ ယူလိုက်ပါ"
*သောက်ကျိုးနည်း*
မော့ထောင်နှင့် သူ့လူများ အံ့ဩသွားကြသည်။ ထို့နောက် သူတို့ ယဲ့ဖန်ကို အလွန် မုန်းတီးကား ကျိန်ဆဲကြတော့သည်။
*ဒီခွေးကောင်က ဈေးကို တမင်လိုက်မြှင့်ခဲ့တာတဲ့လား*
မော့ထောင် ခေါင်းတွေပါမူးလာပြီမှ လုံးဝ နားလည်သွားလေတော့သည်။
*ငါ သူနဲ့ အပြိုင်လိုက်ပေးပြီး ဝယ်မယ်ဆိုတာကို သူ အစောကြီးကတည်းက ခန့်မှန်းမိပြီးသားပဲ၊ အဲ့ဒါကြောင့် သူက မာစတာကူးနဲ့ အပေးအယူလုပ်ပြီး ဒီပစ္စည်း ငါးခုလုံးကို ဈေးလိုက်မြှင့်ပြီး ငါ ဝယ်မိအောင် လုပ်ခဲ့တာပဲ*
*ခွေးမသား… ငလိမ်ကောင်*
မော့ထောင် ဒုတိယအကြိမ် သွေးအန်မတတ် ဖြစ်လာတော့သည်။
*ဒီကောင်က ငါ့ဆေးပင်နဲ့ပဲ ငါ့ကို ပြန်ကယ်ပြီးတော့ ငါဝယ်ထားတဲ့အထဲက ကျန်တဲ့ ပစ္စည်းလေးခုကို ယူသွားတယ်၊ ပြီးတော့ သူက ပေါက်ဈေးရဲ့ ရာခိုင်နှုန်းကိုတောင် ယူလိုက်သေးတယ်၊ အရှက်မရှိလိုက်တဲ့ကောင်*
*ကမ္ဘာပေါ်မှာ ဒီလောက် အရှက်မရှိတဲ့ကောင် ရှိနေသေးတာလား*
ယဲ့ဖန်က ရှားပါးပစ္စည်းလေးခုကို ယူသွားသည့်အပြင် ယွမ် ၁၀၀ မီလီယံပါ အမြတ်ယူနိုင်ခဲ့သည်ကို ပြန်တွေးမိတိုင်း မော့ထောင် သွေးအန်ချင်လာသည်။
ထိုစဉ် ယဲ့ဖန်က နှုတ်ခမ်းကို တွန့်၍ အသာပြုံးကာ ပြောလိုက်သည်။
"မင်းက တစ်ခုခုတော့ တစ်ခုခုပဲကွ၊ အမျိုးသမီးတွေက အောက်ပိုင်းကနေ ဓမ္မတာလာတယ်၊ မင်းကတော့ ပါးစပ်ကနေ ဓမ္မတာလာတယ်၊ မင်းက တော်တော့်ကို ထူးဆန်းတာပါလား"
မော့ထောင် သွေးအန်နေသည်ကို ကြည့်ပြီး ယဲ့ဖန်က စိတ်မကောင်း သည့်ဟန်ဖြင့် သက်ပြင်းချကာ ဖျောင်းဖျလိုက်သည်။
"ကိုယ့်လူ၊ အိမ်ပြန်ပြီး ရေနဲ့ သကြားအညိုနဲ့ ရောပြီး များများသောက်လိုက်။ ဓမ္မတာ မမှန်တာက ကြာရင် ပြဿနာ အကြီးအကျယ် တက်မှာနော်"
…
ယဲ့ဖန်၏ စကားကြောင့် ဘေးမှ လူများ မျက်နှာက သရိုးသယီဖြစ်လာကာ ဟားတိုက်ရယ်မောကြတော့သည်။
မော့ထောင်သည်လည်း ပြင်းထန်စွာ သွေးအန်လေတော့သည်။
ထို့အတူ သူ့နှလုံးသားမှလည်း နောင်တတရားနှင့်အတူ သွေးစက်စက် ကျလာ သည်။
မော့ထောင် ဒေါသလည်း ထွက်လာချေသည်။
မော့ထောင်၏ ဒေါသထွက်နေသော မျက်နှာပေးအရ သူ ယဲ့ဖန်ကို တကယ် သတ်ပစ်ချင်နေလောက်သည်။ သို့သော်လည်း ယဲ့ဖန်က သူ့အပြုအမူကို မသိချင်ယောင်ဆောင်ကာ လည်သာအိတ်ကို ဆွဲယူ၍ မော့ထောင်အား လက်ပြနှုတ်ဆက်လိုက်သည်။
"ကိုယ့်လူ၊ ခင်ဗျားရဲ့ လက်ဆောင်တွေ အတွက် ကျေးဇူးပဲဗျို့။ နောက်မှ တွေ့ကြ တာပေါ့၊ ဘိုင့်ဘိုင်"
ထိုသို့ပြောပြီး ယဲ့ဖန်က ရှုထန့်နှင့်အတူ ထွက်သွားလေတော့သည်။
မော့ထောင် သတိလစ်မတတ် ဖြစ်နေ၏။
"ငါ့ရှားပါးပစ္စည်းလေးတွေ… ငါ့ပိုက်ဆံတွေ"
သူ အသက်ရှူရပ်မတတ် ဖြစ်လို့နေလေသည်။
…
ရှေးဟောင်းပစ္စည်းဆိုင်တန်းမှ ထွက်လာရင်း ရှုထန့်က ယဲ့ဖန်ကို ဖျတ်ခနဲ တစ်ချက်ကြည့်လိုက်သည်။
သူ အကြီးအကျယ် ထိတ်လန့်လို့နေသည်။ သူ့စိတ်ထဲတွင် ယဲ့ဖန်သည် နတ်ဘုရား တစ်ပါးလိုပင်။
ခြူးတစ်ပြားမှ မကုန်လိုက်ဘဲ ယဲ့ဖန်က ယွမ် ၁၀၀ ကျော်နီးပါး တန်ဖိုးရှိသည့် ရှားပါးပစ္စည်း လေးခုကို ရလိုက်သည့်အပြင် ပိုက်ဆံ ယွမ် ၁၀၀ ကျော် ရအောင်လည်း လုပ်နိုင်ခဲ့သေးသည်။
ထို့အတူ နာမည်ကြီး သခင်လေးမော့ကို အရှုံးကြီး ရှုံးအောင် လုပ်နိုင်ခဲ့ သေးသည်မဟုတ်ပါလား။
ဘယ်လောက်တောင် ကောင်းလိုက်တဲ့ အကြံအစည်ပါလိမ့်။
ထိုအချိန်လေးမှာပဲ ရှုထန့် မော့ထောင်ကို သနားမိသွားသည်၊ ရှုထန့် သည်လည်း တစ်ခါက ယဲ့ဖန်၏ ထောင်ချောက်ထဲ ကျခဲ့သေးသည်ပင်။
*ငါ့ဆရာဘိုးဘိုးကတော့ တကယ့်ကို ပြဿနာ အရှာတော်လွန်းတဲ့ သူပါလားနော်*