မင်းလုပ်ရဲရင် လုပ်ကြည့်စမ်း
Vol. 19 Ch. 257
" အဲဒီ နေရာမှာ ရပ်စမ်း ... "
မိုဝူကျီက ဒြပ်ငါးမျိုး ကင်းမဲ့နယ်မြို့ရှိ လမ်းမထက်တွင် တစ်စုံတစ်ယောက်အား ရပ်တန့်ခိုင်း လိုက်သည်။ ထို့နောက် ထိုလူက သူ့အား လှည့်ကြည့်သည်ကို မြင်သောအခါ မိုဝူကျီက အေးစက်စွာ ရယ်မော လိုက်လေသည်။
"ဂျင်ဖေးလန် ... ခင်ဗျား မျက်နှာပေါ်က ပုဝါကို ဖယ်လို့ရပြီ ... ကျူပ်က ခင်ဗျားနဲ့ ဖြေရှင်းဖို့ အတွက် ရောက်လာတာ.."
ဂျင်ဖေးလန်က မိုဝူကျီအား မြင်သောအခါ မှတ်မိသွားပြီး သူမ၏ မျက်နှာထက်တွင် အံ့အားသင့်မှုများ ဖြတ်ပြေးသွားသည်။ ဒြပ်ငါးမျိုး ကင်းမဲ့နယ်ကို ယခုအခါ လူတိုင်း ဝင်ထွက်ခွင့် ရနေပြီ ဖြစ်သော်လည်း မိုဝူကျီကဲ့သို့ သေမျိုး တစ်ယောက်က ဤနေရာသို့ ရောက်ရှိနေခြင်းကိုကား သူမ အံ့အား သင့်မိလေသည်။
"ယန်အာက သေသွားပြီ ... အဲဒီ အကြောင်းကို ငါမင်းကို ရှင်းပြရင်လည်း မင်းနားလည်မှာ မဟုတ်ဘူး ... အဲဒီတော့ ဘေးဖယ်နေ ... "
ဂျင်ဖေးလန်က တိုတိုတုတ်တုတ် ပြော၍ သူ၏လက်ကို လှုပ်ရှား လိုက်သည့်အခါ လေပွေတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုအခါ မိုဝူကျီက လက်တစ်ချက် သာလျှင် လှုပ်လိုက်ရာ ထိုလေပွေမှာ အစအနပင် ရှာမရပဲ ပျောက်ကွယ် သွား၏။
"ဘာ”
ဂျင်ဖေးလန်က မိုဝူကျီမှာ ကျင့်ကြံသူ တစ်ယောက် ဖြစ်လာသည် သာမက အစွမ်းထက်သော ကျင့်ကြံသူ တစ်ယောက်ပါ ဖြစ်နေကြောင်း သတိပြုမိ လိုက်သည်။ ဒုတိယ အကြိမ်တွင် သူမက အလျော့ မပေးတော့ပဲ သဘာဝ စွမ်းအင်လှိုင်းများကို ဖော်ထုတ်လိုက်ရာ ကြောက်မက်ဖွယ်ရာ စွမ်းအင်လှိုင်းများက မိုဝူကျီဆီသို့ ပျံသန်း ရောက်ရှိသွားသည်။ ထိုစွမ်းအင်လှိုင်း များမှ တစ်ဆင့် မိုဝူကျီမှာ ဂျင်ဖေးလန်က အနည်းဆုံး အစစ်အမှန်ယင် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ခန့်မှန်း မိလိုက်သည်။
" ဘုန်း ... "
မိုဝူကျီက တစ်ချက်မှ မရွေ့လျားပဲ ဂျင်ဖေးလန်၏ သဘာဝ စွမ်းအင်လှိုင်းများကို လမ်းတစ်ဝက်တွင် ရပ်တန့် စေလိုက်သည်။ ထို့နောက် ထိုသဘာဝ စွမ်းအင်လှိုင်းများထက် ပိုမို ပြင်းထန်သော စွမ်းအင်လှိုင်းများ ထွက်ပေါ်လာကာ ဂျင်ဖေးလန်ကို လွင့်စဉ် သွားစေသည်။ ထိုအခါ သူမ ဘေးတွင် ရှိသော ကျောက်နံရံဖြင့် ဝင်တိုက် မိသွားသည်။
"ဖူး ... "
ဂျင်ဖေးလန်က မြေပြင်ပေါ်သို့ ကျသွားသောအခါ ပါးစပ်အပြည့် သွေးတစ်လုတ် အန်ထုတ် လိုက်သည်။ ထို့နောက် ဂျင်ဖေးလန်က မတ်တတ် ပြန်ရပ်လိုက်ပြီး သူမကား ပြောစရာ စကား မဲ့သွားသည် အထိ ကြောင်အ မိသွားကာ မိုဝူကျီ၏ ဘေးတွင် ရပ်နေသော ရှင်းဟွမ်ကို ကြည့်ကာ တုန်တုန်ယင်ယင်ဖြင့် ပြောလိုက်သည်။
"ရှင်က ကောင်းကင်ဖွေရှာ နန်းတော်ရဲ့ လက်နက်တောင် သခင် စီနီယာ သုံးမျက်လုံးရှင် ဒူတာ မလား ... ကျွန်မလို အဆင့်နိမ့်တဲ့ နယ်လှည့် ကျင့်ကြံသူ တစ်ယောက်ကို ဘာလို့ တိုက်ခိုက်ရတာလဲ"
ဂျင်ဖေးလန်မှာ သုံးမျက်လုံးရှင် ဒူတာ၏ ကျင့်ကြံခြင်း အဆင့်ကို မပြောနိုင်သော်လည်း ထိုသူမှ အနည်းဆုံး ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား ပြီးပြည့်စုံခြင်း အဆင့်သို့ ရောက်နေပြီ ဖြစ်ကြောင်း သေချာ ပေသည်။
“ကျူ့ပ်က ကောင်းကင်ဖွေရှာ နန်းတော်ရဲ့ လက်နက်တောင်က ဒူတာ မဟုတ်တော့ဘူး … တျန်းဂျီဂိုဏ်းရဲ့ ဘယ်လက်ရုံးပဲ … ခင်ဗျားက ဘယ်သူပဲ ဖြစ်ဖြစ် ကျူပ်တို့ တျန်းဂျီဂိုဏ်းရဲ့ ဂိုဏ်းချူပ်ကို စကားပြောတဲ့ အခါမှာတော့ လေးစားသင့်တယ်”
ရှင်းဟွမ်က အေးစက်စက်ဖြင့် ပြောလိုက်သည်။ ဂျင်ဖေးလန်က ပြန်ပြောတော့မည့် ဆဲဆဲတွင် မိုဝူကျီ၏ ခန္ဓာကိုယ်ပေါ်သို့ အကြည့် ရောက်သွားပြီး ….
“မင်း ဘယ်လိုလုပ်…”
သူမက မိုဝူကျီကို မမေးရဲပေ။ မိုဝူကျီသည် ဝိညာဉ်ကြော မရှိသည့် သာမန်သေမျိုး တစ်ယောက်သာ ဖြစ်သည်။ ထိုကဲ့သို့ လူမျိုးက တျန်းဂျီဂိုဏ်း၏ ဂိုဏ်းချူပ် မည်သို့ ဖြစ်လာ နိုင်မည်နည်း။ မိုဝူကျီက သူမ၏ တိုက်ခိုက်မှုကို အလွယ်တကူ ချေဖျက်နိုင်ခဲ့သည် မဟုတ်လား။ ဤသည်က သာမန် သေမျိုးတစ်ယောက် လုပ်ဆောင် နိုင်သော အရာများ မဟုတ်ချေ။ မိုဝူကျီထံမှ လူသတ်ငွေ့များ ပိုမို ထင်ရှားလာကာ ပို၍ အေးစက်သော အသံဖြင့် ပြောလိုက်သည်။
“အခု ... မေးခွန်းတွေ မေးနေရမဲ့ အချိန် မဟုတ်ဘူး ... ခင်ဗျားကို ဒီနေ့ မညင်းပန်း မနှိပ်စက်ပဲနဲ့ သေခွင့် ပေးလိုက်မှာကိုက ခင်ဗျားအတွက် ကံကောင်းတယ်လို့သာ ယူဆ ထားလိုက်တော့ ... အထွတ်အထိပ် ဓားမြို့တော်ကိုတော့ ကျူပ်မကြာခင်မှာ လက်စားချေမှာပါ…“
မိုဝူကျီက လက်ကို လှုပ်ရှား လိုက်သောအခါ လျှပ်စီးအလုံးများ ထွက်ပေါ်လာသည်။
“ခဏ ... ခဏ“
ဂျင်ဖေးလန်က သူမ၏ မျက်နှာပေါ်မှ ပုဝါကို ဖယ်ရှား ပြလိုက်သည်။ မိုဝူကျီမှာ သူ၏ ရှေ့တွင် ရှိသော ဂျင်ဖေးလန်၏ ပုံရိပ်ကို မြင်သောအခါ တော်တော်လေး တုန်လှုပ် မိသွားပေသည်။ ထိုအရာကို မည်ကဲ့သို့ လူတစ်ယောက်ဟု ခေါ်ဆိုနိုင်မည်နည်း။
ဂျင်ဖေးလန်က မျက်လုံးတစ်လုံး အထုတ်ခံထားရကာ သူ၏ နှာခေါင်း တစ်ဝက်သည်လည်း ပျောက်ဆုံးနေပြီး သူမ၏ မျက်နှာထက်တွင် ကြောက်မက်ဖွယ်ရာ အမာရွတ်များစွာ ရှိနေလေသည်။
တစ်ချက် ကြည့်ရုံဖြင့် ရွံ့ရှာတုန်လှုပ်သည့် ခံစားချက်ကို ပေးစွမ်း နိုင်လေသည်။
“ဟုတ်တယ် … ကျွန်မ ယန်အာကို ခေါ်သွားတာ မှန်ပေမဲ့ သူမကို တစ်ခါမှ နာကျင် ခံစားရအောင် မလုပ်ခဲ့ဖူးဘူး … ပြီးတော့ သူမကို ကျွန်မရဲ့ အနီးကပ် တပည့်အဖြစ်ပါ လက်ခံဖို့အတွက် ပြင်ဆင် ထားပြီးနေပြီ…. ကျွန်မရဲ့ ဆက်ခံသူ အဖြစ်နဲ့ပေါ့…”
“ဒါပေမဲ့လည်း ကျွန်မက အထွတ်အထိပ် ဓားမြို့တော်ရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေကို မသိကြား ခဲ့ရဘူး … အထွတ်အထိပ် ဓားမြို့တော်ကာ အင်ပါယာ ငါးခုလုံးမှာ အသာလွန်ဆုံး ဝိညာဉ်ကြောနဲ့ သူတွေ့ကို ရှာနေပြီးတော့ တုန့်မိသားစုကို ပို့ပြီး သူတို့ရဲ့ ဝိညာဉ်ကြောတွေ တိုးတက်အောင် ပြုလုပ် နေခဲ့တာကို ကျွန်မ တကယ် မသိခဲ့ဘူး … သူတို့ရဲ့ အဲဒီ လုပ်ငန်းစဉ်မှာ ပါရမီရှင်တွေ ဘယ်လောက်များများ သေဆုံး သွားခဲ့ရပြီလဲ ဆိုတာကို ရှင် လုံး၀ ခန့်မှန်း ကြည့်လို့တောင် ရမှာ မဟုတ်ဘူး”
ဂျင်ဖေးလန်က သူမ၏ စကားကို ခဏ ရပ်နားလိုက်ပြီး အသက်ပြင်းပြင်း ရှူလိုက်ရင်း သူမကို သူမ တည်ငြိမ်အောင် ပြုလုပ်လိုက်ကာ ဆက်လက် ပြောလိုက်သည်။
“ယန်အာကို ခေါ်သွားပြီးတဲ့ နောက်မှာ တုန့်မိသားစုက အဲဒီအကြောင်းကို ကြားပြီး ယန်အာကို လာရောက် ခေါ်ဆောင်ခဲ့တယ် …. ငါက သူတို့ကို ငြင်းခဲ့တယ်… ဒါပေမဲ့ သူတို့က အတင်းအကျပ် လုပ်သွားလိမ့်လို့ ငါမထင်ထားခဲ့ဘူး … အဲဒီမှာ သူတို့ဆီကို သွားပြီး အကြောင်းပြချက် တောင်းခဲ့သည့် အခါ သူတို့ရဲ့ ယုတ်မာတဲ့ လုပ်ရပ်တွေကို ငါသိသွားလို့ ငါ့ကိုပါ ဖမ်းဆီး ချူပ်နှောင်ထားတာပဲ“
မိုဝူကျီ မျက်မှောင် ကြုတ်သွားသည်။
“ဂျင်ဖေးလန် ... တုန့်ကလန်ရဲ့ အတွင်း အကြောင်းတွေ ခင်ဗျား သိနေတာကို သူတို့က ဒီအတိုင်း လွှတ်ပေး ပါ့မလားလို့ ခင်ဗျားကို ခင်ဗျား လိမ်ညာနေတာလား…“
ထိုစကားကို ကြားသောအခါ ဂျင်ဖေးလန်က လက်သီး ကျစ်ကျစ်ပါအောင် ဆုပ်ရင်း ပြောလိုက်သည်။
“အဲဒါက ဘာလို့လဲ ဆိုတော့ ကျွန်မက တုန့်မိသားစုရဲ့ ကြီးမားတဲ့ လျှို့ဝှက်ချက်ကြီးကို သိရှိ သွားလို့ သူတို့က ကျွန်မကို မသတ်ပဲ ထားနေသေးတာပဲ … ပြီးတော့ အခု နယ်ခြား ကျင့်ကြံသူတွေနဲ့ တိုက်ပွဲမှာ ကျွန်မ ထွက်ပြေး လွှတ်မြောက် လာခဲ့တယ် … အခုမှ အထွတ်အထိပ် ဓားမြို့တော်က ကျွန်မကို မြို့တော်ကြီး သုံးခုရဲ့ သခင် ဖြစ်နေ စေချင်နေလိမ့်လို့ ကျွန်မ နားလည်သွားပြီ.… “
သူမ စကား ဆုံးသည်နှင့် ဂျင်ဖေးလန်က မိုဝူကျီကို ကြည့်ကာ ပြောလိုက်သည်။
“ တကယ်လို့ ရှင်ကျွန်မကို သတ်မယ်ဆိုရင် ရှင့်ကို အပြစ် မတင်ပါဘူး လုံး၀ ... ဘာလို့လဲ ဆိုတော့ ကျွန်မ သေမျိုးတွေ အပေါ်မှာ နိမ်ချကြည့်ခဲ့လို့ ဖြစ်မယ် ... အရင်းရှင် သေမျိုးပဲ ဖြစ်နေတုန်းက ရှင်ရဲ့ တည်ရှိမှုက ယန်အာရဲ့ ကျင့်ကြံမှုကို သက်ရောက်မှု ရှိစေမယ်လို့ ထင်ခဲ့မိတယ် … အဲဒါက ကျွန်မရဲ့ မှားယွင်းတဲ့ ကောက်ချက် ချမှု တစ်ခုပေါ့… အခုတော့ ရှင်က ဂိုဏ်းချူပ်တောင် ဖြစ်လာပြီး ဒါပေမဲ့ ရှင်က ကျွန်မကို သတ်ချင်တဲ့ အကြောင်းက ယန်အာ သေသွားလို့ ဆိုတဲ့ အကြောင်းပြချက် ကြောင့်ဆိုရင် အဲဒီ ကံတရားကိုတော့ လက်မခံချင်ဘူး ကျွန်မ သေရမှာ မကြောက်ဘူးနော် ကျွန်မ လက်စား ချေချင်တယ် … အထွတ်အထိပ် ဓားမြို့တော်က လူတွေကို ပြန်သတ်ပြီး ယန်အာအတွက် လက်စားချေပြီးတဲ့ အခါမှာ ရှင်ကျွန်မကို သတ်သည်ဖြစ်စေ … ဘာလုပ်လုပ် ရှင်ကြိုက်သလို လုပ်နိုင်တယ် ... ပြီးတော့ ယန်အာရဲ့ ဝိညာဉ်ကြောကို လိုချင်တာက အထွတ်အထိပ် ဓားမြို့တော်က သခင်လေး တုန့်လွန်ပဲ ... ”
“ သူ့ကို ကျူပ်သတ်လိုက်ပြီ”
မိုဝူကျီက ဂျင်ဖေးလန်၏ စကားကြောင့် သတ်ဖြတ်ချင်စိတ် အနည်းငယ် လျော့ပါး သွားသော်လည်း မျက်နှာတည်ဖြင့် ပြောလိုက်သည်။ ဤသည်က ယန်အား သေဆုံးခြင်း၏ အဓိက တရားခံမှာ အထွတ်အထိပ် ဓားမြို့တော်သာ ဖြစ်ပြီး ဂျင်ဖေးလန်သည်လည်း နစ်နာသူ တစ်ဦး ဖြစ်ပေသည်။ ဂျင်ဖေးလန်က မိုဝူကျီကို အံ့အားသင့်စွာ ကြည့်ပြီး ပြောလိုက်သည်။
“အဲဒါဆို တုန့်လွန်ကို သတ်လိုက်တာ ရှင်ပေါ့…”
တုန့်လွန် သေဆုံးပြီးသည့် နောက်တွင် အထွတ်အထိပ် ဓားမြို့တော်က လူသတ်တရားခံကို ဒုန်းစိုင်း ရှာဖွေ နေကြသည်။ ဂျင်ဖေးလန်က အမှောင်ထဲတွင် ဖုန်းကွယ်နေရင်း တုန့်လွန် သေသည့် အကြောင်းကို သိရှိလိုက်သည်။
“အခု ခင်ဗျား ထွက်သွားလို့ ရပြီ ... နောက်တစ်ခါ ဒီလို အမြင်မမှားဖို့ ကျူပ်မျှော်လင့် ပါတယ် … အရင်တုန်းက သာ ခင်ဗျားဒီလို ပွင့်ပွင့်လင်းလင်း ပြောခဲ့ရင် ယန်အာကို ခင်ဗျား တပည့်ဖြစ်ဖို့ ကျူပ်လက်ခံမိမှာ အမှန်ပဲ … ခင်ဗျားစကား ပြောပုံတွေက မဟုတ်သေးဘူး ... ခင်ဗျားက ကိုယ်လုပ်နိုင်ပြီ ဆိုပြီးတော့ တခြားသူတွေကို ပုရွတ်ဆိတ်သာသာ ထင်မနေနဲ့ တခြား အားကောင်းတဲ့ သူတွေရဲ့ မျက်လုံးထဲမှာလည်း ခင်ဗျားက ပုရွတ်ဆိတ် သာသာပဲ…“
မိုဝူကျီက လက်ကို ဝှေ့ယမ်းပြီး ပြောလိုက်သည်။ သူက ဂျင်ဖေးလန် ကဲ့သို့ အမျိုးသမီးကို မသတ်ချင် တော့ပေ။
“ဂိုဏ်းချူပ်မို … ရှင်လည်း အထွတ်အထိပ် ဓားမြို့တော်က တုန့် မိသားစုကို ယန်အာအတွက် လက်စားချေမယ် ဆိုတာ ကျွန်မသိတယ် … ကျွန်မလည်း ယန်အာနဲ့ အခြား တပည့်အတွက် လက်စား ချေချင်တယ် … ပြီးတော့ ကျွန်မအတွက် ရောပေါ့ … ဒါကြောင့် ကျွန်မကို ရှင့်ရဲ့ တျန်းဂျီဂိုဏ်းကို ဝင်ခွင့်ပေးပါ … လက်စားချေပြီးတဲ့ နောက်မှာ ကျွန်မကို ရှင်ဘာလုပ်လုပ် ရတယ်”
ဂျင်ဖေးလန်က ချက်ချင်း ထွက်ခွာမသွားပဲ တျန်းဂျီဂိုဏ်းကို ဝင်ရန် တောင်းဆို လိမ့်မည်ဟု မိုဝူကျိ မျှော်လင့်ထားခြင်း မရှိချေ။
နောက်ဆုံးတွင် ဂျင်ဖေးလန်က သူမတစ်ကိုယ်တည်း အနေအထားဖြင့် လက်စားချေရန် မဖြစ်နိုင်ကြောင်း နားလည်သွားပုံ ရပေသည်။ အခြားဂိုဏ်းများ၊ မျိုးနွယ်စုများကို လက်စားချေရန် အတွက် အကူအညီ သွားတောင်လျှင်ပင် သူမကဲ့သို့ အမျိုးသမီး တစ်ယောက်အတွက် အထွတ်အထိပ် ဓားမြို့တော်ကို မည်သူမှ မဆန့်ကျင် လိုကြချေ။ မိုဝူကျီက သိချင်စွာ ဖြင့် မေးလိုက်သည်။
“အခြား တပည့်တွေရောလား…..“
ဂျင်ဖေးလန်က လေးလေးနက်နက် ပြောလိုက်သည်။
“ဟုတ်တယ် … ကျွန်မသူတို့ရဲ့ အပြုအမူတွေကို သိပြီးတဲ့ နောက်မှာ ကျွန်မကိုတင် မကဘူး ကျွန်မ တပည့်တွေကိုပါ ဖမ်းထားခဲ့တယ် … ပြီးတော့ ကျွန်မ တပည့်တွေရဲ့ ဝိညာဉ်ကြောကိုပါ သူတို့က စမ်းသပ်ဖို့ အတွက် အသုံး ပြုခဲ့ကြတယ် … သူတို့တွေ အားလုံးက အသာလွန်ဆုံး ဝိညာဉ်ကြောတွေကို ပိုင်ထားတဲ့ သူတွေ ချည်းပဲ … အဲဒီ ခွေးကောင်တွေ”
ဂျင်ဖေးလန်က ပြောရင်း လက်သီး ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည့် အခါ လက်ဖဝါးများ သွေးများပင် စီးကျ လာလေသည်။ အထွတ်အထိပ် ဓားမြို့တော်မှ တုန့်မိသားစုမှာ အလွန်ပင် လူမဆန်ချေ။ မိုဝူကျီ၏ မျက်လုံး ထဲတွင်ကား လူသတ်ငွေ့များ ကြီးထွား လာလေသည်။
“ဒီလို ဆိုမှတော့ ခင်ဗျားလည်း ကျူပ်နဲ့ အတူ ဂိုဏ်းတစ်ရာ မဟာမိတ် ညီလာခံကို လိုက်ခဲ့ … ခင်ဗျား လိုက်ရဲ့တယ် ဆိုရင်ပေါ့…“
ဂျင်ဖေးလန်က ခပ်ယဲ့ယဲ့ ရယ်မော လိုက်သည်။
“ကျွန်မ မလုပ်ရဲတာ ရှိပါအုံးမလား”
***
ဒြပ်ငါးမျိုး ကင်းမဲ့နယ်မြို့အလယ်ရှိ စင်မြင့်ပေါ်တွင် ကျောင်းယန်က မိုဝူကျီ၏ နေရာကောင်းကောင်း ရှာရန် မှာကြားသည့် စကားကို ပြန်လည် အမှတ်ရလိုက်သည်။ ဤပွဲက သူတို့ တျန်းဂျီဂိုဏ်း အတွက် အရေးကြီးသော ပွဲတစ်ခုဖြစ်ပြီး သူတို့သည် ဝေးကွာလွန်းသည့် နေရာ၌ မထိုင်သင့်ပေ။
စင်မြင့် ပေါ်တွင် နေရာများကို စက်ဝိုင်း ပုံသဏ္ဌာန် ခင်းကျင်းထားပြီး အလယ်တွင် ကောင်းကင်ဖွေရှာ နန်းတော်၊ ကြီးမြတ် ရန်ကျုံးဂိုဏ်းနှင့် ထိပ်တန်းဂိုဏ်း ငါးဂိုဏ်း၊ ခြောက်ဂိုဏ်းတို့ ရှိကြလေသည်။ ဂိုဏ်းတစ်ရာ မဟာမိတ် ညီလာခံကို တာဝန်ယူသူများက အလယ်တွင် ထိုင်နေကြသည်။ ကျောင်းယန်က မည်မျှ ပင် မသိနားမလည် စေကာမူ ထိုနေရာများမှာ သူမ ထိုင်သင့်သည့် နေရာတစ်ခု မဟုတ်ကြောင်းတော့ သိရှိလေသည်။ သူမမှာ တျန်းဂျီဂိုဏ်း၏ ဘယ်လက်ရုံး ဖြစ်နေသော်လည်း သူတို့မှာ ရွှမ်အဆင့် ဂိုဏ်းသာ ဖြစ်နေသည်။ ထိုနေရာများ အပြင် အကောင်ဆုံးသော နေရာမှာ အလယ်နှင့် နီးသည့် ရှေ့ဆုံးတန်းသာ ဖြစ်သည်။ ယခုအခါ ရှေ့ဆုံးတန်းမှာ ပြည့်လုနီးပါး ဖြစ်နေသောကြောင့် ကျောင်းယန်မှာ မြန်မြန်သွားပြီး နေရာဦးလိုက်ရသည်။
ထိုနေရာတွင် ထိုင်ခုံ လေးခုပါရှိပြီး ရှေ့နစ်ခုံ နောက်နှစ်ခုံဖြင့် ဂိုဏ်းတစ်ဂိုဏ်းကို ကိုယ်စားပြု၏။ ကျောင်းယန် ထိုင်လိုက်ပြီးသည့် နောက်တွင် ကျန်ရှိနေသော နေရာများကို တခြား ဂိုဏ်းများမှ နေရာ ဦးသွားလေသည်။
“ဖယ်စမ်း … မင်းကိုယ့်နေရာကို ကိုယ်မသိဘူးလား … ကောင်းကင်တစ်ပိုင်း အဆင့်ထက် နိမ့်တဲ့ ဂိုဏ်းက ဒီနေရာမှာ ထိုင်တာ မင်းတွေ့ဖူးလို့လား…”
ထိုစဉ် ကျောင်းယန်၏ ဘေးတွင် အေးစက်စက် အသံတစ်ခု ထွက်ပေါ် လာခဲ့သည်။ ကျောင်းယန်က မော့ကြည့်လိုက်သည့် အခါ အရပ်ရှည်ရှည် ခပ်တောင့်တောင့် ကြမ်းတမ်း ခက်ထန်သည့် အမျိုးသားကို တွေ့ရှိလိုက်သည်။
“ကောင်းကင် တစ်ပိုင်း အဆင့်ဂိုဏ်းပဲ ထိုင်ရမယ်လို့ စည်းကမ်း သတ်မှတ်ထားလို့လား…”
ကျောင်းယန်က အနည်းငယ် စိုးရိမ်မိသော်လည်း နေရာဖယ်မပေးချေ။ မိုဝူကျီနှင့် အချိန်များစွာ အတူ ကုန်ဆုံးလာပြီး နောက်တွင် သူမ၏ စရိုက်မှာလည်း ဖြည်းဖြည်းခြင်း ပြောင်းလဲ လာခဲ့၏။ အကယ်၍ သူမက တျန်းဂျီဂိုဏ်းသို့ မဝင်ခင်က ပုံစံအတိုင်းသာ ရှိနေပါက ချက်ချင်းပင် နေရာ ဖယ်ပေး မိလိုက်မှာ အမှန်ပင် ဖြစ်သည်။
“ဘာလို့လဲ… မင်းကို တစ်ခုခု ချပြရအုံးမှာလား…“
ထိုခက်ထန် ကြမ်းတမ်းသည့် အမျိုးသားက စိုက်ကြည့်ကာ ပြောလိုက်သည်။ သူက ရွှမ်အဆင့် ဂိုဏ်းတစ်ခုမှာ ရှေ့ဆုံးတန်းတွင် နေရာ ယူထားသည်ကို သိရှိခဲ့သဖြင့် ရောက်ရှိလာခြင်း ဖြစ်သည်။
“ဘာဖြစ်နေတာလဲ…”
တာဝန်ရှိသည့် ကျင့်ကြံသူ တစ်ယောက်က မြန်မြန် ဆန်ဆန် ရောက်လာကာ ပြောလိုက်သည် ။
ထိုနောက် ခက်ထန် ကြမ်းတမ်းသည့် အမျိုးသားက ချက်ချင်းပင် လက်နှစ်ဖက်ကို နောက်သို့ ပစ်လိုက်ပြီး ပြောလိုက်သည်။
“ကျူပ်က ကောင်းကင် ဖွေရှာနန်းတော်ရဲ့ တပည့် တုန့်မင်ကျီပါ ... ကျူပ်က အထွတ်အထိပ် ဓားမြို့တော်ကို ကိုယ်စား ပြုပြီးတော့ ဂိုဏ်းတစ်ရာ မဟာမိတ် ညီလာခံကို လာပြီး တက်ရောက်တာ ဒါပေမဲ့ ဒီလိုမျိုး ရွှမ်အဆင့် ဂိုဏ်းက သူက ဒီနေရာမှာ ထိုင်နေတယ်လေ…”
တုန့်မင်ကျီက ဂျင်ဖေးလန်၏ နောက်ကျောကို မြင်လိုက်၍ လိုက်ဖမ်းနေ၍ နောက်ကျနေခြင်း ဖြစ်သည်။ တာဝန်ရှိသူမှာ ကောင်းကင်ဖွေရှာ နန်းတော်နှင့် အထွတ်အထိပ် ဓားမြို့တော် ဟူသော နာမည်ကို ကြားလိုက်သည့်အခါ အနည်းငယ် အခက်တွေ့ဟန်ဖြင့်
“ခန်းမသခင် ကျောင်း … ကျူပ်က ဒီညီလာခံမှာ တာဝန်ရှိတဲ့ သူပါ ... ကျူပ်ကို မျက်နှာသာ ပေးပြီး နောက်ကို ရွေ့ပေးလို့် ရမလား…“
ကျောင်းယန်က ထိုစကားကို ကြားသောအခါ နောက်သို့ လှည့်ကြည့်လိုက်ရာ နောက်တွင် နေရာများက ပြည့်နေပြီဖြစ်ကြောင်း သတိပြုမိ လိုက်သည်။
အကယ်၍ သူမသာ ဤနေရာကို လက်လျော့ လိုက်ပါက မိုဝူကျီ မှာကြားထားသည့် အနေအထားဖြင့် ဝေးကွာသွားမည် ဖြစ်သည်။ မိုဝူကျီက သူမကို နောက်ဆုံး၌ အလုပ်တာဝန် တစ်ခု ပေးထားသည် ဖြစ်ကာ သူမက သူ့ကို စိတ်ပျက်အောင် မလုပ်ချင်ပေ။
“ကျွန်မလည်း အားနာပါတယ် တာဝန်ခံရှင့် … ဒါပေမဲ့ အရင်လာတဲ့ သူ အရင်ဦးပဲလေ မဟုတ်ဘူးလား … ကျွန်မက လက်လျော့ဖို့ရာ အတွက် အကြောင်းပြချက် မရှိဘူး…“
ကျောင်းယန်က မောက်မာခြင်းလည်း မရှိသလို နိမ့်ချခြင်းလည်း မရှိကာ ပြောလိုက်သည်။ သို့သော်လည်း ပတ်ဝန်းကျင်တွင် တပ်ဆင်ထားသော အသံချဲ့ အစီအရင်များကြောင့် အားလုံး၏ အာရုံစိုက်မှုကား စင့်မြင့်ပေါ်တွင် ရွှမ်အဆင့် ခန်းမသခင်နှင့် ကောင်းကင်တစ်ပိုင်း အဆင့် အထွတ်အထိပ် ဓားမြို့တော်တို့မှာ ခုံနေရာအတွက် ငြင်းခုန်နေသည့် ဆီသို့ ရောက်ရှိသွားသည်။
“မင်းက ဒီလို ဆက်ငြင်းနေဦးမယ် ဆိုရင်တော့ .. ငါ့ကို အဆိုးမဆိုနဲ့…”
တုန့်မင်ကျီက ကျောင်းယန်၏ မထုံတတ်တေး အပြုအမူကို ကြည့်ကာ ပြောလိုက်သည်။ အကယ်၍ ဤနေရာက ညီလာခံ ဖြစ်မနေပါက သူက ကျောင်းယန်ကို စောစောစီးစီး ရိုက်နှက်နေပြီး လောက်ပြီ ဖြစ်သည်။
“တုန့်မျိုးနွယ်စုရဲ့ ဆန်ကုန်မြေလေးပဲ… မင်းလုပ်ရဲရင် လုပ်ကြည့်စမ်း…“
တူညီသော လူသတ်ငွေ့ရှိသည့် အသံတစ်ခုက တုန့်မင်ကျီ၏ နောက်မှ ထွက်ပေါ်လာသည်။
***