မိုဝူကျီ၏ နည်းလမ်းများ
Vol. 19 Ch. 259
“သူ့ကို သတ်ပစ်…”
“အထွတ်အထိပ် ဓားမြို့တော်ကို သုတ်သင်ပစ် …”
ဂျင်ဖေးလန်က အမှန်တရားကို ထုတ်ဖော် လိုက်သည်နှင့် လူအုပ်ကြီးက ဒေါသ ထွက်လာကြပြီး အထွတ်အထိပ် ဓားမြို့တော်မှာ တုန့်မျိုးနွယ်စုအား သုတ်သင်ပစ်ရန် တောင်းဆိုသံများ ထွက်ပေါ် လာခဲ့သည်။ တုန့်လောင်ဟွား၏ မျက်နှာက စက္ကူဖြူ တစ်ရွက်ကဲ့သို့ ဖြူလျော့ သွားသည်။
သူ၏ တုန့်မိသားစုမှာ အလွန်အမင်း အားကောင်းသည် မှန်သော်လည်း စစ်မှန်ခြင်း နတ်ဘုရား အဆင့် ကျင့်ကြံသူ မရှိသေးချေ။ သူတို့က ဝိညာဉ်ကြော ကူးပြောင်းသည့် နည်းလမ်းကိုရရှိ ခဲ့သည့်အချိန်မှ စ၍ သူတို့တုန့်မျိုးနွယ်စု အားလုံးကား အသာလွန်ဆုံးဝိညာဉ်ကြော ရှိသူများ ဖြစ်လာ ခဲ့ကြသည်။ သို့သော် စစ်မှန်ခြင်း နတ်ဘုရား အဆင့် ကျင့်ကြံသူ တစ်ယောက်မှ ထိုထဲမှ ပေါ်ထွန်းလာခြင်း မရှိခဲ့သေးချေ။ ထို့ကြောင့် တုန့်မျိုးနွယ်စုက တိတ်တဆိတ်သာ ကြံစည်ခဲ့ရသည်။ အကယ်၍ သူတို့ တုန့်မျိုးနွယ်စုတွင် စစ်မှန်ခြင်း နတ်ဘုရားအဆင့် ကျင့်ကြံသူသာ ရှိပါက ဖြစ်ပျက်လာမည့် အန္တရာယ်များကို ကြောက်ရွံ့နေစရာ မလိုချေ။
ဖုန်းကျန့်ချိုး၏ အမူအရာ မည်းမှောင်သွားပြီး အကြောက်တရားကြောင့် တုန်လှုပ်နေသည့် တုန့်မင်ကျီကို ဆွဲကာ ဝိညာဉ် စစ်ဆေးရေး ကိရိယာကို ထုတ်လိုက်သည်။
ထို့နောက် တစ်ချက် တည်းဖြင့် တုန့်မင်ကျီက ထိုအပေါ်သို့ ရောက်ရှိသွားသည်။ ထိုအရာများက သူအရင်မြင်ဖူးသည့် ကိရိယာများနှင့် ခြားနားကြောင်း မိုဝူကျီ သတိပြုမိလိုက်သည်။ ထိုအရာတွင် သလင်းကျောက်တိုင် နှစ်ခုပါရှိပြီး တစ်ခုမှာ နောက်၌ ရှိကာ နောက်တစ်ခုက စောင်းလျက် တည်ရှိနေသောကြောင့် Yပုံသဏ္ဌာန် ကဲ့သို့ပင် ဖြစ်နေချေသည်။ ဖုန်းကျန့်ချိုးက ထိုဝိညာဉ် ကြောစစ်ဆေးရေး ကိရိယာကို နှိပ်လိုက်သည့် အခါ တုန့်မင်ကျီနောက်မှ သလင်းကျောက်တိုင် နှစ်ခုက လင်းလက်လာသွားပြီး ထိုလင်းလက်နေသော အရောင်မှာ မြေဝါရောင်ဖြစ်၏။ ထိုအလင်းများက မတ်လျက်ရှိသော သလင်းကျောက်တိုင်တွင် နှစ်လက်မခန့်သာ မြင့်တက်သွားပြီး စောင်းလျက်ရှိသော သလင်းကျောက်တိုင်တွင်မူ ရွှေရောင်အလင်းများ တောက်ပသွားပြီး ထိပ်ဆုံးအထိ မြင့်တက် သွားပေသည်။
“ဘုန်း…”
ဖုန်းကျန့်ချိုးက တုန့်မင်ကျီအား ဝိညာဉ်ကြော စစ်ဆေးရေး ကိရိယာပေါ်မှ ကန်ထုတ်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။
“မင်းရဲ့ ဝိညာဉ်ကြောက တခြား တစ်ယောက်ဆီက လုယူထားတာပဲ …”
ထိုသို့ပြောပြီးနောက် ဖုန့်ကျန့်ချိုးက ဤနေရာတွင် ရှိသော တခြား ကျင့်ကြံသူများ ဘက်သို့ လှည့်ကာ လက်နှစ်ဖက် ဆုပ်ပြီး ပြောလိုက်သည်။
“တာအိုရောင်းရင်း အပေါင်းတို့ … ကျူပ်တို့ ပျောက်ဆုံး နယ်မြေရဲ့ ကျင့်ကြံခြင်းက တခြား နယ်မြေတွေထက် နောက်ကောက်ကျတယ် ဆိုပေမဲ့ ကျူပ်တို့က ကောင်းကင် အဆင့် ကျင့်ကြံသူ အချို့ကိုတော့ မွေးထုတ် နိုင်ခဲ့ပါတယ် … ဒီကျင့်ကြံခြင်း လောကမှာ လုံး၀ လက်မခံနိုင်တဲ့ အရာကို သိကြလား … ဒါက တစ်ပါးသူဆီက ဝိညာဉ်ကြော လုယူတဲ့ ကိစ္စမျိုးပဲ … ဒါက နှစ်ဦး နှစ်ဖက်လုံးကို နစ်နာ ဆုံးရှုံးစေတယ်….”
ထိုစကားကို ကြားသောအခါ မိုဝူကျီက နားမလည် ဖြစ်သွားသည်။ ထိုအရာ မည်သို့သော နှစ်ဦးနှစ်ဖက် ဆုံးရှုံးမှုကို ဖြစ်ပေါ်စေနိုင်မည်နည်း။ ဝိညာဉ်ကြော လုယူခံရသည့် သူသာ ဆုံးရှုံးမှုကို ခံစားရသည် မဟုတ်လား။ ပိုမိုကောင်းမွန်သော ဝိညာဉ်ကြောကို လက်ခံရရှိသူသည် အကျိုးအမြတ် တစ်ခုခုတော့ ဖြစ်ထွန်းပေလိမ့်မည်။ ထို့နောက် ဖုန်းကျန့်ချိုးက အေးစက်စွာ သရော်လိုက်ပြီး ဆက်ပြောလိုက်သည်။
“မင်းတို့အားလုံးက ဝိညာဉ်ကြော ကူးပြောင်းခဲ့သူတွေက အရမ်း ကောင်းမွန်တဲ့ ဘဝကို ရရှိလိမ့်မယ်လို့ ထင်ကြလိမ့်မယ် ဒါပေမဲ့ ငါပြောလိုက်မယ် အဲဒီလိုလူတွေက ဘယ်တော့မှ ကောင်းကင် အဆင့်ကို တက်လှမ်းနိုင်မှာ မဟုတ်ဘူး သူတို့က မြေကမ္ဘာ အဆင့်မှာပဲ ရပ်တန့် နေလိမ့်မယ်… သူတို့ သေဆုံး သွားတဲ့အခါ သူတို့ရဲ့ ဝိညာဉ်တွေ ပျောက်ကွယ်သွားတဲ့ နာကျင်မှုမျိုးကို ခံစားရလိမ့်မယ် …. အဲဒီ အရာက ဝိညာဉ်ကြော အယူခံလိုက်ရတဲ့ သူတွေထက် အဆပေါင်းများစွာ ပိုပြီး နာကျင် နိုင်စေတယ်”
သူတို့ တုန့်မျိုးနွယ်စုတွင် စစ်မှန်ခြင်း နတ်ဘုရားအဆင့် ကျင့်ကြံသူ တစ်ယောက် ပေါ်ထွက် မလာသည်မှာ အံ့သြစရာ မဟုတ်တော့ချေ။ သူတို့ တုန့်မျိုးနွယ်စု၏ ဘိုးဘေးတို့မှာလည်း သေဆုံး သွားသည့်အခါ နာကျင်သော ခံစားမှုမျိုးကို ခံစားခဲ့ရသည်ကို တုန့်လောင်ဟွာ မြင်တွေ့ခဲ့ဖူးပေသည်။ သို့သော် ဝိညာဉ်ကြော လဲလှယ်ထားသူများက စစ်မှန်ခြင်း နတ်ဘုရား အဆင့်ကို ဘယ့်တော့မှ တက်လှမ်း နိုင်ခြင်း မရှိသည် ဆိုတာကိုကား မည်သူက သိမည်နည်း။ ထိုအချိန်တွင် ဖုန်းကျန့်ချိုး၏ လေသံက ပို၍ ပြတ်သားလာကာ …
“တခြားသူတွေ ဆီကနေ ဝိညာဉ်ကြော ယူထားတဲ့ သူတွေ အားလုံးကို သတ်ပစ်သင့်တယ် ….. ဂိုဏ်းတစ်ရာ မဟာမိတ် ညီလာခံရဲ့ အာဏာ ပါးကွက်သားတွေ လာခဲ့ကြစမ်း…”
ထိုအခါ ဖြစ်တည်ခြင်း နတ်ဘုရားအဆင့် ကျင့်ကြံသူ အများအပြားက စင်မြင့်ပေါ်သို့ ရောက်ရှိ လာခဲ့သည်။ ထိုလူများ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော လူသတ်ငွေ့များကား မိုဝူကျီကိုပင် အေးခဲ သွားစေသည်။
“ဒီလို လူမဆန်တဲ့ မျိုးနွယ်စုကို ကမ္ဘာမြေပေါ်က ဖယ်ရှား ပစ်ရမယ် …”
ဖုန်းကျန့်ချိုး၏ အသံက အေးစက် ပြင်းထန်သော လူသတ်ငွေ့များဖြင့် ပြည့်နှက်လျက် ရှိသည်။
“ဟုတ်ကဲ့…”
ထိုအခါ ဖြစ်တည်ခြင်း နတ်ဘုရားအဆင့် ကျင့်ကြံသူများက တစ်ခဏအတွင်း ပျောက်ကွယ် သွားလေသည်။ ထိုအခါ တုန့်လောင်ဟွားက မိုဝူကျီကို လက်ညှိုးထိုးပြီး အေးစက်စွာ ပြောလိုက်သည်။
“ငါ့ရဲ့ တုန့်မျိုးနွယ်စုက မင်းနဲ့ရန်ဘက် မဟုတ်ပဲနဲ့ ဘာလို့ ငါရဲ့ တုန့်မျိုးနွယ်စုကို မင်းက ဖျက်ဆီး ပစ်ချင်ရတာလဲ…”
တုန့်လောင်ဟွားက ဒေါသ ထွက်နေမှုကြောင့် သူ၏ ခန္ဓာကိုယ်ကား တုန်ယင်နေလေသည်။ ထို့နောက် မိုဝူကျီက အေးစက်စွာ ပြန်ဖြေလိုက်သည်။
“ဘာလို့လဲ ဆိုတော့ ဂျင်ဖေးလန်ရဲ့ တပည့်ယန်အာ ကျူပ်ရဲ့ အမျိုး ဖြစ်တဲ့ အတွက်ကြောင့်ပဲ .. ခင်ဗျားတို့က သူမရဲ့ ဝိညာဉ်ကြောကို လုယူရဲ ခဲ့တယ် …ချန်းလောင်မြို့မှာ ယန်အာ ပေါ်လာတုန်းက သူမရဲ့ ဝိညာဉ်သွေးကြောတွေက ပျက်ဆီးနေပြီး အသိစိတ်တောင် မရှိတော့ဘူး … အဲဒီကတည်းက ကျူပ်က လက်စားချေမယ်လို့ ကျိန်ဆိုခဲ့တာပဲ….”
“အဲဒါ.. မင်းပေါ့…”
တုန့်လောင်ဟွားက ရေရွတ်လိုက်သည်။ သူ၏သား တုန့်လွန်က ဝိညာဉ်ကြော ကူးပြောင်းမှုကို ချန်းလောင်မြို့သို့ အကြောက်အလန့် မရှိ ရွေ့ပြောင်းခဲ့သည်။
သို့သော် ကံဆိုးစွာဖြင့် လူတစ်ယောက်ကား လွတ်မြောက် သွားခဲ့သည်။ ထိုလွတ်မြောက် သွားသော သူက ယခုအခါ သူတို့၏ ပျက်စီးခြင်းကို ယူဆောင် လာခဲ့လေပြီ။
“ပြီးတော့ ခင်ဗျားကို ပြောဖို့ မေ့နေတယ် … အခု ယန်အာက ကောင်းကင်ဖွေရှာ နန်းတော်ရဲ့ နံပါတ်တစ် ပါရမီရှင် ဖြစ်နေပြီ .. ခင်ဗျားရဲ့သား တုန့်လွန်ကတော့ ဒြပ်ငါးခု ကင်းမဲ့နယ်မှာ ကျုပ်လက်ချက်ကြောင့် သေသွားပြီပေါ့ဗျာ … သူက ကျူပ်ကို အထွတ်အထိပ် ဓားမြို့တော်က သူ့အတွက် လက်စား ချေလိမ့်မယ်လို့တော့ ပြောခဲ့တာပဲ … အခု ခင်ဗျား သူ့အတွက် လက်စား ချေမယ်ဆိုရင် ကျူပ်ဒီမှာ ရောက်နေပြီနော်…”
“ဖူး”
တုန့်လောင်ဟွား၏ ပါးစပ်မှာ သွေးတစ်လုတ် အန်ထုတ်လိုက်ရသည်။
“ဘာလို့ငါ စောစောစီးစီး မသိခဲ့ရတာလဲ…”
အမှန်တမ်း ပြောရလျှင် ဖုန်းကျန့်ချိုးက ကောင်းကင်ဖွေရှာ နန်းတော်၏ ဒုဂိုဏ်းချူပ်သာ လျှင်ဖြစ်သည်။ ယခုကဲ့သို့ ကိစ္စများ ဆုံးဖြတ်ရာတွင် သူကား ကြီးမြတ်ရန်ကျုံး ဂိုဏ်း၏ ခေါင်းဆောင် ကျန်းရှုရှန်နှင့် ဆွေးနွေးရန် လိုအပ်သေးပေသည်။ ထို့နောက် ဖုန်းကျန့်ချိုးက ပြောလိုက်သည်။
“အခုကနေ စီပြီး အထွတ်အထိပ် ဓားမြို့တော်က တုန့်မျိုးနွယ်စုတွေကို မြင်တာနဲ့ သတ်ပစ် ကြရမယ် … အားလုံး တုန့်လောင်ဟွားနဲ့ တုန့်မင်ကျီရဲ့ ဦးခေါင်းကို နမူနာအနေဖြင့် ဒြပ်ငါးခု ကင်းမဲ့နယ်၏ တံတိုင်းမှာ ချိတ်ဆွဲထားကြတာပေါ့…”
ထို့နောက် ကျန်းရှုရှန်က သူ၏ လက်ကို လှုပ်ရှားလိုက်သည်။ ထိုအခါ အလင်းတန်း နှစ်ခု ထွက်ပေါ်လာကာ တုန့်မင်ကျီနှင့် တုန့်လောင်ဟွားတို့မှာ ခုခံချိန်ပင် မရှိလိုက်ပဲ ထိုအလင်းတန်း နှစ်ခုက သူတို့၏ နဖူးအတွင်းသို့ ဝင်ရောက်သွားသည်။
ဂျင်ဖေးလန်၏ မျက်လုံး တစ်ဖက်မှ မျက်ရည်စများ ကျဆင်း လာခဲ့သည်။ သူမ လက်စားချေရန် နှစ်ပေါင်းများစွာ ကြိုးစား ခဲ့ရပေသည်။ သို့သော် မိုဝူကျီက ထိုကိစ္စကို နှစ်နာရီအတွင်း လုပ်ဆောင် ပြသွား၏။ ထို့အပြင် လက်စား ချေရသည့် ခံစားချက်ကား အလွန်ပေ ကောင်းလှပေသည်။ သူတို့ကား အထွတ်အထိပ် ဓားမြို့တော်မှ တုန့်မျိုးနွယ်စုအား ရှင်းလင်း ပစ်လိုက်နိုင်ရုံသာမက ထိုသူတို့မှာ တစ်သက်လုံး နာမည်ဆိုးကြီး ထင်ကျန်သွားမည် ဖြစ်သည်။
“ဒါက မိုဝူကျီလား”
ကွင်းပြင်တွင် ရပ်နေသည့် ဟန်နင်က မယုံကြည်နိုင်စွာဖြင့် သူမ၏ မျက်လုံးကို ပွတ်သပ်ကာ ရေရွတ် ပြောဆိုလိုက်သည်။ သူမကား မိုဝူကျီမှာ ဂိုဏ်းတစ်ရာ မဟာမိတ် ညီလာခံ၏ စင့်မြင့်ထက်တွင် ရပ်နေပြီး အထွတ်အထိပ် ဓားမြို့တော်မှာ တုန့်မျိုးနွယ်စုအား ဖယ်ရှား လိုက်လိမ့်မည်ဟု မယုံကြည်နိုင်ဆဲ ဖြစ်နေ၏။ မိုဝူကျီက သာမန် သေမျိုး ဆေးဆရာ တစ်ယောက်သာပင် မဟုတ်ချေဘူးလား။
ဤနေရာသို့ ရောက်ရှိလာသည်ကိုက အလွန်အံ့သြဖွယ် ကောင်းနေသော်လည်း ဂိုဏ်းချူပ်အဖြစ် ရောက်ရှိလာမှုက သူမကို လုံး၀ ဆွံ့အ သွားစေပေသည်။
“လောကကြီးက ဘာတွေများ ဖြစ်နေတာလဲ…”
သူမ၏ ဘေးတွင် ရပ်နေသော ဝမ်မန်ကျူက အသက်ပြင်းပြင်း ရှူထုတ်ကာ မယုံကြည် နိုင်စွာဖြင့် ပြောလိုက်သည်။
“နင်ပြောတာ မှန်တယ် အဲဒါ မိုဝူကျီပဲ…”
သူမက မိုဝူကျီ၏ မိုမျိုးနွယ်စု ပျက်ဆီး သွားပြီးသည့် နောက်တွင် မိုဝူကျီအား တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။ သူမက မိုဝူကျီအား စိတ်ဝင်စား နေခြင်းကြောင့် မဟုတ်ပဲ အပြစ်ရှိနေသည့် စိတ်ကြောင့် မိုဝူကျီကို အနည်းငယ် ကူညီ ပေးလိုသောကြောင့်သာ ဖြစ်သည်။ မိုဝူကျီ၏ အမျိုးသမီး အစေခံ ယန်အာကား အလွန်ပင် မာနကြီးပေသည်။ သူတို့ မည်မျှပင် ကျပ်တည်းနေကာမှု သူမ ပေးသမျှကို ဘယ့်တော့မှ လက်မခံ ခဲ့ချေ။
ထို့ကြောင့် မိုဝူကျီ စင်မြင့်ပေါ်သို့ ရောက်လာသည့် အချိန်တွင် သူမက ချက်ချင်း မှတ်မိသွားခြင်း ဖြစ်သည်။ သူတို့သည် ချန်ယွီပြည်နယ်သို့ မပြန်ရသေးသောကြောင့် ထိုနေရာတွင် မိုဝူကျီ လုပ်ခဲ့သည့် အရာများကို မသိသေးချေ။ သို့သော် ဤနေရာတွင် သူတို့ သိရှိလိုက်ကား မိုဝူကျီမှာ သူမတို့နှင့် ခြားနားသော အဆင့်တစ်ခုသို့ ရောက်နေပြီ ဖြစ်ကြောင်းပင်။ အတိတ်အချိန်တုန်းက ဖြစ်ပျက်ခဲ့သော အရာများက ယခုအခါ ပြောင်းပြန် ဖြစ်နေလေချေပြီ။ ယခုအခါ မိုဝူကျီကား စင်မြင့် ထက်မှ လူဖြစ်ကာ သူမတို့က မော့ကြည့် နေရပြီ မဟုတ်လား။
ဟန်နင်ကား တိတ်ဆိတ်နေလေသည်။ မိုဝူကျီက သူမအား များစွာ ကူညီ ပေးခဲ့သော်လည်း သူမက ဟန်မျိုးနွယ်စု၏ အကျိုး အမြတ်အတွက် မိုဝူကျီကို စွန့်ပစ်ခဲ့လေသည်။ ဝမ်မန်ကျူ အတွက်မူ သူမက မိုမျိုးနွယ်စု ပျောက်ကွယ် သွားသောကြောင့် ငယ်စဉ်ကတည်းက တည်ဆောက် လာခဲ့သော ဆက်ဆံရေးအား လက်လျော့ခဲ့ခြင်း ဖြစ်သည်။ သူတို့ကဲ့သို့ အဝေးတွင် ရပ်နေသော ချူဝမ်အာ သည်လည်း အလားတူစွာပင် တုန်လှုပ်နေလေသည်။ သို့သော်လည်း ထိုအရာက သူမ၏ ထင်မှတ်မှု များမှ မကျော်လွန်သေးပေ။
“ဒီကောင်ရဲ့ တိုးတက်မှုနှုန်းက တကယ်မြန်တာပဲ သူက ဂိုဏ်းချူပ်တောင် ဖြစ်လာပြီ…”
ချူဝမ်အာ ဘေးတွင် ရပ်နေသော လူအိုကြီးက သက်ပြင်းချကာ ပြောလိုက်သည်။
“ဆရာ .. သူက အခုမှ ရွှမ်အဆင့် ဂိုဏ်းချူပ်ပဲ ရှိပါသေးတယ် …. ရွှမ်အဆင့် ဆိုတော့ရော ဘယ်သူက ဂရုစိုက်မှာလဲ အခုသူက အခွင့်အရေးကို အမိအရ အသုံးချပြီး အထွတ်အထိပ် ဓားမြို့တော်က တုန့်မျိုးနွယ်စုကို ဖယ်ရှား လိုက်နိုင်တာကိုက အံ့သြစရာ ကောင်းလွန်း နေပြီ”
“သူက ရွှမ်အဆင့် ဂိုဏ်းချူပ်သာ ဖြစ်နေပေမဲ့ တကယ့်ကို လက်ရဲဇက်ရဲ ရှိတာပဲ .. အင်အားကြီး ဂိုဏ်းတွေက သူတို့ ဂိုဏ်းကို လက်တစ်ချက် ယမ်းလိုက်ရုံနဲ့ ဖျောက်ဖျက် ပစ်နိုင်တယ်လေ…”
လူအိုကြီးက ခေါင်းခါက ပြောလိုက်သည်။ ထိုအခါ ချူဝမ်အာက ပြောလိုက်သည်။
“ဆရာက သူ့ကို အခုမှ အဲဒီလို လုပ်ရဲတယ်လို့ ထင်နေတာလား … ဆေးဆရာမိုနဲ့ ကျွန်မ စတွေ့တဲ့ အချိန်တုန်းက သူက အန္တရာယ်ရှိတဲ့ ကိစ္စ အများအပြားကို လုပ်ခဲ့ပေမဲ့ အခုအချိန်ထိ ဒီနေရာမှာ ရပ်နေနိုင်တုန်းပဲ”
ထိုအခါ လူအိုကြီးက ခဏ တိတ်ဆိတ်သွားပြီး ပြောလိုက်သည်။
“အခု ကြီးမြတ်ရန်ကျုံး ဂိုဏ်းနဲ့ ကောင်းကင်ဖွေရှာ နန်းတော်က ဘယ်လိုတွေ ကိုင်တွယ်မလဲ ဆိုတာကို ကြည့်ကြတာပေါ့ … ဒီကိစ္စကို အသာလေး ပြီးသွားမယ်လို့ မထင်နဲ့ … သေးငယ်တဲ့ ရွှမ်အဆင့် ဂိုဏ်းချူပ်က အထွတ်အထိပ် ဓားမြို့တော်ရဲ့ အကြောင်းကို ထုတ်ဖော်ပြောဆိုတာက စည်းကျော်တယ်လို့ ပြောလို့ရတယ်…”
***
“ဂိုဏ်းချူပ်မို အခု အထွတ်အထိပ် ဓားမြို့တော်ရဲ့ အကြောင်းကို ဖြေရှင်းပြီး သွားပြီ ကျူပ်တို့ တျန်းကျီဂိုဏ်း အကြောင်း ပြောကြစို့လား …”
ထို့နောက်ကျန်းရှုရှန်း၏ အကြည့်က မိုဝူကျီပေါ်သို့ ကျရောက်လာပြီး ပြောလိုက်သည်။
“ကျူပ် တျန်းဂျီဂိုဏ်းရဲ့ ဂိုဏ်းချူပ်က ပျောက်ဆုံးနယ်မြေ တစ်ခုလုံးရဲ့ ကောင်းကျိုး အတွက် အထွတ်အထိပ် ဓားမြို့တော်ရဲ့ ကောင်းကျိုးကို ဖော်ထုတ်ခဲ့တာလေ .. အဲဒီအတွက် ကျူပ်က ဘာနစ်နာကြေးကို မှ မလိုချင်ပါဘူး ... ဂိုဏ်းချူပ်ကျန်းက စိတ်ထဲမထားပါနဲ့ …”
ထိုသို့ ပြောပြီးနောက် မိုဝူကျီက သူ့အတွက် ကျောင်းယန် ဦးပေးထားသော နေရာတွင် ထိုင်ချ လိုက်သည်။ ထို့နောက် ရှင်းဟွမ်နှင့် ဂျင်ဖေးလန်တို့အား သူ၏ နောက်တွင် ထိုင်ရန် ညွှန်ပြလိုက်သည်။ ထိုစဉ် ကျန်းရှုရှန်းက ဒေါသပုန် ထသွားပြီး စိတ်ထဲတွင် ရေရွတ်လိုက်သည်။
“မင်းမှာ အရှက် ဆိုတာရော ရှိသေးလား … နစ်နာကြေး နစ်နာကြေး နင့်မေဘကြီး နစ်နာကြေး တဲ့လား ... "
ထို့နောက် ကျန်းရှုရှန်းက သူ၏ ဒေါသကို ထိန်းကာ ပြောလိုက်သည်။
“ဂိုဏ်းချူပ်မို ... ဒီရှေ့ဆုံး ပထမတန်းက နယ်လှည့် ကျင့်ကြံသူတွေနဲ့ တိုက်ပွဲမှာ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့တဲ့ ဂိုဏ်းတွေ အတွက်ပါ ဒါကြောင့် တျန်းဂျီဂိုဏ်းက နောက်ကို ဆုတ်ပြီး ထိုင်ပေးလို့ ရမလား. “
ထို့နောက် မိုဝူကျီက မတ်တတ်ရပ်ကာ ပြောလိုက်သည်။
“ဂိုဏ်းချူပ်ကျန်း ပြောချင်တာက ကျူပ်တို့ တျန်းဂျီ ဂိုဏ်းက ပျောက်ဆုံး နယ်မြေ အတွက် ဘာမှ အကျိုး မပြုခဲ့ဘူးလို့ ပြောချင်တာလား…”
***