အခန်း ၂၆၀
Vol. 19 Ch. 260
ကျန်းရှုရှန်းက အလွန်အမင်း စိတ်မသာမယာ ဖြစ်နေသော်လည်း သူက ထိုမကြည်လင်မှုကို မထုတ်ဖော်ခဲ့ချေ။
“တျန်းဂျီ ဂိုဏ်းကို ဒီနေရာကို ဖိတ်ခေါ်တယ် ဆိုကတည်းက တျန်းကျီဂိုဏ်းက ပျောက်ဆုံး နယ်မြေကို အကျိုးပြု ခဲ့တာကြောင့် ပဲလေ … ဒီမှာရှိတဲ့ ဂိုဏ်းတော်တော်များများက ပျောက်ဆုံးနယ်မြေ အတွက် အကျိုး ဆောင်ခဲ့ကြတဲ့ သူတွေချည်းပဲ ကွာခြား သွားတာက အကျိုး ဆောင်မှု နည်းလား များလား ဆိုတာပဲလေ … ကျူပ်ကလည်း ဂိုဏ်းအားလုံးကို ပထမတန်းမှာ ထိုင်စေချင်ပါတယ် ... ဒါပေမဲ့ အကျိုး ပြုခဲ့သူတွေ အများဆုံးက ရှေ့ဆုံးမှာ ထိုင်သင့်တယ်လေ … ကျူပ် မှတ်မိသလောက် ကတော့ တျန်းဂျီဂိုဏ်းက ဂိုဏ်းတစ်ရာ မဟာမိတ် အဆင့် ဇယားမှာ အဆင့် ၃၂၁ မလား။ အရောင်းအဝယ် ကနေ ရတဲ့ အမှတ်တွေက နည်းတယ်လို့တော မဆိုလိုပါဘူး.. အဲဒါကလည်း ပျောက်ဆုံး နယ်မြေကို အကျိုး ပြုနေတာ ပဲလေ”
ကျန်းရှုရှန်း၏ စကားအရ တျန်းဂျီဂိုဏ်း ဤနေရာသို့ ရောက်ရှိလာခြင်းက ကံကောင်းမှု တစ်ခု ကြောင့်သာဟု ဆိုလိုနေချေသည်။ ထို့နောက် ကျန်းရှုရှန်းက မိုဝူကျိ ရှိရာဘက်သို့ ကြည့်ကာ ပြောလိုက်သည်။
“ကျူပ်တို့ သတ်မှတ်ထားတဲ့ စည်းကမ်းတွေ အရ အဆင့်၃၀၀ကျော် ရှိတဲ့ ဂိုဏ်းတွေ အားလုံးက သုံးယောက်ပဲ တက်ခွင့်ရှိတာ မဟုတ်ဘူးလား… အခု ကျူပ်မြင်နေရာတာ လေးယောက် ဖြစ်နေသလားလို့”
ထို့နောက် မိုဝူကျီက ပြောလိုက်သည်။
“ဂိုဏ်းချူပ်ကျန်း ကျူပ်က အခု ဒီနေရာကို လက်လျော့လိုက်ရင် ခင်ဗျား ကျေနပ်ပြီ မလား”
မိုဝူကျီ၏ စကားများ သရော်မှုများ ပြည့်နှက်နေသည်။ သူက ကျန်းရှုရှန်းမှာ သူ့ကို မကျေနပ်သည်ကို သိပေသည်။ ကျန်းရှုရှန်းက မိုဝူကျီနှင့် ရှင်းဟွမ် လက်ထဲတွင် ဖန်ကျီချင်း သေသွားသည်ကို မသိရှိသေးသော်လည်း ရှင်းဟွမ်နှင့် ရှင်းစရာ ကိစ္စများ ရှိသေးပေသည်။ ထို့ကြောင့် ကျန်းရှုရှန်းက အေးစက်စွာ ပြန်ဖြေလိုက်သည်။
“တျန်းဂျီဂိုဏ်းက အထွတ်အထိပ် ဓားမြို့တော်အကြောင်းကို ပြောပြခဲ့တာက ပျောက်ဆုံး နယ်မြေကို အကျိုး ပြုတာပါပဲ ဒါပေမဲ့ တျန်းဂျီဂိုဏ်းက ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့ကို မလေးမစား လုပ်ခဲ့တယ် … ပြီးတော့ ဂိုဏ်းတစ်ရာ မဟာမိတ် ညီလာခံကို ကိုယ်ကျိုး အတွက် အသုံးချခဲ့တယ် … အဲဒါကို အပြစ် မပေးရင် ဂိုဏ်းတစ်ရာ ညီလာခံကို အများက လှောင်ပြောင် နေတော့မှာပေါ့”
ကျန်းရှုရှန်း၏ အသံတွင် ဆုံးဖြတ်ချက်များ ခိုင်မာနေသည်ကို တွေ့ရပေမည်။ သူ၏ စကားတွင် အကျိုး ပြုတဲ့အတွက် ဆုရသင့်သကဲ့သို့ မလေးမစား ပြုမူသည့်အတွက် အပြစ်ပေးရန် သဘော သဘာဝများ ပါဝင်နေလေသည်။
ထို့နောက် ဖုန်းကျန့်ချိုးက တစ်ခွန်းမှ ဝင်မပြောချေ။ တုန့်မင်ကျီမှာ သူ၏ ကောင်းကင်ဖွေရှာ နန်းတော်မှာ ဖြစ်နေကာ ဂိုဏ်းအတွက် အစွန်းအထင်း ဖြစ်ခဲ့သည်။ ထို့အတူ မိုဝူကျီသည်လည်း ကောင်းကင်ဖွေရှာ နန်းတော်၏ အပြင်စည်း တပည့်ဖြစ်ခဲ့ဖူး၍ သူက ဝင်ပါ၍ မဖြစ်ပေ။
ကောင်းကင်ဖွေရှာ နန်းတော်၏ နံပါတ်တစ် ပါရမီရှင် ယန်အာမှာ မိုဝူကျီအတွက် ရင်းနှီးသော ဆွေမျိုး တစ်ယောက် ဖြစ်နေလေသည်။ ထိုကဲ့သို့ အခြေအနေမျိုးတွင် သူကား အဘယ့်ကြောင့် အပြစ်ပေးရန် ဆုံးဖြတ်ချက် ချနိုင်မည်နည်။ ဖုန်းကျန့်ချိုးက မည်သည့်စကားမှ ဝင်မပြောသည်ကို တွေ့သောအခါ ကျန်းရှုရှန်းက ထပ်ပြောလိုက်သည်။
“တျန်းဂျီဂိုဏ်းက အကျိုး ပြုထားတာရော အပြစ် လုပ်ထားတာရောပါ ရှိတဲ့အတွက်ကြောင့် သူ့ကို ဒီလိုမျိုး ပြစ်ဒဏ် ချမှတ်မယ် … ထျန်းဂျီဂိုဏ်းက ပျောက်ဆုံး နယ်မြေကို အကျိုး ပြုခဲ့တဲ့အတွက် ကိုယ်ကျိုး အတွက် ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့ကို မထိမဲ့မြင် ပြုခဲ့တာကို ခွင့်လွှတ်လိုက်မယ် … ဒါပေမဲ့ ဒီညီလာခံကို တက်ရောက်ခွင့်ကိုတော့ ပြန်လည် ရုပ်သိမ်း ရလိမ့်မယ်”
မိုဝူကျီက အေးစက်စွာ ရယ်မောလိုက်ပြီး တွေးလိုက်သည်။
“ဒီဟာက အကျိုး ပြုခြင်းနဲ့ အမှားလုပ်ခြင်းရဲ့ ရလဒ်လား”
ထိုကျန်းရှုရှန်း၏ ဆုံးဖြတ်ချက်ကို မည်သူမှ ဝင်မပြောကြသော်လည်း ထိုကျန်းရှုရှန်းက အလောတစ်ကြီး နိုင်လှသည်ဟု ထိုနေရာတွင် ရှိသော ကျင့်ကြံသူများက တွေးလိုက်ကြသည်။ တျန်းဂျီဂိုဏ်း ကဲ့သို့ ဂိုဏ်းငယ်လေး တစ်ခု အတွက် မည်သူမှ ကျန်းရှုရှန်းနှင့် အဖုအထစ် မဖြစ်လိုကြချေ။ ထပ်မံ ပြောရမည် ဆိုလျှင် ထျန့်ဂျီဂိုဏ်းအတွက် ပထမ နေရာတွင် ထိုင်နေသည်ကား အလွန်ပင် အထက်စီး ဆန်လေသည်။
မိုဝူကျီ မျက်နှာတွင် ခံပြင်းမှုများ ပြည့်နေသော်လည်း မလှုပ်ရှားချေ။ ဒြပ်ငါးခု ကင်းမဲ့နယ်အတွက် နေရာ ခွဲခြင်းကြောင့် သာ မဟုတ်လျှင် သူက ထိုနေရာကို စိတ်ထဲ ထည့်လိမ့်မည် မဟုတ်ချေ။ ယခု ဒြပ်ငါးခု ကင်းမဲ့နယ်၏ ရင်းမြစ်များကို ခွဲဝေမည့် ကိစ္စကြောင့် တျန်းဂျီဂိုဏ်းက လုံး၀ နောက်မဆုတ်နိုင်ပေ။
ထို့နောက် ကျန်းရှုရှန်းက မိုဝူကျီ၏ မထုံတတ်တေး အမူအရာကို မြင်သောအခါ သူ၏ မျက်နှာက အေးစက်သွားလေသည်။ ဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့် ကျင့်ကြံသူ တစ်ယောက်ကတည်း မိုဝူကျီကို ဆွဲခေါ်ရန် ရောက်ရှိလာသည်။ သို့သော် ရှင်းဟွမ်က ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့် ကျင့်ကြံသူ တက်လာသည်ကို မြင်သောအခါ လက်ဖဝါးတစ်ချက် ရိုက်ထုတ် လိုက်သည်။
ကျန်းရှုရှန်း၏ မျက်နှာက ပြောင်းလဲသွားပြီး ရှင်းဟွမ်ဆီသို့ သွားလိုက်သည်။ သူက ထိုသို့ အရင်ပြုမူရန် ဆန္ဒ မရှိသော်လည်း ရှင်းဟွမ်က ထိုသို့ အရင်ဆုံးပြုမူခဲ့ပေသည်။ ထို့ကြောင့် ရှင်းဟွမ်ကို လွှတ်ပေးရန် သူဆန္ဒ မရှိချေ။ ကျန်းရှုရှန်က သူ့ထံသို့ တိုးဝင်လာသည်ကို မြင်သောအခါ ရှင်းဟွမ်က လှောင်ပြုံး ပြုံးလိုက်ပြီး ၎င်းထံသို့ လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။ သူ့အတွက်မူ ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့်မှာ သူ၏ အားကုန် အသုံးပြုရန်ပင် မထိုက်တန်ချေ။ သူကား ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့် မဟုတ်ပဲ စစ်မှန်ခြင်း နတ်ဘုရား အဆင့် ဖြစ်နေလေသည်။
“ဘုန်း”
ကျန်းရှုရှန်က ရှင်းဟွမ်၏ လက်သီးချက်ကြောင့် နောက်သို့ ခြေလှမ်း ဆယ်လှမ်းခန့် ဆုတ်လိုက် ရသည်။
“ခင်ဗျားက ကောင်းကင်နယ်ပယ် အဆင့်ကို ရောက်ရှိသွားပြီလား”
ကျန်းရှုရှန်းက ရှင်းဟွမ်အား တုန်လှုပ်စွာဖြင့် ကြည့်ကာ ပြောလိုက်သည်။ ထို့နောက် ရှင်းဟွမ်က တည်ငြိမ်စွာ ပြောလိုက်သည်။
“ခင်ဗျားတို့ ကြီးမြတ်ရန်ကျုံး ဂိုဏ်းက လူတွေပဲ ကောင်းကင်နယ်ပယ်ကို တက်ရောက်ခွင့် ရှိပြီးတော့ ကျူပ်တို့ တျန်းဂျီ ဂိုဏ်းက လူတွေကရော တက်ရောက်ခွင့် မရှိဘူးလား”
ဖုန်းကျန့်ချိုး သည်လည်း အလားတူစွာပင် အံ့အား သင့်သွားသည်။ သူက ရှင်းဟွမ်မှာ ဒြပ်ငါးခု ကင်းမဲ့နယ်မှ အကျိုးအမြတ် ရလာသည်ကို ခန့်မှန်း ပေသည်။ ယခု ရှင်းဟွမ်သည် စစ်မှန်ခြင်း နတ်ဘုရား အဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်သဖြင့် အရင်ကထက်ပင် ပြောရဲဆိုရဲ ရှိနေလေသည်။
“ဂိုဏ်းချူပ်မို … ခင်ဗျားတို့ တျန်းဂျီဂိုဏ်းက စစ်မှန်ခြင်း နတ်ဘုရား အဆင့်ရဲ့ ခွန်အားကို အသုံးပြုပြီး ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့ရဲ့ စည်းမျဉ်းတွေကို ပြောင်းပြန် လှန်ပစ်ချင်နေတာလား… ပထမတန်းက နေရာတွင် နယ်ခြားတိုက်ပွဲရဲ့ အကျိုး ပြုရလဒ်တွေ အပေါ်မှာ မူတည်ပြီးတော့ ခွဲထားတာပဲ … အဲဒါကြောင့် ဂိုဏ်းတစ်ရာ မဟာမိတ်က သေချာပေါက် ဝင်ပါရလိမ့်မယ်…“
ကျန်းရူရှန်းက အလွန်အမင်း ဒေါသ ထွက်နေလေသည်။ စစ်မှန်ခြင်း နတ်ဘုရား အဆင့်က သူ့ကို ကြောက်လန့်စေရန် မလုံလောက်သေးချေ။ မိုဝူကျီက ရှင်းဟွမ်ကို ခေါ်ဆောင် လာသောကြောင့် ကျန်းရှုရှန်မှာ ရှင်းဟွမ်က သူ၏ ပြိုင်ဘက် ဖြစ်ထိုက်ကြောင်း သိရှိသွားသည်။ အကယ်၍ ထိုကိစ္စသာ မဟုတ်လျှင် လိန်ဟုန်ကျီ ပြန်ရောက် လာသည်နှင့် သူက ကြီးမြတ်ရန်ကျုံး ဂိုဏ်းနှင့် ရန်သူ ဖြစ်သွား ပေလိမ့်မည်။
“ဒြပ်ငါးခု ကင်းမဲ့နယ်မြို့က တာအိုရောင်းရင်းတို့ … ကျူပ်စကားအချို့ ပြောပြရစေ ... ဒီစကားလုံးတွေက မောက်မာတဲ့ သူတွေ နားထောင်ဖို့ အတွက်တော့ မဟုတ်ဘူး ... ဒါက သာမန် ကျင့်ကြံသူတွေ အတွက်ပဲ.."
မိုဝူကျီက ကျယ်လောင်စွာ ကြေညာလိုက်သည်။ ကျန်းရူရှန်းက ဒေါသထွက်စွာဖြင့် သူ၏ အင်အားကို ပြသရန် ဆုံးဖြတ်လိုက်သည်။ သာမန် ထျန်းဂျီ ဂိုဏ်းလေးမှာ စစ်မှန်ခြင်း နတ်ဘုရားအဆင့် ရှိနေတော့ရော ဘာအရေးလဲ။ မိုဝူကျီက ကျန်းရှုရှန်းကို လျစ်လျူရူကာ ဆက်ပြောလိုက်သည်။
“တျန့်ဂျီဂိုဏ်းက အင်အားကုန် သုံးပြီးတော့ နယ်ခြား ကျင့်ကြံသူတွေနဲ့တိုက်ခိုက် ခဲ့တယ် ... ဒါပေမဲ့ သေရေးရှင်ရေး အခြေအနေမှာ တျန့်ဂျီဂိုဏ်းရဲ့ဂိုဏ်းချူပ် တုရှီချင်းကို ယုလင်း လိန်မျိုးနွယ်စုတွေက သူတို့ရဲ့ ကိုယ်ပိုင်အကျိုး အမြတ်အတွက် သတ်ဖြတ်သွားတယ် ... အဲဒီအချိန်မှာ ဂိုဏ်းတစ်ရာ မဟာမိတ် အဖွဲ့က လူတွေ ဘယ်သူမှ ဝင်မပါခဲ့ကြဘူး ဂိုဏ်းချူပ် တုရှီရှင်းက ကျွန်တော်နဲ့ မျက်နှာခြင်းဆိုင် မတွေ့ဖူးပေမဲ့ ကျွန်တော့်ကို သိပြီး ယုံယုံကြည်ကြည်နဲ့ ဂိုဏ်းချူပ်ရာထူးကို လွှဲပေးခဲ့တယ”
“ဂိုဏ်းချူပ်မို … ခင်ဗျားက ကောင်းကင် ဖွေရှာနန်းတော်ရဲ့ အပြင်စည်း တပည့် တစ်ယောက်လေ ... အဲဒါကို ဂိုဏ်းချူပ်တုက ခင်ဗျားကို ဂိုဏ်းချူပ်နေရာ လွှဲပေးခဲ့တယ် ဆိုတော့ အဲဒါက တော်တော်လေး ဟာသ ဆန်မနေဘူးလား ... ကျူပ်တို့အားလုံးကို ခင်ဗျားက အရူးလို့ ထင်နေတာလား”
ကောင်းကင်ဆေးဝါး ဂိုဏ်း၏ ဂိုဏ်းချူပ် ချင်ဖူယွီက ပြောလိုက်သည်။ သူကား ကျန်းရူရှန်းကို ကူညီနေခြင်း မဟုတ်ပဲ မိုဝူကျိ၏ စကားက ရှေ့သွားနောက် မညီနေခြင်းကြောင့် ဝင်ပြောခြင်း ဖြစ်သည်။ ထို့နောက် မိုဝူကျီက ချင်ဖူယွီဘက်သို့ လှည့်ကာ လက်နှစ်ဖက် ဆုပ်ပြီး ပြောလိုက်သည်။
“ဂိုဏ်းချူပ်တု ကျူပ်ကို ရွေးချယ်ခဲ့တာ ကျူပ်မှာ နောက်ထပ် နာမည် တစ်ခု ရှိသေးလို့ပဲ … အဲဒါကတော့ နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ပဲ…”
“နယ်ခြား ကျင့်ကြံသူ ၂၇၀၅လား…”
“ဝါး”
ကွင်းပြင်တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။ ဤနေရာတွင် ရှိသော သူများက နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ကို မသိကြသူ ဟူ၍ မရှိကြချေ။ ထိုသူကား နယ်ခြား ကျင့်ကြံသူများနှင့် တိုက်ပွဲတွင် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သူ အထူးချွန်ဆုံး ပြုလုပ်ခဲ့သူ ဖြစ်သည်။ လူတိုင်းက နယ်ခြား ကျင့်ကြံသူများနှင့် တိုက်ပွဲပြီး သွာသောအခါ တွေ့ချင်နေသော လူတစ်ဦး ရှိပေသည်။ ထိုသူကား ကြီးမြတ်ရန်ကျုံး ဂိုဏ်း၏ ဂိုဏ်းချူပ် မဟုတ်သကဲ့သို့ ကောင်းကင်ဖွေရှာ နန်းတော်၏ ဂိုဏ်းချူပ်လည်း မဟုတ်ချေ။ ထိုသူကား နယ်လှည့်ကျင့်ကြံသူ ၂၇၀၅ပင် ဖြစ်သည်။
“နယ်လှည့် ကျင့်ကြံသူ ၂၇၀၅…”
ထိုအခါ နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ဆိုသည့် နာမည်ကို အော်ခေါ်သံများက ကွင်းတစ်ခုလုံး ညံသွားလေသည်။ ထိုသူများ နယ်ခြား ကျင့်ကြံသူများ ဝိုင်းထားသည့် ကြားက ဖောက်ထွက်ကာ လူအားလုံးကို သတ်ဖြတ်ခဲ့ပြီး ကောင်းကင်ဖွေရှာ နန်းတော် ဆေးလုံ့းဘုံ အစစ်အမှန် ရေအဆင့် ရှီကျင်းဝမ်ကို ကူညီကာ ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား တစ်ပိုင်းအဆင့် ကျင့်ကြံသူကို သတ်နိုင်ရန် ကူညီပေးခဲ့သည်။ ထို့အပြင် စစ်မှန်ခြင်း နတ်ဘုရား အဆင့်နယ်ခြား ကျင့်ကြံသူအား သတ်ဖြတ်၍ အမှတ်ပေါင်း110000ကို ရရှိခဲ့သူ ဖြစ်သည်။ ထိုအရာများ အားလုံးကို သူက လူသား တစ်ယောက်ထက် သာလွန်သော စွမ်းရည်များဖြင့် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ သူကား ပျောက်ဆုံးနယ်မြေ တစ်ခုလုံးရှိ ကျင့်ကြံသူများ အားလုံး၏ စံပြပင်ဖြစ်သည်။
ထို့ကြောင့် သူတို့က နယ်လှည့်ကျင့်ကြံသူ ၂၇၀၅အား နောက်ထပ် အမည်နာမ တစ်ခု ပေးထား ပေးသေးသည်။ ထိုနာမည်ကား
“တာ့ရှီရှုန်း…”
(အစ်ကိုကြီး ) ဟူ၍ပင် ဖြစ်သည်။ မည်သူကမှ နယ်လှည့်ကျင့်ကြံသူ ၂၇၀၅ မည်သည့်နေရာတွင် ရှိနေမည်မှန်း မသိကြချေ။ သူတို့က ကောလဟာလ သတင်းများကို ကြားခဲ့ရသော်လည်း ယခုအခါ ထိုသူက သူတို့၏ ရှေ့တွင် အရှင်လတ်လတ် ရောက်နေပြီ ဖြစ်သည်။
“တာ့ရှီရှန်း ကျွန်တော်လည်း ထျန်းဂျီဂိုဏ်းကို ဝင်ချင်ပါတယ်…”
“ကျွန်တော်လည်း ထျန်းဂျီဂိုဏ်ကို ဝင်ချင်ပါတယ်…”
မိုဝူကျီက ဆက်မပြောသေးပဲ ပွက်လောရိုက်နေသော လူအုပ်ကိုတစ်ချက် ကြည့်လိုက်သည်။ သူကား ထိုသို့သော တုံ့ပြန်မှုရလိမ့်မည်ဟု မထင်ထားခဲ့ချေ။ သူကား နယ်လှည့်ကျင့်ကြံသူ ၂၇၀၅ ဖြစ်ကြောင်း ထုတ်ပြော လိုက်ခြင်းမှာ ပထမတန်းတွင် ရှိသော သူ့နေရာ တည်ငြိမ်သွားပြီး အရင်း အမြစ်များ ပိုမိုရရှိရန်သာ ဖြစ်သည်။ သူကား တျန်းဂျီဂိုဏ်းကို တိုးတက် စေလိုပေသည်။
“ငါ တာ့ရှီရှန်းကို အမြဲ မြင်ချင်တာ ဒီနေ့တော့ ငါမြင်ဖူးသွားပြီ ဒီနေ့ လာရတာ အရမ်း ကံကောင်းတာပဲ …”
”ငါရောပဲ ... တာ့ရှီးရှန်းက အရမ်း လေးစားဖို့ ကောင်းတယ် … သူက နယ်ခြား ကျင့်ကြံသူတွေ အများကြီးကို သတ်ဖြတ်ပစ်ခဲ့တဲ့ အကြောင်းကို ကြားတုန်းက ကြက်သီး တဖြန်းဖြန်း ထတဲ့အထိ စိတ်လှုပ်ရှား မိတယ် …”
အားနွဲ့လှသည့် အမျိုးသမီး ကျင့်ကြံသူလေးက ရှိုက်ငင်ရင်း ပြောလိုက်သည်။
“ကောင်းကင်ဖွေရှာ နန်းတော် ရွယ်ထုံဇီး ပြောပြတဲ့ နယ်လှည့် ကျင့်ကြံသူက သွေးတွေ စိုရွဲနေပြီး ဒဏ်ရာ အများအပြား ရနေတဲ့ အကြောင်းကို ကြားတုန်းက ကျွန်မ ရင်တွေ ကွဲတော့မလိုပဲ ”
ကျန်းရှုရှန်းက မိုဝူကျီက အံ့ဩတကြီး ဖြစ်သွားကာ သူ့စိတ်ထဲတွင် လေးလံ သွားလေသည်။ တျန်းဂျီ ဂိုဏ်းချုပ်က နယ်လှည့်ကျင့်ကြံသူ ၂၇၀၅ ဖြစ်နေလိမ့်မှန်းလို့ မည်သူက ထင်ထားမည်နည်း။ ထိုအချက်များကို ထည့်မတွက်လျှင်ပင် နယ်လှည့် ကျင့်ကြံသူ ၂၇၀၅၏ ကျော်ကြားမှု တစ်ခုတည်းဖြင့် သူက မိုဝူကျီ၏ ဆံချည်မျှင် တစ်မျှင်ကို မထိရဲပေ။
“ဟားဟား ... ”
ဖုန်းကျန့်ချိုးက အားရပါးရ ရယ်မော လိုက်လေသည်။
“ဂိုဏ်းတစ်ရာ မဟာမိတ် အဆင့်ဇယား နံပါတ်တစ်က ကောင်းကင်ဖွေရှာ နန်းတော်နဲ့ မသက်ဆိုင်ဘူးလို့ ဘယ်သူ ပြောတာလဲ။ တကယ်တော့ သူက ငါတို့ထဲကပဲ ... ”
“သူက အခု တျန်းဂျီဂိုဏ်းချုပ် ဖြစ်နေပေါ့ ... ”
ကျန်းရှုရှုန်းက အေးစက်စွာ ပြန်ဖြေလိုက်သည်။
“အတူတူပဲ ... အတူတူပဲ ... သူက တျန်းဂျီဂိုဏ်း မဝင်ခင်က ငါတို့ ကောင်းကင်ဖွေရှာ နန်းတော်က တပည့် မဟုတ်ဘူးလား ... ”
နောက်ဆုံးတွင် ကြီးမြတ်ရန်ကျုံး အဆင့်အောက်တွင် ရှိမနေတော့၍ ဖုန်းကျန့်ချိုးမှာ အတော်လေး စိတ်သက်သာရာ ရသွားလေသည်။
“အားလုံး တိတ်တိတ် နေပေးကြပါ။ ကျုပ် ပြီးအောင် ပြောပါရစေဦး ... ”
ဆူညံမှုများက ပိုမို ကျယ်လောင်လာသည်ကို တွေ့ပြီး မိုဝူကျီက လက်ကို ဝှေ့ယမ်းကာ ပြောလိုက်ရသည်။
“အားလုံး မဆူကြနဲ့ တာ့ရှီရှုန်း စကားပြောမယ်တဲ့ ... ”
အသံအက်အက်က မိုဝူကျီ အသံနောက်တွင် ထွက်ပေါ်လာကာ ကွင်းပြင် တစ်ခုလုံး ငြိမ်ကျ သွားစေသည်။
ထိုအခါ ကွင်းပြင် တစ်လျှောက်တွင် အပ်ကျသံကိုပင် ကြားနိုင်လေသည်။ အားလုံးက အဆင့်ဇယား နံပါတ်တစ်တွင် ရှိသော နယ်လှည့်ကျင့်ကြံသူ ၂၇၀၅ ပြောမည့် စကားများကို စောင့်စား နေကြလေသည်။
***