မိုဝူကျီ၏ မိန့်ခွန်း
Vol. 19 Ch. 261
“မိတ်ဆွေတို့ အားလုံးကို တာအို ရောင်းရင်းလို့ပဲ ခေါ်ပါရစေ။ ဘာလို့လဲ ဆိုတော့ ကျုပ်က ခင်ဗျားတို့ရဲ့ ကြိုးစား အားထုတ်မှုနဲ့ ခံစားချက်တွေကို ခံစားမိပါတယ်။ အဲဒီ ခံစားချက်တွေက ကျုပ် မိုဝူကျီကို ဦးတည်နေတာ မဟုတ်ဘဲ ပျောက်ဆုံး နယ်မြေအတွက် နယ်ခြား တိုက်ပွဲမှာ တိုက်ခိုက်ခဲ့တဲ့ နယ်လှည့် ကျင့်ကြံသူဆီကို သိသာပါတယ်။ ကျုပ်တို့ရဲ့ ကျုပ်တို့ နယ်မြေအပေါ် ချစ်ခင် မြတ်နိုးမှုတွေ ကိုလည်း မြင်တွေ့နိုင်တယ်။ ဒီကျူးကျော် တိုက်ပွဲမှာ ကျုပ်လိုမျိုး အမည်မဲ့ နယ်လှည့်ကျင့်ကြံသူ တော်တော်များများက သွေးစတေးပြီးတော့ သူတို့နေထိုင်ရာ နယ်မြေအတွက် ပေးဆပ် သွားကြတယ်။ ကျုပ်က သူတို့ထဲက တစ်ယောက်ပဲ။ သူတို့က ဂုဏ်ကျော်ကြားမှု၊ နစ်နာကြေး ဘာတစ်ခုမှ မရရှိကြဘူး။ ကျုပ်လိုမျိုး နံပါတ်လေး ပေးထားတာပဲ ကျန်ရှိကြတယ် ... ”
ထိုစဉ် မိုဝူကျီက လေးစားစွာ ဦးညွှတ် လိုက်လေသည်။
“ဒီဦးညွှတ်မှုက ကျုပ်တို့အိမ် ကျုပ်တို့ ကုန်းမြေအတွက် အသက် စွန့်သွားရတဲ့ ကျင့်ကြံသူတွေ အတွက်ပဲ။ သူတို့ ဘယ်ဂိုဏ်းက ဖြစ်ဖြစ် နယ်လှည့် ကျင့်ကြံသူပဲ ဖြစ်ဖြစ် သူတို့အားလုံးကို ကျုပ်တို့တွေ လေးစားသင့်တယ် ... ”
မိုဝူကျီ ကမ္ဘာမြေတွင် ရှိစဉ်က သူက မိန့်ခွန်း တော်တော်များများ ပြောကြား ဖူးလေသည်။ ထို့ကြောင့် ပရိတ်သတ်များ၏ ခံစားချက်ကို ထိန်းချုပ်သည့် နေရာ၌ ဂိုဏ်းအကြီးကြီးမှ ဂိုဏ်းချုပ်ထက်ပင် ပိုကောင်းလေသည်။ ကျင့်ကြံခြင်းနှင့် ယှဉ်လျှင် သူက ကြီးမြတ်ရန်ကျုံး ဂိုဏ်းမှ ကျန်းရှုရှန်းလောက် မကောင်းသော်လည်း လူထု ဟောပြောပွဲများတွင် လူထု၏ စိတ်နှလုံး လှုပ်ရှားအောင် ပြောနိုင်စွမ်းတွင် ကျန်းရှုရှုန်း နှစ်ယောက် ရှိလျှင်ပင် သူ့အား လိုက်မမီပေ။ တခြားနည်းဖြင့် ဆိုလျှင် ကျန်းရှုရှုန်းကဲ့သို့ အဆင့်မြင့်မြင့် သူသည် သာမန် ကျင့်ကြံသူများနှင့် ဆက်နွယ် ဖို့ရာပင် စိတ်ရှုပ်ခံမည် မဟုတ်ပေ။
ကွင်းပြင်ရှိ ကျင့်ကြံသူ အများစုမှာ ထိုသို့ လိုက်လုပ်ကာ ဦးညွှတ် လိုက်ကြသည်။ ထို့နောက်တွင် ကွင်းပြင်တစ်ခုလုံး လက်ခုပ် ဩဘာသံများဖြင့် ပြည့်နှက် သွားလေသည်။ မိုဝူကျီက နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ အမှတ်အသားပြားကို မထုတ်ရ သေးသော်လည်း တစ်ယောက်မျှ သူဖြစ်တည်မှုကို မေးခွန်း မထုတ်ကြပေ။ အစပိုင်း၌ အားလုံးက မိုဝူကျီသည် အဆုံးသတ်တွင် အမှတ်အသားပြား ထုတ်ပြလိမ့်မည် ဖြစ်ကြောင်း ယုံကြည် ထားကြသည်။ သို့သော် ယခုတွင် အားလုံးက ထိုသို့ လုပ်စေဖို့ရာ မလိုအပ်တော့ပေ။ သူက နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ ဖြစ်ကြောင်း ယုံကြည် ကြလေသည်။
မိုဝူကျီ ပြောသည်က ကျင့်ကြံသူ အငယ်လေးများ အားလုံးအတွက် ကိုယ်စား ပြုပေးနိုင်သည်။ ပျောက်ဆုံး နယ်မြေတွင် အဆင့်မြင့် ကျင့်ကြံသူများမှာ လူနည်းစုသာ ဖြစ်လေသည်။ ကျင့်ကြံသူ အများစုမှာ တည်ငြိမ် အေးဆေးလှသည့် နယ်လှည့်ကျင့်ကြံသူ ၂၇၀၅ကို သဘောကျ နှစ်ခြိုက် ကျလေသည်။ ထို့ကြောင့် နယ်လှည့် ကျင့်ကြံသူ ၂၇၀၅က သူတို့နှင့် ကောင်းကောင်း ဆက်နွယ်နိုင်ပြီး ပျောက်ဆုံးနယ်မြေ တစ်ခုလုံးကို သက်ရောက်မှု ဖြစ်စေနိုင်သည်။ အကြောင်းမှာ သူကား ထိုသူများနှင့် အရင်းနှီးဆုံးလူ ဖြစ်နေသောကြောင့် ဖြစ်လေ၏။
သူတို့က ဆန္ဒ မရှိလျှင်ပင် ကျန်းရှုရှန်းနှင့် အခြားလူများလည်း ပျောက်ဆုံး နယ်မြေအတွက် ကျဆုံးသွားသော ကျင့်ကြံသူများတွက် ဦးညွှတ်ကာ လေးစားသမှု ပြလိုက်ကြလေသည်။ မိုဝူကျီက ဆက်ပြော လိုက်လေသည်။
“ကျုပ်က ဒီနေရာက မဟာမိတ် အဖွဲ့ကို ကျေးဇူးတင်ရမယ်။ သူတို့သာ မပါရှိရင် ပျောက်ဆုံးနယ်မြေ တစ်ခုလုံးက သေမှုန်တွေလိုမျိုး အစိတ်စိတ်အမွာမွာ ကြေမွနေလောက်ပြီ။ ဘယ်တိုက်ပွဲမှာ မဆို သင်းကွဲဖြစ်နေတဲ့ နေရာက ဘယ်တော့မှ ခုခံနိုင်စွမ်း ကောင်းမှာ မဟုတ်ဘူး။ ဒါပေမဲ့ ဒီမဟာမိတ် အဖွဲ့ကို ဖွဲ့စည်း ထားတာကြောင့် ကျေးဇူး တင်ရမယ်။ အဲဒါက ကျုပ်တို့ နေထိုင်ရာ ကုန်းမြေနဲ့ လူတွေကိုလည်း ကာကွယ် ပေးနိုင်ခဲ့တယ်။ ပြီးတော့ နယ်ခြား ကျင့်ကြံသူတွေကိုလည်း မောင်းထုတ် နိုင်ခဲ့တယ်။ ဒါပေမဲ့ မဟာမိတ် အဖွဲ့က အခုမှ စဖွဲ့စည်းထားတာ ဆိုတော့ ဒီမှာတင် ရပ်နေလို့ မရသေးဘူး ... ”
သူက မိုဝူကျီ စကားများသည် ကြီးမြတ်ရန်ကျုံး ဂိုဏ်းကို ဆိုးကျိုးဖြစ်စေမှန်း သိသော်လည်း ကျန်းရှုရှုန်းက ရှေ့သွား၍ မိန့်ခွန်းကို ရပ်တန့်ပစ်လို့ မရပေ။ မိုဝူကျီသည် တစ်ချိန်တစ်ခါက ကောင်းကင်ဖွေရှာ နန်းတော်မှ ဖြစ်ခဲ့သည့်အတွက် ဖုန်းကျန့်ချိုးက သူ့အား ရပ်တန့်ဖို့ကား မဖြစ်နိုင် သလောက်ပေ။ အခြားသော ဂိုဏ်းများအတွက် သူတို့အတွက် ကောင်းတာ မရှိဘဲ အဘယ်ကြောင့် မိုဝူကျီ၏ မိန့်ခွန်းကို နှောင့်ယှက်မည်နည်း။
“ကျုပ်က တျန်းဂျီဂိုဏ်းချုပ်အနေနဲ့ ပြောနေတာ မဟုတ်ဘဲနဲ့ နယ်လှည့် ကျင့်ကြံသူ တစ်ယောက် အနေနဲ့ ပြောနေတာပါ။ ကျုပ်က မဟာမိတ် အဖွဲ့ကို မေးကြည့်ချင်တယ်။ နယ်ခြား တိုက်ပွဲအတွင်း အရေးကြီးနေတဲ့ အခြေအနေမှာ နယ်ခြား ကျင့်ကြံသူကို သတ်နေတဲ့ ဂိုဏ်းချုပ် တစ်ယောက်က မဟာမိတ် ယာယီစခန်း အပြင်ဘက်မှာ အသတ် ခံခဲ့ရတယ်။ အဲဒီအချိန်မှာ မဟာမိတ် အဖွဲ့ ဘယ်ရောက် နေတာလဲ ။
ပြီးတော့ အကြောင်းပြချက်မရှိ ဂိုဏ်းတစ်ဂိုဏ်းလုံး သုတ်သင်ခံလိုက်ရတဲ့ အချိန်တုန်းက မဟာမိတ်က ဘယ်ရောက်နေပြန်တာလဲ။ မဟာမိတ်အဖွဲ့ကို မေးကြည့်ပါရစေ ပျောက်ဆုံးနယ်မြေက မျိုးဆက်သစ်တွေရဲ့ ဝိညာဉ်ကြောကို မျိုးနွယ်စုကြီး တစ်ခုက မညှာမတာ ကူးပြောင်းယူနေတဲ့ သတင်း ပြောပြတဲ့သူကို မဟာမိတ်အဖွဲ့က ဘယ်လိုဆက်ဆံတာလဲ။ ကျုပ်က မဟာမိတ်အဖွဲ့ကို မေးချင်ပါတယ် နယ်ခြား တိုက်ပွဲအတွင်း အသက် ပေးသွားကြရတဲ့ ကျင့်ကြံသူတွေကို ဘယ်လို ဆက်ဆံနေတာလဲ ”
ကွင်းပြင် တစ်ခုလုံးကား ငြိမ်ကျသွားလေသည်။ ထိုအခါ မိုဝူကျီက အသက်ပြင်းပြင်း ရှူရှိုက်ရင်း အသံမြင့်၍ ပြောလိုက်သည်
“ကျုပ်က အားလုံးကို ပြောပြနိုင်တာက တျန်းဂျီဂိုဏ်းချုပ်က နယ်ခြား ကျင့်ကြံသူတွေကို တိုက်ခိုက်နေရင်း ယန်မြို့တော် အပြင်ဘက်မှာ လိန်မျိုးနွယ်စု လက်ချက်ကြောင့် သေဆုံး သွားခဲ့ရတယ်။ ဖြစ်နိုင်တာက တျန်းဂျီဂိုဏ်းမှာ ရှိနေမယ်လို့ ထင်ထားတဲ့ ရတနာတစ်ခု ကြောင့်ပဲ ...
ဒါပေမဲ့ မဟာမိတ်အဖွဲ့က ဘာမှ မမေးမြန်းခဲ့ကြဘူး။ မကြာခင် တျန်းဂျီ တစ်ဂိုဏ်းလုံး သုတ်သင် ခံလိုက်ရတော့လည်း မဟာမိတ်အဖွဲ့က ဘာမှမမြင်သလို နေနေကြတယ်။ ကျုပ်က တျန်းဂျီ ဂိုဏ်းချုပ် ဖြစ်နေလို့ အဲဒီလို ဝင်ပြောပေးနေတာ မဟုတ်ဘူး။ ကျုပ်က အရင်ဂိုဏ်းချုပ် တုရှီချင်းကို သိတောင် မသိခဲ့ရဘူး။ ရွမ်အဆင့် ဂိုဏ်းချုပ်အနေနဲ့ မဟာမိတ်အတွက် နယ်ခြား ကျင့်ကြံသူတွေကို တားဆီးဖို့ အတားအဆီး အသေးလေးလို့ ထင်ရင်လည်း ထင်ကြမှာပေါ့။ ဂိုဏ်းချုပ်တုက မဟာမိတ်အဖွဲ့ကို မယုံဘဲနဲ့ ကျုပ်ကို ယုံခဲ့တယ်။ နယ်လှည့် ကျင့်ကြံသူ ဖြစ်နေတဲ့ ကျုပ်ကို သူတို့ဂိုဏ်းချုပ် ဖြစ်ဖို့ တောင်းဆိုခဲ့တယ်၊ ဖြစ်နိုင်တာက ဒီကိစ္စကို မဟာမိတ်အဖွဲ့ဆီ ရောက်သွားရင်တောင် ဘယ်လို ရလဒ်မျိုးမှ ထွက်မလာမှာကို သိနေတာ ဖြစ်နိုင်တယ်။ ကျုပ်က နယ်လှည့် ကျင့်ကြံသူ တစ်ယောက် ဖြစ်ပေမဲ့ ကျုပ်မှာ ကျုပ် ခံယူချက်နဲကိုယ် ရှိတယ်။ ပျောက်ဆုံးနယ်မြေက လူတွေကို သူတို့ကုန်းမြေ အတွက် သွေးတွေနဲ့ ပေးဆပ်ထားတဲ့ သူတွေကို ထပ်ငိုကြွေး စေဖို့ရာ ခွင့်မပြုနိုင်ဘူး ... ”
“တကယ်လို့ လမ်းက မမျှတဘူးဆိုရင် တစ်ယောက်ယောက်တော့ လမ်းရှင်း ပေးလိမ့်မယ်။ တကယ်လို့ လမ်းရှင်းပေးမဲ့သူ မရှိရင် ကျုပ် မိုဝူကျီ လုပ်ပေးမယ်။ မဟာမိတ်အဖွဲ့က မလုပ်ချင်တဲ့ အရာတွေကို ကျုပ် မိုဝူကျီက လုပ်မယ်။ အဲဒါကြောင့် ကျုပ်က တျန်းဂျီဂိုဏ်းကို ပြန်တည်ထောင် ခဲ့ပြီးတော့ အရင် တျန်းဂျီဂိုဏ်းချုပ် ကိုယ်စား သွေးကြွေးကို ယုလင်း လိန်မျိုးနွယ်စု တစ်ခုလုံးကို ရှင်းထုတ် လိုက်ပြီးတော့ ပေးဆပ်ခိုင်း လိုက်တာပဲ ... ”
နောက်ထပ် လက်ခုပ်ဩဘာသံများက ထွက်ပေါ်လာပြန်သည်။ မိုဝူကျီက အသံငြိမ်သည်အထိ စောင့်ပြီးနောက် ဆက်ပြော လိုက်လေသည်။
“အခု ဒုတိယ မေးခွန်းကို ဖြေချင်ပါတယ်။ ကျုပ်က အထွတ်အထိပ် ဓားမြို့တော်က တုန့်မျိုးနွယ်စု အကြောင်း ထုတ်ဖော်လိုက်ပေမဲ့ ကျုပ် ရရှိထားတဲ့ ဆုလာဒ်တောင် အသိမ်း ခံလိုက်ရသေးတယ် မဟုတ်လား။ တကယ်လို့ ကျုပ်သာ နယ်လှည့်ကျင့်ကြံသူ ၂၇၀၅ ဖြစ်မနေရင် အားလုံးရဲ့ ထောက်ခံမှုကို မရခဲ့ရင် ဒီနေ့ ဒီလိုပြောခွင့်ရှိမှာ မဟုတ်ဘူး။ အဲဒါအစား စင်ပေါ်က ကန်ချခံရလိမ့်မယ် ... ”
လက်သီးကျစ်ကျစ် ဆုပ်ထားရင်း ကျန်းရှုရှန်း ဒေါသတရားတို့က ပိုမိုကြီးထွား လာပေသည်။ ထိုစဉ် မိုဝူကျီက ဩဇာတိက္ကမနှင့် ပြည့်စုံလှသောကြောင့် မိုဝူကျီကို ဘာမျှ လုပ်မရပေ။ ဤနေရာမှ ထွက်ခွာ သွားပြီးလျှင်လည်း မိုဝူကျီတွင် သူ ရင်မဆိုင်နိုင်သော ရှင်းဟွမ် ရှိနေသေးသည်။ အကယ်၍ စစ်မှန်ခြင်း နတ်ဘုရား အဆင့် ဖြစ်သည့် သူက မိုဝူကျီနှင့် ရင်မဆိုင်နိုင်လျှင် မည်သူက လုပ်ဝံ့မည်နည်း။ အကယ်၍ သူက မိုဝူကျီကို ယခု တိုက်ခိုက်ရဲပါက ကြီးမြတ်ရန်ကျုံး ဂိုဏ်းမှာ ဒုတိယမြောက် တုန့်မျိုးနွယ်စု ဖြစ်သွားပေလိမ့်မည်။
“ကျုပ်တို့က တာ့ရှီရှုန်းကိုပဲ မဟာမိတ် ခေါင်းဆောင် ဖြစ်စေချင်တယ် ... ”
“ကျုပ်တို့က နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ ကိုပဲ မဟာမိတ် ခေါင်းဆောင် အဖြစ် အလိုရှိတယ်”
အဆင့်အတန်းက မည်သို့ပင် ဖြစ်နေပါစေ ကျင့်ကြံသူများ၌ သွေးဆူနေသော လူများပြား လှသည်။ မိုဝူကျီ စကားလုံးများက လူတော်တော်များမျာက လှုံ့ဆော် ပေးနိုင်လေသည်။ လူများ ထင်မှတ် မထားသည့် ကိစ္စများ ထွက်ပေါ် လာသောကြောင့် သူတို့က ဒေါသူပုန် ထကြလေသည်။
မိုဝူကျီက လက်ကို ဝှေ့ယမ်းပြလိုက်ရင်း …
“ကျုပ် တတိယ မေးခွန်းကို ဖြေကြားပေးပါ့မယ်။ နယ်ခြား ကျင့်ကြံသူတွေဆီကနေ ကျုပ်တို့ အိမ်ကို ကာကွယ်ရင်း သေသွားကြရတဲ့ ကျင့်ကြံသူတွေ အတွက် နေရာတိုင်းမှာ သူတို့ အလောင်းတွေကို တွေ့နိုင်တယ်၊ ကျုပ်က အဆင့်ဇယားမှာ နံပါတ်တစ် ဖြစ်နေပေမဲ့ တကယ်လို့ ကျုပ်သေသွားရင်လည်း သူတို့လို အဆုံးသတ် သွားရမှာပဲ။ ကျုပ်ခန္ဓာကိုယ်က နေရာအနှံ့မှာ ရှိနေပြီးတော့ နေ့နေ့ညည အအေးဒဏ်ကို ခံစားနေရမှာ ...
ဟုတ်တယ်၊ ကျုပ်နှလုံးသားက ကျောက်တုံးလို အေးစက်နေမှာပဲ။ အဲဒါကြောင့် ကျုပ်က မဟာမိတ် အဖွဲ့ခေါင်းဆောင်တွေကို တောင်းဆိုပါတယ်။ သူတို့ရဲ့ အလောင်းတွေကို စုစည်းပြီးတော့ ပျောက်ဆုံး နယ်မြေရဲ့ တိုက်ပွဲကွင်း နေရာမှာ သင်္ဂြိုလ်ပေးပါ။ ပြီးတော့ သူတို့ကို အမြဲ အမှတ် ရနေစေဖို့ အထိမ်းအမှတ် မှတ်တိုင် ပြုလုပ်ပေးပါ။ အဲဒါမှ သူတို့ကို စံနမူနာ ထားရင်း လေးစားရင်းနဲ့ အမှတ်ရနေကြမှာ။ နယ်ခြား ကျင့်ကြံသူတွေ ကျူးကျော်လာတုန်းက ဒီကုန်းမြေကို ကာကွယ်ဖို့ အတွက် အသက် စွန့်သွားရတဲ့ ရဲဘော်ရဲဘက်တွေ အများကြီးပဲ။ ဒီနေ့အတွက်တော့ ဒီလောက်ပဲ ပြောချင်ပါတယ်။ မိတ်ဆွေတို့ အားလုံးကို ကျေးဇူးတင်ပါတယ် ... ”
ကွင်းပြင် အတွင်းရော၊ အပြင်ဘက်ရောတွင် နောက်တမံ တိတ်ဆိတ်သွားပြန်သည်။ အကယ်၍ တစ်ယောက်ယောက် မပြောခဲ့ပါက အားလုံးက တိုက်ပွဲ၌ ကျင့်ကြံသူများ သေဆုံးရသည့် ကိစ္စကို ပုံမှန်ဟုသာ တွေးထင်ကြမှာ ဖြစ်ပြီး ဆွေမျိုးရင်းချာ များသာ အလောင်းကို ပြန်ယူကြလေသည်။ တစ်ယောက်ကမှ သူ့စီစဉ်ပေးမှုက မသင့်တော်ကြောင်း မခံစားခဲ့ရပေ။
ယခု မိုဝူကျီက ထိုအရာအားလုံးကို ပြောလိုက်သည့် အတွက် နားထောင်နေသည့် လူများမှာ တိုက်ပွဲအတွင်း သေဆုံး သွားကြရသော ကျင့်ကြံသူများမှာ မည်မျှ အထီးကျန် နေကြောင်း သိသွားရသည်။ သူတို့အတွက် မတရားလှပေ။
မိုဝူကျီကို မကျေမနပ် ဖြစ်နေသည့် ကျန်းရှုရှုန်းပင် မိုဝူကျီ စကားများက မှန်ကန်ကြောင်း ဝန်ခံရုံမျှအပ မရှိပေ။ မိုဝူကျီအပေါ် မကျေမနပ်မှုသည် မိုဝူကျီ ပြောသည်များကို သဘောတူကြောင်း၊ သဘော မတူကြောင်းနှင့်တော့ မသက်ဆိုင်ပေ။ နယ်ခြား ကျင့်ကြံသူများ တိုက်ပွဲတွင် သူ ကျန်းရှုရှန်းက သူ့အသက်ကိုပင် ပေးဆပ်ရန် အသင့်ပြင် ထားလေသည်။
ခဏအကြာတွင် ကွင်းပြင် တစ်လျှောက် အော်ဟစ်သံများဖြင့် ပြည့်လာလေသည်။ အားလုံးက မိုဝူကျီကို မဟာမိတ် ခေါင်းဆောင် ဖြစ်လာရန် တောင်းဆို နေခြင်းသာ ဖြစ်၏။
ကျန်းရှုရှုန်းက ထွက်မလာပေ။ ဖုန်းကျန့်ချိုးက ထိုအခိုက်အတန့်ကို သူပင် မတတ်နိုင်ကြောင်း သိလိုက်သည်။ သူက မိုဝူကျီဆီ လျှောက်လှမ်းသွားပြီး ပြောလိုက်သည်။
“အားလုံး တိတ်တိတ် နေပေးကြပါ ... ”
ဖုန်းကျန့်ချိုးက စစ်မှန်ခြင်း နတ်ဘုရား အဆင့် ဖြစ်သည့်အတွက် အသံချဲ့ အစီအရင် မပါရှိလျှင်ပင် သူက အားလုံး ကြားရန် အတွက် အသာလေး ပြောဖို့သာ လိုအပ်လေသည်။
ဖုန်းကျန့်ချိုး စကား ပြောပြီးနောက်တွင် ကွင်းပြင်းရှိ ကျင့်ကြံသူ အားလုံးက ငြိမ်ကျ သွားလေသည်။
ထို့နောက် ဖုန်းကျန့်ချိုးက ရှင်းလင်းစွာ ပြောလိုက်သည်။
“ဂိုဏ်းချုပ်မိုက တစ်ခါက ကောင်းကင်ဖွေရှာ နန်းတော်ရဲ့တပည့်ပဲ။ ဒါပေမဲ့ အဲဒီအချက်ပေါ် မူတည်ပြီးတော့ ကျုပ်အသိတရားက တွေဝေသွားမှာ မဟုတ်ဘူး။ အခု ဂိုဏ်းချုပ်မို ပြောတာတော့ သဘောတူတယ်။ ကျုပ်တို့ ကျင့်ကြံခြင်း အစဉ်အလာက နောက်ကျနေတာကြောင့် နယ်ခြား ကျင့်ကြံသူတို့ ကျုပ်တို့ကုန်းမြေ ကျူးကျော်လာတဲ့ အခါမှာ အားလုံးက အတူတကွ ရင်ဆိုင်ဖို့ လိုတယ်။ အဲဒါကြောင့် ကျုပ်က မဟာမိတ် အဖွဲ့ ကိုယ်စား သေဆုံးသွားတဲ့ ကျင့်ကြံသူတွေ အတွက် ယန်မြို့တော် အပြင်ဘက်မှာ အထိမ်းအမှတ် ကျောက်တိုင် စိုက်ထူပေးမယ်။ ပြီးတော့ အဲဒီအပေါ်မှာ တိုက်ပွဲအတွင်း သေဆုံးသွားတဲ့ ကျင့်ကြံသူ နာမည်တွေ ရေးထွင်း ပေးထားမယ်။ နာမည်မရှိတဲ့ သူတွေအတွက် သူတို့ရဲ့ နယ်လှည့် ကျင့်ကြံသူ အမှတ်အသားပြားက နံပါတ်ကို ရေးထိုးပေးမယ် ... ”
လက်ခုပ် ဩဘာသံများက ထွက်ပေါ်လာပြီး ဖုန်းကျန့်ချိုး စကားများ နွေးနွေးထွေးထွေး ရှိလှသည်။
လက်ခုပ်သံများ ငြိမ်ကျသွားသည့် နောက်တွင် ဖုန်းကျန့်ချိုးက ဆက်ပြောလိုက်သည်။
“ဒုတိယ ကိစ္စအပေါ် အားလုံးရဲ့ အကြုံပြုချက်ကို ကျုပ် သဘောတူပါတယ်။ ဒါပေမဲ့ ဂိုဏ်းချုပ်မိုက မဟာမိတ် ခေါင်းဆောင် ဖြစ်လာဖို့ဆိုတာက ကျုပ်အပေါ် မမူတည်ဘူး။ ဂိုဏ်းတွေ အားလုံး မဲပေးဖို့ လိုတယ် ... ”
သူက လူအုပ်ကြီးကို ကြေညာပြီးနောက် ဖုန်းကျန့်ချိုးက ဂိုဏ်းချုပ်များဘက် လှည့်ကာ ပြောလိုက်သည်။
“ဒီနေရာမှာ ရှိနေတဲ့ အားလုံးက ဂိုဏ်းချုပ်မို စကားတွေကို ကြားမယ်လို့ ကျုပ် ယုံကြည်တယ်။ ပြီးတော့ ဒြပ်ငါးမျိုး ကင်းမဲ့နယ်က လူတွေအားလုံးရဲ့ တုံ့ပြန်မှုကိုလည်း မြင်ကြလိမ့်မယ်။ အားလုံးက ဂိုဏ်းချုပ်မိုကို မဟာမိတ် ခေါင်းဆောင် ဖြစ်စေလိုလားတော့ ကျုပ်မသိဘူး။ ဒီလို လုပ်ရအောင် ဂိုဏ်းချုပ်မို မဟာမိတ် ခေါင်းဆောင် ဖြစ်လာဖို့ သဘောတူရင် မတ်တတ် ရပ်ပေးကြပါ။ မထောက်ခံတဲ့ သူတွေက မတ်တတ် မရပ်ပါနဲ့ ... ”
ဖုန်းကျန့်ချိုး စကားအဆုံးတွင် ကွင်းပြင်ရှိ လူအားလုံးက ဂိုဏ်းချုပ်များကို ကြည့်လိုက် ကြလေသည်။
ဤနေရာတွင် ဒီမိုကရေစီ မတည်ရှိပေ။ ကွင်းပြင်ရှိ လူအားလုံးက မိုဝူကျီကို မဟာမိတ် ခေါင်းဆောင် ဖြစ်လာစေလိုလျှင်ပင် ဂိုဏ်းချုပ်များ၏ အတွေးအမြင်လည်း လိုအပ် ပေသေး၏။
“သဏ္ဌာန်မဲ့ နတ်ဓားဂိုဏ်းလည်း သဘောတူပါတယ် ”
ပထမဆုံး မတ်တတ်ရပ် ထောက်ခံသူမှာ နောက်တန်းတွင် ထိုင်နေသည့် သဏ္ဌာန်မဲ့ နတ်ဓားဂိုဏ်းမှ ဂိုဏ်းချုပ် ဂူရန်သာ ဖြစ်လေသည်။
“ကောင်းကင်ဆေးဝါး ဂိုဏ်းလည်း သဘောတူပါတယ် ... ”
နောက်ထပ် ပြောလိုက်သည့် သူမှာ မထင်မှတ်ထားသည့်သူ ဖြစ်နေလေ၏။ ထိုသူမှာ မိုဝူကျီကို ပြန်လည် ခွန်းတုံ့ပြန်ခဲ့သည့် ကောင်းကင်ဆေးဝါး ဂိုဏ်းချုပ် ဖြစ်လေသည်။
“ဂိုဏ်းတစ်ရာ ကွန်ယက်လည်း သဘော တူပါတယ် ... ”
“အင်မော်တယ် စွဲမြဲရဲတိုက်လည်း သဘောတူပါတယ် ... ”
***