ကြယ်တာရာ ဘုရင်တောင် ရှားမျိုးနွယ်စု အဆင့်မြင့် ကျင့်ကြံသူများ
Vol. 19 Ch. 263
မိုဝူကျီ မပြောနိုင်ခင် ချင်ဖူယွီက ပြောလိုက်သည်။
“တကယ်လို ကျုပ်သာ မမှားရင် မဟာမိတ် ခေါင်းဆောင်မိုက အဖွဲ့အစည်းတွေ အသုံး ပြုပြီးတော့ ဒြပ်ငါးမျိုး ကင်းမဲ့နယ် ဝင်ခွင့်ပေးဖို့ ရွေးချယ်ချင်တာမလား ... ”
“ဟုတ်တယ်။ ကျုပ်က အားလုံးကို တစ်ပြိုင်တည်း ဝင်ခွင့်ပေးချင်ပေမဲ့ အချိန် မတန်သေးဘူး။ ကျုပ်တို့က အားလုံး ဖွင့်ချလိုက်တာနဲ့ ပိုပြီး ရှုပ်ထွေး သွားလိမ့်မယ်။ အဖွဲ့အစည်း အားလုံးက သူတို့ရဲ့ ကိုယ်ပိုင် ပထမဆုံး ပို့မဲ့ အသုတ်ကို ရွေးချယ် နိုင်ကြလိမ့်မယ်လို့ မျှော်လင့် ထားတယ်။
ဒြပ်ငါးမျိုး ကင်းမဲ့နယ်ထဲ ဝင်ခွင့်ရတဲ့ ပထမဆုံး အသုတ် ကျင့်ကြံသူတွေက သူတို့ ရရှိလာသမျှကို ဂိုဏ်းတစ်ရာ မဟာမိတ်ကနေ အကျိုးပြုမှတ် လဲလှယ်နိုင်တယ်။ အမှတ် လုံလုံလောက်လောက် ရှိရင် သူကြိုက်တဲ့အရာကို လုပ်ဖို့ တောင်းဆိုလို့ ရတယ်၊ အဲဒါက ဆေးလုံး၊ လက်နက်၊ အဆောင် ပြီးတော့ အစီအရင်ရော စိတ်ကြိုက် တောင်းဆိုနိုင်တယ်။ ဒြပ်ငါးမျိုး ကင်းမဲ့နယ်ကနေ ထွက်လာတဲ့ ပထမဆုံး အသုတ် လူတွေအတွက် ဒုတိယအကြိမ် ဝင်ချင်ရင် လက်မှတ် ဝယ်ရမယ် ... ”
မိုဝူကျီက ကြေညာ လိုက်လေသည်။
ဖုန်းကျန့်ချိုးက မေးလိုက်သည်။
“အဲဒါဆိုရင် ဒုတိယ အသုတ်က ပထမအသုတ် ထွက်လာတာနဲ့ဝင်လို့ရပြီလား ... ”
မိုဝူကျီက ခေါင်းညိတ်ရင်း ပြောလိုက်သည်။
“အင်း၊ ကျုပ်က ကျင့်ကြံသူ အားလုံးကို အခွင့်အရေး တစ်ကြိမ် ပေးထားတယ်။ ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့ကို ဆက်လက်လှုပ်ရှားဖို့ အရင်းအမြစ်တွေ လိုတဲ့အတွက် အကျိုးပြုအမှတ်က မရှိမဖြစ် လိုလာလိမ့်မယ်။ ကျုပ် အပါအဝင် ကျင့်ကြံသူတိုင်းက ဒုတိယအကြိမ် ဝင်ချင်ရင် အကျိုးပြုမှတ် လုံလုံလောက်လောက် ပေးချေကြရမယ် ... ”
ဂိုဏ်းတစ်ရာ မဟာမိတ် တိုးတက်နိုင်ရန်က စကားသပ်သပ် မဟုတ်ဘဲ အရင်းအမြစ်များစွာ လိုအပ်ပေသည်။ ထို့ကြောင့် ထိုအရင်းအမြစ်များက မည်သည့်နေရာက ရရှိနိုင်မည်နည်း။ အခြားလူများက သူတို့ လိုအပ်နေသည့် အရင်းအမြစ်များကို စကား တစ်ခွန်း၊ မိန့်ခွန်း တစ်ခုတည်းဖြင့် နာနာခံခံ ပေးမည် မဟုတ်ပေ။ ကျင့်ကြံသူများ ကိုယ်တိုင် ကြိုးစား ပင်ပန်းခံရန် လိုအပ်ပေသည်။
ထိုသည်က မိုဝူကျီ အကြံစည်များမှ ပထမ ခြေလှမ်းမျှသာ ဖြစ်သေး၏။ ဒြပ်ငါးမျိုး ကင်းမဲ့နယ်မှ သူတို့ အရင်းအမြစ်များစွာ ရရှိလာပြီးနောက် သူက ဂိုဏ်းတစ်ရာ မဟာမိတ် စတင်သည့် အကြောင်းကို ပျောက်ဆုံးနယ်မြေ တစ်လျှောက်တွင် ပျံ့နှံ့ စေလိုက်မည်။ ထိုသို့သော ဆုပေးစနစ်ကို အကောင်အထည် ဖော်ပြီးသည်နှင့် ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့မှာ ကြီးထွား လာဖို့ရန်သာ ကျန်ရှိတော့သည်။
ဤတစ်ကြိမ် ညီလာခံမှာ ပွင့်လင်းမြင်သာ ကျင်းပထားသည့် အတွက် မိုဝူကျီ ပြောလိုက်သည့် အကြံပြုချက်က ဒြပ်ငါးမျိုး ကင်းမဲ့နယ် တစ်လျောက် ပျံ့နှံ့ သွားလေသည်။
လက်ရှိတွင် ရှိနေသော လူများအားလုံးက မိုဝူကျီ၏ အကြံကို ထောက်ခံကြလေသည်။ သူသည် နဂိုက ဝင်ခွင့်မရှိသော ကျင့်ကြံသူများ အတွက်ပင် နေရာ တစ်နေရာစာ ပေးမည်ဟု ဆိုလိုနေခြင်း မဟုတ်ပါလော။ သူက ပြောသည့် အတွက် ဖြစ်အောင် လုပ်လိမ့်မည်။
“ကျုပ်လည်း မဟာမိတ် ခေါင်းဆောင်မိုရဲ့ အတွေးကို သဘောတူပါတယ် ... ”
ဖုန်းကျန့်ချိုးက မိုဝူကျီကို နောက်တစ်ကြိမ် ထပ်မံ ထောက်ခံ ပေးလိုက်ပြန်သည်။ ချင်ဖူယွီက ပြောလိုက်သည်။
“ကျုပ်လည်း ထောက်ခံပါတယ်။ ဒါပေမဲ့ ဒြပ်ငါးမျိုး ကင်းမဲ့နယ်ထဲမှာ သတ်ဖြတ်မှု အများအပြား ဖြစ်မှာကိုတော့ စိုးရိမ်မိသား ... ပြီးတော့ ဒြပ်ငါးမျိုး ကင်းမဲ့နယ်ကို ဝင်ဖို့ ကျင့်ကြံဆင့် မသတ်မှတ်ထားဘူး မလား။ အဲဒါဆို လူတိုင်း ဝင်နိုင်မှာပေါ့ ... ”
ထိုစကားကို တုံ့ပြန်သည့် အနေဖြင့် မိုဝူကျီက ပြောလိုက်လေသည်။
“အားကောင်းတဲ့ ကျင့်ကြံသူတွေက အဆင့်နိမ့် ဆေးပင်လောက်လေး နဲ့တော့ အားနည်းတဲ့သူကို မတိုက်ခိုက်ဘူးလို့ ယုံကြည်တယ် ... ”
သူက ထိုသို့သာ ပြောနိုင်လိုက်လေသည်။ အကြောင်းမှာ သူက ကျင့်ကြံခြင်း လောကသည် တောဘုရင် စနစ် ကျင့်သုံးနေပြီး အသက်ရှင်ဖို့အတွက် ကြိုးစားရမည် ဖြစ်ကြောင်း မပြောနိုင်ပေ။ အသက်ရှင် ကျန်ရစ်သူသာ အင်အား ပိုမိုကောင်းလာ ပေလိမ့်မည်။ ဒြပ်ငါးမျိုး ကင်းမဲ့နယ်သို့ ဝင်ပြီးသည့် နောက်တွင် လူများစွာ အသတ် ခံရနိုင်သော်လည်း ထိုအချက်ကား ရှောင်လွှဲ မရနိုင်သည့် အချက်ပင် ဖြစ်သည်။
ပျောက်ဆုံးနယ်မြေကို အင်အား ကောင်းလာစေဖို့ရန် အတွက် လိုအပ်သည့် ဖြစ်စဉ် တစ်ခု ဖြစ်၏။ သူက မိုဝူကျီ ရည်ရွယ်ချက်ကို နားလည်မည်လားတော့ မသိသော်လည်း ချင်ဖူယွီက ဆက်၍ မမေးတော့ပေ။
“ကျုပ်တို့လည်း သဘောတူတယ် ... ”
ဂိုဏ်းအများစုက သူတို့အနေအထားကို လူသိအောင် မလုပ်ခင် ကျင့်ကြံသူ အများအပြားက ထိုအကြံကို သဘောတူကြောင်း ထောက်ခံ လိုက်ကြလေသည်။
စင်ပေါ်က ဂိုဏ်းချုပ် အများစုကလည်း သူတို့သာ ဆန့်ကျင် လိုက်သည်နှင့် တခြား လူများဆီမှ အမြင် မကြည်မှုများ လက်ခံ ရရှိတော့မည် ဖြစ်ကြောင်း ကောင်းကောင်း သိ၏။ ထို့အပြင် ထိုတောင်းဆိုချက်မှာ အားလုံး အတွက် မျှတပေသည်။ ထို့ကြောင့် များစွာပြောရန် မလိုအပ်တော့ပေ။ တခြား လူများက သဘော တူနေသောကြောင့် သူတို့လည်း သဘော တူလိုက်ကြသည်။
အမွှေးတိုင် တစ်ဝက်ခန့်တွင် မိုဝူကျီက ဒြပ်ငါးမျိုး ကင်းမဲ့နယ်ကို ဝင်ရောက်ရန် လိုအပ်ချက်များ အတွက် သဘောတူညီချက် ရရှိပြီးသွား လေ၏။
သူ့စိတ်ထဲတွင် မိုဝူကျီက ထိုစည်းကမ်းများကို သတ်မှတ် ထားခြင်းက အစပိုင်းတွင်သာ ဖြစ်ကြောင်း သိ၏။ သူ့အတွက် ဦးစီးလုပ်ဆောင်ရန် လိုအပ်သည့်အရာများစွာ ရှိနေသေးလေသည်။ ဥပမာ အားဖြင့် အမျိုးမျိုးသော ဆေးပင်များနှင့် ပါဝင်ပစ္စည်းများ အတွက် အကျိုးပြုအမှတ်ကို မည်သို့ ခွဲဝေပေးရမည့် အကြောင်းနှင့် ဒြပ်ငါးမျိုး ကင်းမဲ့နယ်အတွက် ဝင်ပေါက် အစီအရင်တစ်ခု မည်သို့ ထားရှိရမည့် အကြောင်းများ ဖြစ်၏။
***
ကြယ်တာရာ ဘုရင်တောင်
ကျန်းမိုနယ်မြေရှိ ဖြစ်တည်မှု အားလုံးတွင် ထိပ်ဆုံး ဖြစ်လေ၏။ ကြယ်တာရာ ဘုရင်တောင်ကို ဂိုဏ်းတစ်ခုထက် စာလျှင် အမှတ်အသား တစ်ခု အဖြစ် ယူဆ နိုင်လေသည်။
ကြယ်တာရာ ဘုရင်တောင်သာ မရှိပါက ကျန်းမိုနယ်မြေသည် အချိန်အတော်ကြာ ကတည်းမှ ပျောက်ကွယ် သွားလောက်ပြီဟု ပြောစမှတ်ရှိလေသည်။ ပျောက်ဆုံးနယ်မြေကို နယ်ခြား ကျင့်ကြံသူတို့ ကျူးကျော်သည်နှင့် ယှဉ်လျှင် ကျန်းမိုနယ်မြေမှာ တခြားစကြဝဠာမှ အမျိုးမျိုးသော ခြိမ်းခြောက်မှုများကို ရင်ဆိုင် နေရလေသည်။ ထို့ကြောင့် ကျန်းမိုနယ်မြေရှိ အဆင့်မြင့် ကျင့်ကြံသူများမှာ ပေါများလှပြီး အလွန်အမင်း အားကောင်းကြခြင်း ဖြစ်သည်။
ကျန်းမိုနယ်မြေရှိ တစ်လောကလုံး ဆိုင်ရာ အဆင့်ဇယားတွင် ရှိနေသော ကျင့်ကြံသူ တစ်ဝက်ကျော်မှာ ကြယ်တာရာ ဘုရင်တောင်မှ ဖြစ်ကြလေသည်။ ဂိုဏ်းအကြီးကြီးများ၏ ပါရမီရှင်များပင် ကြယ်တာရာ ဘုရင်တောင်သို့ အရင် သွားရောက် ကြလေသည်။ ထို့နောက် သူတို့က ဆက်လက်၍ တိုးတက်လိုပါက ကြယ်တာရာ တိုက်ပွဲသို့ သွားရောက်ကြလေသည်။
ကြယ်တာရာ ဘုရင်တောင်၌ ခန်းမဆယ်ခု ပါရှိပြီး ခန်းမ တစ်ခုချင်းစီ၏ ခန်းမသခင်များမှာ ပြိုင်ဘက်ကင်းသော အဆင့်မြင့် ကျင့်ကြံသူများ ဖြစ်ကြ၏။
ထိုခန်းမဆယ်ခုအနက် အားအကောင်းဆုံးမှာ ကြယ်တာရာ တိုက်ပွဲခန်းမ ဖြစ်ကာ ခန်းမသခင် အမည်ကား ရှားတန်တောက် ဖြစ်လေသည်။ သူသည်ကား ကြယ်တာရာ ဘုရင်တောင်မှ ထိပ်တန်း အဆင့်မြင့် ကျင့်ကြံသူများ အနက်မှ တစ်ယောက် ဖြစ်လေသည်။ ခွန်အားဖြင့် ဆိုရလျှင် သူက ထိပ်ဆုံး သုံးယောက်ထဲတွင် ပါဝင်ပေလိမ်မ့ည်။
ရှားတန်တောက်က ကြယ်တာရာ ဘုရင်တောင်မှ ကြယ်တာရာသခင် မဖြစ်သေးသော်လည်း သူက ဤနေရာ၌ အခွင့်ထူးအာဏာ အပြည့်အဝ ရှိလေသည်။ ထို့အပြင် ရှားမျိုးနွယ်စု သည်လည်း ပါရမီရှင်များစွာ မွေးထုတ် ပေးထားနိုင်သည့် ကျန်းမိုနယ်မြေ၏ ထိပ်တန်း မျိုးနွယ်စု တစ်ခု ဖြစ်လေသည်။
ထိုစဉ် ဝိညာဉ်စွမ်းအားများ သိပ်သည်းနေသည့် ကြယ်တာရာ တိုက်ပွဲခန်းမရှိ ဂူတစ်ခု၌ ခရမ်းရောင်ဝတ် လူငယ်က ခေါင်းငိုက်စိုက်ချလျက် မတ်တတ် ရပ်နေလေသည်။ သူ့အထက်နေရာတွင် ထိုင်နေသည်က ပိန်ပိန်ပါးပါး မျက်လုံးကျဉ်းကျဉ်း လူလတ်အမျိုးသား တစ်ဦး ဖြစ်လေသည်။
ထိုလူလတ် အမျိုးသားကြီးမှာ ကြယ်တာရာ ဘုရင်တောင်မှ ကြယ်တာရာ တိုက်ပွဲ ခန်းမသခင် ဖြစ်သည့် ရှားတန်တောက် ဖြစ်လေသည်။ သူ့ရှေ့တွင် ရပ်နေသူမှာ ပျောက်ဆုံး နယ်မြေမှ ပြန်ရောက်လာသော ရှားမူ ဖြစ်လေသည်။
ရှားတန်တောက်၏ ဂူတွင် ကြောက်မက်ဖွယ် ဝိညာဉ် စွမ်းအားများ ရှိနေသော်လည်း သူက ကြယ်တာရာ တိုက်ပွဲ၏ ခန်းမသခင် ဖြစ်နေသည့် အတွက် အံ့ဩစရာ မရှိတော့ချေ။ သို့သော်လည်း ဂူအတွင်း၌ ပရိဘောဂ များများစားစား ခင်းကျင်း မထားပေ။ သစ်သားစားပွဲ အပြင် ကျောက်ထိုင်ခုံ နှစ်လုံးသာ ရှိလေ၏။
“မင်းက ချိန်ဟောင်ယီ အသတ် ခံလိုက်ရတယ်လို့ ပြောချင်တာလား ”
ရှားတန်တောက်မှာ တည်ငြိမ်စွာ ပြောနေသော်လည်း ထိုအရှိန်အဝါမှာ ရှားမူကို အလွန် ကြောက်လန့် စေသည်။
ရှားမူက မြန်မြန် ပြန်ဖြေလိုက်သည်။
“ဟုတ်ပါတယ် အဖေ၊ အဲဒီ နယ်လှည့်ကျင့်ကြံသူ ၂၇၀၅မှာ အဆင့်နိမ့် ဝိညာဉ်ကြော ရှိပေမဲ့ အတော်လေး အားကောင်းတယ်၊ သူ့ဆီမှာ ထိပ်တန်း ရတနာ ရှိနေတာ နေမှာ။ ကျွန်တော်တော့ ချိန်ဟောင်ယီက နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ကို သတ်ပြီးတော့ ရတနာကို ယူပြီး ထွက်ပြေး သွားတယ် ထင်တယ် ”
“အရူး ... ”
ရှားတန်တောက်က သစ်သားစားပွဲကို ရိုက်ချလိုက်သည့် အခါ လက်ရာ ထင်သွားသော်လည်း ကျိုးပျက် မသွားပေ။
“အဖေ ... ” ၏
ရှားမူ၏ အကြည့်များတွင် သူ့အဖေကို ကြည့်ရင်း ကြောက်လန့်မှု အရိပ်အယောင်များ ဖြတ်ပြေး နေလေသည်။ သူက သူ့ဖခင်သည် အဘယ်ကြောင့် ဒေါသူပုန် ထလာမှန်း နားမလည်ပေ။
ရှားတန်တောက်အတွက် ဒေါသထွက်စိတ်များ တည်ငြိမ်လာစေရန် ခဏတာ အချိန် ယူလိုက်ပြီးနောက် အသက်ပြင်းပြင်း ရှူရှိုက်ရင်း ပြောလိုက်သည်။
“ချိန်ဟောင်ယီက ရှားမျိုးနွယ်စုကို အဲဒီလို မဖြစ်စလောက် ရတနာလေး အတွက်နဲ့ သစ္စာ ဖောက်တယ်လို့ ထင်နေတာလား။ မင်း သေချာရော စုံစမ်း ပြီးပြီလား။ မင်းဘေးနားမှာ ဘာလို့ ချိန်ဟောင်ယီ ထားပေးထားလဲ ဆိုတာ သိလား ... ”
ရှားတန်တောက်က မတ်တတ်ရပ်ကာ စိတ်ပျက်လက်ပျက်ဖြင့် ရေရွတ်လိုက်လေသည်။
“မင်းကို ပြောပြမယ်။ ချိန်ဟောင်ယီကို ငါကိုယ်တိုင် မင်းနောက် လိုက်ခိုင်းခဲ့တာ သူက ငါတို့ ရှားမျိုးနွယ်စုကို သစ္စာဖောက်မှာ မဟုတ်ဘူး။ ဝူရှောင်းကို ဝင်ခိုင်းလိုက် ... ”
“ဟုတ်ကဲ့ ... ”
တစ္ဆေကဲ့သို့ အမျိုးသား တစ်ယောက်က ချက်ချင်း ရောက်ရှိလာလေသည်။
“ဝူရှောင်းက ခန်းမသခင်ကို နှုတ်ဆက်ပါတယ် ... ”
“ချိန်ဟောင်ယီ ဘယ်ရောက်သွားလဲ ”
ရှားတန်တောက်က မေးလိုက်သည်။
ဝူရှောင်း အမည်ရှိသော အမျိုးသားက ဦးညွှတ်ကာ …
“ခန်းမသခင် ကျုပ်တင်ပြပါ့မယ်။ အခင်းဖြစ်ပွားတဲ့ နေရာကို သွားတော့ ချိန်ဟောင်ယီ အသတ် ခံရပြီးနောက်မှာ ကီလိုမီတာထောင်ချီ ခေါ်သွားခံပြီးတော့ မီးရှို့ အစဖျောက်ပစ် ခံလိုက်ရတယ်။ ကောလာဟလထဲမှာ ပါတဲ့ အင်မော်တယ် ဂူကိုလည်း သွားစစ်ဆေး ကြည့်ခဲ့တယ်။ အဲဒီအထဲမှာ ကျင့်ကြံထားတဲ့ အရိပ်အယောင် မရှိဘူး ... ”
“မဖြစ်နိုင်တာ .. ပျောက်ဆုံး နယ်မြေထဲက ဘယ်သူက ချိန်ဟောင်ယီကို သတ်နိုင်မှာလဲ။ ပြီးတော့ ခင်ဗျားက ကျူပ်နဲ့ အတူတူ သွားပြီးတော့ ဘာလို့ ကျုပ်ကို သတင်းမပို့တာလဲ ”
ရှားမူက ထအော်ဟစ်လိုက်သည်။
ထိုအရာကို ရှားတန်တောက် အေးစက်စွာ ပြန်ဖြေလိုက်သည်။
“အဲဒီတုန်းက ဘာလို့ သူ့ကို မပြောခဲ့တာလဲဆိုတာကို အဲဒီအရူးကို ပြောပြလိုက်စမ်း ”
ဝူရှောင်းက အမူအရာ ကင်းမဲ့စွာ ကျန်ရှိနေပြီး
“ကျွန်တော်သာ ပြောလိုက်ရင် ခန်းမသခင်လေးရဲ့ အကျင့်နဲ့ အောက်ဆုံးထိ လိုက်ဖော်ထုတ်မှာ ဆိုတော့ ခန်းမ သခင်လေးတောင် ကျန်းမို နယ်မြေကို ပြန်မလာနိုင်ဘဲ ဖြစ်သွားနိုင်တယ် ... ”
ဝူရှောင်းစကား အဆုံးတွင် ရှားတန်တောက်က နှာခေါင်းရှုံ့ကာ
“အခု သိပြီလား အရူးရဲ့ ... ပျောက်ဆုံးနယ်မြေရဲ့ အဆင့်မြင့် ကျင့်ကြံသူက ပေါ်မလာတာနဲ့ မရှိဘူးလို့ ပြောတာ မဟုတ်ဘူးကွ။ သူက ချိန်ဟောင်ယီကို အသာလေး သတ်နိုင်မှတော့ မင်း စုံစမ်းရဲရင် သူက မင်းကိုပါ အလွယ်လေး သတ်ပစ်နိုင်တယ်။ မင်းက သူ့ရှေ့ အသတ် ခံလိုက်ရရင်တောင် ရှုချီဟောင်က အဲဒီလူအိုကြီးက ဘာမှ ဝင်ပါမှာ မဟုတ်ဘူး ... ”
သူ့ဖခင် အဓိပ္ပာယ် မရှိသည်များ မပြောကြောင်းကို သိသောကြောင့် ရှားမူက ဆက်မပြောရဲ တော့ပေ။ သူ့အဖေက ချိန်ဟောင်ယီ အသတ်ခံရသည်ဟု ပြောလျှင် သေချာပေါက် အသတ် ခံရသည်မှာ ဖြစ်လိမ့်မည်။
“အဲဒီလူက ငါတို့ ရှားမျိုးနွယ်စုက လူကိုတောင် သတ်ရဲတယ်။ မင်း ဘယ်သူပဲ ဖြစ်ဖြစ် ငါ ရှားတန်တောက် မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး ... ”
ရှားတန်တောက်က သူ့၏ ဉာဏ်နည်းလှသည့် သားကို မဆူပူနေတော့ဘဲ ဂူအပြင်ဘက်ရှိ နေရာ ကွက်လပ်ကိုသာ စိုက်ကြည့် လိုက်တော့သည်။
“အဖေ အဲဒါဆို နယ်လှည့်ကျင့်ကြံသူ ၂၇၀၅ က မသေသေးဘူးပေါ့ ... ”
ရှားမူက စိုးရိမ်စွာ မေးလိုက်သည်။ ရှားတန်တောက် နောက်တစ်ကြိမ် နှာခေါင်းရှုံ့လိုက်ကာ
“ချိန်ဟောင်ယီလို လူကိုတောင် အလွယ်တကူ သတ်ပစ်နိုင်တဲ့ နောက်ခံလူ ရှိနေတာ ဆိုတော့ ဘယ်လိုလုပ် လွယ်လွယ်သေမလဲ ... ဝူရှောင်း ”
“ဟုတ်ကဲ့ ”
ဝူရှောင်းက ရှေ့တက်လာကာ တုံ့ပြန်လိုက်လေသည်။
ဤတစ်ကြိမ်တွင် ရှားတန်တောက်က လေသံအေးအေးဖြင့် ပြောလိုက်သည်။
“မင်းတို့တွေ ပျောက်ဆုံးနယ်မြေကို သွားတုန်းက ပျောက်ဆုံး နယ်မြေကနေ ဒြပ်ငါးမျိုး ကင်းမဲ့နယ် ဝင်လို့ရတဲ့ အဆင့် ၁ အစီအရင်က တိုက်တိုက်ဆိုင်ဆိုင် ကျိုးပျက်သွားတယ် ဆိုတာ ဟုတ်လား။ အဲဒါဆိုရင် အခု ဒြပ်ငါးမျိုး ကင်းမဲ့နယ် နယ်မြေ တစ်ထဲ ဝင်ဖို့ ကန့်သတ်ချက်တွေ မရှိတော့ဘူးပေါ့ ... ”
ဝူရှောင်းက ယုံကြည်ချက်ရှိရှိဖြင့် ပြန်ဖြေလိုက်သည်။
“ဟုတ်ပါတယ်။ အဲဒါက ကာကွယ်သူရှူကြောင့် ကျိုးသွားတာပါ။ သူပြောတာတော့ ပျောက်ဆုံး နယ်မြေက အရမ်း နောက်ကောက်ကျနေလို့ ဒြပ်ငါးမျိုး ကင်းမဲ့နယ် နယ်မြေတစ်ကို သူတို့ ကျင့်ကြံဆင့် မြင့်လာစေဖို့ ထားပေးခဲ့တာပါ”
ရှားတန်တောက်က ခေါင်းညိတ်ရင်း ဆက်ပြောလိုက်လေသည်။
“ပြင်ဆင် ထားလိုက်တော့။ မင်း ပျောက်ဆုံး နယ်မြေကို သွားပြီးတော့ အဲဒီနေရာကို ရှင်းလင်း ပစ်ရမယ်။ ပြီးတော့ နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ကို ကြယ်တာရာ ဘုရင်တောင်ကို ခေါ်လာရမယ်။ ကျန်းမို နယ်မြေကိုတောင် မရောက်သေးဘဲနဲ့ ကျန်းမိုနယ်မြေရဲ့ လူသားအဆင့် ဇယားမှာ နံပါတ်တစ် ဖြစ်နေတဲ့ နယ်လှည့် ကျင့်ကြံသူမှာ ခေါင်းဘယ်နှလုံးနဲ ခြေလက် ဘယ်နှစုံပါလဲ ကြည့်ကြည့်ရအောင်”
“သူတို့ဆီမှာ လူကြားထဲ ထွက်မလာသေးတဲ့ လောက အင်မော်တယ် အဆင့် ကျင့်ကြံသူ ရှိရမယ်”
ဝူရှောင်းက ဆက်လက် တင်ပြလိုက်သည်။ ထိုအရာကို ကြားပြီး ရှားတန်တောက်က ခပ်ယဲ့ယဲ့ ပြုံးလိုက်ကာ
“မင်းနဲ့အတူ ဂူချီကိုပါ ခေါ်သွားလိုက် ... လောက အင်မော်တယ် အဆင့်လောက်လေးနဲ့ ငါ့ရှားမျိုးနွယ်စုကို လာထိရဲတယ်ပေါ့ ... ”
“ဟုတ် ”
ဝူရှောင်းက ချက်ချင်း ပြန်ဖြေလိုက်သည်။ ဂူချီမှာ ကြယ်တာရာ တိုက်ပွဲခန်းမမှ လောက အင်မော်တယ် အဆင့် ကျင့်ကြံသူ တစ်ဦး ဖြစ်လေသည်။ သူက ရှုချီဟောင်ထက်ပင် ပို၍ အားကောင်း ပေလိမ့်မည်။ သူနှင့်အတူ ပျောက်ဆုံး နယ်မြေသို့ သွားပါက ထိုနေရာတွင် အဆင့်မြင့် ကျင့်ကြံသူ မည်မျှပင် ရှိစေကာမူ စိုးရိမ်စရာ မရှိချေ။
“အဖေ ကျုပ်လည်း လိုက်သွားချင်တယ် ... ”
ရှားမူက အလျင်အမြန် ဝင်ပြောလိုက်လေသည်။ သို့သော် ရှားတန်တောက်က လှောင်ပြုံးဖြင့် …
“မင်းက တံခါးပိတ် ကျင့်ကြံနေတာ ပိုကောင်းတယ်။ မင်း လောကအဆင့် ဇယားထဲ ရောက်မှ ဆက်ပြောကြတာပေါ့။ မင်းကိုယ်မင်း အရည်ချင်း ရှိတယ် ထင်မနေနဲ့ ..
မင်းကို ပြောလိုက်ဦးမယ်။ မင်း အခု ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့်လေး ရောက်နေတဲ့ တစ်ခုတည်းသော အကြောင်းပြချက်က မင်းက တခြားလူတွေထက် အဆများစွာသာတဲ့ အထောက်အပံ့တွေ ရထားလို့ပဲ။ ပါရမီနဲ့ ဘာမှမဆိုင်ဘူး။ ပါရမီကို ပြောရရင် ပျောက်ဆုံး နယ်မြေက ပါလာတဲ့ ကျင့်ကြံသူ ဆယ်ယောက်လောက်က မင်းကို ကျော်နိုင်တယ် ... ”
***