တံခါးပိတ် ကျင့်ကြံခြင်း
Vol. 19 Ch. 265
မိုဝူကျီက စကားလုံးမဲ့ ဆေးနည်းစာအုပ်ကို ထုတ်ယူပြီး ရှန်းပိုင်ချီဆီ ပေးလိုက်ကာ
“ဆေးလုံး ဆရာရှန်း ထွက်သွားလို့ ရပါပြီ။ ရှန်းလျဲ့က ခင်ဗျား သမီးဆိုတော့ ဘယ်လို အပြစ်ပေးချင်တာက ကျုပ်အပေါ် မူတည်မနေပေမဲ့ အကြံလေး တစ်ခုတော့ ပေးချင်တယ် ခင်ဗျား အရေးထားတာ မထားတာက ခင်ဗျား အပေါ်မှာပဲ မူတည်တယ်။ တကယ်လို့ ခင်ဗျားသမီးက အမှား အသေးလေး လုပ်မိတာ ဆိုရင်တော့ သူမကို ပိတ်လှောင် မထားသင့်ဘူး ... ”
ရှန်းပိုင်ချီက ပါးစပ်ဟောင်းလောင်း ဖြစ်သွားလေသည်။ သူက အစပိုင်းတွင် မိုဝူကျီကို စကားလုံးမဲ့ ဆေးနည်း စာအုပ်အကြောင်း မေးမြန်း ချင်သော်လည်း ကြည့်ရသည်မှာ မဟာမိတ် ခေါင်းဆောင်က သူနှင့် စကား ဆက်ပြောချင်ဟန် မရှိပေ။ ကျင့်ကြံဆင့်နှင့် ပတ်သတ်လာလျှင် သူက မိုဝူကျီထက် များစွာ ရှေ့ရောက်သော်လည်း အဆင့်အတန်း၊ အနေအထားနှင့် ယှဉ်လျှင် သူက မဟာမိတ် ခေါင်းဆောင်မိုနှင့် အလှမ်း ကွာလှပေသည်။ ရှန်းလျဲ့က သူ အသက်စွန့်၍ ရယူထားရသော စကားလုံးမဲ့ ဆေးနည်း စာအုပ်ကို ယူသွားလေသည်။ ထိုသည်က ရိုးရှင်းသည့် အမှားတစ်ခု ဖြစ်နေမလား ...
“ကျုပ်တို့ သွားလိုက်ပါဦးမယ် ... ”
မိုဝူကျီက သူတို့ကို စကား မပြောချင်တော့သောကြောင့် ရှန်းပိုင်ချီက စကားလုံးမဲ့ ဆေးနည်း စာအုပ်ကို သိမ်းဆည်းကာ နှုတ်ဆက် လိုက်လေသည်။ ထိုစကားလုံးမဲ့ ဆေးနည်းစာအုပ်က သူ့သမီး ပေးလိုက်သည့်အရာ ဖြစ်သော်လည်း သူက ပြန်လိုချင်မိ၏။ မည်သို့ အမြင်မှ ကြည့်စေကာမူ သူက သူ့သမီးမျက်နှာ ပျက်အောင် ပြုလုပ်မိခဲ့လေသည်။ ထို့ကြောင့် သူအတွက် မိုဝူကျီနှင့် ဆက်ဆံရေးကောင်း တစ်ခု တည်ဆောက်ဖို့ရာ အတွက် အချိန်ကောင်း မဟုတ်သေးပေ။
မိုဝူကျီက ရှန်းပိုင်ချီ ပြောချင်သည့် အကြောင်းအရာကို မည်သို့မသိဘဲ နေမည်နည်း။ စကားလုံးမဲ့ ဆေးနည်း စာအုပ်သည် ဒဏ္ဍာရီလာ စာအုပ် ဖြစ်ကာ ကံမဆက်စပ်ပါက လက်ထဲတွင် စာအုပ် ရှိနေလျှင်ပင် အသုံးမဝင်ပေ။ ထို့အပြင် မိုဝူကျီက စာအုပ် တစ်အုပ်လုံးကို ဖတ်ရှုပြီးသည့် အတွက် ရှန်းပိုင်ချီက ပြန်ယူသွားလျှင်ပင် ကိစ္စ မရှိတော့ပေ။
“မဟာမိတ် ခေါင်းဆောင်မိုကို နှုတ်ဆက်ပါတယ် ... ”
ရှန်းပိုင်ချီ ထွက်သွားသည့် နောက်တွင် ခြိမ်းခြောက်နိုင်ဖွယ် အငွေ့အသက်များ ရှိနေသည့် အမျိုးသားက အင်မတန် ချောမော ခန့်ညားလှသည့် လူငယ်လေးနှင့်အတူ ဝင်ရောက်လာလေသည်။
မိုဝူကျီက ထိုလူငယ်ကို မှတ်မိလိုက်လေသည်။ ထိုသူမှာ ဟော်ကျင့်ထီ ဖြစ်လေသည်။ ထိုသူ၏ အင်မတန် ကြည့်ကောင်းသော ရုပ်ရည်ကို မိုဝူကျီပင် ချီးကျူးဖူးခဲ့သည်။
“ဂိုဏ်းချုပ်ဟန် ထိုင်ပါ ... ”
မိုဝူကျီက ယဉ်ယဉ်ကျေးကျေး ပြောလိုက်သည်။ တစ်ဖက်တွင် သူက ဘေးတွင် ရှိနေသော ဟော်ကျင့်ထီကို လုံးဝ လျစ်လျူရှု ထားလေသည်။
ဟော်ကျင့်ထီလည်း နှလုံးခုန် တဒုန်းဒုန်း မြန်ဆန်နေပေသည်။ လက်တွေ့၌ မိုဝူကျီက တျန်းဂျီဂိုဏ်းချုပ် ဖြစ်လာပြီးနောက် သူ့ကိုယ်သူ နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ ဖြစ်ကြောင်း ကြေညာ အပြီး၌ သူကား မဟာမိတ် ခေါင်းဆောင် ဖြစ်သွားလေသည်။ ထိုအဖြစ်အပျက်များ သူ့နှလုံးသားကို တုန်တုန်ယင်ယင် ဖြစ်စေနိုင်သည်။
ထိုသူက သူနှင့် စွန်ဖျားမြို့တွင် တွေ့ဖူးသည့် နယ်လှည့်ကျင့်ကြံသူ ဟုတ်ပါ့မလား။ သူ့လျှပ်စီး အခန်းကို လုယူ သွားသည့်သူနှင့် အတူတူ ဖြစ်ပါ့မလား ...
ဟန်ရှင်းက ထိုင်ချကာ မြန်မြန် ပြောလိုက်လေသည်။
“ကျုပ်ကြားတာတော့ မဟာမိတ် ခေါင်းဆောင်မိုက ကျုပ်ရဲ့ ကျောက်စိမ်း ကွန်ယက်ဂိုဏ်းက ဟော်ကျင့်ထီကို ရှာနေတယ်ဆိုလို့။ နားလည်မှု လွဲနေတာများ ရှိနေလားလို့ ကျုပ်ကိုယ်တိုင် လိုက်လာ ခဲ့တာပါ။ မဟာမိတ် ခေါင်းဆောင်က ကျုပ်ရောက်လာတာကို နားလည်ပေးဖို့ မျှော်လင့်ပါတယ် ... ”
မိုဝူကျီက အားရပါးရ ရယ်မောလိုက်ပြီး
“ဂိုဏ်းချုပ်ဟန်က အရမ်း ယဉ်ကျေးလွန်း နေပြန်ပါပြီ။ ကျုပ်က ဟော်ကျင့်ထီကို ရှာတာက ကျုပ်တို့ကြားက ကိစ္စလေး ရှိလို့ပါ။ စွန်ဖျားမြို့ရဲ့ ကျန်းမျိုးနွယ်စု အခြေစိုက် လုပ်ငန်းဖြစ်တဲ့ လမင်းကိုးစင်း ဆေးလုံး အိမ်တော်ကြောင့်ပါ။ ကျုပ် ပြန်ရောက်တဲ့အခါ ကျန်းမျိုးနွယ်စုက စွန်ဖျား မြို့ကနေ ထွက်သွားပြီတဲ့။ ပြီးတော့ လမင်းကိုးစင်း ဆေးလုံးအိမ်တော်က အခု ကျောက်စိမ်း ကွန်ယက်ဂိုဏ်း လက်အောက်မှာဆိုလို့ ... ”
ဟော်ကျင့်ထီ မျက်နှာ အမူအရာက ပြောင်းလဲသွားလေသည်။ နောက်ဆုံးတွင် စွန်ဖျားမြို့ရှိ သူ့ဘဏ္ဏာထိန်း သေဆုံးသွားရသည့် အကြောင်းအရင်းကို နားလည်သွားလေ၏။ သူ့ကို မဟာမိတ ်ခေါင်းဆောင်မို သတ်ပစ်လိုက်ခြင်းသာ ဖြစ်ရမည်။ ဟော်ကျင့်ထီက မိုဝူကျီသည် သူ့ဘဏ္ဏထိန်းကို သတ်လိုက်မှန်း သိသော်လည်း သူက စကားတစ်ခွန်းမျှ မပြောရဲပေ။ သူ့ရှေ့တွင် ရှိနေသော မိုဝူကျီမှာ ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့၏ မဟာမိတ် ခေါင်းဆောင် ဖြစ်နေလေသည်။ သူ့ကျောက်စိမ်း ကွန်ယက် ဂိုဏ်းချုပ်ပင် မိုဝူကျီကို မျက်နှာသာ ပေးရလေ၏။ သူ ဟော်ကျင့်ထီက မရှိသည့် လေသကဲ့သို့ ဖြစ်သည်။
“ဘာကိစ္စများလဲ ... ”
ဟန်ရှင်း၏ မျက်နှာကား ချက်ချင်း ပြောင်းလဲသွားပြီး ဟော်ကျင့်ထီကို အေးစက်စွာ လှည့်ကြည့် လိုက်လေသည်။
ယခု မိုဝူကျီက ပျောက်ဆုံးနယ်မြေ၏ မဟာမိတ် ခေါင်းဆောင် ဖြစ်နေလေပြီ။ နယ်လှည့် ကျင့်ကြံသူမျှ မဟုတ်တော့ပေ။ ထို့အပြင် သူက မိုဝူကျီ နည်းလမ်းများကို မြင်တွေ့ဖူးသည့် အတွက် သူက ယုလင်းလိန် မျိုးနွယ်စုကို အမြစ်ဖျက် ချေမှုန်းနိုင်ခဲ့ရုံသာမက အထွတ်အထိပ် ဓားမြို့တော်မှ တုန့်မျိုးနွယ်စုကိုလည်း နှိမ်နှင်း နိုင်ခဲ့သည်။ ကြီးမြတ်ရန်ကျုံး ဂိုဏ်းချုပ် ကျန်းရှုရှန်းပင် မိုဝူကျီနှင့် ရင်မဆိုင်နိုင်ပေ။ ထိုသို့သော လူမျိုးက ကျောက်စိမ်း ကွန်ယက်ဂိုဏ်းကို အနာတရ ဖြစ်စေလိုလျှင် ကျောက်စိမ်း ကွန်ယက်ဂိုဏ်းက ခုခံနိုင်မည် မဟုတ်ပေ။
ထိုစဉ် ဟန်ရှင်းက ဟော်ကျင့်ထီကို သေသည်အထိ ရိုက်နှက် ပစ်ချင်နေလေသည်။ ရန်စနိုင်မည့် လူအားလုံးအထဲမှ သူက ဤမဟာမိတ် ခေါင်းဆောင်ကို ရွေး၍ ရန်စမိခဲ့သည်။ ကျောက်စိမ်း ကွန်ယက်ဂိုဏ်းမှာ ကောင်းကင်တစ်ပိုင်း အဆင့်ဂိုဏ်း ဖြစ်သော်လည်း သူ့အင်အားစုမှာ အထွတ်အထိပ် ဓားမြို့တော်၏ တုန့်မျိုးနွယ်စုလောက်ပင် မရှိချေ။
လျှပ်တစ်ပြက်အတွင်း ဟော်ကျင့်ထီ မျက်နှာမှာ ဖြူဖျော့ သွားလေသည်။ နယ်လှည့် ကျင့်ကြံသူလေးက ထိုမျှ အားကောင်း လာလိမ့်မည်ဟု သူက မည်သို့ ထင်ထားမည်နည်း။ အကယ်၍ သူသာ ကောင်းကောင်း သိပါက စွန်ဖျားမြို့မှ လမင်းကိုးစင်း ဆေးလုံး အိမ်တော်ကို သူ့အား ပေးစဉ်က လက်ခံလိမ့်မည် မဟုတ်ပေ။
“အဲဒါက ကျုပ်ရဲ့ ကိစ္စမဟုတ်ဘူး။ လမင်းကိုးစင်း ဆေးလုံးအိမ်တော်ကို ဖျက်စီးခဲ့တာ ယုလင်းလိန် မျိုးနွယ်စုပဲ။ ပြီးတော့ ကျုပ်ဆီ ရောင်းခဲ့တာ။ အဲဒါကြောင့် ဝယ်ထားလိုက်တာ ... ”
ဟော်ကျင့်ထီက အာခေါင် အတွင်းရှိ သူ့သွားများ တဆတ်ဆတ် တုန်နေမှုကို ခံစားမိသည်။ သူက သူ့အသက်လေး အချိန်မရွေး ပျောက်ဆုံး သွားနိုင်သည်ကို သိ၏။
“အဲဒါဆို ပြောပြပါဦး အခု လမင်းကိုးစင်း ဆေးလုံးအိမ်တော်ရဲ့ ကျန်းရှောက်ခယ်က ဘယ်ရောက် သွားတာလဲ ... ”
မိုဝူကျီ လေသံက ပို၍ အေးစက် လာလေသည်။ သူက သက်သေ အထောက်အထား မရခင်အထိ သူက ဟော်ကျင့်ထီကို သတ်ပစ်လိုက်၍ မဖြစ်ပေ။
ထို့အပြင် သူက ဂိုဏ်းတစ်ရာ မဟာမိတ် ခေါင်းဆောင် ဖြစ်လေသည်။ သူ့အပြုအမူ တစ်ခုချင်းစီက အားလုံးအတွက် ထင်သာမြင်သာ ရှိနေပေလိမ့်မည်။ ကျောက်စိမ်း ကွန်ယက်ဂိုဏ်းက ကောင်းကင် တစ်ပိုင်းအဆင့် ဂိုဏ်း ဖြစ်၏။ အကယ်၍ သူသာ ကောင်းကင်တစ်ပိုင်း ဂိုဏ်းချုပ် ရှေ့ထားပြီး ဟော်ကျင့်ထီကို သတ်ခဲ့ပါက ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့အတွက် အကျိုးရှိမည် မဟုတ်သလို သူ့အတွက်လည်း အကျိုးမရှိပေ။
“ကျုပ် မသိဘူး။ ယုလင်းလိန် မျိုးနွယ်စုက ကျန်းရှောက်ခယ်ကို မသတ်လိုက်ဘူး ဆိုတာပဲ ကျုပ် သိတယ်။ သူက ထွက်သွားတာ ဖြစ်လောက်တယ် ... ”
ဟော်ကျင့်ထီက အလောတကြီး ဖြေလိုက်သည်။
မိုဝူကျီက ရုတ်တရက် မျက်မှောင်ကျုတ်ကာ ကောင်းကင်ဖွေရှာ နန်းတော်နှင့် စွန်ဖျားမြို့၌ အဖြစ်အပျက် အပြီးတွင် လမင်းကိုးစင်း ဆေးလုံးအိမ်တော်မှာ လုံးဝကို ခြေရာလက်ရာ မကျန် ပျောက်ကွယ် သွားဟန် ရသည်။
ဟန်ရှင်းက ရုတ်ခြည်း ပြောလိုက်လေသည်။
“မင်းကို အခွင့်အရေး တစ်ခု ပေးမယ်။ မင်းက လမင်းကိုးစင်း ဆေးလုံး အိမ်တော်ကို ပြန်ရှာ ပေးရမယ်။ မင်းတွေ့တာနဲ့ ဂိုဏ်းတစ်ရာ မဟာမိတ် အဖွဲ့ကို သတင်းပို့လိုက်။ မင်း မတွေ့ဘူး ဆိုရင်တော့ အကျိုး ဆက်ကို ရင်ဆိုင်ဖို့ ပြင်ထားတာ အကောင်းဆုံးပဲ ... ”
မိုဝူကျီ တိတ်ဆိတ်နေသည်ကို မြင်ပြီး ဟန်ရှင်းက ဦးစွာ ညွှန်ကြားလိုက်လေသည်။
“ဟုတ်ကဲ့ပါ ဂိုဏ်းချုပ် ... ကျွန်တော် အကောင်းဆုံး ကြိုးစားပြီးတော့ လမင်းကိုးစင်း ဆေးလုံး အိမ်တော်ရဲ့ နေရာကို ရှာပါ့မယ် ... ”
ဟော်ကျင့်ထီက သူ့ဂိုဏ်းချုပ်သည် သူ့အား အခွင့်အရေး ပေးနေမှန်း သိ၏။
မိုဝူကျီသည် ဟန်ရှင်းသည် သူနှင့် ကျောက်စိမ်း ကွန်ယက်ဂိုဏ်းကြားရှိ ဆက်သွယ်မှု ကြာရှည်စေရန် ပြုလုပ်မှန်း သိသော်လည်း မငြင်းဆန်တော့ပေ။ သူက ကျောက်စိမ်း ကွန်ယက်ဂိုဏ်း၏ ရှောက်ကွမ်းကျင်းကို သတ်ထားသော်လည်း ထိုအချိန်က သူက မဟာမိတ်ခေါင်းဆောင်ပင် မဖြစ်သေးပေ။ ယခု ကျောက်စိမ်း ကွန်ယက်ဂိုဏ်းက ကောင်းကောင်း ကြိုးစားနေသည်ကို မြင်၍ အတိတ်မှ ကိစ္စများကို လက်စွဲ မထားသင့်တော့ပေ။
“ဒီလိုဆိုရင်တော့ ကျုပ်က ဂိုဏ်းချုပ်ဟန်ကိုပဲ ကျေးဇူးတင်ရတော့မှာပဲ ... ”
မိုဝူကျီက လက်နှစ်ဖက်ယှက်လျက် ကျေးဇူးတင်မှုကို ပြသလိုက်သည်။ ဟန်ရှင်းက မြန်မြန် ထရပ်ကာ …
“မဟာမိတ်ခေါင်းဆောင်မို အဲဒါဆိုရင် ကျုပ်သွားလိုက်ပါဦးမယ် ..”
ရှင်းဟွမ် အကြည့်က သူ့အား မသက်မသာ ဖြစ်စေ၏။ ယခု မိုဝူကျီက ထိုကိစ္စကို လုပ်ဆောင်ရန် စိတ်ကူးမရှိသည်ကို သိပြီး သူက ထွက်သွားရန် တွန့်ဆုတ် မနေတော့ပေ။
“ဟားဟား မင်းက မဟာမိတ် ခေါင်းဆောင် ဖြစ်ရတာ အတော် ပျော်နေတဲ့ပုံပဲ။ ဒါပေမဲ့ အချိန်ကြာလာရင် မင်းနောက်ကို တစ်ယောက် လိုက်လာလိမ့်မယ် ... ”
ဟန်ရှင်း ထွက်သွားသည်နှင့် ဝင့်ဝင့်ကြွားကြွား အသံ တစ်သံက မိုဝူကျီ နားစည်ဘေးမှ ထွက်ပေါ်လာလေသည်။ ဆေးလုံးဘုံ စေတီက မုတ်ဆိတ်ဖြူ ငါးမြှားသမားကြီးလား ...
မိုဝူကျီက ချက်ချင်း မတ်တတ်ရပ်ကာ နေရာပေါင်းစုံကို ကြည့်လိုက်လေသည်။ သူက ဤနေရာဝန်းကျင် တစ်လျောက်ကို စိတ်စွမ်းအားဖြင့် စစ်ဆေး လိုက်သော်လည်း တစ်ခုမျှ မတွေ့ရပေ။
“ဒီလူအိုကြီးကို လိုက်ရှာမနေနဲ့။ ဒီလူအိုကြီးက ငါးမြှားသွားတော့မှာ အခု ဖြတ်သွားရုံပဲ ... မင်းကို တစ်ခု ပြောပြစရာ ရှိတယ်။ မင်း ကျန်းမိုနယ်မြေက စစ်မှန်ခြင်း နတ်ဘုရား အဆင့် ကျင့်ကြံသူကို သတ်လိုက်တဲ့ နေရာကို လာကြည့်တဲ့သူ ရှိတယ် ... ”
မိုဝူကျီ မျက်နှာက ချက်ချင်း ပြောင်းလဲသွားလေသည်။ သူက သူ့ကိုယ်သူ ထုတ်ဖော်ရဲသည့် အကြောင်းပြချက်မှာ ကျန်းမိုနယ်မြေက ဤအချိန်တိုလေးအတွင်း လူလွတ်၍ စုံစမ်းလိမ့်မည် မဟုတ်ကြောင်း ယုံကြည်ထား၍ ဖြစ်လေသည်။ အကယ်၍ သူ့တွင် အချိန်များများ ရရှိပါက ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့ ပို၍ အားကောင်းလာသည့် အခါ သူ့ကိုယ်ပိုင် စွမ်းအားမှာလည်း ပို၍ မြင့်မား လာလိမ့်မည်။ အနည်းဆုံးတော့ ဆွေးနွေး ကြည့်သင့်လေသည်။ အကယ်၍ ကျန်းမိုနယ်မြေက သူ ချိန်ဟောင်ယီကို သတ်လိုက်သည့် အကြောင်းကို သိသွားပါက အနာဂတ်ကို မှန်းဆ နိုင်တော့မည် မဟုတ်ပေ။
“စီနီယာက တစ်ယောက်ယောက် ရောက်လာတာ မြင်ရက်နဲ့ ဘာလို့ မတားလိုက်တာလဲ ... ”
မိုဝူကျီက မြန်မြန် မေးလိုက်သည်။ သူက ဤလူအိုကြီးသည် သူလုပ်ချင်တာ လုပ်လေ့ရှိမှန်း သိသည်။ ထိုသို့ မေးခွန်းမျိုး မေးမြန်းခြင်းက အချိန်ဖြုန်းတီး နေသကဲ့သို့ ဖြစ်သော်လည်း သူက အမှန်ပင် ကူကယ်ရာမဲ့စွာ ခံစားနေရသည်။
“ဟားဟား ငါက ဘာလို့ ဝင်ပါရမှာလဲ။ ငါ့ကိစ္စမှ မဟုတ်တာ ... ”
ထိုစကားကို ပြောပြီးနောက် မုတ်ဆိတ်ဖြူ လူအိုကြီး၏ အသံမှာ လုံးဝ ပျောက်ကွယ် သွားလေသည်။
“ဂိုဏ်းချုပ် ... အခုလေး တစ်ခုခု ပြောလိုက်တာလား”
ရှင်းဟွမ်က နားမလည်စွာ မေးလိုက်သည်။ မိုဝူကျီက သက်ပြင်းချလိုက်ပြီး
“ဘယ်လက်ရုံးရှင်း ... ခင်ဗျားက ဒုဂိုဏ်းချုပ်ဖုန်းဆီ သွားပြီးတော့ ကျုပ် တံခါးပိတ် ကျင့်ကြံတော့မှာ မလို့ သူနဲ့ အခြားလူတွေက ဒီဂိုဏ်းတစ်ရာ မဟာမိတ် အဖွဲ့အတွက် ကြိုးစားပေးဖို့ မျှော်လင့်မိကြောင်း တစ်ဆင့် ပြောပေးပါ ... ”
“အဲဒါဆို တျန်းဂျီဂိုဏ်းကရော”
ရှင်းဟွမ်က မိုဝူကျီသည် တံခါးပိတ် ကျင့်ကြံတော့မည် ကြားသောအခါ သူက မြန်မြန် မေးလိုက်သည်။
“တျန်းဂျီဂိုဏ်းမှာ စန်ယီပင်း ရှိတယ်လေ။ ပြီးတော့ ခင်ဗျားနဲ့ ဖူချန်းက သူမကို ကူပေးလိုက်ပါ။ ကျုပ် အင်အားက အမှန်တကယ်ကို အားနည်း နေသေးတယ်။ ကျုပ် ကျင့်ကြံဖို့ လိုအပ်နေပြီ ... ”
“ဂိုဏ်းချုပ် စိတ်ချနေပါ ... ”
ရှင်းဟွမ်က အဆင့်သင့်ပြင်ရင်း ပြောလိုက်လေသည်။ သူက စစ်မှန်ခြင်း နတ်ဘုရား အဆင့်သို့ ရောက်သွားပြီ ဖြစ်ကာ သူက တံခါးပိတ် ကျင့်ကြံလျှင်ပင် သူက ဤမျှ အချိန်တို အတွင်း များစွာ တိုးတက်လာမည် မဟုတ်ပေ။
ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့၏ ဦးတည်ချက်ကို အကြမ်းဖျင်း သတ်မှတ်ပြီးနောက် မဟာမိတ် ခေါင်းဆောင်မှာ လူမြင်ကွင်းက ပျောက်ကွယ် သွားပြန်သည်။ သူက တံခါးပိတ် ကျင့်ကြံနေသည့် သတင်း များတော့ ရှိလေ၏။
ကံကောင်းလှစွာ ကောင်းကင်ဖွေရှာ နန်းတော်မှ အားကောင်းသော အထောက်အပံ့ ရှိနေလေသည်။ မိုဝူကျီက တံခါးပိတ် ကျင့်ကြံရာမှ ထွက်မလာလျှင်ပင် ဂိုဏ်းတစ်ရာ မဟာမိတ် အဖွဲ့မှာ သူ့ညွှန်ကြားချက် အတိုင်း လည်ပတ်နေဆဲ ဖြစ်၏။ အဖွဲ့အစည်း အမျိုးမျိုးကို စုစည်းပြီးတော့ ဒြပ်ငါးမျိုး ကင်းမဲ့နယ်သို့ ဝင်ခွင့်ရသည့် လူစာရင်းပင် ထွက်ပေါ်လာလေပြီ။ အကြောင်းမှာ အားလုံးက သူတို့တွင် ဒြပ်ငါးမျိုး ကင်းမဲ့နယ်သို့ ဝင်ရန် အခွင့်အရေး ရှိမှန်း သိကြ၍ ဒြပ်ငါးမျိုး ကင်းမဲ့နယ် ဆေးလုံး ပြိုင်ပွဲကဲ့သို့ ယှဉ်ပြိုင်ခြင်းကား မပြင်းထန်လှပေ။
အချိန်က စီးဆင်းကာ ကုန်ဆုံးသွားလေသည်။ ဒြပ်ငါးမျိုး ကင်းမဲ့နယ်ထဲရှိ များပြားစွာသော အရင်းအမြစ်များကြောင့် မိုဝူကျီ၏ ထုတ်ထားသည့် စည်းကမ်းချက် ဖြစ်သော အားလုံးကို ဝင်ခွင့်ပေးသည့် ကိစ္စကား ပျောက်ဆုံးနယ်မြေကို တစ်မုဟုတ်ချင်း တိုးတက်သွားစေသည်။ ဂိုဏ်းတစ်ရာ မဟာမိတ် အဖွဲ့သည်လည်း အရှိန်အဟုန် မြင့်တက်လာပေသည်။
ဂိုဏ်းတစ်ရာ မဟာမိတ် အဖွဲ့ကြီးမားလာသည်နှင့် ကျင့်ကြံခြင်း အရင်းအမြစ်မှာလည်း များစွာ စုဆောင်း လာကြလေသည်။
မျက်စိတစ်မှိတ် အတွင်း ၂ နှစ်တာ ကုန်ဆုံး သွားလေသည်။ တျန်းဂျီဂိုဏ်းမှာလည်း နေ့ရက်အလိုက် ကြီးပွားလာကြသည်။ ကောင်းကင်ဂိတ်မြို့မှာ ပြိုင်ဘက်ကင်း ကောင်းကင်ဂိတ်မြို့ ဖြစ်လာပြီး များစွာသော ကျင့်ကြံသူများ၊ သေမျိုးများနှင့် ကုန်သည်များက ဤနေရာမှ ဖြတ်သွား ဖြတ်လာ လုပ်ကြသည့် အတွက် စည်ကားလှသည်။ ကောင်းကင်ဂိတ် မြို့တော်သို့ အဝင်အထွက် လုပ်သူများက စည်းမျည်း စည်းကမ်းများကိုတော့ လိုက်နာရန် လိုအပ်၏။
နှစ်နှစ်တာ အတွင်း မိုဝူကျီက တံခါးပိတ် ကျင့်ကြံနေခြင်းမှ တစ်ခါလေးမျှ ထွက်မလာခဲ့ပေ။
“ဘမ်း ... ”
ကြီးမားလှသည့် သဘာဝ စွမ်းအားလှိုင်း တစ်ခုက နေရာအနှံ့ပြန့်သွားကာ တျန်းဂျီဂိုဏ်း အောက်တွင် ရှိနေသော ဝိညာဉ်မြူကန်သို့ ကျရောက်သွားလေသည်။ ထိုအားကောင်းလှသော စွမ်းအားများက မိုဝူကျီက အပြည့်အဝ စုပ်ယူလိုက်လေသည်။
နောက်ထပ် နှစ်နာရီအတွင်း မိုတူကျီက အသက်ပြင်းပြင်း ရှူထုတ်လိုက်လေ၏။ နောက်ဆုံးတွင် သူက ယွမ်ဒန်အဆင့် ၁၀ သို့ ရောက်ရှိသွားလေသည်။
သူ့စွမ်းအားများ မြင့်တက်လာမှု နောက်တွင် သူ့ကျင့်ကြံနှုန်းမှာ သိသိသာသာ နှေးကွေး သွားလေသည်။ အကယ်၍ ဝိညာဉ်သွေးကြော ကိုးခုမှ ဖြစ်တည်လာသည့် ဝိညာဉ်မြူကန် ကြောင့်သာ မဟုတ်လျှင် သူ့ကျင့်ကြံဆင့်မှာ ထိုမျှ တိုးတက်လာမည် မဟုတ်ပေ။
သူက သူ့ဒန်တျန်းအတွင်းမှ ခရမ်းရောင် ဖြစ်တည်မှုကို ရှင်းရှင်းလင်းလင်း ခံစားမိလေသည်။ မိုဝူကျီက သူ့စိတ်ခံစားချက်များကို ချိုးနှိမ် ထားရင်း ယွမ်ဒန်အဆင့် ၁၂ အထိ ရောက်အောင် ကျင့်ကြံရန် ဆုံးဖြတ် လိုက်တော့သည်။ ထို့နောက် သူက အစစ်အမှန် ရေအဆင့် တက်လှမ်း နိုင်မည့် အခွင့်အရေးကို ရှာဖွေရန် ရနိုင်လားဟု စမ်းကြည့်ရမည်။
“ဘမ်း ... ”
ထိုစဉ် သူ တပ်ဆင်ထားသည့် သတိပေး အစီအရင်မှ အသံကျယ်လောင်စွာ ထွက်ပေါ ်လာလေသည်။ မိုဝူကျီက ဝိညာဉ်မြူ ရေကန်ထဲမှ ချက်ချင်း ထွက်လိုက်တော့သည်။
ဤအစီအရင်ကို သူ တံခါးပိတ် မကျင့်ကြံခင်က တပ်ဆင်ထားခြင်း ဖြစ်လေသည်။ ထို့အပြင် သူက စန်ယီပင်းကို တစ်ခုခု အရေးကြီးတာ မဖြစ်မချင်း အကြောင်းမကြားရန် အကြိမ်များစွာ မှာထားလေသည်။
လွန်ခဲ့သည့်နှစ် နှစ်အတွင်း ထိုအစီအရင်မှာ တစ်ခါမျှ အသံ မထွက်ခဲ့ပေ။ ယနေ့တွင် ရုတ်တရက် မြည်တမ်း လာပေသည်။ ဖြစ်နိုင်သည်က တျန်းဂျီဂိုဏ်းကို လာရောက် ကျူးကျော်သူများလား ...
ဘယ်သူက အဲဒီလောက် သတ္တိ ကောင်းနေတာလဲ ... ကြီးမြတ်ရန်ကျုံး ဂိုဏ်းချုပ်ပင် ထိုသို့ လုပ်ရဲမည် မဟုတ်ပေ။ တျန်းဂျီဂိုဏ်းက မကြီးမားသော်လည်း သူက မဟာမိတ် ခေါင်းဆောင် ဖြစ်နေဆဲ ဖြစ်သည်။
မိုဝူကျီက ဝိညာဉ်မြူကန်ကို အလောတကြီး ပိတ်ကာ လမ်းလျှောက် ထွက်လာလေသည်။ သူ ထွက်လာသည့် အခိုက်အတန့်တွင် စန်ယီပင်းနှင့် ဖူချန်းတို့က တျန်းဂျီဂိုဏ်း ခန်းမတွင် စောင့်နေသည်ကို တွေ့လိုက်ရသည်။ နှစ်နှစ်အတွင်း စန်ယီပင်းနှင့် ဖူချန်းတို့လည်း တိုးတက် လာကြသည်။
“ဂိုဏ်းချုပ်ကို နှုတ်ဆက်ပါတယ် ... ”
မိုဝူကျီ ထွက်လာသည်ကို မြင်သောအခါ သူတို့က အလျင်အမြန် ဦးညွှတ်လိုက်ကြသည်။
“ဘာတွေ ဖြစ်နေတာလဲ ”
မိုဝူကျီက သူတို့မျက်နှာပေါ်မှ စိုးရိမ်ပူပင်မှုကို မြင်သောကြောင့် စိတ်ပူစွာ မေးလိုက်သည်။
***