← Chapters

ဆန်နို့ဆီဘူး တစ်လုံး ပေးလိုက်ခြင်းကို ကျေးဇူး တင်ကြသော်လည်း ဆန်တစ်အိတ် ပေးလိုက်သည့် အခါ အမုန်းတရားကို ဖြစ်ပေါ်စေနိုင်သည်။

Vol. 20 Ch. 268

ဆန်နို့ဆီဘူး တစ်လုံး ပေးလိုက်ခြင်းကို ကျေးဇူး တင်ကြသော်လည်း ဆန်တစ်အိတ် ပေးလိုက်သည့် အခါ အမုန်းတရားကို ဖြစ်ပေါ်စေနိုင်သည်။

Vol. 20 Ch. 268

သို့သော်လည်း ထိုကြောက်မက်ဖွယ် စွမ်းအားများက အခန်းဝဆီ ရောက်သွားသည့် အခါ အစအနမရှိ ရုတ်ချည်း ပျောက်ကွယ် သွားလေသည်။ မျက်ခုံးမဲ့ အမျိုးသားက ခန်းမ အတွင်းမှ ထွက်လာရင်း သူ့လူသတ်ငွေ့များက ဒြပ်ငါးမျိုး ကင်းမဲ့နယ်မြို့ရှိ ကောင်းကင်အထိ ဟုန်းဟုန်း တောက်နေလေ၏။

မုတ်ဆိတ်ဖြူ လူအိုကြီး အသံက မိုဝူကျီ နားစည်ဆီ ပြန့်လွင့်လာလေသည်။

“ဒီမျက်ခုံးမဲ့ ကောင်စုတ် ပျောက်ကွယ် သွားစေရမယ်။ ငါ မင်းကို လုပ်ဖို့ ပြောထားတာကို မှတ်ထား ... ”

“ခဏ ဒီနေရာက စစ်မှန်ခြင်း နတ်ဘုရား အဆင့်တွေ အားလုံးလည်း သတ်သွားဦး။ ကျုပ်က သူတို့ကို ရင်မဆိုင် နိုင်ဘူး။ ပြီးတော့ ကျုပ်က အစိမ်းတိမ်တိုက်ခံတပ် ရှန်းပိုင်ချီရဲ့ သိုလှောင်လက်စွပ် လိုချင်တယ်။ ကျုပ် မိတ်ဆွေကို ပြန်ပေးချင်လို့ ...  ”

မိုဝူကျီက တံခါးဆီ သွားကာ အော်ပြောလိုက်လေသည်။ ရှန်းပိုင်ချီ အသတ်ခံရပြီ ဖြစ်သော်လည်း မိုဝူကျီက သူ့ပစ္စည်းများကို ရှန်းလျဲ့ဆီ ပြန်ပေးချင် မိသည်။ မဟုတ်လျှင် သူက ရှန်းလျဲ့ ပေးထားသည့် အကူအညီများနှင့် မည်သို့ ဆက်နေနိုင် မည်နည်း။

“ဖူး ဖူး ...”

အလင်းတန်း ခုနှစ်ခု ပြေးဝင် လာလေသည်။ အလင်း တစ်ချက်ချင်းစီက ကျန်းမိုနယ်မြေရှိ စစ်မှန်ခြင်း နတ်ဘုရား အဆင့် ကျင်ကြံသူများ၏ ဦးခေါင်းများကို ထိုးဖောက် သွားလေသည်။

“ဒေါင် … ”

ထို့နောက်တွင် မိုဝူကျီ ဘေးနားသို့ သိုလှောင်လက်စွပ် တစ်ကွင်း ကျလာလေ၏။

“မင်းတောင်းဆိုတာ ငါ လုပ်ပေးပြီး သွားပြီ။ အခု မင်းအလှည့်ပဲ ... ”

လူအိုကြီး အသံက မိုဝူကျီ နားရွက်ဘေးမှ ထွက်ပေါ်လာပြီးနောက် ချက်ချင်း ပျောက်ကွယ် သွားလေသည်။ မိုဝူကျီက ကြမ်းပြင်ပေါ်မှ လက်စွပ်ကို အသာ ကောက်ယူရင်း သက်ပြင်း ချလိုက်တော့သည်။ ထို့နောက် သူတို့ကိုယ် သူတို့ မည်သို့ သေသွားမှန်း သိပုံမရသည့် ကျန်းမိုနယ်မြေမှ ကျင့်ကြံသူများဆီ သွား၍ လက်စွပ်များ ချွတ်ယူလိုက်တော့သည်။

လူအိုကြီးက ကြင်နာ နေသည်ဟုပင် ယူဆ၍ ရနေလေပြီ။ သူက မိုဝူကျီနှင့် တိုက်ပွဲကျန် ပစ္စည်းများနှင့် လုမယူတော့ပေ။ ကြည့်ရသည်မှာ မိုဝူကျီ စိတ်မပျော်သည်ကို သိ၍ အလျော့ ပေးသွားခြင်း ဖြစ်ရမည်။

အခန်း အတွင်းမှ အားလုံးက တုန်လှုပ် နေကြဆဲ ဖြစ်သည်။ အခု ဘာဖြစ်လိုက်တာလဲ ...  အားလုံးက လောကအင်မော်တယ် ကျင့်ကြံသူဆီမှ ခြိမ်းခြောက် ခံနေရဆဲ ဖြစ်ကာ မဟာမိတ် ခေါင်းဆောင်က ထိုလောက အင်မော်တယ် ကျင့်ကြံသူကို ဆွဲထုတ်သွားပြီး ကျန် စစ်မှန်ခြင်း နတ်ဘုရား အဆင့် ကျင့်ကြံသူ အားလုံးကို တစ်ချက်တည်းဖြင့် မည်သို့ သတ်ပစ်လိုက်သနည်း။

မဟုတ်သေးချေ။ စစ်မှန်ခြင်း နတ်ဘုရား အဆင့် ကျင့်ကြံသူများကို သတ်သွားသည်က အလင်းတန်းများ ဖြစ်လေသည်။ ကမ္ဘာပေါ်တွင် ထိုသို့ ကျင့်ကြံဆင့်က မည်မျှ ဖြစ်နေမည်နည်း။

အားလုံးက တွေးမိ လိုက်သောကြောင့် မိုဝူကျီကိုသာ လေးစားခြင်းများနှင့် လှည့်ကြည့် လိုက်တော့သည်။

သူက နယ်ခြား စစ်မှန်ခြင်း နတ်ဘုရားအဆင့် ကျင့်ကြံသူကို အလွယ်တကူ ဖျက်စီး ပစ်လိုက်နိုင်သည်မှာ အံ့ဩစရာ မရှိိတော့ပေ။ မဟာမိတ် ခေါင်းဆောင်မို နောက်တွင် မယှဉ်နိုင်လောက်စရာ အားကောင်းသည့် အဆင့်မြင့် ကျင့်ကြံသူ ရှိနေသေး၏။ လောက အင်မော်တယ် အဆင့် ကျင့်ကြံသူကို အလွယ်တကူ ခေါ်ဆောင် သွားနိုင်ပြီး စစ်မှန်ခြင်း နတ်ဘုရား အဆင့် ကျင့်ကြံသူများကို ပုရွက်ဆိတ် သတ်သကဲ့သို့ သတ်သွားလေသည်။ ထိုသို့သော အင်အားမျိုးဖြင့် မျက်ခုံးမဲ့ လောကအင်မော်တယ် အဆင့်မှာ ကလေးမျှသာ ရှိလေသည်။

မိုဝူကျီက ရှင်းဟွမ်ဆီ လျှောက်သွားကာ ဆေးလုံး တိုက်ကျွေးလိုက်ပြီး ရှင်းဟွမ် နောက်ကျောကို ရိုက်ချ လိုက်လေသည်။ ရှင်းဟွမ်က သွေးတစ်ပွက် အန်ထွက် လာလေသည်။

“ဂိုဏ်းချုပ် ... ”

ရှင်းဟွမ်က မျက်လုံး ဖွင့်ကြည့်လိုက်သည့် အခါ သူ့ရှေ့တွင် ရှိနေသော မိုဝူကျီကို မြင်လိုက် ရသည်။

မိုဝူကျီက ခေါင်းညိတ်ပြကာ

“အခု အဆင်ပြေသွားပြီ။ နားပြီး ပြန်သက်သာ အောင်နေ ... ”

ထိုသို့ပြောပြီး အဝင်ဝသို့ သွားနေသည့် လူငယ်ကို လှမ်းကာ ပြောလိုက်လေ၏။

“ဝူကျင်းဝူ မင်းကိုယ်မင်း ဒီလို ထွက်သွားလို့ ရမယ် ထင်နေလား .. ”

လူငယ်က အလျှင်စလို ရပ်ကာ မိုဝူကျီဆီ ဦးညွှတ် ပြလိုက်ပြီးနောက်

“ဝူကျင်းဝူက မဟာမိတ် ခေါင်းဆောင်ကို နှုတ်ဆက်ပါတယ်။ မဟာမိတ် ခေါင်းဆောင်က နှိုင်းယှဉ်လို့ မရအောင် ပြိုင်ဘက် ကင်းပြီးတော့ ဒီကျူးကျော်သူတွေကို အလွယ်လေး နှိမ်နင်း နိုင်လိုက်တာပါ ... ”

သူက ထိုစကားများကို ပြောသည့်အခါ ဝူကျင်းဝူ မျက်နှာမှာ ဖြူဖျော့နေပြီး သူ့မျက်လုံးများက အလွန်အမင်း မငြိမ်မသက် ဖြစ်နေလေ၏။

“မင်းကိုယ်မင်း အစိမ်းတိမ်တိုက် ခံတပ်ရဲ့ ဝူကျင်းဝူလို့ နှုတ်ဆက်သင့်တယ်။ ငါတော့ နားမလည် တော့ဘူး။ ငါက ကျေးဇူး မသိတတ်တဲ့ လူတွေ အများကြီး တွေ့ဖူးပါတယ် ဒါပေမဲ့ မင်းလိုမျိုး အတူတူ လိုက်ပြောနေရင် ငါပါ အဲဒီလိုလူစား ဖြစ်သွားလိမ့်မယ်။ မင်းကိုယ်မင်း ကျန်းမိုနယ်မြေ သွားဖို့ တားမဲ့သူ မရှိတော့ဘူးလို့ တွေးနေတာ မလား။ အဲဒါကြောင့် မင်းကို ကျွေးမွေး စောင့်ရှောက်ခဲ့တဲ့ ရှန်းပိုင်ချီကို နောက်ကျောဓားနဲ့ထိုး သစ္စာဖောက်တာလား။  ရှန်းပိုင်ချီက မင်းကို သူ့မစင် ကျွေးပြီးတော့ ဆီးသောက်ခိုင်းပြီး ကြီးလာ ခိုင်းတယ်လို့တော့ လာမပြောနဲ့။ မင်းကိုယ်မင်း ကျေးဇူးတရားရော ခံစားမိရဲ့လား”

မိုဝူကျီက တဖြည်းဖြည်း လျှောက်လှမ်း လာရင်း သူ့လူသတ်ငွေ့က ပိုမိုပြင်းထန် လာလေသည်။

သူက ထိုသို့သော ကျွေးမွေးသည့် လက်ကို ပြန်ကိုက်တတ်သည့်  လူစားမျိုးကို အရွံ့ရှာဆုံး ဖြစ်လေ၏။

“ကျုပ် ... ”

ဝူကျင်းဝူက ခြေနှစ်လှမ်းနောက်ဆုတ်ကာ  ရုတ်တရက် အသံအက်အက်ဖြင့် ငိုကြွေး လိုက်လေသည်။

“ရှန်းပိုင်ချီက ကျုပ်ကို ခွေးတစ်ကောင်လို ဆက်ဆံတာ။ သူက ကျုပ်ကို အစိမ်းတိမ်တိုက် ခံတပ်ကို အမွေဆက်ခံ ခိုင်းမယ်လို့ ပြောထားပေမဲ့ အဲဒီလို လုပ်ဖို့ ရည်ရွယ်ချက်တောင် ရှိရဲ့လား မသိတော့ဘူး။  သူ့သမီး ရှန်းလျဲ့က သူ့ပစ္စည်းကို ခိုးသွားတုန်းက သူက ကျုပ်ကို ရှန်းလျဲ့ရှာခိုင်းတာက ကျုပ်နဲ့ စေ့စပ်ပေးဖို့ဆိုပြီး ပြောခဲ့တာ ...

ကျုပ် နေ့နေ့ညည ရှန်းလျဲ့ကို ရှာခဲ့ပေမဲ့ သူက အဲဒီကိစ္စကို မေ့သွားသလိုပဲ တစ်ခါမှ ထပ်မပြော တော့ဘူး။ ဒါပေမဲ့ အဲဒါကို လျစ်လျူရှု ထားလိုက်ဦး။ သူက စကားလုံးမဲ့ ဆေးနည်း စာအုပ်ကို မဖွင့်နိုင်ပေမဲ့ သူက ကျုပ်ကိုလည်း မြင်ခွင့် မပေးဘူး ... ”

မိုဝူကျီ မျက်နှာ အမူအရာက ပို၍ အေးစက်လာကာ

“ကျေးဇူးကန်းတဲ့ သူတွေက ထူးထူးဆန်းဆန်း မဟုတ်တရုတ်တွေ တွေးကြတယ်။ ဝူကျင်းဝူ ရှန်းပိုင်ချီက မင်းကို ခွေးတစ်ကောင်လို ဆက်ဆံတယ် ဆိုရင် ခွေးက ဒီအဆင့်အထိ ကျင့်ကြံနိုင်မယ်လို့ ထင်နေတာလား။ မင်းတို့ အစိမ်းတိမ်တိုက် ခံတပ်က ခွေးတွေ အားလုံး အဲဒီလောက် ကံမကောင်းသေး ရွေ့ပေါ့ ...

အားလုံးက ကျင့်ကြံဖို့ အတွက် ဝိညာဉ်ဆေးလုံးတွေ သောက်နိင်ပြီးတော့ စိတ်စွမ်းအင် ကျောက်တုံးတွေ သုံးနိုင်တာပဲ မလား။ နောက်ဆုံးတော့ ‘ ဆန်နို့ဆီဘူး တစ်လုံး ပေးလိုက်ခြင်းကို ကျေးဇူး တင်ကြသော်လည်း ဆန်တစ်အိတ်‌ ပေးလိုက်သည့် အခါ အမုန်းတရားကို ဖြစ်ပေါ်စေနိုင်သည်’ အဲဒီ စကားကို နားလည်သွားပြီ။ တကယ်လို့ ရှန်းပိုင်ချီက မင်းကို ခွေးတစ်ကောင်လို ဆက်ဆံတယ် ဆိုရင် မင်းကလည်း ဘယ်လို ပြန်ကိုက်ရမလဲ ဆိုတာ သိတာပဲ။  အကြည့်နဲတင် ရှန်းပိုင်ချီက ဒီခွေးကို တော်တော်ပြုစု မွေးမြူထားတာ သိသာတယ်  ... ”

ထိုသို့ ပြောပြီး မိုဝူကျီက ဝူကျင်းဝူကို တကျည်ကျည် ပြောဖို့ရာ စိတ်အနှောင့်ယှက် ခံမနေတော့ပေ။ သူ့လက်ကို ဝှေ့ယမ်း လိုက်သည်နှင့် လျှပ်စီး အလုံးကို ပစ်လွှတ် လိုက်လေသည်။

တစ်ခါတစ်ရံတွင် မင်းက အကူအညီ အသေးလေး ပေးလိုက်သော်လည်း ထိုသူက အမှတ် ရနေတတ်သည်။ တစ်ခါတစ်ရံ၌ တစ်စုံတစ်ယောက်ကို များစွာ ကူညီ ပေးလိုက်သော်လည်း သူက ပို၍ မျှော်လင့် သည်လည်း ဖြစ်နေတတ်ပေသည်။ မပေးကမ်းတော့သည့် အခါ သူက စတင်၍ မုန်းတီး လာပေလိမ့်မည်။ ကမ္ဘာကြီးထဲတွင် ကြောက်စရာ အကောင်းဆုံး အရာမှာ အပြစ်စိတ်များ ခိုအောင်း နေတတ်သော လူသားများ၏ စိတ်နှလုံးသာ ဖြစ်လေသည်။

“ဘုန်း ...”

လျှပ်စီး အလုံးက ပေါက်ကွဲသွားလေသည်။ ဝူကျင်းဝူက သွေးမြူအဖြစ် ပေါက်ကွဲ ထွက်သွားသည်။

မိုဝူကျီ ပြန်လှည့်လာသည့် အခါ လူအုပ်ကြီးက အလျှင်စလို ဦးညွှတ်ကာ နှုတ်ဆက် လိုက်ကြသည်။

“မဟာမိတ် ခေါင်းဆောင်ကို နှုတ်ဆက်ပါတယ် .. ”

အကယ်၍ အရင် မိုဝူကျီသာ ဖြစ်နေပါက ကောင်းကင်ဖွေရှာ နန်းတော်နှင့် ကိစ္စ အမျိုးမျိုးတို့၏ ထောက်ခံမှုကြောင့် မဟာမိတ် ခေါင်းဆောင်အဖြစ် ရွေးချယ်ခံရခြင်း  ဖြစ်၏။ သို့သော် ယခုတွင် မည်သူကမျှ သူတို့ ဆုံးဖြတ်ချက် မှားယွင်းကြောင်း မခံစားမိကြတော့ပေ။

မိုဝူကျီ မေးခွန်းမထုတ်ခင် ကျန်းရှုရှန်းက ဦးစွာလာ၍ ပြောလိုက်လေသည်။

“ကျန်းရှုရှန်းက စိတ်သဘောထား ကျဉ်းမြောင်း မိသွားပါတယ်၊ အဲဒါကို မဟာမိတ် ခေါင်းဆောင်မိုက စိတ်ထဲ မထားဖို့ မျှော်လင့်ပါတယ် .. ”

မိုဝူကျီ နောက်တွင် လောကအင်မော်တယ် အဆင့်ကိုပင် အလွယ်တကူ ရှင်းလင်းနိုင်သော တည်ရှိမှုမျိုး ရှိလေ၏။ ကျန်းရှုရှန်းက အဆ ၉၀၀၀ လောက် သတ္တိ ပိုကောင်း နေလျှင်ပင် သူက မိုဝူကျီကို မလေးမစား မပြုမူရဲပေ။

မိုဝူကျီက ကျန်းရှုရှန်းကို အေးစက်စွာ ကြည့်ရင်း ပြောလိုက်သည်။

“ဂိုဏ်းချုပ်ကျန်း အပေါ် အများကြီး မျှော်လင့် မထားပေမဲ့ ခင်ဗျားလည်း လူပဲ။ တစ်ခုတော့ သေချာ ပြောရဦးမယ်။ ကြီးမြတ်ရန်ကျုံး ဂိုဏ်းက ကြီးမြတ်ရန်ကျုံးဂိုဏ်း လိန်ဟုန်ကျီက လိန်ဟုန်ကျီပဲ။ တကယ်လို့ ခင်ဗျားရဲ့ ကြီးမြတ်ရန်ကျုံးဂိုဏ်းက လိန်ဟုန်ကျီကို ဆက်မြင့်တင် နေပြီးတော့ သူ့ကို ကြီးမြတ်ရန်ကျုံး ဂိုဏ်းအတွက် ကိုယ်စားပြုခိုင်းမယ် ဆိုရင် လိန်ဟုန်ကျီနဲ့ ကြီးမြတ်ရန်ကျုံး ဂိုဏ်းရဲ့ ကျရှုံးမှုက မကြာခင် ရောက်လာ လိမ့်မယ်လို့ ကျုပ် အာမခံတယ် ... ”

အကယ်၍ ယခင်မိုဝူကျီသာ ပြောပါက သူက မဟာမိတ် ခေါင်းဆောင် ဖြစ်နေလျှင်ပင် ကျန်းရှုရှန်းက ရိုက်ထုတ်ဖို့ရာပင် တွေဝေနေမည် မဟုတ်ပေ။ သို့သော် သူက မိုဝူကျီသည် အမှန်တရား များကို ပြောနေခြင်း ဖြစ်ကြောင်း ကောင်းကောင်းသိ၏။ လောကအင်မော်တယ် အဆင့်ကိုပင် မိုဝူကျီ နောက်ခံက အလွယ်တကူ အဆုံးသတ်ပစ ်လိုက်နိုင်ရာ သူ့ကြီးမြတ်ရန်ကျုံး ဂိုဏ်းကား ညွှန်းဆိုဖို့ပင် မထိုက်တန် သေးပေ။

“မဟာမိတ် ခေါင်းဆောင်မို ပြောတဲ့အတိုင်း ဖြစ်ရပါ့စေမယ် ... ”

ကျန်းရှုရှန်းက လေးစားစွာ ပြောလိုက်လေ၏။ သူ့အတ္တကြီးသော်လည်း သူက ကြီးမြတ်ရန်ကျုံး ဂိုဏ်း ရှင်နိုင်ခွင့်နှင့်တော့ အလဲအလှယ် မလုပ်ရဲပေ။

မိုဝူကျီက ကျန်းရှုရှန်းနှင့် ဆက်မပြောတော့ဘဲ မျက်ခုံးမဲ့ အမျိုးသား ထိုင်ခဲ့သည့် နေရာသို့ သွားလိုက်သည်။ ထို့နောက် သူက ပြောလိုက်သည်။

“အားလုံးလဲ ထိုင်ကြပါ။ ဒီနှစ်တွေမှာ ကျုပ်က တံခါးပိတ် လေ့ကျင့် နေခဲ့တယ်။ အဲဒီ အချိန်တွေမှာ မဟာမိတ်က ပိုမိုကြီးထွား လာပြီ။ အဲဒါက အားလုံးရဲ့ ကြိုးစားမှုကြောင့်ပါ။ မဟာမိတ် ခေါင်းဆောင် အနေနဲ့ ကျုပ် တကယ် ရှက်မိပါတယ် ... ”

မဟာမိတ်အဖွဲ့ ကျင့်ကြံသူ တချို့က အလောင်းများကို ရှင်းလင်း လိုက်ကြသည်။

“တကယ်လို့ မဟာမိတ် ခေါင်းဆောင်ရဲ့ အကြံပြုချက်ကြောင့်သာ မဟုတ်ရင် ကျုပ်တို့ မဟာမိတ် အဖွဲ့က ဒီလောက် တိုးတက်လာမှာ မဟုတ်ပါဘူး ... ”

ဖုန်းကျန့်ချိုးက အရင်ဦးစွာ ပြောလိုက်သည်။

ယခင် သူက မိုဝူကျီကို ထောက်ခံ ပေးသည်က မိုဝူကျီ၏ အလားအလာကို များစွာ မမျှော်လင့်မိ၍ ဖြစ်သည်။ သို့သော် ယခုမူ မိုဝူကျီ၏ လုပ်နိုင်စွမ်းကြောင့် ဖြစ်လေသည်။

သူ့စကားလုံးများက မမှားပေ။ မိုဝူကျီ တံခါးပိတ် မကျင့်ကြံခင် သူက ဒြပ်ငါးမျိုး ကင်းမဲ့နယ်မြို့နှင့် ကိုက်ညီသော  အစီအစဉ်များနှင့် စည်းမျည်းများကို ချမှတ် ပေးခဲ့သည်။

ထိုစည်းကမ်းချက်များတွင် လိုအပ်ချက်များ အနည်းငယ် ပါဝင်နေသော်လည်း နှစ်နှစ် အတွင်း မဟာမိတ် အဖွဲ့၏ ကြိုးစားအားထုတ်မှု အောက်တွင် ထိုလိုအပ်ချက်များက ပြန်လည် ဖာထေးပြီးသား ဖြစ်သွားသည်။ ကျောက်စိမ်းကွန်ယက် ဂိုဏ်းချုပ် ဟန်ရှင်းက ရှေ့ကို တက်လာကာ ပြောလိုက်သည်။

“မဟာမိတ် ခေါင်းဆောင်ကို တင်ပြစရာ ရှိပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်က ကျုပ်ကို အပ်ထားခဲ့တဲ့ ကိစ္စကို အစအန သိရပါပြီ ..  ”

“အိုး .. ဘာတဲ့လဲ .. ”  မိုဝူကျီက အလျှင်စလို မေးလိုက်သည်။

ဟန်ရှင်းက မိုဝူကျီသည် တစ်ခုမျှ ဖုံးကွယ်ထားရန် ရည်ရွယ်ချက်မရှိမှန်း သိသောအခါ ပြောလိုက်တော့သည်။

“ကြည့်ရတာ သူတို့မှာ အတွင်းရေး ပြဿနာတွေ ရှိတဲ့ပုံပဲ။ အဲဒါကြောင့် သူတို့က ကောင်းကင် ပင်လယ်ကနေ ပျောက်ဆုံး နယ်မြေက ထွက်သွားပြီ။  သူတို့ သွားတဲ့ နေရာကိုတော့ ပင်လယ်ဘက် သွားကြည့်ပေမဲ့ သတင်း အစအန မရှာနိုင်ခဲ့ဘူး ... ”

မိုဝူကျီက စိတ်ပျက်စွာ လက်ခါပြရင်း

“အဲဒီလိုကိုး .. ဂိုဏ်းချုပ်ဟန်ကို ကျေးဇူးတင်ပါတယ် ... ”

မိုဝူကျီက လမင်းကိုးစင်း ဆေးလုံး အိမ်တော်တွင် အတွင်းရေး ပြဿနာ ရှိမှန်း သိပြီးသား ဖြစ်သည်။ ကျန်းရှောက်ခယ်က ပင်လယ်ဘက် ထွက်သွားသောကြောင့် မိုဝူကျီက သူ့ကို ရှာဖို့ရန် နည်းလမ်း မရှိတော့ချေ။  သူက ကျန်းရှောက်ခယ် ကံမဆိုးဖို့ရာ မျှော်လင့်ရုံသာ တတ်နိုင်လေသည်။ ထိုမှသာ အချိုးအကွေ့ များပြားလှပြီး ခက်ခဲကြမ်းတမ်း လှသည့် ပင်လယ်ထဲတွင် အသက်ရှင်နိုင် လိမ့်မည်။

များစွာသော ဂိုဏ်းချုပ်များက ကျောက်စိမ်း ကွန်ယက် ဂိုဏ်းချုပ်သည် မဟာမိတ် ခေါင်းဆောင်၏ သီးသန့် တာဝန်ကို လက်ခံရသည်ကို တွေ့သောအခါ ဟန်ရှင်းကို အားကျ မိသွားကြသည်။

မိုဝူကျီက ဟန်ရှင်းသည် သူ့အလုပ်တွင် အာရုံစိုက်ကြောင်း သိ၏။ ထို့ကြောင့် ထိုကိစ္စကို ဆက်ဂရုမစိုက် တော့ခြင်း ဖြစ်သည်။

“မဟာမိတ် ခေါင်းဆောင်မို ...  ကျန်းမိုနယ်မြေမှာ အဆင့်မြင့် ပါရမီရှင်တွေက တိမ်လိုပဲ ပေါများတယ်။ ဒီတစ်ခါတော့ ခေါင်းဆောင်က ဒီကိစ္စကို ဖြေရှင်းနိုင်ခဲ့ ပေမဲ့  သူတို့ဘက်က အားကောင်းတဲ့ သူတွေ ထပ်လွှတ်ရင် ကျုပ်တို့ ပျောက်ဆုံး နယ်မြေက ဘယ်လို ရင်ဆိုင်ကြမလဲ ... ”

ဆံပင် ဖုတ်သိုက်နှင့် အမျိုးသားက ရှေ့တက်လာကာ ပြောလိုက်သည်။

မိုဝူကျီက ထိုအမျိုးသားသည် အစီအရင် ထောင်ချီဂိတ် အစောင့်အရှောက် ယွီဟယ်ရှီ  ဖြစ်ကြောင်း မှတ်မိသည်။ အစီအရင် ထောင်ချီဂိတ်သည် မြေကမ္ဘာ အဆင့် ဖြစ်နေသော်လည်း အထင်သေး၍ မဖြစ်ပေ။ ပျောက်ဆုံးနယ်မြေ တစ်ခုလုံးတွင် မည်သူကမျှ အစီအရင် ထောင်ချီဂိတ်ကို မနှိမ်ချရဲကြပေ။

ပျောက်ဆုံး နယ်မြေတွင် ဂိုဏ်းကာကွယ်ရေး အစီအရင် ၇၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းသည် အစီအရင် ထောင်ချီဂိတ် အကူအညီဖြင့် တပ်ဆင်ထားခြင်း ဖြစ်၏။ ဒြပ်ငါးမျိုး ကင်းမဲ့နယ်မြို့ အဝင်ပေါက် အစီအရင်ကိုပင် အစီအရင ်ထောင်ချီဂိတ်မှ ဆောက်လုပ် ပေးထားခြင်း ဖြစ်သည်။ ယွီဟယ်ရှီသည် အစီအရင် ထောင်ချီဂိတ်မှ ဂိတ်အစောင့်အရှောက် ဖြစ်ရုံသာမက အစီအရင် အဖွဲ့အစည်း၏ ခေါင်းဆောင်လည်း ဖြစ်ပေသည်။

“အဖွဲ့အစည်း ခေါင်းဆောင်ယွီ စကားတွေက အမှန်ကို အချက်ကျတယ် .... ”

မိုဝူကျီက ယွီဟယ်ရှီကို ကျန်းရှုရှန်းထက် ပို၍ လေးစားလေသည်။ ကျန်းရှုရှန်း၏ ကျင့်ကြံဆင့်က ပိုမြင့်မားပေသည်။ သို့သော် ကျန်းရှုရှန်းမှာ မိုဝူကျီ မျက်လုံးထဲ၌ အာရုံမ ဖမ်းစားမိပေ။ တစ်ဖက်တွင် မိုဝူကျီက ယွီဟယ်ရှီကို တခြား အမြင်ဖြင့် ကြည့်လေ၏။

“ကျုပ်က ဒြပ်ငါးမျိုး ကင်းမဲ့နယ်မြို့မှာ နောက်ထပ် ကာကွယ်ရေး အစီအရင် တပ်ဆင်ဖို့ ကြံထားတယ်။ တစ်ယောက်ယောက် ကျုပ်တို့ ပျောက်ဆုံး နယ်မြေကို ဒြပ်ငါးမျိုးကင်းမဲ့နယ်ကနေ တစ်ဆင့် ကျူးကျော်လာတာနဲ့ ကျုပ်တို့ တန်းသိလိမ့်မယ်။  အဲဒီ အစီအရင်အတွက် ကျုပ် အဖွဲ့အစည်း ခေါင်းဆောင်ယွီရဲ့ အကူအညီ လိုအပ်တယ် ... ”

မိုဝူကျီက မတ်တတ်ရပ်ကာ လက်နှစ်ဖက် ယှက်လျက် ပြောလိုက်သည်။

အကောင်းဆုံးသော အဖြေမှာ ပျောက်ဆုံးနယ်မြေ တစ်ခုလုံးကို လွှမ်းခြုံ ထားနိုင်သည့် အစီအရင် တပ်ဆင်ခြင်း ဖြစ်၏။ သို့သော်လည်း ထိုအရာက မဖြစ်နိုင်ပေ။ မိုဝူကျီ၏ လက်ရှိ ကျင့်ကြံဆင့်ကို ထည့်မတွက်ဘဲ သူက စစ်မှန်ခြင်း နတ်ဘုရား အဆင့် ရောက်နေလျှင်ပင် ထိုသို့သော ဧရာမ အစီအရင်ကို တပ်ဆင်ဖို့ရာ အလွန် ခက်ခဲလိမ့်မည်။ ထို့ကြောင့် မိုဝူကျီက ခြေတစ်လှမ်း ဆုတ်ကာ ကျန်းမိုနယ်မြေနှင့် ပျောက်ဆုံး နယ်မြေ လမ်းကြောင်းကို စောင့်ကြည့်ဖို့ နည်းလမ်းကို တွေးမိလိုက်ခြင်း ဖြစ်သည်။

ကျန်းမို နယ်မြေမှ လာရန် ဒြပ်ငါးမျိုး ကင်းမဲ့နယ်နှင့် ကောင်းကင်ပင်လယ် ဟူသော လမ်းနည်းမျိုးသာ ရှိလေသည်။

မိုဝူကျီက ကျန်းမိုနယ်မြေမှ ကျင့်ကြံသူများသည် ပျောက်ဆုံး နယ်မြေကို လာဖို့ရန် ကောင်းကင် ပင်လယ် အစား သေချာပေါက် ဒြပ်ငါးမျိုး ကင်းမဲ့နယ်ကို ရွေးချယ်ကြမည်မှန်း သိ၏။ ကောင်းကင် ပင်လယ်ကို ဖြတ်သန်း ခရီးနှင်ခြင်းသည် အချိန်များစွာ ပိုကြာပြီး အလွယ်တကူလည်း လမ်းပျောက် နိုင်လေသည်။

***

All Chapters