← Chapters

ကွမ်းမင်ဂိုဏ်း၏ကျဆုံးခန်း

Vol. 54 Ch. 751

ကွမ်းမင်ဂိုဏ်း၏ကျဆုံးခန်း

Vol. 54 Ch. 751

အခန်း (၇၅၁) ကွမ်းမင်ဂိုဏ်း၏ကျဆုံးခန်း

လင်ဟန့်ဟွာ ကောင်းကင်ထက်သို့ ခုန်တက်လိုက်ပြီး လက်နှစ်ဖက်ကိုဆန့်တန်းလျှက် ခန်းဖင်းနှင့် ရန်ကျောက်ကဲကို တစ်ချိန်တည်းပိတ်ဆို့ထားလိုက်သည်။

ရန်ကျောက်ကဲနှင့် ခန်းဖင်း နှစ်ယောက်စလုံးသည် ဤအဖြစ်အပျက်ကြောင့် ထိတ်လန့်သွားကြသည်။

လင်ဟန့်ဟွာက အစောပိုင်းတွင် နှုတ်ဆိတ်နေခဲ့ပြီး သူတို့ကြားမှတိုက်ပွဲအား လုံးဝဝင်ရောက်စွက်ဖက်ခြင်းမပြုဘဲ ပွဲကြည့်ပရိသတ်တစ်ယောက်အဖြစ်သာ ရှိခဲ့သည်။

ယခုတော့ ရုတ်တရက် လှုပ်ရှားမှုပြုလုပ်ပြီး သူတို့နှစ်ယောက်လုံးကို တားဆီးလိုက်သည်။ ဤသည်က ဘာအဓိပ္ပါယ်ပါလဲ။

ခန်းဖင်းက မျက်မှောင်ကြုံ့ရင်း...

“ယင်စန်းတောင်က’လင်’ ... ဒီလိုလုပ်တာ ဘာသဘောလဲ”

လင်ဟန့်ဟွာက ပုံမှန်မျက်နှာထားဖြင့်ပင် အေးဆေးစွာဆိုသည်။

“ကိုယ်ခွဲပေါင်းစပ်ခြင်းအဆင့် သိုင်းသူတော်စင်တစ်ယောက်က အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင်လက်ကနေ ဒီလိုမျိုးလွတ်အောင်ပြေးနိုင်တာ ဒီ ‘လင်’ တစ်ခါမှ မတွေ့ဖူးဘူး ၊ ဒီလိုမျိုးထူးချွန်တဲ့လူငယ်တစ်ယောက်က အနာဂတ်မှာ ဘယ်လောက်အထိ အောင်မြင်မှုရနိုင်မလဲ သိချင်မိတယ်”

“ဒါကြောင့် မိုးကောင်းကင်ကသတ်မှတ်ပေးထားတဲ့ ပါရမီရင်တစ်ယောက်ကို ဒီ ‘လင်’ က ကာကွယ်ပေးဖို့ဆုံးဖြတ်လိုက်ပြီ ၊ မင်း တိုက်ခိုက်ချင်တယ်ဆိုရင် ငါ့လက်ထဲကဓားကိုသာ တိုက်ခိုက်ပေတော့”

လင်ဟန့်ဟွာက ခန်းဖင်းကိုကြည့်ရင်း...

“မင်းက စွမ်းအားမြင့်မားလွန်းတယ် ၊ မင်းသာ ငါ့လို သိုင်းသူတော်စင် အဋ္ဌမအဆင့်ဆိုရင် တကယ့်ပြိုင်ဘက်ကောင်းတစ်ယောက် ဖြစ်လာမှာပဲ ၊ အဲဒီအချိန်ကျ ကံကောင်းရင် မင်းတောင်ငါ့ကိုအနိုင်ရနိုင်ပေမယ့် လောလောဆယ်မှာတော့ မင်းက ငါ့ပြိုင်ဘက်မဟုတ်သေးဘူး”

ခန်းဖင်က မျက်လုံးများကို မှေးစင်းလိုက်ရင်း...

“ဟက်... ဒီကောင့်အရည်အချင်းကို သဘောကျလို့တဲ့လား...”

လင်ဟန့်ဟွာက သိမ်မွေ့စွာဖြင့်...

“မင်းရောငါရောနှစ်ယောက်လုံးက ဓားသိုင်းကျင့်ကြံသူတွေပဲ ၊ သာမန်ကျင့်ကြံသူတွေထက်ပိုပြီး လွှမ်းမိုးနိုင်စွမ်း မြင့်မားတယ်”

သူက ဆက်ပြောသည်။

“မင်းကိုငါ မသတ်ချင်ဘူး ၊ ဒါပေမဲ့ မင်းကနောက်မဆုတ်ဘဲ အတင်းရှေ့ဆက်တိုးမယ်ဆိုရင်တော့ ငါ့ဓားအောက်မှာ အသက်ပျောက်ရလိမ့်မယ် ၊ ပြီးရင် အဲဒီအတွက် ငါ့အသက်ပေးရဆိုလည်းပေးမယ် ၊ အရေးမစိုက်ဘူး ၊ အခုချိန်ထိ ဓားသိုင်းကျင့်ကြံခဲ့တာမှာ ဒီ ‘လင်’ အကြောက်တရားကို ခံစားရကောင်းခံစားရမယ် ၊ ဒါပေမဲ့ ငါ့ဓားကတော့ ဘယ်တော့မှ နောက်တွန့်မှာမဟုတ်ဘူး”

လင်ဟန့်ဟွာက ခန်းဖင်းကို ခြေဆုံးခေါင်းဆုံးအကဲခတ်လိုက်သည်။

“ဒီတစ်ကြိမ်အခွင့်အရေးကိုလက်မခံရင် နောက်တစ်ကြိမ်အခွင့်အရေး မရှိနိုင်တော့ဘူး”

“ရှန်လင်ကျီ မင်းအတွက်ထားခဲ့တဲ့ တိမ်လွှာအလင်းဓားကို ယူမလာခဲ့ဘူးမဟုတ်လား ၊ အဲဒီဓားယူလာလည်း မင်းအတွက် အသုံးမဝင်ပါဘူးလေ”

ပြောပြီးသည်နှင့် ရတနာအလင်းတန်းတစ်ခု လင်ဟန့်ဟွာခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး ခြိမ်းခြောက်မှုအပြည့်ဖြင့် ဓားချီစွမ်းအားက ကောင်းကင်ထက်သို့ ထိုးဖောက်ဝင်ရောက်သွားသည်။

ဒါကိုမြင်တော့ လင်ဟန့်ဟွာထံတွင်လည်း အဆင့်မြင့်အထွတ်ထပ်မှော်ဝင်ပစ္စည်းတစ်ခုရှိနေကြောင်း ရန်ကျောက်ကဲရော ခန်းဖင်းပါ သဘောပေါက်လိုက်ကြသည်။

လင်ဟန့်ဟွာက...

“မင်း တပည့်တွေရောက်လာပြီး တိမ်လွှာအလင်းဓား လာပေးမယ်ဆိုရင်တော့ မင်းအတွက် အခွင့်အရေးရှိနိုင်ပါတယ်”

ခန်းဖင်းမျက်နှာက ခံစားချက်ကင်းမဲ့နေသည်

လင်ဟန့်ဟွာကိုကြည့်ရသည်မှာ ရှင်းလင်းခိုင်မာစွာ ဆုံးဖြတ်ချက်ချထားဟန်ပင်။

သူက ရန်ကျောက်ကဲကို အသက်ပေးကာကွယ်မည်ဖြစ်သလို ခန်းဖင်းကလည်း နောက်ဆုတ်မည်မဟုတ်ပေ။ ဤသည်က သူသေကိုယ်သေ တိုက်ပွဲတစ်ခု၏ ကနဦး ဖြစ်၏။

လင်ဟန့်ဟွာ အကျိုးဆက်များကို စဉ်းစားမနေတော့ပေ။

လင်ဟန့်ဟွာ ရုတ်တရက် ပြောင်းလဲသွားမှုက ခန်းဖင်းကို အတော်လေး ပဟေဠိ ဖြစ်စေသည်။ ယင်စန်းတောင်ဓားဘုရင် အဘယ့်ကြောင့် စိတ်ပြောင်းသွားရသလဲ သူ နားမလည်ပေ။

အရည်အချင်းရှိသဖြင့် ကာကွယ်ပေးချင်သည်ဆိုခြင်းကတော့ ရိုးရှင်းလွန်း၏။

“ယင်စန်းတောင်က ‘လင်’ ... မင်းပြောသလိုပဲ ငါတို့နှစ်ယောက်လုံးက ဓားသမားတွေပဲ”

ခန်းဖင်းက ဖြည်းညင်းစွာဆိုသည်။

လင်ဟန့်ဟွာ အဘယ့်ကြောင့် ရုတ်တရက် စိတ်ပြောင်းသွားသည်ကို မသိသော်လည်း ခန်းဖင်း၏ဓားဝိညာဉ်က ပိုမိုအားကောင်းလာပြီး အနည်းငယ်မျှပင် မတုန်လှုပ်ပေ။

လင်ဟန့်ဟွာ၏ တားဆီးခြင်းခံရသဖြင့် ရန်ကျောက်ကဲ လွတ်မြောက်ရန်မကြိုးစားတော့ဘဲ အသင်္ချေနဂါးနန်းတော်ထဲမှာပင် မတ်တတ်ရပ်ရင်း အခြေအနေအကဲခတ်နေသည်။ သူ့မျက်ဝန်းများက လင်ဟန့်ဟွာနှင့် ခန်းဖင်းအကြား ရွေ့လျားသွား၏။

ထိုအချိန်...

"ဆရာခန်းက ဘာလို့ ဒီလိုလုပ်ရတာလဲ"

အသံတစ်သံထွက်ပေါ်လာသည်။

ရန်ကျောက်ကဲနှင့် အခြားသူများရှေ့တွင် အသက် (၃၀) ခန့် လူငယ်တစ်ယောက်ပေါ်လာသည်။

သူက မည်သည့်လှုပ်ရှားမှုမှ မပြုလုပ်သည့်တိုင် သူ၏စွမ်းအားရောင်ဝါက လွှမ်းမိုးနိုင်စွမ်းမြင့်မားလွန်းသဖြင့် အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင်တစ်ယောက် ဖြစ်သည်မှာထင်ရှားသည်။

လူငယ်က လင်ဟန့်ဟွာကို ဂါရဝပြုရင်း...

"ဂိုဏ်းတူအစ်ကိုကြီး..."

လင်ဟန့်ဟွာက လူငယ်ကိုခေါင်းညိတ်ပြရင်း...

"ဂိုဏ်းတူညီလေး’မု’”

ရောက်လာသူကိုကြည့်ပြီး ခန်းဖင်း တိတ်ဆိတ်ငြိမ်သက်သွားသည်။

ထိုသူ၏အမည်က မုကျွင်းဖြစ်ပြီး သူနှင့်အတူ ကျူတောပင်လယ်ဒေသသို့ ပြန်လည်ရောက်ရှိလာသော ချန်ကျိလျန် ၊ ကျန့်မင်တို့ကဲ့သို့ အရှေ့တောင်ထိပ်တန်းအရှင်သခင်၏ တပည့်တစ်ယောက်ဖြစ်သည်။ မုကျွင်းက ချန်ကျိလျန်နှင့် ကျန့်မင်တို့ထက် ကျင့်ကြံခြင်းအဆင့်မြင့်မားပြီး ခန်းဖင်းကဲ့သို့ သိုင်းသူတော်စင် သတ္တမအဆင့် ၊ အမတကူးပြောင်းခြင်း ကနဦးအဆင့် ဖြစ်၏။

အရှေ့တောင်ထိပ်တန်းမျိုးနွယ်တွင် မုကျွင်းသည်လည်း လင်ဟန့်ဟွာကဲ့သို့ပင် အထူးချွန်ဆုံးတပည့်တစ်ယောက် ဖြစ်သည်။

မုကျွင်းက ရန်ကျောက်ကဲကိုကြည့်ကာပြုံးရင်း...

“ဒါက မိတ်ဆွေလေး’ရန်’ မဟုတ်လား ၊ ဂိုဏ်းတူညီလေး’ကျန့်မင်’ နဲ့ ဂိုဏ်းတူညီလေး’ချန်ကျိလျန်’ ဆီက သတင်းကြားထားပါတယ် ၊ မင်းက တကယ့်ကို ထူးခြားတဲ့ပါရမီရှင်တစ်ယောက်ပဲ”

ရန်ကျောက်ကဲက အသင်္ချေနဂါးနန်းတော်အတွင်းမှ ထွက်လာပြီး မုကျွင်းကို နှုတ်ဆက်လိုက်သည်။

“ဒီကသခင်လေးက ချီးကျူးလွန်းနေပါပြီ”

ခန်းဖင်းက ဖြည်းညင်းသည့်လေသံဖြင့်...

“ချင်းယွမ်လွင်ပြင်ဓားဘုရင်... ဒီ ‘ခန်း’ က အရှေ့တောင်ထိပ်တန်းအရှင်သခင်နဲ့ ကျင်းထင်တောင်ကို ဆန့်ကျင်တာ မဟုတ်ပါဘူး ၊ ဒါပေမဲ့ ငါ့ဇနီးသေဆုံးရတဲ့အတွက် လက်စားချေရမှာပဲ ၊ ငါက အရည်အချင်းအားနည်းပေမယ့် လွယ်လွယ်နဲ့အနိုင်ကျင့်ခံမယ့်သူ မဟုတ်ဘူး”

မုကျွင်းက လင်ဟန့်ဟွာကို လှမ်းကြည့်လိုက်သည်။ သူတို့နှစ်ယောက် အသံပို့လွှတ်စနစ်ဖြင့် စကားပြောဆက်သွယ်လိုက်ကြပြီး ခဏမျှငြိမ်သက်သွားသည်။

လင်ဟန့်ဟွာထံမှ သတ်ဖြတ်လိုသည့်အငွေ့အသက်များက ပျောက်ကွယ်သွားခြင်းမရှိသေးဘဲ မျက်ဝန်းများက ထက်ရှသည့်ဓားသွားပမာ စူးရှတောက်ပနေသည်။

ခဏအကြာမှာတော့ မုကျွင်းက သူ့အကြည့်များကို ရုတ်သိမ်းလိုက်ပြီး ရယ်မောရင်း...

“ရန်ကြွေးဆပ်ရမယ်ဆိုတာ မှန်ပါတယ် ၊ ဒါပေမဲ့ ငါသိသလောက် မင်းမိန်းမကိုသတ်တဲ့သူက တခြားတစ်ယောက်ပဲ ၊ မိတ်ဆွေလေး’ရန်’ မဟုတ်ဘူး”

ခန်းဖင်းက သိမ်မွေ့စွာဖြင့်...

“ဒီ ‘ခန်း’ ယင်စန်းတောင်ဓားအဘုရင်နဲ့ လာတွေ့တဲ့အချိန်မှာ ငါ့ရဲ့ဆရာဦးလေးနှစ်ယောက်က ဝိညာဉ်နယ်မြေက နေလတောင်ထွတ်ကိုတိုက်ခိုက်ဖို့ ထွက်ခွာသွားပါပြီ”

ဝိညာဉ်နယ်မြေမှ နေလတောင်ထွတ်ဆိုသည်က ကွမ်းမင်ဂိုဏ်းဌာနချုပ်တည်ရှိရာနေရာ ဖြစ်သည်။

ဒါကိုကြားတော့ ရန်ကျောက်ကဲနှုတ်ခမ်းများ တွန့်ကွေးသွား၏။

အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင်နှစ်ယောက်ဖြစ်သော ဟယ်တုန်းချန်နှင့် ကုကျန်းတို့က အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်သော ‘တိမ်လွှာအလင်းဓား’ ၊ ရွှမ်ဧကရာဇ်လှံရှည်တို့ကိုကိုင်ဆောင်ပြီး ကွမ်းမင်ဂိုဏ်းကို တစ်ပြိုင်တည်း တိုက်ခိုက်ကြမည် ဖြစ်သည်။

ကွမ်းမင်ဂိုဏ်းကျဆုံးခန်းကတော့ ကြေကွဲစရာကောင်းလှသည်ပင်။

ခန်းဖင်းက အေးစက်သောမျက်လုံးများဖြင့် ရန်ကျောက်ကဲကို လှမ်းကြည့်ရင်း...

“ရန်ကျောက်ကဲ ၊ ကွမ်းမင်ဂိုဏ်းက ‘လော့ကျီးထောင်’ နဲ့ မြောက်ပင်လယ်ဓားခန်းမက ‘ကုဟုန်’ တို့အကုန်လုံး လွတ်ဖို့မစဉ်းစားနဲ့”

မုကျွင်းက...

“ကျင်းထင်တောင်မှာတုန်းက မင်းရဲ့ ဂိုဏ်းတူညီ ‘လျောင်ကျန်း’ အသတ်ခံရတဲ့ကိစ္စအတွက် လက်စားမချေတော့ဘူးလို့ ပြောထားတယ်လေ ၊ အခုလိုအခြေအနေမျိုးမှာ မင်းအနေနဲ့ ဘယ်အချိန်တက်ရမယ် ဘယ်အချိန်ဆုတ်ရမယ်ဆိုတာ သိမယ်လို့ မျှော်လင့်ပါတယ်”

ထို့နောက် မုကျွင်းက စကားလမ်းကြောင်းပြောင်းလိုက်သည်။

“မင်းရဲ့ဇနီးသေရတာကိုပြောရရင်တော့... ‘ခန်း’ သခင်မကအရင်စပြီး ရန်ငြိုးဟောင်းအတွက် မိတ်ဆွေလေး’ရန်’ ကို အန္တရယ်ပြုဖို့ ကြိုးစားတာလေ ၊ ဒါကြောင့် နောက်ပိုင်းကိစ္စတွေ ဖြစ်သွားခဲ့တာပဲ”

“ဟုတ်တယ်... အဲဒီအချိန်တုန်းက မင်းရဲ့ဇနီးက ကျင်းထင်တောင်မှာ ငါတို့သဘောတူထားတာကို မသိနိုင်သေးဘူး ၊ ဒါပေမဲ့ ငါတို့ တွက်ချက်ကြည့်လိုက်တော့ ဒီလိုအဖြစ်အပျက်တွေဖြစ်လာအောင် ရန်သွားစတာ မင်းတို့ဘက်ကပဲ”

ခန်းဖင်းမျက်ဝန်းများ တင်းမာသွားပြီး...

“ချင်းယွမ်လွင်ပြင်ဓားဘုရင်ဆိုလိုတာက... ကျင်းထင်တောင်က ဒီကောင်လေးကို ကာကွယ်ပေးမယ်ဆိုတဲ့ အဓိပ္ပါယ်လား”

မုကျွင်းက ခေါင်းခါယမ်းရင်း...

“ငါက ဆရာ့ကိုယ်စား စကားပြောခွင့်မရှိပေမယ့် ... လောလောဆယ်မှာတော့ ဂိုဏ်းတူအစ်ကိုကြီးနဲ့ သဘောထားအတူတူပါပဲ”

ခန်းဖင်းတိတ်ဆိတ်ငြိမ်သက်သွားပြီး မျက်နှာအမူအရာလည်း တည်ကြည်လေးနက်သွားသည်။  လင်ဟန့်ဟွာနှင့် မုကျွင်းတို့ လက်တွဲတိုက်ခိုက်မည်ဆိုလျှင် သူ့အနေဖြင့် အောင်မြင်ရန် မျှော်လင့်ချက်မဲ့သွားပေမည်။

ထို့ပြင် လင်ဟန့်ဟွာတွင်လည်း အဆင့်မြင့် အထွတ်ထိပ်မှောဝင်ပစ္စည်းတစ်ခု ရှိနေလေရာ အမှန်တကယ်တိုက်ခိုက်မည်ဆိုပါက သူ့ကို အသက်ရှင်လျက် ဖမ်းဆီးမိသွားနိုင်သည်။ ထိုသို့ဆိုလျှင် မလိုအပ်ဘဲ ဆုံးရှုံးမှုဖြင့် ရင်ဆိုင်ရပြီး သူ့ဘဝ အဖတ်ဆည်နိုင်တော့မည်မဟုတ်သလို လုပ်ချင်ရာလုပ်ခွင့်လည်း ရှိတော့မည်မဟုတ်ပေ။

လက်ရှိတွင် နှစ်ဖက်အင်အားက မညီမျှပေ။

ရန်ကျောက်ကဲကို လင်ဟန့်ဟွာနှင့်အတူ တွေ့ရမည်ဟု ခန်းဖင်း တွေးမထားခဲ့ပေ။ ထို့ကြောင့် လုံလောက်သည့် ပြင်ဆင်မှုများ ပြုလုပ်မလာခဲ့ပေ။

ယခုတော့ ခန်းဖင်း၏ဒေါသမီး တဖြည်းဖြည်း ငြိမ်သက်သွားပြီး သူ့မျက်ဝန်းများကတော့ ပိုမိုအေးစက်ထက်ရှလာသည်။

အကယ်၍ သူ ရှေ့တိုးလိုက်သဖြင့် အရာအားလုံး ဆုံးရှုံးသွားပါက ပြိုင်ဘက်များကို မထိခိုက်စေသည့်တိုင် ရန်ကျောကက်ကဲနှင့် လင်ဟန့်ဟွာတို့ ပိုမိုပြေလည်သွားကြပေလိမ့်မည်။

လင်ဟန့်ဟွာတို့က သူ့ကို အသက်ရှင်လျှက်ဖမ်းဆီးပြီး အရှေ့တောင်ထိပ်တန်းအရှင်သခင်ကို ဆန့်ကျင်သူအဖြစ်စွပ်စွဲပါက သူ့နောက်ကွယ်မှပုဂ္ဂိုလ် မျက်နှာပျက်ရပြီး သူ့ကိုလည်း စိတ်ပျက်သွားပေလိမ့်မည်။ ထိုအခါ လက်စားချေရန်မျှော်လင့်ချက်သည်လည်း ဝေးကွာသွားပေမည်။

အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် ခန်းဖင်း ပင့်သက်တစ်ချက်ရှိုက်ရင်း စကားတစ်ခွန်းမဆိုဘဲ ထွက်ခွာသွားသည်။ ဤအခြေအနေအထိ မျက်နှာပျက်ခဲ့ရပြီဖြစ်ရာ စကားပြောနေစရာလည်း မလိုအပ်တော့ပေ။

သို့သော် ခန်းဖင်းက ဤအတိုင်းလက်လျှော့မည်မဟုတ်ကြောင်း ရန်ကျောက်ကဲ ၊ လင်ဟန့်ဟွာနှင့် မုကျွင်းတို့အားလုံး သိရှိကြသည်။

မုကျွင်းက သက်ပြင်းချရင်း...

“သူ ကွမ်းမင်ဂိုဏ်းကို သွားနိုင်သလား ၊ ဒါမှမဟုတ် မြောက်ပင်လယ်ဓားခန်းမက ကုဟုန်ကို ပစ်မှတ်ထားမလား မပြောနိုင်ဘူး”

သူက ဆက်ပြောသည်။

“တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်ကလူကို ဖမ်းဆီးတုန်းက မြောက်ပင်လယ်ဓားခန်းမက ဂိုဏ်းတူညီလေး’ကျန်း’ တို့ကို ကူညီခဲ့ဖူးတယ် ၊ အဲဒီကို တစ်ချက်လောက်သွားကြည့်လိုက်ရမလား”

လင်ဟန့်ဟွာက ခေါင်းခါယမ်းရင်း...

“ကုဟုန်ကလည်း အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင်ဆိုတော့... မလိုအပ်ဘူး”

မုကျွင်းခေါင်းညိတ်လိုက်ပြီး မျက်လုံးထောင့်မှ ရန်ကျောက်ကဲကိုအကဲခတ်ရင်း အသံပို့လွှတ်စနစ်ဖြင့် စကားဆိုလိုက်သည်။

“ဂိုဏ်းတူအစ်ကိုကြီး... ဒီကိစ္စကို ဘာလို့အတင်းဝင်ပါရသလဲ ငါ မသိဘူး ၊ ဒါပေမဲ့ ဆရာ့ကို အမြန်ဆုံးအကြောင်းကြားဖို့တော့ လိုမယ်ထင်တယ်”

လင်ဟန့်ဟွာက...

“အင်း... ငါ လုပ်လိုက်ပါ့မယ်”

မုကျွင်းခေါင်းညိတ်လိုက်ပြီး ရန်ကျောက်ကဲကိုလည်း ပြုံးပြနှုတ်ဆက်ကာ ထွက်ခွာသွားသည်။ နောက်ဆုံးတော့ နေရာတွင် လင်ဟန့်ဟွာနှင့် ရန်ကျောက်ကဲသာလျှင် ကျန်ရစ်ခဲ့သည်။

လင်ဟန့်ဟွာက ရန်ကျောက်ကဲကို စူးစိုက်ကြည့်နေပြီး အချိန်ကြာမြင့်စွာ စကားမဆိုခဲ့ပေ။

ရန်ကျောက်ကဲစိတ်ထဲ အနည်းငယ်လှုပ်ရှားသွားချိန် လင်ဟန့်ဟွာက ဖြည်းညင်းစွာ မေးခွန်းထုတ်လာသည်။

“မိတ်ဆွေလေး’ရန်’... မင်းက စန့်ချင်အဆက်အနွယ်ရဲ့ ဓားသိုင်းကို ကျင့်ကြံထားတာလား”

***

***(Note - အရင်အပိုင်းတွေအားလုံးမှာ Eng အတိုင်း စန့်ချင်ကို ထိပ်တန်းသလင်း ၊ ယွိချင်ကို သလင်းကျောက်စိမ်း ၊ ထိုက်ချင်ကို မဟာသလင်းဆိုပြီး ဘာသာပြန်ဆိုခဲ့ပါတယ် ၊ ဒါပေမဲ့ နောက်ပိုင်းတရုတ်လိုကနေဘာသာဆက်ပြန်တော့ Eng နာမည်တွေကို  အဲဒီလို ဘာသာပြန်ထားတာတွေက တာအိုဝါဒရဲ့ ထိပ်တန်းတာအိုဆရာသခင်ကြီး (၃)ပါးဖြစ်တဲ့ စန့်ချင် ၊ ယွိချင်နဲ့ ထိုက်ချင်တို့အကြောင်းတွေ မပေါ်လွင်တော့သလို ဖြစ်သွားတာကြောင့် နောက်ပိုင်းတစ်လျှောက်လုံးမှာ စန့်ချင် (လင်ပေါင်ထျန်းကျွင်း) ၊ ယွိချင် (ယွမ်စီထျန်းကျွင်း) ၊ ထိုက်ချင် (ထိုက်စန့်လောင်ကျွင်း) လို့ပဲ ဆက်လက် ဘာသာပြန်ဆိုသွားပါတော့မယ် ၊ ဖတ်ရအဆင်မပြေဖြစ်သွားရင် ဘာသာပြန်သူရဲ့အားနည်းချက်သာဖြစ်ပါသဖြင့် အနူးအညွတ်တောင်းပန်အပ်ပါတယ် - ဘာသာပြန်သူ)

All Chapters