ပျောက်ဆုံးကောင်းကင်မြို့ပျက်မှ အစိမ်းရောင်မီးတောက်
Vol. 20 Ch. 269
ယွီဟယ်ရှီက အမြန်အဆန် ပြောလိုက်လေ၏
“ကျုပ်ကို မြောက်နေပြန်ပါပြီ။ အစီအရင် တာအိုနဲ့ ပတ်သက်တာ ဆိုရင်တော့ ကျုပ် တတ်စွမ်းသမျှ အားလုံး ကူညီပေးပါ့မယ်။ ဒါပေမဲ့ ကျုပ်တို့က အကောင်းဆုံး အစီအရင်နဲ့ ဆိုရင်တောင် စစ်မှန်ခြင်း နတ်ဘုရား အဆင့် ကျင့်ကြံသူကို တားလို့ မရမှာကို စိုးရိမ်မိတယ် ... ”
မိုဝူကျီက ပြုံးကာ ပြောလိုက်သည်။
“အဖွဲ့အစည်း ခေါင်းဆောင်ယွီ စိုးရိမ်မနေပါနဲ့။ အဆင့်မြင့် ကျင့်ကြံသူက ဒီအစီအရင်ကို ဖြတ်လာတာနဲ့ တစ်ယောက်ယောက်က သူ့ကို ရင်ဆိုင် ပါလိမ့်မယ် ... ”
ထိုသည်က မိုဝူကျီနှင့် မုတ်ဆိတ်ဖြူ လူအိုကြီးတို့ ပြုလုပ်ခဲ့သည့် သဘော တူညီချက် ဖြစ်သည်။ သူက မုတ်ဆိတ်ဖြူ လူအိုကြီး ချမှတ်ပေးသည့် တာဝန်ကို ပြီးစီးအောင် တာဝန်ယူပေးမည် ဖြစ်ကာ မုတ်ဆိတ်ဖြူ လူအိုကြီးက ပျောက်ဆုံး နယ်မြေကို သူ့အား ကူညီကာ စောင့်ရှောက်ပေးရမည် ဖြစ်သည်။ နယ်ခြား ကျင့်ကြံသူတွေ ကျူးကျော်လာသည့် အခါ လူအိုကြီးကို ဘာမှ မသိသကဲ့သို့ ပြုမူနေခွင့် မပြုတော့ပေ။
မိုဝူကျီ စကားများကို ကြားပြီးနောက် အားလုံးက စိတ်အေး သွားလေသည်။ ဖုန်းကျန့်ချိုးက ဆက်လက်၍ ပြောလိုက်သည်။
“မဟာမိတ် ခေါင်းဆောင်မို စိတ်မပူပါနဲ့။ အခု ဂိုဏ်းတစ်ရာ မဟာမိတ်မှာ အရင်းအမြစ် လုံလုံလောက်လောက်လည်း ရှိနေပါပြီ။ အဲဒါကြောင့် အစီအရင် အဖွဲ့အစည်းက အကောင်းဆုံး အလယ် အလတ် အဆင့်တော့ တပ်ဆင်နိုင်မှာပါ ... ”
မိုဝူကျီက ခေါင်းညိတ်ပြလိုက်ပြီး အကောင်းဆုံး အလယ်အလတ် အဆင့် အစီအရင်မှာ အဆင့် ၆ အစီအရင် ဖြစ်ပေလောက်သည်။ ထိုအစီအရင်ကို တပ်ဆင်ဖို့ရာက စစ်မှန်ခြင်း နတ်ဘုရား အဆင့်အောက်မှ လူများအတွက် ခက်ခဲပေလိမ့်မည်။ စစ်မှန်ခြင်း နတ်ဘုရား အဆင့် ကျင့်ကြံသူပင် ထိုအရာကို တပ်ဆင်ဖို့ရာ အတော်လေး ကြိုးစား အားထုတ်ရလိမ့်မည်။ မုတ်ဆိတ်ဖြူ လူအိုကြီးက သူတို့ သဘော တူညီချက်ကို စိတ်ထဲ မှတ်ထားပြီး ကူညီ ပေးလိမ့်မည်ဟု ယုံကြည်၏။
“ပြီးတော့ အားလုံးနဲ့ နောက်ထပ် အရေးကြီး ကိစ္စ ဆွေးနွေးစရာ ရှိသေးတယ် ... ”
မိုဝူကျီက မဟာမိတ် ခေါင်းဆောင် ရာထူးကို လက်လျော့ပြီး ကျန်းမိုနယ်မြေသို့ သွားရန် ကြံစည် ထားလေသည်။ သူက မုတ်ဆိတ်ဖြူ လူအိုကြီးကို ကတိပေးထား၍ သူက ပြီးမြောက်အောင် လုပ်ဆောင် ရလိမ့်မည်။ သူ့လက်ရှိ ကျင့်ကြံဆင့်ကား ဒြပ်ငါးမျိုး ကင်းမဲ့နယ်ကို ဖြတ်သန်း၍ သွားလာဖို့ရာ မလုံလောက် သေးချေ။ ထို့ကြောင့် ကောင်းကင် ပင်လယ်မှ တဆင့် ခရီး နှင်ရလိမ့်မည်။
သူက နှုတ်ထွက်မည့်အကြောင်းအရာ မပြောသေးခင် သတင်း ဓားပျံက ဖုန်းကျန့်ချိုး လက်ထဲသို့ ရောက်ရှိလာလေသည်။
သူက ဖွင့်ကြည့်လိုက်သည့် အခါ သူ့အမူအရာကား ပြောင်းလဲသွားလေ၏။ ထို့နောက် သူက မိုဝူကျီဆီ လှမ်းပေးလိုက်သည်။
“ဘွားဘွား လင်းလောင်လား ... ”
သတင်းမှာ ပါသည့် အချက်အလက် အရ မိုဝူကျီက အတော်လေး တုန်လှုပ်သွားမိသည်။ သူက ဘွားဘွား လင်းလောင်ကို တစ်ခါ ကယ်ဖူးလေသည်။ ဘွားဘွား လင်းလောင် ပြန်ရောက် မလာသော်လည်း ဤစာမှာမူ ဘွားဘွား လင်းလောင်ဆီမှ ဖြစ်လေသည်။
ဖုန်းကျန့်ချိုးက လေးလေးနက်နက် ပြန်ပြော လိုက်လေသည်။
“ဟုတ်တယ်။ ဘွားဘွား လင်းလောင်က ရှေးနတ်ဘုရားတွေရဲ့ တိုက်ပွဲကွင်းနေရာ တည်ရှိတဲ့ ပျောက်ဆုံး ကောင်းကင်မြို့ပျက်ဆီ ရောက်နေတာ ။ အဲဒါကြောင့် ကျုပ်လည်း ဒီအတိုင်း ဝင်မသွား ရဲဘူး။ သူမက အထဲမှာ အလွန် အရေးကြီးတဲ့ အရာကို တွေ့မိပြီးတော့ ပိတ်မိနေတာ ... ”
သူက ထိုသတင်းကို ဝေမျှလိုခြင်းမှာ ပျောက်ဆုံး ကောင်းကင်မြို့ပျက်က မည်သို့နေရာ ဖြစ်ကြောင်း သိနေ၍ ဖြစ်သည်။
မိုဝူကျီက ဖုန်းကျန့်ချိုး ဆိုလိုရင်းကို နားလည်လေသည်။ သူက ထိုကိစ္စကို မဟာမိတ် ခေါင်းဆောင်ဆီ လွဲပေးလိုခြင်း ဖြစ်လေ၏။
မိုဝူကျီက ပျောက်ဆုံး ကောင်းကင်မြို့ပျက် အပြင်ဘက် အပိုင်းကို တစ်ခါ ရောက်ဖူးသောကြောင့် အထဲတွင် ရှိနေသည့် အန္တရာယ်များကို ရှင်းရှင်းလင်းလင်း သိလေသည်။
ယခု လင်းလောင်က အန္တရာယ်ထဲ ကျရောက် နေသောကြောင့် သူမကို လျစ်လျူရှု မထားနိုင်ပေ။ ကျန်းမို နယ်မြေသို့ သွားမည့် သူ့ရည်ရွယ်ချက်ကား စောင့်နိုင်လေ၏။ လူအိုကြီးနှင့် သဘော တူညီချက်သည် ဆယ်စုနှစ် ကြာမြင့်သည့် အတွက် သူ့အတွက် အချိန်များစွာ ရသေး၏။
“ဂိုဏ်းချုပ် အပေါင်းတို့ ... ဘွားဘွား လင်းလောင်က ပျောက်ဆုံးနယ်မြေ တစ်ခုလုံးရဲ့ နံပါတ်တစ် ကောင်းကင်ဆေးလုံး ဆရာ ဖြစ်ရုံတင်မကဘူး။ စစ်မှန်ခြင်း နတ်ဘုရား အဆင့် ကျင့်ကြံသူလည်း ဖြစ်တယ်။ တကယ်လို့ သူမသာ တစ်ခုခု ဖြစ်သွားရင် ကျုပ်တို့ အတွက် ဆုံးရှုံးမှုကြီးပဲ။ အဲဒါကြောင့် ကျုပ်ကိုယ်တိုင် လူလေးယောက်နဲ့ အတူတူ ပျောက်ဆုံး ကောင်းကင်မြို့ပျက်ကို သွားမယ်။ တကယ်လို့ သွားချင်တဲ့သူရှိရင် ရှေ့ထွက်ခဲ့ပါ ... ”
မိုဝူကျီက ဂိုဏ်းချုပ်များကို ကြည့်ရင်း ပြောလိုက်သည်။
“ကျုပ်ကတော့ ဂိုဏ်းချုပ် နောက်က လိုက်မှာ”
ရှင်းဟွမ်က ဒဏ်ရာ ရထားသော်လည်း မိုဝူကျီ ကူညီပေးပြီး နောက်တွင် သူက မြန်မြန်ဆန်ဆန် ပြန်သက်သာ လာလေသည်။ ဖုန်းကျန့်ချိုးလည်း ရှေ့ထွက်လာကာ …
“ကျုပ်လည်း သွားမယ် .... ”
ဘွားဘွား လင်းလောင်က ကောင်းကင်ဖွေရှာ နန်းတော် အဖွဲ့ဝင် တစ်ဦး ဖြစ်သောကြောင့် သူက ထိုအခွင့်အရေးကို လက်မလျော့ နိုင်ပေ။
ကျန်းရှုရှန်းက အလျှင်အမြန် မတ်တတ်ရပ်ကာ သူ မပြောခင်တွင် မိုဝူကျီက အရင်ဦးစွာ ပြောလိုက်လေ၏။
“ဂိုဏ်းချုပ်ကျန်းက ဒီမှာ နေခဲ့ပေးပါ။ အဖွဲ့အစည်း ခေါင်းဆောင်ယွီက ဒြပ်ငါးမျိုး ကင်းမဲ့နယ်အတွက် ကာကွယ်ရေး အစီအရင် တပ်ဆင်ရမယ်။ အဲဒါကြောင့် ခင်ဗျား သူ့လိုအပ်တာ ကူညီ ပေးလိုက်ပါ။ ဒီတစ်ခါတော့ အကြီးအကဲ ဖုန်းကျဲက ကြီးမြတ်ရန်ကျုံး ဂိုဏ်းကိုယ်စား ကျုပ်နဲ့ လိုက်ခဲ့ပေးပါ ... ”
ဖုန်းကျဲမှာ စစ်မှန်ခြင်း နတ်ဘုရား အဆင့် ကျင့်ကြံသူ ဖြစ်သည့်အတွက် ပျောက်ဆုံးကောင်းကင် မြို့ပျက်ဆီသို့ သွားဖို့ရာ အင်အား လုံလောက်ပေသည်။
“ဟုတ်ကဲ့ပါ မဟာမိတ် ခေါင်းဆောင် ”
ကျန်းရှုရှန်းက သူ့ကို အလုပ်တာဝန် ချမှတ်ပေးပြီး ပျောက်ဆုံး ကောင်းကင် မြို့ပျက်ဆီသို့ သွားရန် သူ့ကြီးမြတ်ရန်ကျုံး ဂိုဏ်းကိုပါ ခေါ်သွားမည်ကို ကြားသောအခါ သက်ပြင်း ချမိလိုက်သည်။
“မဟာမိတ် ခေါင်းဆောင် ကျုပ် ဖန်ကျန်းထျန်းပါ လိုက်ပါရစေ .. ”
အညိုရောင် ဆံပင်နှင့် အမျိုးသားက ဝင်ပြော လိုက်လေ၏။
သူက ဖန်ကျန်းတျန်းကို လေ့လာ ကြည့်လိုက်သည့် အခါ သူ့ကျင့်ကြံဆင့် တိုးတက်လာကြောင်း သိလိုက်ရသည်။ သူက ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့်ကို ချိုးဖျက်၍ စစ်မှန်ခြင်း နတ်ဘုရား အဆင့် ၁ သို့ ရောက်ရှိ သွားလေပြီ။
“ဂိုဏ်းချုပ်ဖန် စစ်မှန်ခြင်း နတ်ဘုရား အဆင့်ကို တက်လှမ်းသွားတဲ့ အတွက် ဂုဏ်ပြုပါတယ်။ အဲဒါဆို လေးယောက်မြောက်လူက ဂိုဏ်းချုပ်ဖန်ပဲ လိုက်ခဲ့ပါတော့။ ဟုတ်ပြီ ... ကျန်တဲ့ ဂိုဏ်းချုပ်တွေက ဂိုဏ်းချုပ်ကျန်းနဲ့ အဖွဲ့အစည်း ခေါင်းဆောင်ယွီတို့ ကာကွယ်ရေး အစီအရင် တပ်ဆပ်တာ တတ်နိုင်သမျှ ကူညီပေးလိုက်ကြပါ ”
မိုဝူကျီက လူတော်တော်များများ ရှေ့ထွက် လာဖို့ရာ ကြံနေသည်ကို မြင်၍ မြန်မြန် ပြောလိုက်ရသည်။ ထိုအရာကို ကြားပြီး ဖန်ကျန်းတျန်းက အံ့ဩ သွားလေသည်။ သူက စစ်မှန်ခြင်း နတ်ဘုရား အဆင့်သို့ တက်လှမ်း သွားသည်မှာ မကြာသေး၍ အခြားသူများ မသိကြသော်လည်း ယွမ်ဒန်အဆင့် ကျင့်ကြံသူ ဖြစ်သည့် မိုဝူကျီက တစ်ချက်တည်းဖြင့် တန်းသိနေလေသည်။
“ဂိုဏ်းချုပ်ဖန် ဂုဏ်ပြုပါတယ် .... ”
ဖန်ကျန်းတျန်းက စစ်မှန်ခြင်း နတ်ဘုရား အဆင့် တက်လှမ်း သွားသည်ကို ကြား၍ အခြားသာ ဂိုဏ်းချုပ်များက လာရောက် ဂုဏ်ပြု ကြလေသည်။
ထို့နောက် မိုဝူကျီက ထရပ်ကာ
“ဒီကိစ္စက နှောင့်နှေးနေလို့ မရဘူး။ ဂိုဏ်းချုပ်ကျန်းနဲ့ အဖွဲ့အစည်း ခေါင်းဆောင်ယွီတို့က ကာကွယ်ရေး အစီအရင် တပ်ဆင်ဖို့ မြန်မြန် ပြင်ဆင်ထားလိုက်တော့။ ဂိုဏ်းချုပ်ဖုန်း၊ လက်ရုံးရှင်း၊ ဂိုဏ်းချုပ်ဖန်နဲ့ အကြီးအကဲဖုန်း ကျုပ်တို့က အခုပဲ ပျောက်ဆုံး ကောင်းကင်မြို့ပျက်ကို သွားကြမယ်”
ပျောက်ဆုံး ကောင်းကင်မြို့ပျက်
ဤနေရာကို ဝင်ရောက်သူများ အတွက် သေဆုံး နိုင်ခြေ အတော်လေး မြင့်မား လှသော်လည်း ဝင်ရောက် သွားလာ နေကြသူများ ရှိကြသေးလေ၏။ ဒြပ်ငါးမျိုး ကင်းမဲ့နယ် ဖွင့်သည့်အခါမှ ဤနေရာသို့ လာရောက်သူမှာ နည်းသွားခြင်း ဖြစ်သည်။
အားလုံးသည် အပြင်ဘက်တွင် ရှိနေသော ဈေးမှ တစ်ဆင့် ပျောက်ဆုံး ကောင်းကင်မြို့ပျက်သို့ ဝင်ကြရသည်။ ထို့အပြင် ဈေးမှာ ပွင့်လင်းမြင်သာ တစ်ခု ဖြစ်ပြီး နောက်တစ်ဖက်မှာ မှောင်ခိုဈေး ဖြစ်၏။ ပွင့်လင်းမြင်သာ ဖွင့်ထားသော ဈေးကို ထိန်းချုပ်သူမှာ ကောင်းကင်မြို့ပျက် မဟာမိတ် ဖြစ်ပြီး မှောင်ခိုဈေးကို ထိန်းချုပ်ထားသူမှာ သခင်မန်သာ ဖြစ်လေသည်။
မူလက မှောင်ခိုဈေးကွက်ရှိ လူအရေအတွက်သည် အတော်လေး နည်းပါးသော်လည်း ဒြပ်ငါးမျိုး ကင်းမဲ့နယ် ဖွင့်လိုက်စဉ်မှ စတင်၍ ပို၍ နည်းပါးသွားလေသည်။ သူ့မှောင်ခိုဈေးတွင် လူဦးရေ များပြား လာစေရန် သခင်မန်က ကြော်ငြာခြင်းများ မပြုလုပ်ဘဲ နေ၍ မရတော့ပေ။
နှစ်ဖက်လုံးတွင် ညီတူညီမျှ ဖြစ်လာပြီး ယှဉ်ပြိုင်မှုက ပို၍ အရှိန်မြင့်လာ လေသည်။ ပျောက်ဆုံး ကောင်းကင်မြို့ပျက် အပြင်ဘက် ဈေးကွက်အတွက် မကြာခဏ ဖြစ်ပျက်နေသည့် ပဋိပက္ခ များကြောင့် ဤနေရာကို ထိန်းမနိုင် သိမ်းမရ ဖြစ်လေ့ ရှိသည်။
မိုဝူကျီက ပျောက်ဆုံး ကောင်းကင်မြို့ပျက် ဈေးဆီ ရောက်လာသောအခါ ပျောက်ဆုံး ကောင်းကင်မြို့ပျက် မဟာမိတ် အဖွဲ့သားများနှင့် သခင်မန် လူများက ထိပ်တိုက် တွေ့နေကြလေသည်။
“နောက်ဆုတ်စမ်း …”
ကောင်းကင်မြို့ပျက် မဟာမိတ်အဖွဲ့မှ လူတစ်ယောက်က မိုဝူကျီက သူတို့နှစ်ဖက်ကြား လျှောက်လှမ်း လာသည်ကို မြင်သောအခါ အော်လိုက်လေသည်။
သို့သော်လည်း သူ့စကား မဆုံးခင်တွင် ကောင်းကင်မြို့ပျက် မဟာမိတ် ခေါင်းဆောင် အူရှီချန်းဆီမှ လက်ဖဝါး ချက်ကြောင့် လွင့်စဉ် သွားလေသည်။ သူက သူ့ခေါင်းဆောင် အဘယ်ကြောင့် ရိုက်လိုက်သည်ကို မသိသေးခင် သူ့ခေါင်းဆောင်က ဝင်ရောက်လာသော လူငယ်အား လေးလေးစားစား နှုတ်ဆက ်နေသည်ကို မြင်လိုက်ရ၏။
“ကောင်းကင်မြို့ပျက် မဟာမိတ်ရဲ့ အူရှီချန်းက မဟာမိတ် ခေါင်းဆောင်ကို နှုတ်ဆက်ပါတယ်”
အူရှီချန်းက နှိမ့်ချစွာ ပြောလိုက်သည်။ မိုဝူကျီသည် မဟာမိတ် ခေါင်းဆောင် ဖြစ်ပြီး သူလည်း မဟာမိတ် ခေါင်းဆောင် ဖြစ်သော်လည်း ဂိုဏ်းတစ်ရာ မဟာမိတ် ခေါင်းဆောင်နှင့် ယှဉ်လိုက်လျှင် ပုရွက်ဆိတ် သာသာမျှသာ ရှိလေသည်။
ယခင်က သူသည် ဒြပ်ငါးမျိုး ကင်းမဲ့နယ်မြို့သို့ သွားမိလိုက်ခြင်းက အလွန် ကံကောင်းပေသည်။ ထို့ကြောင့်သာ ဤလူငယ်လေး ဂိုဏ်းတစ်ရာ မဟာမိတ် ခေါင်းဆောင် ဖြစ်လာကြောင်း မျက်မြင် ကိုယ်တွေ့ ကြုံလိုက်ရခြင်း ဖြစ်သည်။
အူရှီချန်း စကား အဆုံးတွင် မှောင်ခိုဈေးကွက်၏ လုမန်က အလျင်စလို ရှေ့ထွက်လာကာ မိုဝူကျီအား လေးလေးစားစား နှုတ်ဆက်ရင်း ကြိုဆို လိုက်လေသည်။
“လုမန်က မဟာမိတ်ခေါင်းဆောင်ကို နှုတ်ဆက်ပါတယ် ... ”
မိုဝူကျီက သူ့ရှေ့မှ အဖွဲ့လိုက် တိုက်ခိုက်မှုကို မြင်လိုက်ရ၍ ပြောစရာ ရှာမတွေ့ ဖြစ်သွားလေသည်။ ထိုလူများသည် ကျင့်ကြံသူများ ဖြစ်သော်လည်း သူတို့ ပြုမူနေသည့် အမူအရာ များက တစ်စက်လေးမျှ မကိုက်ညီချေ။
“လူစူခွဲကြတော့။ လုမန်နဲ့ အူရှီချင်းပဲ နေခဲ့လိုက်။ ခင်ဗျားတို့ကို မေးစရာရှိတယ် .. ”
မိုဝူကျီက ပုံမှန်အတိုင်း ပြောလိုက်သည်။
ဂိုဏ်းတစ်ရာ မဟာမိတ် ခေါင်းဆောင်က ပြောသောကြောင့် ကောင်းကင်မြို့ပျက်၏ အူရှီချန်း ပင် ဖြစ်ဖြစ်၊ သခင်မန်ပင် ဖြစ်ဖြစ် မည်သူကမျှ သူ့အား မဆန့်ကျင်ရဲကြပေ။ ထို့ကြောင့် သူတို့လူများကို ထွက်သွားရန် အမိန့် ပေးလိုက်ကြသည်။ ဖုန်းကျန့်ချိုးနှင့် အခြားလူများက မိုဝူကျီဘေးတွင် ရှိမနေ လျှင်ပင် နှစ်ယောက်လုံးက သူ့အား မလေးမစား မပြုမူရဲပေ။
ဂိုဏ်းတစ်ရာ မဟာမိတ် အဆင့်ဇယားတွင် အဆင့်တစ် ရထားသည်ကို ကြည့်ခြင်း အားဖြင့် သူသည် အူရှီချန်းနှင့် လုမန်တို့ ရန်စနိုင်သောသူ မဟုတ်ချေ။
“လုမန် ... ခင်ဗျားကို မေးရဦးမယ်။ မှောင်ခိုဈေးကွက်ထဲက ရိုးရိုးလေး ချီဆိုင်ကို သိထားလား။ သူက အခု ဘယ်မှာလဲ။ သူက ဘယ်က ရောက်လာတာလဲ ...”
မိုဝူကျီက ဤနေရာကို ရိုးရိုးလေး ချီကြောင့် ရောက်လာခြင်း မဟုတ်သော်လည်း ရောက်ရှိလာသည့် အတွက် သိအောင် ကြိုးစား ကြည့်ရမည်။
လုမန်က အလျင်အမြန် ပြန်ဖြေလိုက်လေသည်။
“မဟာမိတ် ခေါင်းဆောင်ကို တင်ပြရမယ် ဆိုရင် ရိုးရိုးလေးချီ ဒီမှာ ရှိနေတာက နှစ် ၂၀ လောက် ရှိပါပြီ။ သူက ဘယ်နေရာက လာတာတော့ မသိပေမဲ့ လွန်ခဲ့တဲ့ နှစ်အနည်းငယ် တုန်းက သူက သူ့ဆိုင်ထဲမှာ သေဆုံး သွားပြီ။ အဲဒါကြောင့် ဆိုင်ကို ကျုပ် ပိတ်ထားလိုက်တာ ... ”
မိုဝူကျီက ထိုမျှ မရိုးရှင်းမှန်း သိ၍ ထပ်မမေးမြန်း တော့ပေ။ ရိုးရိုးလေးချီ တစ်ယောက် သူ့ဆိုင်ထဲတွင် သေဆုံးနေခြင်းက လုမန်ကဲ့သို့ လူမျိုးအတွက် ယုံကြည်ဖို့ရာ ဖြစ်နိုင်လေသည်။
“ပျောက်ဆုံး ကောင်းကင်မြို့ပျက်ထဲ လတ်တလော တစ်ခုခု ထူးခြားတာ ရှိသေးလား ... ”
ဤမေးခွန်းကား လုမန်နှင့် အူရှီချန်းတို့ နှစ်ယောက်လုံးကို ရည်ညွှန်းခြင်း ဖြစ်လေသည်။
“ရှိတယ် ...”
နှစ်ယောက်လုံးက မိုဝူကျီ မေးခွန်း ဆုံးသည်နှင့် ဆက်တိုက်ဆိုသလို ဖြေလိုက်ကြသည်။
“ဘာဖြစ်တာလဲ။ သေချာပြော ... ”
မိုဝူကျီက ကိစ္စများကို စုံစမ်းရန် ရောက်လာခြင်းသာ ဖြစ်သော်လည်း အမှန်တကယ် ကြားသိ ရလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။ အူရှီချင်းက အရင်ဦးစွာ ဖြေလိုက်သည်။
“လွန်ခဲ့တဲ့ ခြောက်ရက်တုန်းက ပျောက်ဆုံး ကောင်းကင်မြို့ပျက် အနက်ပိုင်းမှာ ကောင်းကင်ကနေ အစိမ်းရောင် မီးတောက်ကို မြင်လိုက်ရတယ်။ မီးတောက်က မီတာ ရာချီပြီးတော့ မြင့်မားတာ ဆိုတော့ ကောင်းကင် တစ်ခွင်လုံး အစိမ်းရောင် လွှမ်းခြုံ ထားသလိုပဲ ... ”
“ဘယ်လို ဖြစ်လာတာလဲ ဆိုတာရော သိကြလား .... ”
မိုဝူကျီက ဆက်မေးလိုက်သည်။
အူရှီချင်းက ခေါင်းခါပြလိုက်ပြီး ပြန်ဖြေလိုက်သည်။
“မသိသေးဘူး။ အဲဒီနေရာက ပျောက်ဆုံး ကောင်းကင်မြို့ပျက် အတွင်းပိုင်းမှာ ရှိတာဆိုတော့ တစ်ယောက်မှ မသွားရဲကြဘူး။ သွားရင် သေဖို့က သေချာနေတာ ... ”
လုမန်က သူမပြောရ သေးသည်ကို မြင်၍ ဝင်ပြောလိုက်သည်။
“ကျုပ်က အဲဒီ မီးတောက် တည်နေရာကို မှတ်မိတယ်။ မိုးသောက်ယံကြယ် ပေါ်လာတ ဲ့နေရာမှာပဲ ... ”
မိုးသောက်ယံကြယ် ဆိုသည်မှာ မိုးသောက်ယံ မနက်ခင်းတွင် ထွက်ပေါ်လာသည့် ကြယ်ဖြစ်ပြီး လုမန်က သူ့စကား တစ်ခွန်းတည်းဖြင့် တည်နေရာကို ယေဘုယျကို ညွှန်းပြ နိုင်လိုက်သည်။
ထိုအရာကို ကြားပြီး မိုဝူကျီက ပြောလိုက်သည်။
“တကယ်လို့ ခင်ဗျားတို့က ပျောက်ဆုံး ကောင်းကင်မြို့ပျက် ဈေးကွက်ကို ဆက်တိုက် ဆိုသလို သောင်းကျန်း နေရင် မကြာခင် ကွယ်ပျောက် သွားလိမ့်မယ်။ အခုချိန်က စပြီးတော့ ဒီနေရာလည်း ဂိုဏ်းတစ်ရာ မဟာမိတ် အဖွဲ့ရဲ့ စီရင်မှု အောက်မှာ ရှိမယ် ...
လုမန် ... ခင်ဗျားက ကျုပ်အမိန့်ကို ပြန်ဖြန့်ပြီးတော့ ဒြပ်ငါးမျိုး ကင်းမဲ့နယ်က ဂိုဏ်းတစ်ရာ မဟာမိတ် အဖွဲ့ကို သတင်း သွားပို့ရမယ်။ ပြီးရင် အူရှီချင်းနဲ့ အတူတူ ပျောက်ဆုံး ကောင်းကင်မြို့ပျက် ပြန်လည် တည်ဆောက်ဖို့ ကူညီပေးရမယ်။ အဲဒါတွေ ပြီးသွားရင် ခင်ဗျားတို့ နှစ်ယောက်လုံး ရာထူးကိုယ်စီ ရပြီးတော့ ဒီနေရာမှာ ဆိုင်ဖွင့် နိုင်မယ်။ ပျောက်ဆုံး ကောင်းကင် စီးပွားရေး အတွက်တော့ အားလုံးကို ဂိုဏ်းတစ်ရာ မဟာမိတ် အဖွဲ့က စီမံ ပေးလိမ့်မယ် ... ”
“ဟုတ်ကဲ့။ မဟာမိတ် ခေါင်းဆောင် အမိန့်အတိုင်း လိုက်နာပါ့မယ် ... ”
အူရှီချင်းနှင့် လုမန်တို့က စိုးစဉ်းမျှ သဘောမတူညီမှုကို မပြရဲကြပေ။
နှစ်ယောက်လုံးက အသည်းအသန် တိုက်ခိုက် ကြသော်လည်း အဆုံးသတ်တွင် မိုဝူကျီဆီမှ စကားလေး တချို့ဖြင့် ဤနေရာကား ဂိုဏ်းတစ်ရာ မဟာမိတ် လက်အောက်သို့ ရောက်ရှိသွားလေပြီ။ သူတို့က ပြန်လည်ခုခံ မပြောဆိုနိုင်ရုံသာ မက သူတို့က ပျောက်ဆုံး ကောင်းကင်မြို့ကို ပြန်လည် တည်ဆောက်ဖို့ရာ အားစိုက် ထုတ်ရဦးမည် ဖြစ်၏။
ပျောက်ဆုံးကောင်းကင် မြို့ပျက်မှ ကိစ္စများအား စကား အချို့ဖြင့် ဖြေရှင်းပြီးနောက် မိုဝူကျီက စစ်မှန်ခြင်း နတ်ဘုရား အဆင့် ကျင့်ကြံသူ လေးယောက်ကို ဦးဆောင်၍ ပျောက်ဆုံးကောင်းကင် မြို့ပျက် အတွင်း ပိုင်းမှ မိုးသောက်ယံကြယ် ရှိရာဆီသို့ ဝင်သွားကြလေသည်။
***