← Chapters

စန့်ချင်အဆက်အနွယ်ဓားသိုင်းပညာ

Vol. 54 Ch. 752

စန့်ချင်အဆက်အနွယ်ဓားသိုင်းပညာ

Vol. 54 Ch. 752

အခန်း (၇၅၂) စန့်ချင်အဆက်အနွယ်ဓားသိုင်းပညာ

လင်ဟန့်ဟွာက မေးခွန်းထုတ်လိုက်ခြင်းဖြစ်သော်လည်း အတိအကျပြောနေသည့်အလား ရန်ကျောက်ကဲကို သံသယမရှိ စူးစိုက်ကြည့်နေသည်။

ရန်ကျောက်ကဲ အနည်းငယ်အံ့အားသင့်သွားပြီး တစ်ခဏအတွင်းမှာပင် သူ့စိတ်ထဲ အတွေးပေါင်းများစွာ ဖြတ်သန်းသွားသည်။

တိဟွမ်မြေကမ္ဘာဧကရာဇ်က စန့်ချင်အဆက်အနွယ်များ အထက်ဘုံကမ္ဘာတွင် ခြေချရန်တားမြစ်ထားကြောင်း သိရှိပြီးနောက် ၊ တိကျသောအကြောင်းရင်း မသိရသည့်တိုင် ရန်ကျောက်ကဲက အလေးအနက်ထားဆဲ ဖြစ်သည်။

လင်ပေါင်ထျန်းကျွင်း၏ နတ်ဘုရားသုတ်သင်ဓားသိုင်း (၄)မျိုးတွင် အလှည့်အပြောင်း အကောင်းဆုံးဖြစ်သော ‘နတ်ဘုရားအဆုံးသတ်ဓားသိုင်း’ ကို ရန်ကျောက်ကဲ ကျင့်ကြံခဲ့၏။ သို့သော် ထိုဓားသိုင်းအသုံးပြုရာတွင် ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ထားခဲ့သဖြင့် တိုက်ပွဲကို ဘေးမှကြည့်ရှုရုံဖြင့် ထိုဓားသိုင်းအသုံးပြုနေကြောင်း အခြားသူများ သိရှိရန် ခက်ခဲသည်။

အထူးသဖြင့် ရန်ကျောက်ကဲက ပကတိမိုးကြိုးစွမ်းအားကို အကာအကွယ်အဖြစ် အသုံးပြုခဲ့ရာ အခြားသူများ ရိပ်မိရန် ပိုမိုခက်ခဲသွားစေသည်။

ခန်းဖင်းက တန်ခိုးစွမ်းအားမြင့်မားသူဖြစ်ပြီး ဗဟုသုတလည်းကြွယ်ဝသည်။ သူ၏ အသိပညာနှင့်အမြင်များက လင်ဟန့်ဟွာလောက်မတော်လျှင်တောင် နိမ့်ကျမည် မဟုတ်ပေ။

ထို့ပြင် သူက ရန်ကျောက်ကဲနှင့် ကိုယ်တိုင်ကိုယ်ကျ တိုက်ခိုက်ခဲ့သူဖြစ်ပြီး ရန်ကျောက်ကဲ၏ ဓားစွမ်းထက်မြက်မှုဖြင့် ထိတွေ့ကာ ထိပ်တိုက်ရင်ဆိုင်ခဲ့ရသူ ဖြစ်သည်။

ခန်းဖင်းသည်ပင် သဲလွန်စကို သတိမထားမိလျှင် ဘေးမှရပ်ကြည့်နေသော လင်ဟန့်ဟွာက ‘နတ်ဘုရားအဆုံးသတ်ဓားသိုင်း’ ကို မည်သို့သိရှိရပါသနည်း။

လင်ဟန့်ဟွာက အမှန်တကယ် သိရှိခြင်းမရှိဘဲ အနည်းငယ်သော အာရုံခံစားမှုကြောင့်သာ မှန်းဆထင်ကြေးပေးခြင်း ဖြစ်နိုင်ပါသလား။

သို့မဟုတ် သူ့ထံမှ စကားနှိုက်ရန် စကားလမ်းကြောင်းကာ လှည့်စားနေခြင်းလား။

ရန်ကျောက်ကဲစိတ်ထဲ လျှင်မြန်စွာတွေးတောနေချိန် လင်ဟန့်ဟွာက စကားဆက်ပြောလာသည်။

“နတ်ဘုရားအဆုံးသတ်ဓားသိုင်းကို ဘယ်သူ့ဆီက သင်ယူခဲ့တာလဲ”

ဤမေးခွန်းကိုကြားသည်နှင့် လင်ဟန့်ဟွာက စကားနှိုက်ရန်အတွက် ရမ်းသမ်းပြောဆိုခြင်းမဟုတ်ကြောင်း ရန်ကျောက်ကဲ နားလည်လိုက်သည်။

လင်ဟန့်ဟွာအနေဖြင့် သူအသုံးပြုခဲ့သော နတ်ဘုရားအဆုံးသတ်ဓားဝိညာဉ်ကို အမှန်တကယ် သိရှိခဲ့ခြင်း ဖြစ်၏။

သူ မည်သို့ သိရှိပါသနည်း။

ရန်ကျောက်ကဲမျက်ဝန်းထဲ အလင်းရောင်တစ်ချက် လင်းလက်သွားသည်။

ဖြစ်နိုင်ခြေတစ်ခုရှိသည်မှာ လင်ဟန့်ဟွာသည်လည်း စန့်ချင်အဆက်အနွယ်ဓားသိုင်းကို ကျင့်ကြံနေသူဖြစ်ပြီး ထိုဓားသိုင်းကလည်း ရန်ကျောက်ကဲ ကျင့်ကြံသည့် ‘နတ်ဘုရားအဆုံးသတ်ဓားသိုင်း’ ပင် ဖြစ်ရမည်။

ရန်ကျောက်ကဲက ပြုံးရင်း...

“ဓားဘုရင်က တကယ်အမြင်စူးရှတာပဲ ၊ ကျွန်တော် အောက်ဘုံကမ္ဘာမှာနေခဲ့တုန်းက လင်ပေါင်ထျန်းကျွင်းရဲ့ ဓားသိုင်း (၄)မျိုးထဲက ‘နတ်ဘုရားအဆုံးသတ်ဓားကျမ်း’ ကို မထင်မှတ်ဘဲ ရရှိခဲ့တယ် ၊ ဒီလိုထိပ်တန်းဓားသိုင်းတစ်ခု ရရှိခဲ့တော့ ဒီ ‘ရန်’ လည်း အပျော်လွန်ပြီး မနေနိုင်ဘဲ ကျင့်ကြံခဲ့မိတယ် ၊ အထက်ဘုံကမ္ဘာကိုရောက်လာမှ တိဟွမ်မြေကမ္ဘာဧကရာဇ်ရဲ့အမိန့်အကြောင်း ကြားသိခဲ့ရတာပါ”

“တကယ်တော့ ကျွန်တော်က စန့်ချင်အဆက်အနွယ်တစ်ယောက် မဟုတ်ပါဘူး ၊ ဓားဘုရင် ဒီအကြောင်းကို ဘယ်သူ့မှမပြောဖို့ တောင်းဆိုချင်ပါတယ် ၊ ဒီ ‘ရန်’ က ကျေးဇူးတင်နေမှာပါ”

လင်ဟန့်ဟွာက ရန်ကျောက်ကဲကို အချိန်အတန်ကြာအောင် နက်ရှိုင်းစွာအကဲခတ်နေပြီးမှ...

“မင်းရဲ့ နတ်ဘုရားအဆုံးသတ်ဓားသိုင်းက ယွိချင်အဆက်အနွယ်ဖြစ်တဲ့ တောက်ရှင်ထျန်းကျွင်းဆီက လက်ဆင့်ကမ်းလာတာ မဟုတ်ဘူး ၊ လင်ပေါင်ထျန်းကျွင်းရဲ့ စစ်မှန်တဲ့ စန့်ချင်အဆက်အနွယ်ဓားသိုင်းပဲ”

လွန်ခဲ့သောနှစ်ပေါင်းအသင်္ချေက “နတ်ဘုရားများတိုက်ပွဲ” တွင် လင်ပေါင်ထျန်းကျွင်း၏ ဒဏ္ဍာရီလာ နတ်ဘုရားသုတ်သင်ဓားသိုင်း (၄) မျိုးသည် ယွိချင် အဆက်အနွယ်များလက်ထဲ ကျရောက်သွားခဲ့ဖူးသည်။

“နတ်ဘုရားအဆုံးသတ်ဓားသိုင်း” က “ရှေးဦးတည်ရှိခြင်း၏အရှင်သခင်” ယွမ်စီထျန်းကျွင်း၏ တပည့်ဖြစ်သော ‘တောက်ရှင်ထျန်းကျွင်း’ လက်ထဲသို့ ရောက်ရှိသွားခဲ့၏။

ထိုသို့ဖြင့် ‘နတ်ဘုရားအဆုံးသတ်ဓားသိုင်း’ သည် ယွိချင်အဆက်အနွယ်ဆီသို့ စီးဆင်းဝင်ရောက်သွားခဲ့သည်။

သို့သော် ယွိချင်အဆက်အနွယ်ဓားသိုင်းနှင့် စန့်ချင်အဆက်အနွယ်ဓားသိုင်းက အနည်းငယ် ကွဲပြားမှုရှိသည်။ ထို့ပြင် ‘တောက်ရှင်ထျန်းကျွင်း’ ကိုယ်တိုင်က တပည့်များအား ထိုဓားသိုင်းသင်ပြမပေးခဲ့ပေ။ ထို့ကြောင့် ယွိချင်အဆက်အနွယ်၏ ‘နတ်ဘုရားအဆုံးသတ်ဓားသိုင်း’ မှာ မဟာကပ်ဘေးကြီးမတိုင်ခင်ကတည်းက ပျောက်ကွယ်သွားခဲ့ပြီး အသုံးပြုသူ မရှိတော့ပေ။

တစ်ချိန်တုန်းက ကောင်းကင်ဘုံနန်းတော်စာကြည့်တိုက်တွင် လင်ပေါင်ထျန်းကျွမ်း၏ နတ်ဘုရားသုတ်သင်ဓားသိုင်း (၄)မျိုးကို လင်ပေါင်ဓားသိုင်း (၄)မျိုးအဖြစ် မှတ်တမ်းတင်ထားခဲ့ပြီး အားလုံးက စန့်ချင်အဆက်အနွယ် အစစ်အမှန်ဓားသိုင်းများ ဖြစ်ကြ၏။

လင်ဟန့်ဟွာစကားကိုကြားပြီးနောက် ရန်ကျောက်ကဲမျက်ဝန်းများ မှေးစင်းသွားသည်။

‘နတ်ဘုရားအဆုံးသတ်ဓားသိုင်း’ ကို ယွိချင်အဆက်အနွယ်မှဆင်းသက်လာသည်လား ၊ စန့်ချင်အဆက်အနွယ်မှဆင်းသက်လာသည်လား ခွဲခြားရန်မှာ အလွန်တရာခက်ခဲသောအလုပ်ဖြစ်သည်။

လင်ဟန့်ဟွာက နတ်ဘုရားအဆုံးသတ်ဓားသိုင်းကို တတ်ကျွမ်းခြင်းမရှိပါဟုဆိုလာလျှင် ကောင်ကင်ဘုံမှ နတ်ဘုရားများလည်း ယုံကြည်မည်မဟုတ်သလို သုခဘုံမှ ဗောဓိသတ္တများစွာသည်လည်း ယုံကြည်မည် မဟုတ်ပေ။

လင်ဟန့်ဟွာသည်လည်း စန့်ချင်အဆက်အနွယ်မှ ဆင်းသက်လာသော ‘နတ်ဘုရားအဆုံးသတ်ဓားသိုင်း’ ကို ကျင့်ကြံထားကြောင်း ရန်ကျောက်ကဲအနေဖြင့် သေချာစေသည်။

ဤတွင် မေးခွန်းထုတ်စရာ ရှိလာသည်မှာ ယင်စန်းတောင်ဓားဘုရင် ‘လင်ဟန့်ဟွာ’ သည် အရှေ့တောင် နေဝန်းကောင်းကောင်းကင်ပြည်နယ်တွင်သာမက အထက်ဘုံကမ္ဘာတစ်ခုလုံးတွင် နာမည်ကျော်ကြားသူတစ်ယောက် ဖြစ်၏။

တိဟွမ်မြေကမ္ဘာဧကရာဇ်က လင်ဟန့်ဟွာကို သိရှိမည်အမှန်ပင်။

လင်ဟန့်ဟွာ၏ဓားတာအိုက ပြတ်သားပြီး လွှမ်းမိုးနိုင်စွမ်းမြင့်မားကာ များစွာသောပြိုင်ဘက်များနှင့်လည်း ရင်ဆိုင်ခဲ့ဖူးသည်။ စန့်ချင်အဆက်အနွယ်ဓားသိုင်းပညာကို ကျင့်ကြံထားပြီး ထုတ်ဖော်အသုံးပြုခြင်းမရှိဘဲ အချိန်တိုင်းလျှို့ဝှက်ထားရန် ဖြစ်နိုင်ပါမည်လား။

ယခုတော့ ‘နတ်ဘုရားအဆုံးသတ်ဓားသိုင်း’ ကို မည်သည့်နေရာက သင်ယူခဲ့ပါသနည်းဟု ရန်ကျောက်ကဲ လင်ဟန့်ဟွာကို ပြန်လည်မေးခွန်းထုတ်ချင်မိသည်။

မထင်မှတ်ဘဲသိရှိပြီး ကျင့်ကြံခဲ့သည်ဆိုလျှင် ပြဿနာမရှိပေ။ သို့သော် အကယ်၍ လင်ဟန့်ဟွာက စန့်ချင်အဆက်အနွယ်တစ်ယောက်ဖြစ်နေသည်ဆိုပါက မယုံကြည်စရာကိစ္စတစ်ခု ဖြစ်လာပေမည်။

လင်ဟန့်ဟွာက စန့်ချင်အဆက်အနွယ်တစ်ယောက်ဆိုလျှင် သူ၏ဆရာဖြစ်သည့် အရှေ့တောင်ထိပ်တန်းအရှင်သခင်ကရော မည်သို့ရှိမည်နည်း။

ဧကရာဇ် (၃)ပါး ၊ အုပ်စိုးရှင် (၅)ပါး ၊ နယ်မြေ (၁၀)ခု၏ အရှင်သခင်များက ဤအထက်ဘုံကမ္ဘာကို ခွဲဝေအုပ်ချုပ်ကြသည်။

ဟွမ်တိမြေကမ္ဘာဧကရာဇ်သည် အရှေ့တောင်ထိပ်တန်းအရှင်သခင်၏ နောက်ခံကို သတိမပြုမိသည်မှာ မဖြစ်နိုင်ပေ။ အရှေ့တောင်ထိပ်တန်းအရှင်သခင်သာ စန့်ချင်အဆက်အနွယ်ဆိုလျှင် လက်ရှိနေရာသို့ မည်သည့်နည်းနှင့်မှ ရောက်လာစရာ အကြောင်းမရှိပေ။

အရှေ့တောင်ထိပ်တန်းအရှင်သခင်က သူ မည်သူမည်ဝါဖြစ်ကြောင်း လျှို့ဝှက်ထားခြင်းလား ၊ သို့မဟုတ် လင်ဟန့်ဟွာအကြောင်း ဟွမ်တိမြေကမ္ဘာဧကရာဇ်နားလည်ခွင့်လွှတ်ပေးနိုင်မည့် အခြားလျှို့ဝှက်ချက်တစ်ခု ရှိနေသည်လား။

သို့မဟုတ် လင်ဟန့်ဟွာက သူ၏မူလဆရာဖြစ်သော စန့်ချင်အဆက်အနွယ်ကို သစ္စာဖောက်ပြီး အရှေ့တောင်ထိပ်တန်းအရှင်သခင်ကို ဆရာအဖြစ် ကိုးကွယ်ခဲ့ခြင်းလား။

ဖြစ်နိုင်ခြေများစွာရှိပြီး အခြေအနေက ပြောရခက်သည်။ လင်ဟန့်ဟွာ၏ လက်ရှိ သဘောထားနှင့်ရည်ရွယ်ချက်ကလည်း ခန့်မှန်းရခက်သည်။

သူက ရန်ကျောက်ကဲကိုကူညီပြီး ခန်းဖင်းကို ဟန့်တားပေးခဲ့သော်လည်း ရန်ကျောက်ကဲအနေဖြင့် ယင်စန်းတောင်ဓားဘုရင်ကိုသတိထားရမည် အမှန်ပင်။ သတိလက်လွတ်နေ၍ မဖြစ်ပေ။

စိတ်ထဲတွင် မရေမတွက်နိုင်သောအတွေးများစွာ ပြေးလွှားနေသည့်တိုင် ရန်ကျောက်ကဲမျက်နှာအမူအရာက အပြောင်းအလဲမရှိ ပုံမှန်ပင် ဖြစ်၏။

သူက ပြုံးလိုက်ရင်း...

“အခုလိုပြောပြတာ ကျေးဇူးတင်ပါတယ် ဓားဘုရင် ၊ အရင်က ဒီအကြောင်းတွေကို တကယ်မသိခဲ့ပါဘူး”

လင်ဟန့်ဟွာက ရန်ကျောက်ကဲကို ခဏမျှအကဲခတ်နေပြီးမှ...

“ဟွမ်တိမြေကမ္ဘာဧကရာဇ်ရဲ့ အမိန့်ကို မင်းလည်းသိထားတာပဲလေ ၊ ခပ်ပေါ့ပေါ့သဘောမထားစေချင်ဘူး”

ရန်ကျောက်ကဲက လေးနက်စွာဖြင့် ...

“ကျွန်တော် နားလည်ပါတယ်”

လင်ဟန့်ဟွာ ခေါင်းညိတ်လိုက်သည်။

ထို့နောက် သူက ထိုအကြောင်းဆက်မပြောတော့သလို ရန်ကျောက်ကဲအား ကာကွယ်ပေးရသည့်အကြောင်းရင်းကိုလည်း ပြောမပြခဲ့ပေ။

ထိုအစား သူက စကားလမ်းကြောင်းပြောင်းလိုက်၏။

“ခန်းဖင်းက မင်းကိုသတ်ဖို့ လက်လျှော့မှာ မဟုတ်သေးဘူး ၊ လောလောဆယ်တော့ ငါနဲ့ ဂိုဏ်းတူညီလေး’မု’ က သူ့ကိုယာယီဖိအားပေးပြီး တားဆီးထားလိုက်နိုင်တယ် ၊ ဒါပေမဲ့ ကွမ်းမင်ဂိုဏ်းကိစ္စဖြေရှင်းပြီးရင် သူ့လူတွေစုပြီး မင်းကိုလက်လွှဲပေးဖို့ ငါတို့ကိုဖိအားပေးလာတာမျိုးတောင် ရှိနိုင်တယ်”

ရန်ကျောက်ကဲက...

“ကျွန်တော် သတိထားပါ့မယ် ၊ ဒီတစ်ခေါက်ကာကွယ်ပေးတာ ဓားဘုရင်ကို ကျေးဇူးတင်ပါတယ်”

လင်ဟန့်ဟွာက ခေါင်းခါယမ်းရင်း...

“ကိစ္စမရှိပါဘူး”

ထို့နောက် ရန်ကျောက်ကဲ လင်ဟန့်ဟွာကို နှုတ်ဆက်ထွက်ခွာလာခဲ့သည်။ သို့သော် သူက ချက်ချင်းမသွားသေးဘဲ ကောင်းကင်ထက်တွင် မတ်တတ်ရပ်ရင်း အတွေးနက်လျှက် ရှိ၏။

ဖန်းယွင်ရှန်း ၊ အားဟူ ၊ ရှောင်အိုက်တို့အုပ်စုမှာ အသင်္ချေနဂါးနန်းတော်အတွင်းမှ ထွက်လာကြသည်။ သူတို့အားလုံးလည်း ယခုမှစိတ်သက်သာရာရစွာ သက်ပြင်းချနိုင်ကြသည်။

စောစောက သူတို့အားလုံး အသင်္ချေနဂါးနန်းတော်ထဲတွင် ရှိနေခဲ့ကြသည်။

ရန်ကျောက်ကဲအနေဖြင့် ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာသို့ရောက်လာပြီးနောက်ပိုင်း အကြီးမားဆုံးခြိမ်းခြောက်မှုကို ရင်ဆိုင်ခဲ့ရပြီး အောင်မြင်စွာလွတ်မြောက်မည်ဟု မည်သူမှ မထင်ခဲ့ကြပေ။

အားဟူက စိုးရိမ်စိတ်ဖြင့်...

“သခင်လေး... ကျွန်တော်တို့ ဒီနေရာက ထွက်သွားကြတော့မှာလား ၊ အဲဒါဆိုရင် ယင်စန်းတောင်ဓားဘုရင်က ကာကွယ်ပေးနိုင်မှာ မဟုတ်တော့ဘူးနော်”

ရန်ကျောက်ကဲက...

“ခန်းဖင်း ဒီတစ်ခေါက်ရောက်လာတာ ဘာမှပြင်ဆင်မထားဘူး ၊ နောက်တစ်ခါဆိုရင်တော့ ငါတို့အတွက် လွတ်ဖို့သိပ်မလွယ်ဘူး”

သူကဆက်ပြောသည်။

“လင်ဟန့်ဟွာကူညီတာ ငါတို့တွေ ကျေးဇူးတင်ရမယ် ၊ ဒါပေမဲ့ အမြဲတမ်း သူ့ကိုချည်း အားကိုးနေလို့မရဘူး ၊ လူဆိုတာ ကိုယ့်အားကိုယ်ကိုးတာ အကောင်းဆုံးပဲ”

ရန်ကျောက်ကဲက မေးစေ့ကိုပွတ်သပ်ရင်း...

“ပြီးတော့ လင်ဟန့်ဟွာက ငါ့ကိုဘာလို့ကူညီရသလဲဆိုတဲ့ အကြောင်းရင်းကိုလည်း မသိရသေးဘူး”

“ငါတို့တွေ ဒီမှာပဲဆက်နေမယ်ဆိုရင်... ငါတို့ရှိတဲ့နေရာကို ရန်သူကသိနေပြီးသား ဖြစ်သွားမယ် ၊ ဒီတော့ ကိုယ့်ကိုယ်ကိုယ် ထောင်ချောက်ဆင်သလိုဖြစ်နေမှာမို့ ဒီလိုအခြေအနေမျိုးကို ငါ မလိုချင်ဘူး ၊ ပြီးတော့ ဒီနေရာကထွက်သွားရင် အန္တရယ်ရှိတယ်ဆိုပေမယ့်  ငါတို့တွေ လျှို့ဝှက်လှုပ်ရှားနေသရွေ့ ရန်သူက ရှာတွေ့ဖို့လွယ်မှာ မဟုတ်ဘူး”

အားဟူက ခေါင်းညိတ်လိုက်ပြီးနောက် ဝမ်းသာအားရဖြင့် ရယ်မောလိုက်သည်။

“ကွမ်းမင်ဂိုဏ်းတော့ အကြောင်းဆိုးပြီပဲ သခင်လေးရေ ၊ ခန်းဖင်းသာ ကွမ်းမင်ဂိုဏ်းကိုလိုက်သွားလို့ကတော့ သူတို့ဂိုဏ်းမှ မပျက်ဆီးရင် ဘယ်ဂိုဏ်းမှ မပျက်ဆီးတော့ဘူး”

ရန်ကျောက်ကဲက တစ်စုံတစ်ခုကိုတွေးမိဟန် မျက်လုံးများကို ကျဉ်းမြောင်းလိုက်ရင်း...

“ကွမ်းမင်ဂိုဏ်း ကြေကွဲစရာဇာတ်သိမ်းမယ်ဆိုတာ ငါ ကြိုတွက်ထားပြီးသားပါ ၊ ဘယ်တော့ ဒီလိုဖြစ်မလဲဆိုတာသာ မပြောနိုင်ခဲ့တာ ၊ ဒါပေမဲ့ ဒီကိစ္စတွေက သိပ်မရိုးရှင်းဘူး ၊ နောက်ကွယ်ကနေ တစ်ယောက်ယောက်က ငါးမျှားဖို့ကြိုးစားနေသလိုပဲ”

All Chapters