အန္တရယ်များကြားမှ ‘ကွမ်းမင်ဂိုဏ်း’
Vol. 54 Ch. 753
အခန်း (၇၅၃) အန္တရယ်များကြားမှ ‘ကွမ်းမင်ဂိုဏ်း’
“ငါးမျှားတယ် ဟုတ်လား”
အားဟူက ရန်ကျောက်ကဲကို အံ့အားသင့်စွာဖြင့် ကြည့်လိုက်သည်။
ရန်ကျောက်ကဲက...
“လင်ဟန့်ဟွာက ကာကွယ်ပေးခဲ့တဲ့အတွက် ခန်းဖင်းနဲ့ တာ့ရွှမ်မင်းဆက်က ငါ့ကို ဒုက္ခပေးမှာ မဟုတ်သေးဘူး ၊ ဒါပေမဲ့ သူတို့ရဲ့ ဒေါသတွေအားလုံးက ကွမ်းမင်ဂိုဏ်းနဲ့ မြောက်ပင်လယ်ဓားခန်းမအပေါ် ပုံကျသွားမှာပဲ”
“ဒါပေမဲ့ မြောက်ပင်လယ်ဓားခန်းမက နယ်ကျော်လာတဲ့ တောင်ပိုင်းထိပ်တန်းမျိုးနွယ်တပည့်တစ်ယောက်ကို ဖမ်းဆီးတုန်းက အရှေ့တောင်ထိပ်တန်းမျိုးနွယ်တွေကို အကူအညီပေးဖူးတယ် ၊ ဒီတော့ ကျင်းထင်တောင်နဲ့ ဆက်ဆံရေးကောင်းတယ်လို့ ယူဆနိုင်တယ်”
ရန်ကျောက်ကဲက ပခုံးတွန့်ရင်း...
“ကုဟုန်က အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင်ဖြစ်လို့ လင်ဟန့်ဟွာက ဝင်မစွက်ဘူးလို့ ဆိုထားပေမယ့် ခန်းမသခင်’ကု’ သာ ကျင်းထင်တောင်ရဲ့ အကာအကွယ်ကို တောင်းဆိုရတဲ့အထိ ဖိအားပေးခံရရင် ကျင်းထင်တောင်ကလည်း သူတို့ကို လျစ်လျူရှုထားမှာ မဟုတ်ဘူး”
အားဟူက ပြုံးလိုက်ရင်း...
“ဒါဖြင့် ဒီ (၃)ဖွဲ့မှာ တာ့ရွှမ်တိုင်းပြည်ရဲ့ ဒေါသကို ကူညီသူမရှိရင်ဆိုင်ရမှာ ကွမ်းမင်ဂိုဏ်း တစ်ဂိုဏ်းတည်းပဲပေါ့”
ရန်ကျောက်ကဲက အဝေးသို့ လှမ်းမျှော်ကြည့်ရင်း...
“ဆောင်းရာသီးမှာ နှုတ်ခမ်းမရှိဘဲ သွားတွေမရှင်သန်နိုင်သလို သွားမရှိဘဲနဲ့လည်း နှုတ်ခမ်းကမရှင်သန်နိုင်ဘူးတဲ့ ၊ တာ့ရွှမ်တိုင်းပြည်က ကွမ်းမင်ဂိုဏ်းကို အလုံးအရင်းနဲ့တိုက်ခိုက်တဲ့အခါ အားနည်းနေတဲ့ ယိုးမင်ဂိုဏ်းက ကူညီနိုင်မှာမဟုတ်ဘူး ၊ မြောက်ပင်လယ်ဓားခန်းမနဲ့ ကြေးနီကျွန်းတို့ကပဲ ကူညီရလိမ့်မယ် ၊ ဒါပေမဲ့ တာ့ရွှမ်တိုင်းပြည်က မြောက်ပင်လယ်ဓားခန်းမကိုလည်း ပစ်မှတ်ထားတယ်ဆိုတော့ ခန်းမသခင်’ကုဟုန်’လည်း ကြိုတင်ပြင်ဆင်မှုတွေ လုပ်ရမှာပဲ”
အားဟူက သူလည်းထိုအတိုင်းမျှော်လင့်ထားဟန် ခေါင်းညိတ်လိုက်၏။
ကုဟုန်အနေဖြင့် ကျူတောပင်လယ်ဒေသမှ မြောက်ပင်လယ်ဓားခန်းမကို ယူဆောင်သွားနိုင်ခြင်း မရှိသည့်တိုင် အဝေးတစ်နေရာသို့ ထွက်ခွာရွှေ့ပြောင်းရန် ကျင်းထင်တောင်ကို အကူအညီတောင်းနိုင်သည်။
ဆောင်းရာသီတွင် နှုတ်ခမ်းမရှိဘဲ သွားများမရှင်သန်နိုင်သည်ဖြစ်ရာ ကွမ်းမင်ဂိုဏ်း ချေမှုန်းခံရပြီး ယိုးမင်ဂိုဏ်းသည်လည်း အားနည်းနေချိန် မြောက်ပင်လယ်ဓားခန်းမအနေဖြင့် တာ့ရွှမ်တိုင်းပြည်ကို တစ်ယောက်တည်းရင်ဆိုင်ရန် ခက်ခဲမည် ဖြစ်သည်။
ဖန်းယွင်ရှန်းက...
“မြောက်ပင်လယ်ဓားခန်းမနဲ့ ကြေးနီကျွန်းက ကူညီမယ်ဆိုရင်တောင် ကွမ်းမင်ဂိုဏ်းက တောင့်ခံထားနိုင်မယ် မထင်ဘူး”
တာ့ရွှမ်တိုင်းပြည်နှင့် ရင်ဆိုင်ခဲ့သော ယခင်တိုက်ပွဲများတွင် တာ့ရွှမ်ဆန့်ကျင်သူများအနေဖြင့် အရှုံးဖြင့်ရင်ဆိုင်ခဲ့ကြရသော်လည်း ဤမျှလောက် အခြေအနေဆိုးရွားခြင်း မရှိခဲ့ပေ။ ပြီးတော့ ထိုစဉ်က ရှန်လင်ကျီအဆက်အနွယ်မှ ထိပ်တန်းနံပါတ် (၁) တန်ခိုးစွမ်းအားရှင် ခန်းဖင်းက တိုက်ပွဲများတွင် ဝင်ရောက်တိုက်ခိုက်ခြင်း မရှိပေ။
ယခုတော့ အင်အားကွဟချက်များပြားလာသည်နှင့်အမျှ တာ့ရွှမ်တိုင်းပြည် ဆန့်ကျင်သူမဟာမိတ်အဖွဲ့၏ အခွင့်အလမ်းများလည်း ပျောက်ကွယ်ခဲ့ရပြီ ဖြစ်၏။
ရန်ကျောက်ကဲက လက်သုံးချောင်းထောင်လိုက်ပြီး လက်ညှိုးကိုကွေးညွှတ်ကာ ချိုးလိုက်သည်။
“ကွမ်းမင်ဂိုဏ်းဘက်က စဉ်းစားကြည့်မယ်ဆိုရင် ဖြစ်နိုင်ခြေ (၃)ခုရှိတယ် ၊ ပထမတစ်ခုက သူတို့အနေနဲ့ တာ့ရွှမ်တိုင်းပြည်ကို ရင်မဆိုင်ဘဲ ပစ်မှတ်ပြောင်းလိုက်ဖို့ပဲ ၊ အထက်ဘုံကမ္ဘာကိုစွန့်လွှတ်ပြီး ကောင်းကင်အက်ကွဲကြောင်းကနေ အစွန်းရောက်ရှစ်ပါးကမ္ဘာကို အင်အားအလုံးအရင်းနဲ့ ဆင်းသွားဖို့ပဲ”
“တစ်ဂိုဏ်းလုံးက သိုင်းသူတော်စင်တွေ သိုင်းသူတော်စင် တတိယအဆင့်အထိ ကျင့်ကြံခြင်းဖိနှိပ်ပြီး အောက်ဘုံကမ္ဘာကိုဆင်းသွားမယ်ဆိုရင် တာ့ရွှမ်တိုင်းပြည်က အုံနဲ့ကျင်းနဲ့လာရောက်တိုက်ခိုက်တာကို ကျော်လွှားနိုင်လိမ့်မယ်”
သို့သော် ဤသို့စွန့်လွှတ်ရန်မှာ ကွမ်းမင်ဂိုဏ်းအတွက် အတော်လေး ခက်ခဲပေလိမ့်မည်။
တပည့်များအားလုံး ကောင်းကင်အက်ကွဲကြောင်းမှဖြတ်ကျော်သွားရန် ရတနာပစ္စည်းအလုံအလောက် ရှိနိုင်သော်လည်း အထက်ဘုံကမ္ဘာပြန်တက်လာမည်ဆိုလျှင် သိုင်းသူတော်စင် စတုတ္ထအဆင့်မရောက်သေးသော တပည့်များအတွက် အတော်လေး ခက်ခဲပေမည်။
ရန်ကျောက်ကဲက ဒုတိယလက်ချောင်းကို ချိုးလိုက်ရင်း...
“ဒုတိယတစ်ချက်က သူတို့တပည့်တွေကို အကာအကွယ်ပေးနိုင်ဖို့ ဝိညာည်နယ်မြေက နေလတောင်ထွတ်ကိုစွန့်ခွာပြီး ကြေးနီကျွန်းမှာသွားရောက်ပုန်းအောင်းဖို့ပဲ”
ကြေးနီကျွန်း၏ စောင့်ရှောက်သူ (၃)ဦးဖြစ်သော ကြေးနီလူသား (၃)ဦး၏စွမ်းအားက အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင်များနှင့် ညီမျှလေရာ ကျူတောပင်လယ်ဒေသတွင် အားသာချက်အရှိဆုံး မြေပြင်အနေအထားကို ပိုင်ဆိုင်ထားသည်မှာ သံသယရှိစရာ မလိုပေ။
ထိုနေရာတွင် တာ့ရွှမ်ဆန့်ကျင်ရေး မဟာမိတ်တပ်များပူးပေါင်းပြီး တာ့ရွှမ်တိုင်းပြည်ကိုရင်ဆိုင်ရန် အခွင့်အရေး ရှိနိုင်သည်။
သို့သော် ဤပြဿနာက ကွမ်းမင်ဂိုဏ်းတစ်ခုတည်း၏ ပြဿနာမဟုတ်ပေ။ မြောက်ပင်လယ်ဓားခန်းမက သူတို့နယ်မြေကို စွန့်ခွာသွားမည်ဆိုလျှင် ကြေးနီကျွန်းက ပင်မစစ်မျက်နှာ ဖြစ်လာပေလိမ့်မည်။
ရန်ကျောက်ကဲက...
“ရေရှည်အတွက် သုံးသပ်ရရင်တော့ ဒီဖြေရှင်းနည်းက နည်းနည်းကျိုးကြောင်းဆီလျော်တယ် ပြောရမယ် ၊ ဒါပေမဲ့ ကွမ်းမင်ဂိုဏ်းက ဘယ်လိုရွေးချယ်မှုလုပ်မလဲ ပြောရခက်တယ်”
“အကြောင်းရင်းကတော့...”
ရန်ကျောက်ကဲက နှုတ်ခမ်းများကို ပွတ်သပ်လိုက်ရင်း...
“ကြည့်ရတာ ငါနဲ့နည်းနည်းပတ်သက်နေမယ်ထင်တယ်”
ရန်ကျောက်ကဲက ကျင်းထင်တောင်နှင့် ပိုမိုရင်းနှီးလာကာ လင်ဟန့်ဟွာသည်ပင် ခန်းဖင်းနှင့် ထိပ်တိုက်ရင်ဆိုင်ပြီး သူ့ကိုကာကွယ်ပေးခဲ့သည်။
ထို့ကြောင့်ပင် ကွမ်းမင်ဂိုဏ်းက တာ့ရွှမ်တိုင်းပြည်၏ ဒေါသပေါက်ကွဲထွက်ရာပစ်မှတ် ဖြစ်လာခဲ့၏။ ကွမ်းမင်ဂိုဏ်း မည်မျှစိတ်ပျက်လက်ပျက်ဖြစ်မည်လဲ တွေးကြည့်နိုင်သည်။
ကျင်းထင်တောင်က သူတို့ကို ကာကွယ်မပေးဘူးဆိုလျှင် သူတို့အနေဖြင့် အခြားနောက်ခံတစ်ခု မရှာဖွေဘဲ နေပါမည်လား။
တိုက်ဆိုင်စွာပင် ကျူတောပင်လယ်ဒေသတွင် အရှေ့တောင်ထိပ်တန်းမျိုးနွယ်များကဲ့သို့ အင်အားကြီးအုပ်စုတစ်ခု အမှန်တကယ် ရှိနေနိုင်သည်။
ရန်ကျောက်ကဲက နောက်ဆုံးလက်ချောင်းကို ချိုးလိုက်ရင်း...
“နောက်တစ်ချက်က တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်မှာ ခိုလှုံဖို့ပဲ ...”
ထိုစကားကိုကြားတော့ ဖန်းယွင်ရှန်းနှင့် အားဟူတို့ အတွေးနက်နဲသွားကြသည်။
ခဏမျှတုံ့ဆိုင်းနေပြီးမှ အားဟူက...
“သခင်လေး... အဲဒါတော့ မဖြစ်နိုင်ဘူးမဟုတ်လား ၊ သူတို့သာ အဲဒီမှာသွားခိုလှုံမယ်ဆိုရင် အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်ကနေ ထာဝရပျောက်ကွယ်သွားရတော့မှာပေါ့”
ရန်ကျောက်ကဲက ပြုံးရင်း...
“အဲဒါက တောင်ပိုင်း ထိပ်တန်းအရှင်သခင်အပေါ်မှာ မူတည်တယ် ၊ ကျူတောပင်လယ်ဒေသကလည်း တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်နဲ့ နယ်ခြားဒေသ မဟုတ်လား”
အားဟူက...
“အဲဒီလိုသာဖြစ်လာလို့ကတော့ ကျူတောပင်လယ်ဒေသတစ်ခုလုံး ပြောင်းလဲသွားလိမ့်မယ်”
ရန်ကျောက်ကဲက...
“ဖြစ်မလာဘူးလို့ ဘယ်သူပြောနိုင်မလဲ ၊ ကွမ်းမင်ဂိုဏ်းက တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်ရဲ့ ခြေတစ်လှမ်းတိုးမယ့် နယ်ရုပ်တစ်ရုပ် ဖြစ်လာနိုင်တယ် ၊ အဲဒီလိုမလုပ်ဘဲ သူတို့လူတွေ အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်ထဲ ခိုးဝင်နေသရွေ့ အောင်မြင်မှုရမှာ မဟုတ်ဘူး”
သူက ဆက်ပြောသည်။
“ဒါပေမဲ့ ငါသာဆိုရင်တော့ အဲဒီလမ်းကိုရွေးမှာမဟုတ်ဘူး ၊ ဒါပေမယ့် လော့ကျီးထောင်က မရွေးချယ်ဘူးလို့ မပြောနိုင်ဘူးလေ”
ဖန်းယွင်ရှန်းက...
“တစ်ယောက်ယောက်က ငါးမျှားဖို့ကြိုးစားနေသလိုပဲလို့ စောစောကရှင်ပြောလိုက်တာ ၊ ဒါကိုဆိုလိုတာလား”
အားဟူမျက်နှာအမူအရာပြောင်းလဲသွားပြီး...
“ဒါဆို ကွမ်းမင်ဂိုဏ်းက ငါးစား ၊ တောင်ပိုင်း မီးတောက်ကောင်ပြည်နယ်ကလူတွေက ငါး ၊ ငါးမျှားတဲ့သူကတော့ ကျင်းထင်တောင်ပေါ့”
ရန်ကျောက်ကဲ ခေါင်းညိတ်လိုက်သည်။
အားဟူ ကျောထဲစိမ့်သွားမတတ် ခံစားလိုက်ရပြီး...
“အဲဒါ လင်ဟန့်ဟွာလုပ်နေတာလား”
ရန်ကျောက်ကဲက ခေါင်းခါယမ်းရင်း
“မဟုတ်ဘူး... ဟို ‘မု’ မျိုးနွယ်လုပ်နေတာ ၊ သူက ခန်းဖင်း ၊ ချန်ကျိလျန်တို့နဲ့အတူ ကျူတောပင်လယ်ဒေသကို လိုက်လာတာ ၊ တစ်ဖက်က ‘ကောင်းကင်စွမ်းအား’ အစီအရင်တည်ဆောက်တာကို လေ့လာရင်း တစ်ဖက်ကလည်း လင်ဟန့်ဟွာကိုကူညီရင်းနဲ့ တောင်ပိုင်းထိပ်တန်းမျိုးနွယ်တွေ ကျူးကျော်လာတာတဲ့ကိစ္စကို ဖြေရှင်းဖို့ ကြိုးစားနေတာ”
ရန်ကျောက်ကဲစိတ်ထဲတွင် မျက်နှာချိုချိုဖြင့် သဘောကောင်းဟန်ရှိသော မုကျွင်း၏မျက်နှာကို မြင်ယောင်လာသည်။
နှိုင်းယှဉ်ပြောရမည်ဆိုလျှင် လင်ဟန့်ဟွာ၏ ထက်မြက်မှုက ဓားတစ်လက်ပမာ မြင်သာထင်သာရှိပြီး ပေါင်းသင်းဆက်ဆံရ လွယ်ကူသည်။
မုကျွင်းကတော့ ရှေ့တွင် ကိုယ့်အတွက် အလုပ်လုပ်ပေးနေသလိုနှင့် နောက်ကွယ်တွင် သစ္စာဖောက်နေလျှင်ပင် မသိနိုင်သောလူစားမျိုး ဖြစ်၏။ အလွန်ပင် ခန့်မှန်းရခက်သူ ဖြစ်သည်။
ရန်ကျောက်ကဲက...
“အင်း... ဖြစ်နိုင်ခြေတစ်ခု ကျန်သေးတယ်”
သူက ဆက်ပြောသည်။
“မုကျွင်းက ကွမ်းမင်ဂိုဏ်းနဲ့ တိတ်တဆိတ်ပူးပေါင်းပြီး ရည်ရွယ်ချက်ရှိရှိ လှုပ်ရှားဖို့ စီစဉ်ထားတာလည်း ဖြစ်နိုင်တယ် ၊ တာ့ရွှမ်တိုင်းပြည်နဲ့ ကွမ်းမင်ဂိုဏ်းကြား ဖြစ်လာတဲ့ပြဿနာကို အခွင့်ကောင်းယူပြီး တောင်ပိုင်း မီးတောက်ကောင်းကင်ကလူတွေကို လှည့်စားဖို့ကြိုးစားတာ ဖြစ်နိုင်တယ်”
အားဟူက ပြုံးရင်း...
“ဒါဆိုရင်တော့... ကွမ်းမင်ဂိုဏ်းက ဓားသွားပေါ်မှာလမ်းလျှောက်ရသလို ဖြစ်နေမှာပဲ”
ရန်ကျောက်ကဲက ရယ်မောရင်း...
“အမှန်ပဲ ၊ ဒါပေမဲ့ တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်က ငါးစာကိုလာဟပ်ပါ့မလား မသေချာဘူး ၊ ဒါက သွေးဆောင်ဖြားယောင်းမှု တစ်ခုပဲလေ ၊ မုကျွင်းက တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်ရဲ့ ရည်ရွယ်ချက်အမှန်ကို သိချင်လို့ ဒီလိုလုပ်တာ”
အကယ်၍ တောင်ပိုင်း ထိပ်တန်းမျိုးနွယ်များက အရှေ့တောင် နေဝန်းကောင်းကင်နယ်မြေကို ကျူးကျော်ရန် ရည်ရွယ်ချက်မရှိပါက ကွမ်းမင်ဂိုဏ်းအကူအညီတောင်းသည်ကို အရေးစိုက်မည် မဟုတ်ပေ။
အားဟူက...
“သခင်လေး... ဘယ်ဟာက ပိုပြီးဖြစ်နိုင်ခြေများလဲ”
ရန်ကျောက်ကဲက...
“ပြောဖို့ခက်တယ် ၊ ဒါတွေအားလုံးက ငါ့ရဲ့မှန်းဆချက်ပဲလေ ၊ အတည်ပြုလို့မရသေးဘူး”
သူက ဆက်ပြောသည်။
“ငါတို့တွေ အခု ကွမ်းမင်ဂိုဏ်းကို တစ်ချက်လောက်သွားကြည့်ကြတာပေါ့”
ပြောပြီးသည်နှင့် ရန်ကျောက်ကဲတို့အုပ်စု အသေင်္ချနဂါးနန်းတော်အတွင်း ဝင်ရောက်လိုက်ကြပြီး ပင်လယ်ရေအောက်မှ လျှို့ဝှက်စွာ ခရီးထွက်ခဲ့ကြသည်။ သူတို့ဦးတည်ရာက ကွမ်းမင်ဂိုဏ်းဌာနချုပ်တည်ရှိရာ ဝိညာဉ်နယ်မြေ ၊ နေလတောင်ထွတ်သို့ ဖြစ်လေ၏။
ခရီးနှင်ရင်း ရန်ကျောက်ကဲက ရှောင်အိုက်ကို မေးလိုက်သည်။
“ရှောင်အိုက်... မင်း အမေနဲ့အတူနေတုန်းက စန့်ချင့်အဆက်အနွယ်တွေအကြောင်း ကြားဖူးတာရှိလား”
ရန်ကျောက်ကဲက ဖန်းယွင်ရှန်း ၊ အားဟူတို့နှင့်အတူ ကွမ်းမင်ဂိုဏ်းနှင့် မုကျွင်းတို့အကြောင်း ပြောဆိုနေစဉ် ရှောင်အိုက်က စိတ်မဝင်စားခဲ့ပေ။
ယခု ရန်ကျောက်ကဲ မေးခွန်းထုတ်လာတော့မှ သူမက စိတ်အာရုံ စုစည်းလိုက်သည်။
ခဏမျှစဉ်းစားပြီးနောက် ရှောင်အိုက်မျက်ဝန်းများ တောက်ပသွားပြီး...
“ဟုတ်... ရှိတယ်”