ယင်နှင့်ယန်ယှဉ်တွဲလျှက်တဖြည်းဖြည်းတိုးတက်လာ
Vol. 54 Ch. 754
အခန်း (၇၅၄) ယင်နှင့်ယန်ယှဉ်တွဲလျှက်တဖြည်းဖြည်းတိုးတက်လာ
“အရင်တုန်းက ဒီအစေခံနဲ့ သခင်မလေးတို့ ရောက်တက်ရာရာ စကားပြောကြရင်း အထက်ဘုံကမ္ဘာကို စန့်ချင်အဆက်အနွယ်တွေ ခြေချခွင့်မပေးဘူးလို့ တိဟွမ်မြေကမ္ဘာဧကရာဇ် အမိန့်ထုတ်ခဲ့တဲ့အကြောင်း ရောက်သွားဖူးတယ်”
ရှောင်အိုက်က ပြန်စဉ်းစားရင်း ပြောပြသည်။
“သခင်မလေး ပြောတာတော့ အထက်ဘုံကမ္ဘာမှာ စန့်ချင်အဆက်အနွယ်တွေရှိတယ်လို့ ကြားဖူးတယ်တဲ့ ၊ အဲဒီလူက ဘယ်သူဘယ်ဝါဆိုတာမသိရဘဲ သိုသိုသိပ်သိပ်နေလွန်းလို့ သခင်မလေးတောင် ကြားဖူးရုံပဲကြားဖူးပြီး အသေးစိတ်မသိဘူးတဲ့ ၊ ဒါပေမဲ့ အဲဒီလူနေထိုင်တာကို ဟွမ်တိမြေကမ္ဘာဧကရာဇ်က တိတ်တိတ်လေး လျှို့ဝှက်ခွင့်ပြုထားတဲ့ပုံပဲ”
ထိုစကားကိုကြားတော့ အားဟူ ဘာပြောရမှန်းမသိ ဖြစ်သွားသည်။
“ဒါဆိုရင် တိဟွမ်မြေကမ္ဘာဧကရာဇ်က ကိုယ့်ပါးကိုယ်ပြန်ရိုက်သလို ဖြစ်မနေဘူးလား ၊ ဒါမှမဟုတ် အဲဒီလူက တိဟွမ်မြေကမ္ဘာဧကရာဇ် သတိထားရလောက်တဲ့အထိ အစွမ်းထက်လို့လား”
ရန်ကျောက်ကဲက ခေါင်းခါယမ်းရင်း...
“တိဟွမ်မြေကမ္ဘာဧကရာဇ်ရဲ့အမိန့်ဆိုတာ စက္ကူပေါ်မှာဆွဲထားတဲ့ ကျားရုပ်မဟုတ်ဘူး ၊ ဧကရာဇ်ရဲ့ အမိန့်ကို ပေါ့ပေါ့တန်တန် ချိုးဖောက်လို့မရဘူးဆိုတာ သိတဲ့အတွက် ဒီလူက လျှို့ဝှက်ပြီး သိုသိုသိပ်သိပ်နေထိုင်တာပဲ”
သူက ဆက်ပြောသည်။
“ပြီးတော့ ဟွမ်တိမြေကမ္ဘာဧကရာဇ်က ဒီလူကို အထက်ဘုံကမ္ဘာမှာနေခွင့်ပြုတာဟာ အထူးအကြံအစည်တစ်ခုခုရှိလို့လည်း ဖြစ်နိုင်သလို တခြားသူတွေနဲ့ တိတ်တဆိတ် နားလည်မှုယူထားတာကြောင့်လည်း ဖြစ်နိုင်တယ်”
ထိုသူက လင်ဟန့်ဟွာဖြစ်မည်လား မသေချာသော်လည်း ဖြစ်နိုင်ခြေရှိသည်ဟု ရန်ကျောက်ကဲ တွေးမိသည်။
ကောလဟလများအရ လင်ဟန့်ဟွာက အရှေ့တောင်ထိပ်တန်းအရှင်သခင်၏ ပထမဆုံးတပည့်ကြီးဖြစ်သလို ဇာစ်မြစ်ကလည်း မရိုးရှင်းလှပေ။
သို့သော် သူ့အကြောင်း အတိအကျသိရှိသူ အနည်းငယ်သာ ရှိသည်။
ရန်ကျောက်ကဲက ထိုအကြောင်းများမစဉ်းစားတော့ဘဲ အသင်္ချေနဂါးနန်းတော်အားထိန်းချုပ်ရင်း ရေအောက်ခရီးနှင်လာခဲ့သည်။ သူ၏ဦးတည်ရာက ကွမ်းမင်ဂိုဏ်းအခြေစိုက်ရာ ဝိညာဉ်နယ်မြေ ၊ နေလတောင်ထွတ်သို့ ဖြစ်၏။
ဝိညာဉ်နယ်မြေနှင့်နီးကပ်လာသည်နှင့် ရန်ကျောက်ကဲက သူရောက်ရှိနေကြောင်း အခြားသူများ မသိရှိစေရန် သေချာအောင် ပြုလုပ်ခဲ့သည်။ အစစအရာရာကိုလည်း ပိုမိုသတိထားကာ လျှို့ဝှက်လုပ်ဆောင်ခဲ့သည်။
တာ့ရွှမ်တိုင်းပြည်က ဝိညာဉ်နယ်မြေကို ဝိုင်းရံပိတ်ဆို့ထားမည်ဖြစ်ရာ သေချာပေါက် စစ်မြေပြင် ဖြစ်လာပေတော့မည်။
***
ဤနယ်မြေတွင် ရန်ကျောက်ကဲ၏လှုပ်ရှားမှုသာပေါ်သွားပါက ခန်းဖင်းက တစ်ချက်မတုံ့ဆိုင်းဘဲ ရန်ကျောက်ကဲဆီသို့ ပစ်မှတ်ထားလာပေလိမ့်မည်။
ခရီးသွားရင်း ရန်ကျောက်ကဲက အသင်္ချေနဂါးနန်းတော်ထဲတွင် ကျင့်ကြံနေခဲ့သည်။
သူက ယင်ယန်ကောင်းကင်ကျမ်းစာ၏ ကနဦးအဆင့်ကို အောင်မြင်ထားပြီးဖြစ်လေရာ လမရှိစွမ်းအားနှင့် ထူးကဲယန်စည်းတံဆိပ်မှ ချီစွမ်းအားများကို စုပ်ယူကျင့်ကြံရင်း ‘သေးငယ်သော ယင်စွမ်းအား’ ကို အောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့သည်။
သူက အချိန်တိုအတွင်း အောင်မြင်မှုများစွာဖြင့် လျှင်မြန်သောတိုးတက်မှုများကို အမှန်တကယ် ရရှိခဲ့သည်။
ယင်ယန်ကောင်းကင်ကျမ်းစာအား ကျင့်ကြံနေသူတစ်ယောက် ရှိမည်ဆိုလျှင် ရန်ကျောက်ကဲနှင့် နားလည်နိုင်စွမ်းတူညီသည်ဆိုဦးတော့ ဤသို့ လျှင်မြန်စွာ အောင်မြင်မှုရရှိရန် ခဲယဉ်းပေသည်။
သူ၏ခန္ဓာကိုယ်ထဲတွင် ရှိနေပြီးသားဖြစ်သော ‘လမရှိစွမ်းအား’ များအပြင် ထူးကဲယန်စည်းတံဆိပ်ကိုသန့်စင်ကျင့်ကြံရမှာ ရရှိသော ချီစွမ်းအားအနှစ်သာရများက များစွာအကျိုးကျေးဇူးရှိခဲ့သည်။ ထို့ပြင် ကောင်းကင်အက်ကွဲကြောင်းတွင် ထူးခြားသည့် ပုံရိပ်ယောင်နယ်မြေများဖန်တီးရာမှ ထူးခြားသောအကျိုးကျေးဇူးများလည်း ရရှိခဲ့သေး၏။
၎င်းအပြင် ရန်ကျောက်ကဲ၏ အခြေခံအုတ်မြစ်ဖြစ်သော ‘ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာ’ ကြောင့်လည်း ဖြစ်ပေသည်။
မူလကောင်းကင်ကျမ်းစာ (၁၀)စောင်၏ ပထမဆုံးကျမ်းစာဖြစ်သော ‘ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာ’ ကို အခြေခံအုတ်မြစ်တည်ဆောက်ထားခြင်းဖြင့် အခြားသောကောင်းကင်ကျမ်းစာများကို ကျင့်ကြံသည့်အခါ အဆပေါင်းမျာစွာ ပိုမိုလွယ်ကူစေရန် ‘ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာ’ က ထောက်ကူပေး၏။
သို့သော် ‘ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာ’ ကို အထွတ်ထိပ်အဆင့် ပြီးပြည့်စုံစွာ ကျင့်ကြံပြီးလျှင် အခြားသော ကောင်းကင်ကျမ်းစာများကို အခြေခံအုတ်မြစ်အဖြစ် ထပ်မံပေါင်းစပ်ရန် လိုအပ်မည် ဖြစ်သည်။
အစ မှ အဆုံး ၊ ကနဦး မှ နိဂုံး ၊ အစောဆုံးနှင့် နောက်ဆုံး ___ ဤအရာက နှိုင်းယှဉ်မရအောင် နက်ရှိုင်းလွန်းသည်။
ယန်ယန်ကောင်းကင်ကျမ်းစာကျင့်ကြံခြင်းဖြင့် ရန်ကျောက်ကဲ၏ ကျင့်ကြံခြင်းစွမ်းအာသည်လည်း စဉ်ဆက်မပြတ် တိုးတက်လာသည်။
သိုင်းသူတော်စင် ဒုတိယအဆင့်သို့ တက်ရောက်ရန် တဖြည်းဖြည်းနီးကပ်လာပြီးဟု သူ ခံစားမိသည်။ မကြာမီ အဆင့်သစ်တစ်ခုသို့ ဝင်ရောက်နိုင်ပေတော့မည်။
“ထူးကဲယန်စွမ်းအား ၊ ထူးကဲယင်စွမ်းအား ၊ သေးငယ်တဲ့ယန်စွမ်းအား ၊ သေးငယ်တဲ့ယင်စွမ်းအား ဆိုတဲ့ ယင်ယန်ဖြစ်စဉ် (၄)မျိုးကို ကျင့်ကြံအောင်မြင်ပြီဆိုတာနဲ့ ငါ့အတွက် ရှေ့ဆက်ခြေတစ်လှမ်းတိုးနိုင်မယ့်အချိန်ရောက်ပြီ”
ရန်ကျောက်ကဲသည် သူ၏ ကျင့်ကြံခြင်းသန္ဓေတည်မှုနှင့် စစ်မှန်သော စွမ်းအားပြောင်းလဲခြင်းများကို သိမြင်ခံစားရင်း တဖြည်းဖြည်းနားလည်လာခဲ့သည်။
ထူးကဲယင်စွမ်းအားနှင့် သေးငယ်သောယန်စွမ်းအားကို ပြင်ပအကူအညီမလိုအပ်ဘဲ ဆက်လက်ကျင့်ကြံနိုင်နေပြီ ဖြစ်သည်။
ထူးကဲယန်စွမ်းအားနှင့် သေးငယ်သောယင်စွမ်းအားကို ပြီးမြောက်အောင်မြင်ခဲ့ပြီဖြစ်သဖြင့် ထိုစွမ်းအားများက တစ်ခုနှင့်တစ်ခု ဆက်စပ်နေသည်ဖြစ်ရာ ထူးကဲယင်စွမ်းအားနှင့် သေးငယ်သောယန်စွမ်းအားတို့သည်လည်း သဘာဝအတိုင်း တဖြည်းဖြည်း မွေးဖွားလာကြမည် ဖြစ်၏။
ဤဖြစ်စဉ်က ယင်ယန်ကောင်းကင်ကျမ်းစာကို ပိုင်းခြားစိတ်ဖြာပြီး အတွင်းမှ နက်နဲသောအကြောင်းအရာများကို နားလည်သဘောပေါက်ခြင်း၌ အဓိကကျသည်။
ကျင့်ကြံသူတစ်ယောက်အတွက် ကံကြမ္မာကောင်းနှင့် ရတနာပစ္စည်းများအကူအညီကိုရယူရသည်မှာ သဘာဝပင် ဖြစ်သည်။ သို့သော် ပြင်ပရတနာပစ္စည်းများကိုအားကိုးရန် ဘယ်သောအခါမှ မျှော်လင့်မထားသင့်ပေ။
အဆုံးသတ်မှာတော့ ကျင့်ကြံသူတစ်ယောက်သည် ကိုယ်ပိုင်နားလည်နိုင်စွမ်းအပေါ်တွင်သာ အဓိကထား အားကိုးရမည် ဖြစ်၏။
အတွင်းနှင့်အပြင် ပေါင်းစပ်ခြင်းကတော့ မှန်ကန်သည့်နည်းလမ်းတစ်ခုဟု ဆိုနိုင်သည်။
ရန်ကျောက်ကဲအပြင် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားသည်လည်း ကျင့်ကြံနေခဲ့သည်။ သူ၏ခန္ဓာကိုယ်မှ သွေးကြောဆုံချက်များကို သန့်စင်ပြီးနတ်ဘုရားသိမြင်ခြင်းအဆင့်ကို ဖြတ်သန်းလျှက် ကောင်းကင်မှကြယ်စင်များနှင့် ပဲ့တင်ထပ်နိုင်ရန် ကြိုးစားနေသည်။
ဤကဲ့သို့ သန့်စင်နိုင်လေ ကျင့်ကြံသူအတွက် ပိုမိုအားကောင်းလေဖြစ်သည်။ နောက်ဆုံးမှာတော့ မိုးမြေကမ္ဘာသစ်တစ်ခု ကိုယ်တိုင်ဖွင့်လှစ်ပြီး အမတကူးပြောင်းခြင်းအဆင့်သို့ တက်လှမ်းမည် ဖြစ်သည်။
အသင်္ချေနဂါးနန်းတော်အတွင်းရှိ အစစ်အမှန်နဂါးရုပ်အလောင်းများစွာနှင့် ယိုးမင်ဂူဗိမာန်မှ ရရှိခဲ့သော ရတနာများ ပေါင်းစည်းလိုက်မည်ဆိုလျှင် လက်ရှိ စုဆောင်းထားသော ရင်းမြစ်ပစ္စည်း ၊ ရတနာပစ်စည်းများမှာ အထက်ဘုံကမ္ဘာမှ သိုင်းဂိုဏ်းကြီးများထက်ပင် များပြားနေလေပြီ။
ဖန်းယွင်ရှန်း ၊ အားဟူ ၊ ရှောင်အိုက်နှင့် ပန်ပန်တို့အားလုံးတို့သည်လည်း အကျိုးကျေးဇူးများစွာ ရရှိခဲ့ကြသည်။
ပြင်ပအကူအညီ ရတနာပစ္စည်းများကို အားကိုးရုံဖြင့် အထွတ်ထိပ်ကျင့်ကြံသူများ ဖြစ်လာကြမည် မဟုတ်ပေ။ သို့သော် သူတို့အားလုံးက အရည်အချင်းမရှိသူများ မဟုတ်ကြပေ။
ပါရမီရှင်းများဖြစ်သော သူတို့အတွက်တော့ လုံလောက်သော ရင်းမြစ်ပစ္စည်းများက အချိန်ကုန်သက်သာစွာ ကျင့်ကြံခြင်းအဆင့်မြင့်တက်လာစေရန် ကူညီပေးသည်။
ကျင့်စဉ်လမ်းတွင် ရှေ့ဆက်နိုင်ရန်က အခက်ခဲဆုံး ဖြစ်သည်။ ကျင့်ကြံခြင်းအဆင့်မြင့်မားလေ ရှေ့ဆက်ရန် ပိုမိုခက်ခဲပြီး အကချိန်ကုန်လေ ဖြစ်၏။
သိုင်းသူတော်စင်တစ်ယောက်ဖြစ်သော ရန်ကျောက်ကဲနှင့်ယှဉ်လျှင် သိုင်းဆရာသခင်များဖြစ်ကြသော ဖန်းယွင်ရှန်းတို့အုပ်စုက ပိုမိုလျှင်မြန်စွာပင် အဆင့်တက်လာကြသည်။
ရန်ကျောက်ကဲ ကျင့်ကြံပြီးနောက် ခန်းမအတွင်း တစ်ချက်ဝေ့ကြည့်လိုက်တော့ အားဟူနှင့် ရှောင်အိုက်က ကျင့်ကြံနေဆဲဖြစ်ပြီး ဖန်းယွင်ရှန်းကတော့ ကျင့်ကြံခြင်းပြီးဆုံးသွားသည်ကို တွေ့ရသည်။
“ကွမ်းမင်ဂိုဏ်းမှာ သင့်တော်တဲ့ ထူးကဲယင်မိန်းမပျိုမရှိဘူးဆိုရင် သူတို့က ဒီနှစ်ပိုင်းတွေမှာ မန်ဝမ်ကိုပဲ အဓိကထားပြီး ပျိုးထောင်ပေးမှာပဲ”
ရန်ကျောက်ကဲ ပြုံးလိုက်သည်။
“ကွမ်းမင်ဂိုဏ်းက အထက်ဘုံကမ္ဘာမှာရှိတာဆိုတော့ အစွန်းရောက်ရှစ်ပါးကမ္ဘာက နေသူတော်စင်ဂိုဏ်းထက် ကျင့်ကြံရေးဝန်းကျင် ပိုပြီးအားကောင်းတယ် ၊ မန်ဝမ်လည်း ဒီနှစ်တွေ ခပ်မြန်မြန်ပဲ ကျင့်ကြံခြင်းအဆင့်တက်သွားမှာ သေချာတယ်”
“ဒါပေမဲ့ ရင်းမြစ်ပစ္စည်းတွေကတော့ ငါတို့နဲ့ယှဉ်ရင် ကွမ်းမင်ဂိုဏ်းကတောင် ဆင်းရဲနေသေးတယ်”
နေရိပ်စွမ်းအားဖြစ်သော အပြာနုရောင်အလင်းတန်းများက ဖန်းယွင်ရှန်းမျက်ဝန်းထဲတွင် နက်ရှိုင်းသည့်တန်ခိုးစွမ်းအားဖြင့် လှည့်ပတ်နေပြီးနောက် တဖြည်းဖြည်း ရပ်တန့်သွားသည်။
“နောက်ဆုံးတော့ ပြိုင်ကြရမှာပေါ့လေ ၊ ပွင့်ပွင့်လင်းလင်းပြောရရင် ထူးကဲယင်ပြိုင်ပွဲက အတိတ်မှာကျန်ခဲ့ပြီဆိုပေမယ့် ကျွန်မကတော့ ယှဉ်ပြိုင်ဖို့ စောင့်မျှော်နေဆဲပါပဲ”
သူမသည် တဖြည်းဖြည်း မန်ဝမ်ကို ဖြတ်ကျော်တက်လာပြီဖြစ်သော်လည်း အဆုံးသတ်မှာတော့ ယှဉ်ပြိုင်လိုစိတ်ရှိသူတစ်ယောက် ဖြစ်နေဆဲပင်။
ရန်ကျောက်ကဲက ရယ်မောရင်း...
“ငါ့အထင် မန်ဝမ်ကလည်း မင်းနဲ့ယှဉ်ပြိုင်ဖို့ စောင့်နေလောက်ပါတယ်”
ဖန်းယွင်ရှန်းက ခေါင်းညိတ်ရင်း...
“ဝမ်လေးအကြောင်း ကျွန်မကောင်းကောင်းသိတယ် ၊ ရှင်တွေးတာအမှန်ပဲ”
အခြားသူများရှေ့တွင် သိမ်မွေ့ကြော့ရှင်းစွာနေထိုင်တတ်သော မန်ဝမ်ပဲဖြစ်ဖြစ် ၊ ဖန်းယွင်ရှန်းရှေ့တွင် ပေါ့ပေါ့ပါပါး နေထိုင်တတ်သော မန်ဝမ်ပဲဖြစ်ဖြစ် ၊ သူမနှင့်ပတ်သက်သည့်အမှန်တရားတစ်ခု ရှိလေသည်။
ထိုအမှန်တရားက ‘မန်ဝမ်’ ဆိုသည်က “မာနကြီးပြီး ဇွဲကောင်းသော” မိန်းကလေးတစ်ယောက်ဆိုသည့် အချက်ပင်။
ဖန်းယွင်ရှန်းက...
“ဒီတစ်ခါ ကွမ်းမင်ဂိုဏ်းက သေခြင်းရှင်ခြင်းတိုက်ပွဲကြီးနဲ့ ရင်ဆိုင်ရတာ ၊ သူတို့ ထူးကဲယင်သရဖူအကြောင်း လျှို့ဝှက်ချက်ကို ဖုံးကွယ်ထားနိုင်ပါဦးမလား...”
ရန်ကျောက်ကဲက...
“တကယ့်ပွဲကြီးပွဲကောင်းပဲ ၊ ငါတို့တွေ သွားကြည့်ကြတာပေါ့”
အသင်္ချေနဂါးနန်းတော်က အသံတစ်စက်မှမထွက်ဘဲ ဝိညာဉ်နယ်မြေသို့ ရောက်ရှိလာသည်။
နက်ရှိုင်းသောပင်လယ်ရေအောက်တွင် ရှိနေသည့်တိုင် ထိပ်တန်းအဆင့် တန်ခိုးစွမ်းအားရှင်များ ထိပ်တိုက်တွေ့မှုကြောင့် ဖြစ်ပေါ်နေသော ပြင်းထန်လှသည့် တန်ခိုးစွမ်းအားအတက်အကျများကို ခံစားနေရသည်။
“နေလတောင်ထွတ်က အခုထိ တောင့်ခံထားဆဲပဲ ၊ ကြည့်ရတာ မြောက်ပင်လယ်ဓားခန်းမနဲ့ ကြေးနီကျွန်းကလူတွေ စစ်ကူရောက်လာတာ ဖြစ်ရမယ်”
သို့သော် စစ်ကူရောက်လာသည့်တိုင် တာ့ရွှမ်ဆန့်ကျင်ရေးအင်အားစုများဘက်မှ အင်အားနည်းနေဆဲ ဖြစ်သည်။
တာ့ရွှမ်တိုင်းပြည်မှ တန်ခိုးစွမ်းအားရှင်များ ဝိုင်းဝန်းတိုက်ခိုက်ခံရသည့်အခါ ဝိညာဉ်နယ်မြေတစ်ခုလုံးသည်ပင် မြေပြင်အောက်ဘက် မိုင်ထောင်ပေါင်းများစွာ ကျွံဝင်နစ်မြုပ်သွားနိုင်သည် မဟုတ်ပါလား။