← Chapters

ကွမ်းမင်ဂိုဏ်း၏အရှုံး

Vol. 54 Ch. 755

ကွမ်းမင်ဂိုဏ်း၏အရှုံး

Vol. 54 Ch. 755

အခန်း (၇၅၅) ကွမ်းမင်ဂိုဏ်း၏အရှုံး

ဝိညာဉ်နယ်မြေသို့ သွားရောက်ရန်မလွယ်ကူသဖြင့် ရန်ကျောက်ကဲက အသင်္ချေနဂါးနန်းတော်ကို ခပ်ဝေးဝေးတစ်နေရာ ပင်လယ်ပြင်တစ်နေရာတွင် ရပ်တန့်လိုက်သည်။

အဝေးတစ်နေရာ မိုးကုတ်စက်ဝိုင်းဆီမှ ကောင်းကင်နှင့်ပင်လယ်ထိစပ်ရာ လမ်းကြောင်းတွင် ရေစီးကြောင်းနှင့်ဆင်တူသော ဓားအလင်းတန်းများက ကောင်းကင်တစ်ခွင်လွှမ်းခြုံလျှက် နေမင်းကိုဖုံးကွယ်ကာ လေထုကိုဖြတ်တောက်သွားသည်။

ရေစီးကြောင်းပမာ ဓားအလင်းတန်းဖြင့် လွှမ်းခြုံခံရသော အတွင်းမှအရာအားလုံးက မှိန်ဖျော့သွားပြီး အချိန်စီးဆင်းမှုသည်လည်း နှေးကွေးသွား၏။ အချိန်၏ထိုးဖောက်တိုက်ခိုက်မှုအောက်တွင် အရာအားလုံးက အနှိုင်းမဲ့အားနည်းသွားဟန်ပင်။

သူရဲကောင်းတစ်ယောက်အဖြစ် ချီးကျူးခံထိုက်သူတစ်ယောက် ဖြစ်ပါစေ ၊ ကောင်းကင်ဘုံကိုပင် အံတုနိုင်သည့် နတ်ဘုရားစွမ်းအားများကို ပိုင်ဆိုင်သူ ဖြစ်ပါစေ အဆုံးသတ်မှာတော့ အချိန်ရေစီးကြောင်းဓားသိုင်းကို ခက်ခက်ခဲခဲ အခြေအနေဆိုးရွားစွာ ဆန့်ကျင်ရပေလိမ့်မည်။

အဆုံးသတ်မှာတော့ ပြာမှုန့်ဘဝရောက်ရရမည်ဖြစ်ပြီး အနာဂတ်တွင် နောင်လာနောက်သားများကို ပြောပြရန် ပုံပြင်တစ်ပုဒ်အဖြစ်မျှသာ ကျန်ရစ်ခဲ့မည် ဖြစ်သည်။

မြင်ကွင်းကိုကြည့်ရင်း ရန်ကျောက်ကဲ မည်သို့မှမတတ်နိုင်စွာ ခေါင်းခါယမ်းလိုက်သည်။

“ထာဝရအလင်းကောင်းကင်ကျမ်းစာ ကျင့်ကြံထားတဲ့ အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင် (၃)ယောက် စွမ်းအားပေါင်းစပ်တိုက်ခိုက်တာ တကယ့်ကိုမြင်ရခဲတဲ့ ပွဲကြီးပွဲကောင်းပဲ”

ခန်းဖင်း ၊ ကုကျန်း ၊ ဟယ်တုန်းချန်။

အချိန်ရေစီးကြောင်းဓားသိုင်း ကျင့်ကြံထားသည့် တန်ခိုးစွမ်းအားမြင့်မားသူ (၃)ယောက်၏ ဓားအလင်းတန်များက ဝိညာဉ်နယ်မြေတစ်ခုလုံးအား လွှမ်းခြုံထားသည်။ အချိန်ရေစီးကြောင်း ဖြတ်သန်းသွားရာနေရာတိုင်းတွင် အရာအားလုံးက အိုမင်းဆွေးမြေ့သွားပြီး ပျက်ဆီးခြင်းဆီသို့ ဦးတည်နေသည်။

မြန်မြန်ပျက်ဆီးမည်လား ၊ နှေးကွေးစွာပျက်ဆီးမည်လားဆိုသည်ကတော့ ရန်သူ၏တန်ခိုးစွမ်းအားအပေါ်တွင် မူတည်သည်။

တစ်ချိန်က ရန်ကျောက်ကဲ၏သတင်းပေးမှုဖြင့် တာ့ရွှမ်တိုင်းပြည်ဆန့်ကျင်‌ရေး မဟာမိတ်များပူးပေါင်းကာ ကုကျန်းကို တိုက်ခိုက်ခဲ့ကြသည်။

ကုဟုန် ၊ ကျိုးဟောက်ရှန်း ၊ ကုန်းစွန်းမင်တို့ ဝိုင်းဝန်းတိုက်ခိုက်ခြင်းကိုခံရပြီး ကုဟုန် ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်။ ယခုမှသာ ပြန်လည်သက်သာလာခဲ့ခြင်း ဖြစ်၏။

ထိုစဉ်အချိန်က အတွေ့အကြုံကြောင့်သာ တာ့ရွှမ်ဆန့်ကျင်သူ မဟာမိတ်တပ်ဖွဲ့များ ယခု ဝိညာဉ်နယ်မြေ ၊ နေလတောင်ထွတ်တွင် ကြံ့ကြံ့ခံနိုင်ခြင်းဖြစ်သည်ဟု ဆိုရမည်။

သို့တိုင် ခန်းဖင်းတို့အုပ်စုက အသာစီးရနေသည်မှာ မေးခွန်းထုတ်စရာ မလိုပေ။

“လော့ကျီးထောင် ၊ ကုဟုန် ... ငါ့ဇနီးသေရတာအတွက် မင်းတို့ ပြန်ပေးဆပ်ရမယ်”

ခန်းဖင်းမျက်နှာက ခံစားချက်ကင်းမဲ့နေပြီး အေးစက်သောမျက်ဝန်းများဖြင့် နေလတောင်ထွတ်ဆီသို့ လှမ်းကြည့်နေ၏။

သူ၏ဓားအလင်းတန်းက စီးဆင်းနေသည့်မြစ်တစ်စင်းပမာ ဤနေရာတွင် ရှိနေသူများအားလုံးတွင် အစွမ်းထက်ဆုံးနှင့် အဆင့်အမြင့်ဆုံး ဖြစ်သည်။ ဓားအလင်းတန်းက နေရာတိုင်းသို့လွှမ်းခြုံသွားပြီး အရာအားလုံး တိတ်ဆိတ်ငြိမ်သက်သွားကာ တဖြည်းဖြည်း ဟောင်းနွမ်းဆွေးမြေ့ ပျက်ဆီးသွားသည်။

နေလတောင်ထွတ်ထက်မှာတော့ လော့ကျီးထောင်ရှိနေပြီး သူ့မျက်နှာက ဒေါသဖြင့်ပြည့်နေသည်။ သူ့လက်ထဲတွင် နေလစကြာတစ်ခြမ်းဖြစ်သော နေစကြာကိုကိုင်ဆောင်ထားပြီး ထိုရတနာပစ္စည်းမှ တန်ခိုးစွမ်းအားများ မြင့်တက်လာသည်။

သူက နေလတောင်ထွတ်ကိုလွှမ်းခြုံထားသည့် ကွမ်းမင်ဂိုဏ်းပင်မအစီအရင်စွမ်းအားကို အသုံးပြုပြီး ရန်သူကို အဆက်မပြတ် ခုခံတိုက်ခိုက်နေသည်။

မြောက်ပင်လယ်ဓားခန်းမသခင် ‘ကုဟုန်’ လည်း နေလတောင်ထွတ်သို့ ရောက်ရှိနေ၏။

‘ခန်း’ သခင်မ သေဆုံးမှုတွင် ကုဟုန်သည်လည်း တာဝန်ရှိသူတစ်ယောက်ဖြစ်သည်ဟု ခန်းဖင်းက ရှုမြင်ထားသဖြင့် လော့ကျီးထောင်သာမက ကုဟုန်ကိုပါ ပစ်မှတ်ထားခဲ့သည်။

ကုဟုန်က သူ၏ဓားကို အပြင်းအထန်ဝှေ့ယမ်းရင်း သူ့အပေါ်ကျရောက်လာသည့် ရန်သူများ၏တိုက်ခိုက်မှုကို တွန်းလှန်လိုက်သည်။

သို့သော် ခန်းဖင်းက အလွန်တရာ စွမ်းအားမြင့်မားသူ ဖြစ်သည်။ သူ၏ဓားအလင်း ဖြတ်သန်းသွားသည်နှင့် ကုဟုန်၏ အင်အားကြီးမားသောဓားချက်မှာ ချက်ချင်းမှိန်ဖျော့ပြီး ကူရာကယ်ရာမဲ့သွားသည်။

ကျယ်ပြောလှသောသမုဒ္ဒရာကြီးပင်လျှင် အဆုံးမဲ့စီးဆင်းနေသော အချိန်ရေစီးကြောင်းအောက်တွင် ကုန်းမြေကြီးတစ်ခု ၊ သို့မဟုတ် သဲကန္တာရကြီးတစ်ခုအဖြစ်ပင် ပြောင်းလဲသွားနိုင်သည် မဟုတ်ပါလား။

လင်ဟန့်ဟွာက လက်ညိုးလက်ခလယ်အသုံးပြုပြီးဓားဝိညာဉ်ကိုထုတ်ဖော်အသုံးပြုသည်နှင့်ဆန့်ကျင်စွာ ခန်းဖင်းကတော့ အထွတ်ထိပ် အဆင့်မြင့်မှော်ဝင်ဓားဖြစ်သော ‘တိမ်လွှာအလင်းဓား’ ကို ကိုင်ဆောင်ထားသည်။ လက်ထဲတွင် ရတနာဓားတစ်လက်ကိုင်ဆောင်ထားသော ခန်းဖင်းတစ်ယောက်တည်းကိုပင် ကုဟုန်နှင့်လော့ကျီးထောင်တို့မှာ ရင်ဆိုင်တိုက်ခိုက်ရန် စွမ်းအားမရှိသလောက်ပင်။

ခန်းဖင်းအပြင် ကုကျန်းနှင့် ဟယ်တုန်းချန်တို့လည်း အတူတကွတိုင်ခိုက်ခဲ့ကြသည်ဖြစ်ရာ တာ့ရွှမ်တော်လှန်ရေးတပ်ဖွဲ့များမှာ လုံးဝ ခေါင်းမထောင်နိုင်အောင် ဖြစ်ရတော့၏။

ကြေးနီကျွန်းသခင် ကုန်းစွန်းမင်မှာ နတ်ဘုရားသိမြင်ခြင်း နှောင်းပိုင်းအဆင့် ဖြစ်သလို အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းလည်းမရှိသဖြင့် တိုက်ပွဲထဲ ဝင်မပါနိုင်လောက်အောင်ပင် ဖြစ်ရသည်။

တာ့ရွှမ်ဆန့်ကျင်ရေးအင်အားစုများမှာ ကွမ်းမင်ဂိုဏ်း ပင်မအစီအရင်တစ်ခုတည်းကို အားကိုးနေရပြီး ထိုအစီအရင်မှာလည်း တဖြည်းဖြည်း ပြိုကျပျက်ဆီးလုဖြစ်နေပေပြီ။

ရန်ကျောက်ကဲ ရောက်နေသည့်နေရာမှ ကြည့်မည်ဆိုလျှင် ရေနှင့်တူသောဓားအလင်းက မိုးမြေတစ်ခွင်ဖုံးလွှမ်းထားပြီး တစ်ခါတစ်ရံထွက်ပေါ်လာသော မီးတောက်မီးလျှံများကို တွေ့မြင်ရသည်။ ခန်းဖင်းတို့ (၃)ယောက်၏ ပေါင်းစပ်စွမ်းအားနှင့် ပြင်းထန်သောဓားအလင်းတန်းများကြောင့် အရာအားလုံး မှိန်ဖျော့အားပျော့နေစဉ် ဤမီးတောက်မီးလျှံက အလွန်တောက်ပပြီး ထင်ရှားပေါ်လွင်နေသည်။

ထိုမီးတောက်မီးလျှံမှာ တာ့ရွှမ်တိုင်းပြည်ဧကရာဇ် ‘ရွှမ်မု’ ဖြစ်ကြောင်း ရန်ကျောက်ကဲ ရိပ်မိလိုက်ပြီး သူ့လက်ထဲတွင် အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်သော ရွှမ်ဧကရာဇ်လှံရှည်ကို ကိုင်ဆောင်ထားဟန် ရှိ၏။

ယခုတစ်ကြိမ် တာ့ရွှမ်တိုင်းပြည်က နေလတောင်ထွတ်ကို သိမ်းပိုက်ရန် ဆုံးဖြတ်ချက်ချထားသည်မှာ သံသယဖြစ်စရာ မလိုပေ။

ရန်ကျောက်ကဲ သေသေချာချာ အကဲခတ်လိုက်တော့ ဓားအလင်းတန်းများကြားတွင် တစ်ချက်တစ်ချက် တောက်ပလာသော လရောင်ခြည်တစ်ခုကို တွေ့မြင်ရသည်။

“ထူးကဲယင်သရဖူ...”

ရန်ကျောက်ကဲ မျက်ဝန်းများ မှေးစင်းသွား၏။

“ဒါပေမဲ့ စွမ်းအားအပြည့်မထုတ်လွှတ်နိုင်သေးဘူး ၊ ကြည့်ရတာ ကွမ်းမင်ဂိုဏ်းမှာ အရည်အချင်းပြည့်မီတဲ့ ထူးကဲယင်မိန်းမပျို မရှိလောက်သေးဘူး ၊ မန်ဝမ်ကပဲ ဒီသရဖူကို ထိန်းချုပ်နေရတယ်ထင်တယ်”

သို့ပေသိ ထူးကဲယင်သရဖူက အစွန်းရောက်ရှစ်ပါးကမ္ဘာမှာထက်ဆာလျှင် စွမ်းအားပိုမိုမြင့်မားနေသည်။ အလယ်ဆင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခု၏စွမ်းအားကိုပင် ထုတ်လွှတ်နိုင်နေပြီ ဖြစ်၏။

မန်ဝမ်၏ ကျင့်ကြံခြင်းမြင့်မားလာသည်နှင့်အမျှ ထူးကဲယင်သရဖူကို ကိုင်ဆောင်နိုင်စွမ်း တိုးတက်လာဟန် ရှိသည်။ သို့သော် အလယ်ဆင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းစွမ်းအားကိုသာ ထုတ်ဖော်နိုင်သေးသည်ဖြစ်ရာ လုံလောက်သည်ဟု မဆိုနိုင်သေးပေ။

ထိုသရဖူကို အသုံးပြုရခြင်းမှာ ရန်သူကို ခြိမ်း‌ခြောက်လိုခြင်းပင် ဖြစ်၏။

ထူကဲယန်စည်းတံဆိပ်က နေဝန်းထက်ယံအရှင်သခင်’ကောင်းဟန်’ အသုံးပြုသော ရတနာပစ္စည်းဖြစ်ပြီး ၊ အလားတူစွာပင် ထူးကဲယင်သရဖူကလည်း ကောင်းဟန်နှင့်အတူ နာမည်ကျော်ကြားခဲ့သော ‘လဝန်းထက်ယံအရှင်သခင်’ ၏ ရတနာပစ္စည်း ဖြစ်သည်။ သူတို့နှစ်ယောက်လုံးက ခွန်လွန်အထင်ကရများထဲတွင် ပါဝင်သူများ ဖြစ်သည်။

ယခုတော့ ထိုရတနာပစ္စည်း ဝိညာဉ်နယ်မြေ ၊ နေလတောင်ထွတ်တွင် ရုတ်တရက်ထွက်ပေါ်လာခြင်းက လူတိုင်းမျှော်လင့်ထားသည်ထက် ကျော်လွန်သွားခဲ့သည်။

နားလည်မှုအကန့်အသတ်များကြောင့် ကုဟုန် ၊ ကုန်းစွန်းမင်နှင့် ကျန်လူများအားလုံး အံ့အားသင့်သွားကြသလို ခန်းဖင်းနှင့် တာ့ရွှမ်တိုင်းပြည်မှလူများလည်း တုန်လှုပ်သွားကြရသည်။

ကွမ်းမင်ဂိုဏ်းက ‘လဝန်းထက်ယံအရှင်သခင်’ နှင့်သာ ပတ်သက်နေသည်ဆိုလျှင် သူတို့အနေဖြင့် ထိုဂိုဏ်းကို အမြစ်ပြတ်ချေမှုန်းလိုက်မည်ဆိုပါက ကျောက်နံရံကိုခေါင်းနှင့်ဆောင့်သလို ဖြစ်သွားပေမည်။

တိုက်ပွဲတွင် ကွမ်းမင်ဂိုဏ်း ယခုအချိန်ထိ တောင့်ခံထားနိုင်သည်မှာ တာ့ရွှမ်တိုင်းပြည်က သက်ညှာထားသောကြောင့်လည်း ဖြစ်၏။

သူတို့က ထူးကဲယင်သရဖူအကြောင်း သေချာမသိကြသဖြင့် စုံစမ်းမှုများ ပြုလုပ်နေကြခြင်းပင်။ နောက်ဆုံးတော့ တာ့ရွှမ်တိုင်းပြည်က သဲလွန်စအချို့ရရှိပြီး စိတ်လွတ်ကိုဘ်လွတ်တိုက်ခိုက်ကြတော့သည်။

ထို့ကြောင့် တာ့ရွှမ်ဆန့်ကျင်ရေး မဟာမိတ်တပ်ဖွဲ့များ ပိုမိုဖိအားများလာကာ နေလတောင်ထွတ်ကိုဝန်းရံထားသည့် ပင်လယ်ရေပြင်နှင့် ကုန်းမြေများအားလုံး ခမ်းခြောက်အက်ကွဲသွားသည်။ ကွမ်းမင်ဂိုဏ်းပင်မအစီအရင်ကြောင့် ထီးတည်းရှိနေသော တောင်ထွတ်ကြီးသာ အချိန်မရွေးပြိုကျမည့်ဟန်ဖြင့် မားမားရပ်တည်နေသေးသည်။

ရန်ကျောက်ကဲ အဝေးသို့ လှမ်းမျှော်ကြည့်ရင်း အတွေးနက်လျှက် ရှိသည်။

“ပင်မအစီအရင်ပြိုကျသွားတာနဲ့ ကုလားအုတ်ကျောပေါ်က ကောက်ရိုးမျှင်ကိုဆွဲထားသလို ဖြစ်နေတဲ့ တာ့ရွှမ်ဆန့်ကျင်ရေး မဟာမိတ်တွေလည်း လုံးဝ ပြိုကျသွားမှာပဲ”

ရန်ကျောက်ကဲ၏အတွေးများကို သက်သေပြလိုက်သလိုပင် တာ့ရွှမ်တိုင်းပြည်၏တိုက်ခိုက်မှု ပိုမိုမြင့်မားလာသည့်အခါ အစီအရင်အလင်းတန်းများ တဖြည်းဖြည်း ပျက်ပြယ်သွားသည်။ အချိန်ကြာမြင့်စွာ တောင့်ခံခဲ့ရသော ကွမ်းမင်ဂိုဏ်း ပင်မအစီအရင်ကြီးသည် ယခုတော့ အပြည့်အဝ ပြိုကျပျက်ဆီးသွားပေပြီ။

နေလတောင်ထွတ်တွင် ထွန်းလင်းနေသောအလင်းတန်းများ ချက်ချင်းပင် မှေးမှိန်ပျောက်ကွယ်သွားသည်။ နဂိုကပင် ပြိုကျလုနီးပါးဖြစ်‌နေသော တောင်ထွတ်သည် ယခုတော့ အက်ကွဲကြောင်းများပေါ်လာပြီး စတင်ပြိုကျလာသည်။

တောင်ထိပ်တွင်ရှိနေသော ကုန်းစွန်းမင်က စိတ်ရှုတ်ထွေးစွာဖြင့် အော်ဟစ်လိုက်သည်။

“ဒီနေရာမှာ ဆက်နေလို့မဖြစ်တော့ဘူး”

ကုဟုန်က သက်ပြင်းတစ်ချက်ချရင်း...

“လော့ဂိုဏ်းချုပ်... သွားကြရအောင်”

လော့ကျီးထောင် ကောင်းကင်ထက်သို့ခေါင်းမော့ကြည့်ရင်း မခံချင်စိတ် မုန်းတီးစိတ်များဖြင့် ကျယ်လောင်စွာ ကြုံးဝါးအော်ဟစ်လိုက်သည်။

ရန်ကျောက်ကဲသာ ဇာမဏီနယ်မြေ ကောင်းကင်အက်ကွဲကြောင်းတွင် ပြဿနာမရှာခဲ့လျှင် သူသည်လည်း ‘ခန်း’ သခင်မနှင့် သူသေကိုယ်သေ ရုန်းကန်ရမည် မဟုတ်ပေ။ သို့ဆိုလျှင် ယခုလို ရန်ငြိုးဖြေရှင်းရသည့် ပြဿနာများလည်း ဖြစ်လာစရာ အကြောင်းမရှိပေ။

ခန်းဖင်းက သူလက်စားချေမည့် ပစ်မှတ်ဖြစ်သော လူ (၃)ယောက်အကြောင်း ပြောပြသည်။ ထိုသူများထဲတွင် အားအနည်းဆုံးက ရန်ကျောက်ကဲဖြစ်ပြီး ကျောထောက်နောက်ခံလည်း မရှိပေ။ သို့သော် ခန်းဖင်းက ရန်ကျောက်ကဲကိုလက်စားမချေဘဲ ကွမ်းမင်ဂိုဏ်းသို့ အရင်ဆုံးရောက်လာခဲ့သည်။

ကျူတောပင်လယ်ဒေသရှိ အင်အားစုများ၏ ပဋိပက္ခများကြားတွင် ကျင်းထင်တောင်က ဝင်ရောက်ပတ်သက်မည်မဟုတ်ဟု ပြောခဲ့သော်လည်း ရန်ကျောက်ကဲကိုတော့ အဘယ့်ကြောင့် ကာကွယ်ပေးရပါသနည်း။

“သွားကြစို့...”

လော့ကျီးထောင် ဒေါသတကြီး အော်ဟစ်လိုက်သည်။

ထို့နောက် ကောင်းကင်ထက်သို့ ခုန်ဝင်သွားပြီး ထူးကဲယင်သရဖူဆောင်းထားသည့် မန်ဝမ်နှင့် ကွမ်းမင်ဂိုဏ်းမှတပည့်များကို အလင်းတန်းတစ်ခုအဖြစ် သိမ်းယူလိုက်ပြီး အဝေးသို့လျှင်မြန်စွာ ထွက်ခွာသွားသည်။

ကုဟုန်နှင့် ကုန်းစွန်းဝူတို့က သူ့နောက်မှ လိုက်ပါသွားကြ၏။

သို့သော် တာ့ရွှမ်မင်းဆက်က သူတို့ကို အလွတ်မပေးဘဲ ထိုးစစ်ဆင်တိုက်ခိုက်လာသည်။

လော့ကျီးထောင် နောက်သို့လှည့်ကြည့်လိုက်သည်။

သူ၏မိသားစုပမာဖြစ်ခဲ့သော နှစ်ပေါင်းများစွာရပ်တည်ခဲ့သည့် ကွမ်းမင်ဂိုဏ်းသည် ယခုတော့ အမှုန့်ဖြစ်သွားခဲ့ပေပြီ။ ဤသည်က သူ့နှလုံးသားကို ဓားထက်ထက်ဖြင့် မွှမ်းနေသည့်အလား ခံစားရသည်။

သူက ခန်းဖင်းကို စူးစိုက်ကြည့်လိုက်ပြီး မြောက်ဘက်သို့ လက်ညိုးထိုးပြရင်း ဒေါသတကြီး အော်ဟစ်လိုက်သည်။

“အဲဒီမှာ အစွန်းရောက်ရှစ်ပါးကမ္ဘာကိုသွားတဲ့ ကောင်းကင်အက်ကွဲကြောင်းရှိတယ် ၊ ရန်ကျောက်ကဲက အဲဒီကမ္ဘာက ရောက်လာတဲ့သူပဲ ၊ သူ့ရဲ့အဆက်အနွယ်တွေ အဲဒီမှာကျန်ခဲ့တယ်”

သူက ဆက်ပြောလိုက်သည်။

“မင်း ရန်ကျောက်ကဲကို မသတ်ရဲပေမဲ့ အောက်ဘုံကမ္ဘာကိုတော့ ဆင်းသွားရဲတယ်မဟုတ်လား”

All Chapters