← Chapters

တာ့ရွှမ်တိုင်းပြည်ကအစွန်းရောက်ရှစ်ပါးကမ္ဘာသို့ကျူး‌ကျော်ခြင်း

Vol. 54 Ch. 756

တာ့ရွှမ်တိုင်းပြည်ကအစွန်းရောက်ရှစ်ပါးကမ္ဘာသို့ကျူး‌ကျော်ခြင်း

Vol. 54 Ch. 756

အခန်း (၇၅၆) တာ့ရွှမ်တိုင်းပြည်ကအစွန်းရောက်ရှစ်ပါးကမ္ဘာသို့ကျူး‌ကျော်ခြင်း

လော့ကျီးထောင်စကားကြားတော့ ကုဟုန် မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ ကုန်းစွန်းမင်သည်ပင် မျက်နှာအမူအရာ အနည်းငယ် ထူးဆန်းသွား၏။

လော့ကျီးထောင်ကတော့ အေးစက်စွာနှာတစ်ချက်မှုတ်ရင်း မည်သည့်စကားမှမဆို ၊ နောက်သို့တစ်ချက်မကြည့်တော့ဘဲ အဝေးသို့ ပျံသန်းထွက်ခွာသွားတော့၏။

ဇာမဏီနယ်မြေ ကောင်းကင်အက်ကွဲကြောင်းတွင် လော့ကျီးထောင်မှာ သူနှင့် သူ၏ဂိုဏ်းသားများလွတ်မြောက်ရန် ရွေးချယ်စရာမရှိသဖြင့် ‘ခန်း’ သခင်မကို အသက်သေစေရန် ဖိအားပေးခဲ့ရသည်။

ထိုသို့သောကြီးမားသည့်ရန်ငြိုးသာမရှိခဲ့ပါက တာ့ရွှမ်တိုင်းပြည် လာရောက်တိုက်ခိုက်သည့်အခါ ကွမ်းမင်ဂိုဏ်းက လက်နက်ချအညံ့ခံလိုက်ပေမည်။ သို့သော် ယခုတော့ လက်နက်ချအညံ့ခံခြင်းက အလုပ်မဖြစ်တော့ပေ။

လော့ကျီးထောင် အကြီးအကျယ်ဒေါသထွက်နေပြီး ရန်ကျောက်ကဲအပေါ် ထားရှိသည့်အမုန်းတရားမှာလည်း ကွမ်းမင်ဂိုဏ်းကိုဖျက်ဆီးခဲ့သော တာ့ရွှမ်မင်းဆက်အပေါ် ထားရှိသောအမုန်းတရားထက် မလျော့နည်းပေ။

အကယ်၍ ရန်ကျောက်ကဲထံသို့ ကံဆိုးမှုများ သယ်ဆောင်သွားနိုင်မည်ဆိုပါက သူတို့အနေဖြင့် ထိုသို့သောလုပ်ရပ်မျိုးကို ဝမ်းမြောက်ဝမ်းသာ ပြုလုပ်မည် ဖြစ်၏။

ခန်းဖင်းက အေးစက်စွာဖြင့်...

“ငါတို့ အဲဒီကိုလည်းတိုက်မှာပါ ၊ ဒါပေမဲ့ လော့ကျီးထောင်... မင်းလည်း ပြေးလို့လွတ်မယ်မထင်နဲ့”

လော့ကျီးထောင်မှာ ခန်းဖင်းကို အလွန်တရာ မုန်းတီးနေသည့်တိုင် အဝေးသို့ထွက်ပြေးရာတွင် အရှိန်မလျှော့ရဲခဲ့ပေ။ သူက သဘာဝပသာဒနယ်မြေသို့ ထွက်ပြေးသွားခဲ့သည်။

အဆုံးမဲ့သံလိုက်မုန်တိုင်းများက သဘာဝပသာဒနယ်မြေ ၊ ပင်လယ်ပြင်ထက် တဟုန်းဟုန်းတောက်လောင်နေပြီး ကွမ်းမင်ဂိုဏ်းအတွက် သဘာဝအရံအတားအဖြစ် တည်ရှိနေသော်လည်း နက်ရှိုင်းသောချောက်နက်ကြီးပမာ ဖြစ်သည်။

တာ့ရွှမ်တိုင်းပြည်က သဘာဝပသာဒနယ်မြေကို ဖြတ်‌ကျော်နိုင်ခြင်းမရှိသဖြင့် အခြားလမ်းကြောင်းသုံးဖက်မှသာ ဝိညာဉ်နယ်မြေကို ပိတ်ဆို့ဝိုင်းရံထားနိုင်ခဲ့သည်။

နေလတောင်ထွတ်ပြိုကျသွားပြီးနောက် လော့ကျီးထောင်တို့အုပ်စုက သဘာဝပသာဒနယ်မြေသို့ ထွက်ပြေးသွားခြင်းမှာ တာ့ရွှမ်တိုင်းပြည်က မျှော်လင့်ထားသည့်အတိုင်း ဖြစ်သည်။

အဆုံးမဲ့သံလိုက်မုန်တိုင်းများအတွင်း ဝင်ရောက်မိပါက သူတို့အားလုံး ဒဏ်ရာများပင် ရရှိနိုင်သည်။ ဤသည်ကို လော့ကျီးထောင် ၊ ကုဟုန်နှင့် ကုန်းစွန်းမင်တို့လည်း နားလည်ထားကြသည်။

ကံကောင်းသည်မှာ လက်ရှိအခိုက်အတန့်တွင် သဘာဝပသာဒနယ်မြေ ၊ ပင်လယ်ပြင်ထက်တွင် အဆုံးမဲ့သံလိုက်မုန်တိုင်းများ အားနည်းနေခြင်းပင်။  ထို့ကြောင့် ဤလမ်းကြောင်းကိုအသုံးပြုကာ လွတ်လမ်းရှာရန် အခွင့်အရေး ရှိနေဆဲ ဖြစ်သည်။

အဆုံးမဲ့သံလိုက်မုန်တိုင်းများက သူတို့၏လမ်းကြောင်းကို တားဆီးထားမည်ဖြစ်သလို သူတို့နောက်လိုက်လာသည့် တာ့ရွှမ်တိုင်းပြည်မှလူများကိုလည်း တားဆီးထားသည်ဖြစ်ရာ သူတို့အတွက် သေတွင်းမှလွတ်မြောက်ရန် အခွင့်အရေးရနိုင်သည်။

နေလတောင်ထွတ်ဝိုင်းရံခံရသည်နှင့် လော့ကျီးထောင်တို့အုပ်စုက ဤဆုတ်ခွာရေးလမ်းကြောင်းကို ရေးဆွဲထားပြီးသား ဖြစ်၏။

ထွက်ပြေးသွားသောလူရိပ်များကိုကြည့်ရင်း ခန်းဖင်းက ချက်ချင်းပင် သူတို့နောက်သို့ လိုက်သွားသည်။

“ဧကရာဇ်ရွှမ်မု ၊ မင်းကြီးက ကောင်းကင်အက်ကွဲကြောင်းကို လူတွေဦးဆောင်ပြီး သွားရောက်တိုက်ခိုက်ပါ ၊ ငါတို့တွေက လော့ကျီးထောင် ၊ ကုဟုန်နဲ့ တခြားသူတွေနောက်ကိုလိုက်မယ်”

လှုပ်ရှားရင်းဖြင့်ပင် ခန်းဖင်းက ပြောလိုက်သည်။

ကုကျန်းနှင့် ဟယ်တုန်းချန်တို့ကလည်း တစ်ပြိုင်တည်းပင်လှုပ်ရှားရင်း သဘာဝပသာဒနယ်မြေသို့ ထွက်ပြေးသွားသူများနောက် လိုက်သွားကြ၏။

ဧကရာဇ် ရွှမ်မုက ခေါင်းညိတ်ရင်း...

“ကောင်းပြီ ၊ ငါကိုယ်တော် ကောင်းကင်အက်ကွဲကြောင်းဆီသွားလိုက်မယ် ၊ မင်းတို့လည်း အဆုံးမဲ့သံလိုက်မုန်တိုင်းတွေကြားမှာ ဂရုစိုက်ကြ”

တာ့ရွှမ်မင်းဆက်လက်အောက်မှ ကျင့်ကြံသူများအားလုံး ခန်းဖင်းနှင့် ဧကရာဇ်ရွှမ်မုနောက်သို့ လူစုခွဲကာ လိုက်သွားကြသည်။

ကွမ်းမင်ဂိုဏ်း၏ လျှို့ဝှက်လုပ်ဆောင်မှုများကြောင့် ကောင်းကင်အက်ကွဲကြောင်းက မြင်သာထင်သာမရှိပေ။

တန်ခိုးစွမ်းအားတစ်ခုခုဖြင့် လှုံ့ဆောက်ခံရမှသာ ပွင့်ဟလာမည် ဖြစ်သည်။ မဟုတ်ပါက ဗလာနယ်ထဲတွင် အရိပ်အယောင်ပင် တွေ့မြင်ရမည် မဟုတ်ပေ။

သို့သော် နတ်ဘုရားသိမြင်ခြင်းနှောင်းပိုင်းအဆင့်ရှိသော ဧကရာဇ်’ရွှမ်မု’ ကတော့ ဗလာနယ်၏အပြောင်းအလဲများကို ကောင်းစွာအာရုံခံနိုင်သည်။ ဦးတည်ရာကိုဆုံးဖြတ်ပြီး ပစ်မှတ်ကိုရှာဖွေပြီးနောက် လော့ကျီးထောင်ပြောသော ကောင်းကင်အက်ကွဲကြောင်းကို ရှာတွေ့သွားသည်။

သူ့အရှေ့မှလေထုကို ခဏမျှစိုက်ကြည့်ပြီးနောက် ဧကရာဇ်ရွှမ်မုက ထိပ်ဖျားတွင်မီးများတောက်လောင်နေသည့် ရွှမ်ဧကရာဇ်လှံရှည်ဖြင့် ထိုးစိုက်ချလိုက်သည်။

လှံချက်ဖောက်ထွက်သွားသည်နှင့် ဗလာနယ်ပွင့်ဟသွားပြီး အက်ကွဲကြောင်းတစ်ခု ထွက်ပေါ်လာသည်။

ကောင်းကင်အက်ကွဲကြောင်းအတွင်းမှ နှိုင်းယှဉ်မရသော တောက်ပမှုတစ်ခု ထွက်ပေါ်လာပြီး ဗလာနယ်စီးကြောင်းများစွာ စုဝေးလျှက် ကြောက်မက်ဖွယ်ရာစွမ်းအားတစ်ခု ထွက်ပေါ်လာသည်။

***

ရန်ကျောက်ကဲကတော့ ပင်လယ်ပြင်အဝေးတစ်နေရာမှ ဝိညာဉ်နယ်မြေရှိရာသို့ လှမ်းကြည့်နေသည်။

နေလတောင်ထွတ်တွင်တောက်ပနေသော အလင်းရောင်များ အက်ကွဲသွားပြီး တဖြည်းဖြည်း မှိန်ဖျော့သွားကြောင်း တွေ့လိုက်ရသည်။

ထို့နောက် သဘာဝပသာဒနယ်မြေသို့ ပျံသန်းသွားသော အလင်းတန်းများကိုတွေ့လိုက်ရ၏။ ထိုအလင်းတန်းများက လော့ကျီးထောင် ၊ ကုဟုန်နှင့် အခြားသူများ ဖြစ်နိုင်သည်။

ကွမ်းမင်ဂိုဏ်းအနေဖြင့် အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ ဆင်းသက်ရန်မဆုံးဖြတ်ဘဲ အထက်ဘုံကမ္ဘာတွင်ပင် ဆက်လက်နေထိုင်မည်ဆိုပါက အဆုံးမဲ့သံလိုက်မုန်တိုင်းများ အားနည်းနေချိန် သဘာဝပသာဒနယ်မြေမှ ထိုးဖောက်ထွက်ရန်မှာ ကောင်းမွန်သည့်ရွေးချယ်မှုပင် ဖြစ်သည်။

သူတို့နေရာတွင် ရန်ကျောက်ကဲဆိုလျှင်လည်း တူညီသည့်ဆုံးဖြတ်ချက်ကို ချမိပေလိမ့်မည်။

သူစိတ်ဝင်စားသည်မှာ တာ့ရွှမ်တိုင်းပြည်၏ ပိတ်ဆို့တိုက်ခိုက်မှုကို ထိုးဖောက်ထွက်နိုင်လျှင်ပင် ကွမ်းမင်ဂိုဏ်း၏ အနာဂတ်ရည်ရွယ်ချက် မည်သို့စီစဉ်ထားကြောင်း သိရှိလိုခြင်း ဖြစ်၏။

သို့သော် တာ့ရွှမ်တိုင်းပြည်စစ်သည်တော်များ လူစုကွဲသွားသည်ကိုတွေ့ရသည့်အခါ တစ်ခုခုမှားယွင်းနေကြောင်း ရန်ကျောက်ကဲ သတိပြုလိုက်မိသည်။

အုပ်စုတစ်စုက လော့ကျီးထောင်တို့အုပ်စု ထွက်ပြေးသွားရာ သဘာဝပသာဒနယ်မြေနောက်သို့ လိုက်ပါသွားပြီး အခြားတစ်ဖွဲ့ကတော့ နေလတောင်ထွတ်မြောက်ပိုင်းသို့ ဦးတည်ထွက်ခွာသွားသည်။

ရန်ကျောက်ကဲစိတ်ထဲ တစ်ချက်လှုပ်ရှားသွားပြီး...

“အဲဒီနေရာမှာ... အစွန်းရောက်ရှစ်ပါးကမ္ဘာကိုဦးတည်သွားမယ့် ကောင်းကင်အက်ကွဲကြောင်းရှိရမယ်”

“ကွမ်းမင်ဂိုဏ်းကလူတွေက အောက်ဘုံကမ္ဘာကို ဆင်းမသွားဘူး ၊ ငါ့ကိုဒုက္ခပေးဖို့အတွက် ငါနဲ့ရန်ငြိုးဖွဲ့ထားတဲ့ တာ့ရွှမ်မင်းဆက်ကလူတွေကို အစွန်းရောက်ရှစ်ပါးကမ္ဘာကိုဆင်းပြီး ဝါဒတောင်ကိုတိုက်ခိုက်အောင် လမ်းညွှန်လိုက်ကြတာပဲ”

ရန်ကျောက်ကဲ မျက်နှာအမူအရာ ထူးဆန်းသွားသည်။

ကွမ်းမင်ဂိုဏ်းအနေဖြင့် တာ့ရွှမ်မင်းဆက်ကို အသေးစိတ်ပြောပြရန် အချိန်ရှိမည် မဟုတ်ပေ။ ထို့ကြောင့် တာ့ရွှမ်တိုင်းပြည်အနေဖြင့် အစွန်းရောက်ရှစ်ပါးကမ္ဘာနှင့်ပတ်သက်ပြီး ရှင်းရှင်းလင်းလင်းသိရှိမည် မဟုတ်ပေ။

သို့ဖြစ်ရာ လောလောဆယ်မှာတော့ သူတို့အုပ်စုက ပျော်ပျော်ကြီး ဆင်းသွားကြပေလိမ့်မည်။ သတ်မှတ်ထားသောအရေအတွက်ထက် မကျော်လွန်ဘူးဆိုလျှင် အစွန်းရောက်ရှစ်ပါးကမ္ဘာတွင်ရှိနေသည့် ရန်တိကို ဘာမှလုပ်နိုင်မည် မဟုတ်ပေ။

ယွမ်ကျန်းဖုန်း အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ ပြန်ရောက်နေလျှင်တော့ ပို၍ပင်ကောင်းသေး၏။

တစ်ခုတည်းသောပြဿနာမှာ ထိပ်တန်းအဆင့် တန်ခိုးစွမ်းအားရှင်များစွာက သိုင်းသူတော်စင် တတိယအဆင့်သို့ ဖိနှိပ်ပြီး ဆင်းသက်သွားသော်လည်း နှစ်ဘက်တိုက်ပွဲများဖြစ်ပွားပါက အစွန်းရောက်ရှစ်ပါးကမ္ဘာ ခံနိုင်ရည်စွမ်းကျော်လွန်ပြိး ပျက်ဆီးသွားမည်ကို စိုးရိမ်ရသည်။

အထက်ဘုံကမ္ဘာနှင့်ယှဉ်လျှင် အစွန်းရောက်ရှစ်ပါးကမ္ဘာက ပိုပြီးပျက်ဆီးလွယ်သည် မဟုတ်ပါလား။

စဉ်းစားရင်း ရန်ကျောက်ကဲက သဘာဝပသာဒနယ်မြေသို့ လိုက်သွားရန်အစီအစဉ်ကို စွန့်လွှတ်လိုက်သည်။

လက်ရှိအချိန်တွင် အဆုံးမဲ့သံလိုက်မုန်တိုင်းများ အားပျော့နေသည်ဆိုသော်လည်း ကျူတောပင်လယ်ဒေသ၏ အန္တရယ်နယ်မြေအဖြစ် သတ်မှတ်ထားသည့် သဘာဝပသာဒနယ်မြေတွင် အသက်သေဆုံးရန် ဖြစ်နိုင်ခြေများပြားသည်။

တာ့ရွှမ်မင်းဆက်မှလူများနှင့် လော့ကျီးထောင်တို့အုပ်စုသည်လည်း ထိုနယ်မြေထဲတွင် အချိန်အတန်ကြာ ထိပ်တိုက်ရင်ဆိုင်ကြဦးမည်ဖြစ်၏။

ရန်ကျောကက်ကဲက နေလတောင်ထွတ်၏ မြောက်ဘက်ဆီသို့ ဦးတည်ထွက်ခွာလာခဲ့သည်။ မြောက်ဘက်သို့ဦးတည်နေသည့် မီးတောက်မီးလျှံများကိုကြည့်ရင်း ရန်ကျောက်ကဲက သူ့လမ်းကြောင်းကို ဂရုတစိုက် ခြေရာဖျောက်ခဲ့သည်။

တာ့ရွှမ်ဧကရာဇ် ရွှမ်မုက စစ်သည်တော်များကိုဦးဆောင်ပြီး ကောင်းကင်အက်ကွဲကြောင်းဆီသို့ ရောက်ရှိလာသည်။ သူ၏ ကျင့်ကြံခြင်းအဆင့်က ခန်းဖင်းထက်နိမ့်ပါးသော်လည်း နတ်ဘုရားသိမြင်ခြင်း နှောင်းပိုင်းအဆင့် အထွတ်ထိပ်သို့ ရောက်ရှိနေပြီ ဖြစ်၏။

ထို့ပြင် သူနှင့်အတူ အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်သော ရွှမ်ဧကရာဇ်လှံရှည်လည်း ရှိနေသည်။

ဤရတနာလှံရှည်က သူ၏ဘိုးဘေး ဧကရာဇ်ရွှမ်ဝမ်ကိုယ်တိုင် သွန်းလုပ်ထားခြင်း ဖြစ်ပြီး ခေတ်အဆက်ဆက် လက်ဆင့်ကမ်းပေးခဲ့ကာ တာ့ရွှမ်တိုင်းပြည်ကို ပြိုင်ဘက်ကင်း ဖြစ်စေခဲ့သည်။

ဧကရာဇ်ရွှမ်မုက အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင်မဟုတ်သေးသဖြင့် အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်း၏ အမြင့်ဆုံးစွမ်းအားကို မထုတ်လွှတ်နိုင်သော်လည်း ထိုလှံရှည်နှင့် ပေါင်းစပ်လိုက်လျှင် သူ၏ စွမ်းအားက အမတကူးပြောင်းခြ်း ကနဦးအဆင့် သိုင်းသူတော်စင်နှင့် ကောင်းကောင်း ယှဉ်ပြိုင်နိုင်သည်။

ထိုသို့‌သော ရန်သူတစ်ယောက်က ခန်းဖင်းထက် ကိုင်တွယ်ရ ပိုမိုလွယ်ကူသော်လည်း အလွန်တန်ခိုးစွမ်းအားမြင့်မားကြောင်း ငြင်းမရနိုင်ပေ။ ဧကရာဇ်ရွှမ်မု အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ ဆင်းသွားမည်ဆိုပါက မတူကွဲပြားသောဇာတ်လမ်းတစ်ပုဒ် ဖြစ်လာနိုင်သော်လည်း အထက်ဘုံကမ္ဘာမှာတော့ ရန်ကျောက်ကဲအနေဖြင့် သူ့ကို သတိထားနေရဆဲပင်။

ဤနေရာတွင် သူရောက်ရှိနေကြောင်းသာ ပေါ်သွားမည်ဆိုလျှင် ရန်ကျောက်ကဲအနေဖြင့် သေချာပေါက် ရန်သူ့ပစ်မှတ်ဖြစ်လာပေမည်။

အဝေးကလှမ်းကြည့်လိုက်တော့ ဧကရာဇ်ရွှမ်မုနှင့်အခြားသူများ ရပ်တန့်လိုက်သည်ကို တွေ့ရသည်။ ဧကရာဇ်ရွှမ်မုက လှံရှည်ဖြင့်ထိုးစိုက်လိုက်ရာ ကောင်းကင်အက်ကွဲကြောင်းပွင့်ဟသွားသည်။

သူက တစ်ချက်မတုံ့ဆိုင်းဘဲ အမိန့်ပေးလိုက်လေရာ သူ့နောက်တွင်ရှိနေသော နတ်ဘုရားသိမြင်ခြင်းအဆင့် သိုင်းသူတော်စင်များက ကောင်းကင်အက်ကွဲကြောင်းအတွင်းသို့ ဝင်ရောက်သွားကြလေ၏။

All Chapters