သုံးလောကလက်သည်းသိုင်းကွက်
Vol. 54 Ch. 759
အခန်း (၇၅၉) သုံးလောကလက်သည်းသိုင်းကွက်
ရွှမ်ဧကရာဇ်လှံရှည်နှင့် ထူးကဲယန်စည်းတံဆိပ် ဖြတ်သန်းလာသည့်လမ်းအား အသင်္ချေနဂါးနန်းတော်က ပိတ်ဆို့ထားလိုက်သည်။ အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်း (၂)ခု၏ တန်ခိုးစွမ်းအားရောယှက်သွားပြီး တောက်ပသည့်အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲသွားကာ နဂါးနန်းတော်အတွင်းသို့ ဝင်ရောက်သွားသည်။
တာ့ရွှမ်တိုင်းပြည် စစ်သည်တော်များက ရန်ကျောက်ကဲ၏ ရဲတင်းမှုအတွက် ကြိတ်ပြီးလှောင်ပြောင်လိုက်ကြသည်။ ထူးကဲယန်စည်းတံဆိပ်နှင့် ရွှမ်ဧကရာဇ်လှံရှည်တို့၏ စွမ်းအားရိုက်ခတ်မှုကြောင့် အသင်္ချေနဂါးနန်းတော် ပြိုကျသွားနိုင်သည် မဟုတ်ပါလား။
သို့သော် နဂါးနန်းတော်၏ပိတ်ဆို့မှုက အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်း (၂)ခု ရိုက်ခတ်မှုကို ခဏတာရပ်တန့်နိုင်မည်ဆိုလျှင် သူတို့အနေဖြင့် ရွှမ်ဧကရာဇ်လှံရှည်နောက်သို့ အမီလိုက်ရန် အခွင့်အရေး ရရှိပေမည်။
သို့ပေသိ....
ထိုရတနာပစ္စည်းနှစ်ခု နဂါးနန်းတော်နှင့် တိုက်ခတ်မိတော့မည့်အချိန်တွင် နန်းတော်တံခါး ရုတ်တရက် ပွင့်သွား၏။
နန်းတော်၏ပင်မခန်းဆောင်ထဲတွင် မှောင်သည်လည်းမဟုတ် ၊ လင်းသည်လည်းမဟုတ် အုံ့ဆိုင်းသောအလင်းရောင်တစ်ခု တောက်ပနေသည်။
ထိုတောက်ပမှုအောက်တွင် ကြီးမားသော သတ္တုဘီးကြီးတစ်ခု ရှိနေသည်။ သတ္တုဘီးကြီးထက်တွင် မြောင်း (၁၂)ခုပါဝင်ပြီး ဖြည်းညင်းစွာ လည်ပတ်နေ၏။
ထိုသတ္တုဘီးကြီးက နေရာတွင် ငြိမ်သက်စွာပင် လည်ပတ်နေပြီး ပတ်ဝန်းကျင်ကို အနှောက်အယှက်မပေးသလို အခြားအရာများကိုလည်း တုန်လှုပ်စေခြင်း မရှိပေ။
ရန်ကျောက်ကဲပင်လျှင် ထိုပစ္စည်းကို လှုံ့ဆော်နိုင်စွမ်း မရှိပေ။
ထို သတ္တုဘီးကြီးသည်ကား ယိုးမင်ဧကရာဇ်ဂူဗိမာန်မှရရှိခဲ့သော အဖိုးတန်ဆုံးရတနာဖြစ်သည့် “ယိုးမင်ဂမ္ဘီရစက်ဝန်း” ပင် ဖြစ်၏။
ရန်ကျောက်ကဲအနေဖြင့် တိုက်ပွဲကိုအစပြုဦးဆောင်နိုင်ခြင်း မရှိသည့်တိုင် သူ့တွင် ကိုယ်ပိုင်အကြံအစည်များ ရှိနေသည်။
သူက ယိုးမင်ဂမ္ဘီရစက်ဝန်းကို မနှိုးစွနိုင်သော်လည်း အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းများဖြစ်သော ထူးကဲယန်စည်းတံဆိပ်နှင့် ရွှမ်ဧကရာဇ်လှံရှည်တို့က နှို့ဆွနိုင်မည် ဖြစ်သည်။
ထိုရတနာပစ္စည်း (၂)ခုက အလွန်တရာ စွမ်းအားမြင့်မားလွန်းသည်။ ယိုးမင်ဂမ္ဘီရစက်ဝန်းက ‘အမတမှော်ဝင်ပစ္စည်း’ ဖြစ်သော်လည်း အပြည့်အဝ သန့်စင်ရခြင်း မရှိသေးပေ။
ထို့ကြောင့် ထူးကဲယန်စည်းတံဆိပ်နှင့် ရွှမ်ဧကရာဇ်လှံရှည်မှ ထွက်ပေါ်လာသော တန်ခိုးစွမ်းအားရိုက်ခတ်မှုများကို ရင်ဆိုင်ရသည့်အခါ ယိုးမင်ဂမ္ဘီရစက်ဝန်းက လျစ်လျူရှုနိုင်ခြင်း မရှိပေ။
ယိုးမင်ဂမ္ဘီရစက်ဝန်းက အသက်ဝင်လာသည့်အလား လည်ပတ်မှု ရုတ်တရက် ရပ်တန့်သွားသည်။
မှောင်သည်လည်းမဟုတ် ၊ တောက်ပသည်လည်းမဟုတ်သော ညို့မှိုင်းသည့်အလင်းရောင်က ပိုမိုများပြားလာပြီး အဖြူရောင်တစ်ဝက် အနက်ရောင်တစ်ဝက်အလင်းတန်းများက နဂါးနန်းတော်ကိုသာမက ပတ်ဝန်းကျင် လေထုကိုပါ လွှမ်းခြုံသွားသည်။
ထူးကဲယန်စည်းတံဆိပ်နှင့် ရွှမ်ဧကရာဇ်လှံရှည်မှာ အဖြူရောင်တစ်ဝက် အနက်ရောင်တစ်ဝက် အလင်းတန်းကမ္ဘာအတွင်း ကျရောက်သွားပြီး အရှိန်အဟုန် နှေးကွေးသွားသည်။
သို့သော် ယိုးမင်ဂမ္ဘီရစက်ဝန်းက နိုးထလာသည့် သားရဲတစ်ကောင်ပမာ ပါးစပ်ကိုကျယ်ကျယ်ဖွင့်ပြီး ကြောက်မက်ဖွယ်ရာ စုပ်ယူအားကြီးတစ်ခု ထုတ်လွှတ်လိုက်သည်။ သူက အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်း (၂)ခုကို ယိုးမင်တစ္ဆေမီးအိမ်ကဲ့သို့ ဝါးမြိုပစ်လိုခြင်း ဖြစ်၏။
သို့သော် ဤရတနာပစ္စည်း (၂)မျိုးက ယိုးမင်ဂမ္ဘီရစက်ဝန်းနှင့် တူညီသောရင်းမြစ်မှထွက်ပေါ်လာသည့် ယိုးမင်တစ္ဆေမီးအိမ်နှင့် တူညီခြင်း မရှိပေ။ ယိုးမင်တစ္ဆေမီအိမ်ကတော့ ဧကရာဇ်ယင်ထျန်းရှ၏ ယိုးမင်ဂမ္ဘီရပညာ (၁၂)ရပ်ကိုအခြေခံပြုလုပ်ထားသည် မဟုတ်ပါလား။
သို့သော် ထူးကဲယန်စည်းတံဆိပ်နှင့် ရွှမ်ဧကရာဇ်လှံရှည်ကို စုပ်ယူဝါးမြိုလိုသည်ဆိုလျှင်တော့ ထိုပစ္စည်းနှစ်ခုအနေဖြင့် ပိုင်ရှင်မရှိသောအနေအထားတွင် ရှိရမည် ဖြစ်၏။
ယခု ရန်ကျောက်ကဲက ရန်သူ၏ ရွှမ်ဧကရာဇ်လှံရှည်ကို ထူးကဲယန်စည်းတံဆိပ်အသုံးပြုကာ ဖြုတ်ချလိုက်သဖြင့် ထို အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်း (၂)ခုလုံး ပိုင်ရှင်မဲ့အနေအထား ကျရောက်သွားသည်။
ယိုးမင်ဂမ္ဘီရစက်ဝန်းတွင် အမြောင်း (၁၂)ခုရှိပြီး ထိုအထဲမှနှစ်ခုက အလင်းတန်းများထွက်ပေါ်လာကာ ထူးကဲယန်စည်းတံဆိပ်နှင့် ရွှမ်ကရာဇ်လှံရှည်ဆီသို့ ကျရောက်လာသည်။
ရန်ကျောက်ကဲက ပြုံးရင်း...
“လာ လာ... သိပ်အလုပ်ရှုတ်မခံနဲ့ ၊ မြန်မြန်လေး လုပ်လိုက်တော့”
ရွှမ်ဧကရာဇ်လှံရှည်မှာ တစ်ချက်တုန်ခါသွားပြီး ချက်ချင်းပင် ယိုးမင်ဂမ္ဘီရစက်ဝန်းဆီသို့ ပျံသန်းသွားသည်။
သို့သော် ထူးကဲယန်စည်းတံဆိပ်ကတော့ အသက်ဝင်လာပြီး ဒေါသထွက်လာသည့်ပမာ အလင်းတန်းများထွက်ပေါ်လာပြီး ယိုးမင်ဂမ္ဘီရစက်ဝန်းများထုတ်လွှတ်လိုက်သော အလင်းတန်းနှင့် ရင်ဆိုင်လိုက်သည်။
အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းများအလယ်တွင် “ထူးကဲယန်စည်းတံဆိပ်” က ထိပ်တန်းတည်ရှိမှုတစ်ခု ဖြစ်၏။
ယိုးမင်ဂမ္ဘီရစက်ဝန်းက မသန့်စင်ရသေးသည့်အတွက် ‘အမတမှော်ဝင်ပစ္စည်း’ အစစ်ဟု မသတ်မှတ်နိုင်သေးပေ။ သူက ရွှမ်ဧကရာဇ်လှံရှည်ကို စုပ်ယူဝါးမြိုနိုင်သော်လည်း ထူးကဲယန်စည်းတံဆိပ်ကိုတော့ ဝါးမြိုပစ်ရန် မတတ်နိုင်ပေ။
ထူးကဲယန်စည်းတံဆိပ်မှအလင်းတန်းများနှင့် ယိုးမင်ဂမ္ဘီရစက်တန်းမှအလင်းတန်းများ ရိုက်ခတ်မိသွားသည်နှင့် အရာအားလုံးရပ်တန့်သွားပြီး ရွှမ်ဧကရာဇ်လှံရှည်သည်ပင် ယိုးမင်ဂမ္ဘီရစက်ဝန်းဆီသို့ တိုးဝင်မသွားတော့ဘဲ တုံ့ဆိုင်းသွားသည်။
ရတနာပစ္စည်း (၃)ခုသည် လေထုထဲတွင် ခဏတာမျှ ရပ်တန့်လျှက် ရှိကြသည်။
ဒါကိုမြင်တော့ တာ့ရွှမ်တိုင်းပြည်မှလူများ ထိတ်လန့်သွားကြသည်။
နဂါးနန်းတော် ပြိုကျလုမတတ် တန်ခိုးစွမ်းအားများပေါက်ကွဲထွက်နေသော ထူးကဲယန်စည်းတံဆိပ်နှင့် ရွှမ်ဧကရာဇ်လှံရှည်တို့သည် ယခုတော့ နန်းတော်ခန်းမဆောင်ထဲတွင် ငြိမ်သက်နေပြီး ရက်စက်ကြမ်းတမ်းသော တန်ခိုးစွမ်းအားများ ပျောက်ကွယ်လျှက် ရှိသည်။
သို့သော် တိတ်ဆိတ်နေသည့် အသင်္ချေနဂါးနန်းတော်ထဲတွင် အသံတစ်သံထွက်ပေါ်လာပြီး နက်ရှိုင်းရာနေရာတွင်ရှိနေသည့် ယိုးမင်ဂမ္ဘီရစက်ဝန်းက မှိုင်းညို့သည့်အလင်းရောင်နှင့်အတူ တုန်ခါလာသည်။
ထို့နောက် ရန်ကျောက်ကဲ၏ ရယ်မောသံထွက်ပေါ်လာပြီး နဂါးနန်းတော်တံခါးကြီး ပိတ်သွားလေ၏။
ထူးကဲယန်စည်းတံဆိပ်နှင့် ရွှမ်ကရာဇ်လှံရှည်ရိုက်ခတ်မှုကြောင့် အသင်္ချေနဂါးနန်းတော် အနောက်ဘက်တွင် ဖြစ်ပေါ်လာသော ဗလာနယ်အက်ကွဲကြောင်းက တဖြည်းဖြည်း ပြန်လည်ပျောက်ကွယ်သွားသည်။
အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်း (၂)ခုသည် အသင်္ချေနဂါးနန်းတော်ထဲတွင် အတူတကွ ငြိမ်သက်သွားကြသည်။
ရွှေရောင်သံချပ်ကာဝတ် ကျင့်ကြံသူနှင့်အတူ တာ့ရွှမ်တိုင်းပြည် စစ်သည်တော်များအားလုံး သတိပြန်ဝင်လာပြီး မျက်နှာများသည်လည်း ဒေါသကြောင့် စိမ်းဖန့်သွားကြသည်။
အားလုံးက ဒေါသတကြီး ကြုံးဝါးသံများပြုလုပ်ရင်း အသင်္ချေနဂါးနန်းတော်ထံသို့ ပြေးလွှားထွက်ခွာသွားကြ၏။
ရွှမ်ဧကရာဇ်လှံရှည်ဆိုသည်က....
တာ့ရွှမ်တိုင်းပြည်တည်ထောင်သူ ဧကရာဇ်ရွှမ်ဝမ်က ကျူတောပင်လယ်ဒေသတွင် အခြေချပြီးနောက် ရတနာလှံရှည်ကိုကိုင်ဆွဲကာ စစ်မြေပြင် အောင်ပွဲအလီလီဆွတ်ချူခဲ့ပြီး ကျူတောပင်လယ်ဒေသ ၊ နယ်မြေ (၇၂)ခုတွင် တာ့ရွှမ်မင်းဆက်၏ သြဇာအာဏာကို အုတ်မြစ်ချခဲ့သည်။
ထို့နောက်မှာတော့ ဧကရာဇ်ရွှမ်ချန်မှတစ်ဆင့် ဧကရာဇ်ရွှမ်မုသို့ လက်ဆင့်ကမ်းကာ တာ့ရွှမ်မင်းဆက်၏ နိုင်ငံတော်ရတနာပစ္စည်းဖြစ်လာခဲ့ပြီး ကျောက်စိမ်းစည်းတံဆိပ်ထက်ပင် ပိုပြီးအရေးကြီးလှသည်။
အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်သော ‘ရွှမ်ဧကရာဇ်လှံရှည်’ သည် တာ့ရွှမ်မင်းဆက် တော်ဝင်မိသားစု၏ အပြင်းထန်ဆံးလက်နက်တစ်ခုဖြစ်သလို တိုင်းပြည်၏ပကတိရတနာလည်း ဖြစ်သည်။
ယနေ့ အခြားသူတစ်ယောက် သိမ်းပိုက်ခံလိုက်ရခြင်းက မည်သို့သောဟာသမျိုး ဖြစ်ပါသနည်း။
ရွှေရောင်သံချပ်ကာဝတ် ကျင့်ကြံသူကိုယ်တိုင်က တာ့ရွှမ်မင်းဆက် တော်ဝင်မိသားစုဝင် တစ်ဦးဖြစ်သည်။ ရွှမ်ဧကရာဇ်လှံရှည်က သူ့လက်ထဲတွင် ဆုံးရှုံးရသည်ကို တွေ့ရသည့်အခါ အလွန်ဒေါသထွက်လျှက် အသဲအသန် ပြန်လည်ရယူချင်နေမိသည်။
မဟုတ်ပါက ဘိုးဘေးများကို မည်သို့ရင်ဆိုင်ရမည်လဲမသိလေရာ ဤနေရာမှာပင် တိုင်နှင့်ခေါင်းနှင့် ဆောင့်သေလိုက်သည်က ပိုကောင်းပေသည်။
အခြားသော တာ့ရွှမ်မင်းဆက် စစ်သည်တော်များကလည်း တပြိုင်နက် ချီတက်ခဲ့ကြသည်။
တိုင်းပြည်၏ရတနာပစ္စည်း သူတို့လက်ထဲတွင် ဆုံးရှုံးသွားသည်ကို လက်မခံနိုင်သလို နောက်ဆက်တွဲဆိုးကျိုးကိုလည်း မခံယူဝံ့ကြပေ။
ရွှေရောင်သံချပ်ကာဝတ် ကျင့်ကြံသူက ဦးဆောင်ချီတက်သွားသည်။ သူ၏ အစစ်အမှန်ကြယ်တာရာချီစွမ်းအားအနှစ်သာရဖြင့် ပေါင်းစပ်ထားသော မီးတောက်မီးလျှံများက သူ၏နောက်ကျောတွင် မီးတောက်အတောင်ပံများအဖြစ် ပြောင်းလဲသွားသည်။ အတောင်ပံတစ်ချက်ခတ်လိုက်သည်နှင့် အသင်္ချေနဂါးနန်းတော်အနားသို့ ချက်ချင်းရောက်ရှိသွား၏။
သို့သော် သူ့မျက်လုံးများ ရုတ်တရက် ဝေဝါးသွားပြီး သူနှင့် နဂါးနန်းတော်ကြားတွင် မတ်တတ်ရပ်နေသည့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကို တွေ့လိုက်ရသည်။
“အတော်မြန်တာပဲ....”
ရွှေရောင်သံချပ်ကာဝတ် ကျင့်ကြံသူမှာ မချိတင်ကဲ ခံစားလိုက်ရသည်။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကတော့ ဘာကိုမှအရေးမစိုက်ဟန်ဖြင့် သူ့လက်ထဲမှ ဂဠုန်နဂါးလှံရှည်ဖြင့် ထိုးစိုက်ချလိုက်သည်။
ရွှေရောင်သံချပ်ကာဝတ် ကျင့်ကြံသူက ဒေါသတကြီး ကြုံးဝါးလိုက်ပြီး သူ့လက်ထဲတွင် နောက်ထပ်လှံရှည်တစ်ချောင်းပေါ်လာသည်။
ဤလှံရှည်က တာ့ရွှမ်တိုင်းပြည်၏ “ရတနာခုနစ်သွယ်လှံရှည်” ဖြစ်ပြီး ရန်ကျောက်ကဲ၏ ဂဠုန်နဂါးလှံရှည်ကို တားဆီးထားလိုက်၏။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ ဂဠုန်နဂါးလှံရှည်က နဂါးတစ်ကောင်ပမာ အလွန်တရာလေးလံသောစွမ်းအားများဖြင့် ရန်သူ၏လှံရှည်နှင့် ရိုက်ခတ်မိသွားပြီး ရွှေရောင်သံချပ်ကာဝတ် ကျင့်ကြံသူ၏ လှံကိုင်ထားသောလက်မှာ တုန်ယင်သွားရသည်။
သို့သော် သူ၏လှံရှည်မှ အလင်းတန်းများထွက်ပေါ်လာပြီး ငှက် (၇)ကောင်ထွက်ပေါ်လာကာ ဂဠုန်နဂါးလှံရှည်ကို ပိတ်ဆို့ထားလိုက်သည်။
ဤလှံရှည်က အလယ်ဆင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခု ဖြစ်၏။
ဧကရာဇ်ရွှမ်မု၏ ကိုယ်ပိုင်ရတနာပစ္စည်းဖြစ်ပြီး ရွှမ်ဧကရာဇ်လှံရှည်ကို အမွေမဆက်ခံခင်က ကိုင်ဆောင်ခဲ့သောလက်နက် ဖြစ်သည်။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက တစ်ချက်တုံ့ဆိုင်းခြင်းမရှိဘဲ တန်ပြန်တိုက်ခိုက်လိုက်ပြီး သူ၏လှံချက်က လျှင်မြန်သလို မုန်တိုင်းတိုက်ခတ်သည့်အလား လေးလံလှသည်။
ရွှေရောင်သံချပ်ကာဝတ် ကျင့်ကြံသူထိတ်လန့်သွားပြီး သူ၏ အလယ်ဆင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းကိုသာ အားကိုးပြီး မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကို ရင်ဆိုင်လိုက်သည်။
သူက သိုင်းသူတော်စင် စတုတ္ထအဆင့် ဖြစ်သော်လည်း အလယ်ဆင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းသာ ကိုင်ဆောင်ထားခြင်း မရှိပါက မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ ထိုးနှက်သတ်ဖြတ်ခြင်းကို ခံရမည်မှာ အသေအချာပင်။
နတ်ဘုရားသိမြင်ခြင်းအဆင့် သိုင်းသူတော်စင်တစ်ယောက်ဖြစ်လေရာ အလယ်ဆင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်း၏ စွမ်းအားအပြည့်အဝကိုထုတ်ဖော်လိုက်သည်နှင့် သူ၏ထိုးစစ်ဆင်မှုက မုန်တိုင်းတိုက်ခတ်သည့်ပမာ ပြင်းထန်လွန်းသည်။
သို့သော် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားသည်လည်း အလွန်တရာအစွမ်းထက်ပြီး လေထက်ပင်လျှင်မြန်လွန်းလှသည်။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ကြီးမားသော ခွန်ယွီငါးကြီး ရေထဲမှထွက်ပေါ်လာကာ ကောင်းကင်ကိုးထပ်အထိ ပျံသန်းသွားပြီး ဂဠုန်ငှက်ကြီးအဖြစ် ပြောင်းလဲသွားသည်ပမာ လှံရှည်ကို စက်ဝိုင်းသဏ္ဌန်လှည့်ပတ်လိုက်ပြီး ရန်သူ၏နောက်ကျောသို့ ထိုးစိုက်ချလိုက်သည်။
ရန်သူ၏ခန္ဓာကိုယ်ထက်မှ ရွှေရောင်သံချပ်ကာက အလင်းရောင်များတောက်ပလာပြီး မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ လှံရှည်ကိုခုခံရန် အကာအကွယ်အလွှာတစ်ခု ဖြစ်တည်လာသည်။
ထိုသူဝတ်ဆင်ထားသည့် ရွှေရောင်သံချပ်ကာကလည်း အလယ်ဆင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခုပင် ဖြစ်သည်။
ဂဠုန်နဂါးလှံရှည်က ထို သံချပ်ကာကို ထိုးနှက်မိသည်နှင့် မီးပွားများပွင့်ထွက်သွားပြီး ရန်သူကို ထိခိုက်ခြင်း မရှိခဲ့ပေ။ ထို့ကြောင့် ရွှေရောင်သံချပ်ကာဝတ် ကျင့်ကြံသူမှာ နောက်ဆုတ်ရှောင်တိမ်းရန် အခွင့်အရေး ရရှိသွားသည်။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက လှောင်ရယ်ရယ်လိုက်ပြီး ထိုသူ၏ လှံရှည်ကို သူ၏လှံရှည်ဖြင့် ဖိနှိပ်ထားလိုက်သည်။
ထို့နောက် သူ၏ခန္ဓာကိုယ်ထက်တွင် ရေခဲချပ်ဝတ်ထွက်ပေါ်လာပြီး ရန်သူ၏ရွှေရောင်သံချပ်ကာကို လက်သည်းများဖြင့် ဖမ်းဆုပ်လိုက်သည်။
ကြီးမားသော ခွန်ဖိန်သတ္တဝါကြီး၏အရိပ်က ကောင်းကင်ထက်ထွက်ပေါ်လာပြီး တောင်ပံတစ်ချက်ခတ်လိုက်လေရာ မီးတောက်များကြားမှ ငှက် (၇)ကောင် ပျက်ဆီးပျောက်ကွယ်သွားသည်။ ထို့နောက် ခွန်ဖိန်လက်သည်းများက ရန်သူ၏ ရွှေရောင်သံချပ်ကာကို ပြင်းထန်စွာ ကုတ်ခြစ်ချလိုက်၏။
“မဟာခွန်ဖိန်သိင်းပညာ” မှ သုံးလောကလက်သည်းသိုင်းကွက်။