← Chapters

သိပ်တော်နေရင် ငါ့ကိုလာတိုက်လေ

Vol. 54 Ch. 761

သိပ်တော်နေရင် ငါ့ကိုလာတိုက်လေ

Vol. 54 Ch. 761

အခန်း (၇၆၁) သိပ်တော်နေရင် ငါ့ကိုလာတိုက်လေ

ထိုအချိန် ကောင်းကင်အက်ကွဲကြောင်း ပြင်းထန်စွာတုန်ခါလာပြီး အက်ကွဲကြောင်းအစွန်းများက စွမ်းအားရိုက်ခတ်မှုဒဏ်ကြောင့် ရုတ်တရက် တောက်ပသွားကာ အတွင်းထဲမှ လူရိပ်အချို့ ထွက်ပေါ်လာသည်။

ကောင်းကင်အက်ကွဲကြောင်းအတွင်းမှ အရင်ဆုံးပြေးထွက်လာသူမှာ ဧကရာဇ်ရွှမ်မုဖြစ်၏။

တာ့ရွှမ်တိုင်းပြည်၏ လက်ရှိဧကရာဇ်သည် အလွန်တရာ သိက္ခာကျ အရှက်ရနေပုံရသည်။

သူ၏ဦးခေါင်းထက်မှ ဘုရင်ခေါင်းဆောင်းကကျိုးပဲ့လျှက် ဆံပင်များကဖွာလန်ကျဲနေကာ သူ၏ဘယ်ဘက်ကပခုံးနှင့် ညာဘက်ဝမ်းဗိုက်တို့တွင် ကြောက်မက်ဖွယ်ရာဒဏ်ရာကြီးများရှိနေပြီး သွေးများရွှဲနစ်နေသည်။

သူ့နဖူးထက်တွင်လည်း သွေးများစီးကျနေသော ဒဏ်ရာတစ်ခုရှိနေပြီး ပါးပြင်တစ်ခြမ်းလုံး သွေးများစွန်းထင်းလျှက် ရှိသည်။

ဧကရာဇ်ရွှမ်မုနောက်မှ တာ့ရွှမ်တိုင်းပြည်မှ ကျင့်ကြံသူများ ဒရောသောပါး လိုက်ပါလာကြသည်။ စောစောက ဧကရာဇ်ရွှမ်မုနှင့်အတူ အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ လိုက်ပါသွားသူများထဲမှ လူအချို့ဖြစ်ကြ၏။

အောက်ဘုံကမ္ဘာသို့ဆင်းသွားတုန်းက လူပေါင်းများစွာဖြစ်သည့်တိုင် ယခုတော့ အနည်းအကျဉ်းသာ ကျန်ရစ်တော့သည်။

လူတိုင်း၏မျက်နှာထက်တွင် ကြောက်ရွံ့ထိတ်လန့်မှုများ ရှိနေကြပြီး သူတို့နောက်မှ ကောင်းကင်အက်ကွဲကြောင်းကို ကြောက်မက်ဖွယ်ရာ အသူရာချောက်ပမာ လှမ်းကြည့်လိုက်ကြသည်။

“အစွန်းရောက်ရှစ်ပါးကမ္ဘာက ဘယ်လိုကမ္ဘာမျိုးလဲ ၊ ရန်ကျောက်ကဲတို့သားအဖအပြင် တခြား ကြောက်စရာတန်ခိုးစွမ်းအားရှင်တွေလည်း ရှိနေတယ်”

“သူတို့က အဲဒီနေရာမှာမွေးဖွားလာတဲ့သူတွေလား ၊ ဒါမှမဟုတ် အထက်ဘုံကမ္ဘာက အင်အားစုတွေ အဲဒီသွားပြီး အခြေချနေကြတာလား”

“အဲဒီမှာ အဆုံးမသတ်နိုင်တဲ့ တန်ခိုးစွမ်းအားရှင်တွေရှိနေတာ မယုံနိုင်စရာပဲ”

ထိုခဏတွင် ကောင်းကင်အက်ကွဲကြောင်းမှ လွတ်မြောက်လာပြီး အထက်ဘုံကမ္ဘာသို့ ပြန်ရောက်လာသည့် တာ့ရွှမ်တိုင်းပြည် ကျင့်ကြံသူများတွင် တူညီသောအတွေးတစ်ခုပေါ်လာခဲ့သည်။

“ရန်သူက အထက်ဘုံကမ္ဘာအထိ လိုက်မလာနိုင်လို့ တော်ပါသေးရဲ့ “

ဆိုသော အတွေးဖြစ်၏။

ကောင်းကင်အက်ကွဲကြောင်းက အောက်ဘုံကမ္ဘာများနှင့် အထက်ဘုံကမ္ဘာအကြား ကျင့်ကြံခြင်းအဆင့် ခွဲခြားထားသည်မှာ အလွန်ကောင်းမွန်ပေသည်။

ထိုအတွေးကို မည်သူမှ ထုတ်ဖော်မပြောရဲကြပေ။ ထိုအတွေးက သူတို့၏အသုံးမကျမှုကိုပေါ်လွင်စေပြီး ကိုယ့်သိက္ခာကိုယ်ချသည့်အတွေးမျိုးဖြစ်နေသည် မဟုတ်လား။

သို့သော် လူတိုင်း၏စိတ်ထဲမှာတော့ ထိုသို့ပင်တွေးနေမိကြပြီး ထိုအတွေးက အချိန်အတန်ကြာသည်အထိ သူတို့စိတ်ထဲ ပျောက်ပျက်သွားနိုင်မည် မဟုတ်ပေ။

တာ့ရွှမ်တိုင်းပြည်မှ ကျင့်ကြံသူတိုင်း အရှက်ရလျှက်ရှိကြပြီး ဧကရာဇ်ရွှမ်မုကိုယ်တိုင်လည်း အရှက်ကွဲသလို ခံစားနေရသည်။

သူက ဧကရာဇ်တစ်ပါးဖြစ်သည့်တိုင် အောက်ဘုံကမ္ဘာသို့ ဆင်းသွားသည်နှင့် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး ထိုနေရာတွင် အသက်မပျောက်ခဲ့သည်မှာ ကံကောင်းသည် ဆိုရမည်။

သူတို့၏ ကျင့်ကြံခြင်းအဆင့်ကို အောက်ဘုံကမ္ဘာနှင့် လိုက်လျောညီထွေဖြစ်စေရန် သိုင်းသူတော်စင် တတိယအဆင့်ထိ ဖိနှိပ်ခံရသည်မှာ အမှန်ပင်။ သို့သော် သူ၏တန်ခိုးစွမ်းအားက သိုင်းသူတော်စင် တတိယအဆင့်ဖိနှိပ်ခံထားရသည့်တိုင် သာမန် သိုင်းသူတော်စင် တတိယအဆင့် ကျင့်ကြံသူများထက် တန်ခိုးစွမ်းအား (၃)ဆ ပိုမိုအားကောင်းသည်။

သို့ပေသိ ရန်သူက သူ့ထက်ပိုပြီး စွမ်းအားမြင့်မားနေပေ၏။

ရန်သူက လက်ထဲမှဓားရှည်ကို ဝှေ့ယမ်းလိုက်သည်နှင့် လောကတစ်ခုလုံးကို ပိုင်ဆိုးသည့် ဧကရာဇ်တစ်ပါးအလား ထင်မှတ်ရသည်။ ကျူတောပင်လယ်ဒေသတွင် နှစ်ပေါင်းများစွာ အုပ်စိုးသော ဧကရာဇ်ရွှမ်မုသည်ပင် သူ့ကိုယ်သူ ဘုရင်တစ်ပါးဟု မထင်ဝံ့တော့ပေ။

တစ်ဖက်လူက အလွန်တရာ စွမ်းအားမြင့်မားသူဖြစ်ပြီး သူသည်သာ အရှုံးပေးခဲ့ရသည်။

သူ့စိတ်ထဲမှ ထင်ယောင်ထင်မှားမြင်ကွင်းများကို ပယ်ဖျက်ပစ်ချင်သော်လည်း အစစ်အမှန်ဟု ခံစားနေရဆဲ ဖြစ်၏။

မိမိဂုဏ်သိက္ခာကြောင့် ရှုံးနိမ့်ခြင်းကို ဝန်မခံချင်သည့်တိုင် အထက်ဘုံကမ္ဘာသို့ ပြန်ပြေးလာရန် ခဏမျှတုံ့ဆိုင်းမိပါက ယခုချိန် အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် အသက်ပျောက်နေလောက်ပေပြီ။ အထက်ဘုံကမ္ဘာသို့ အချိန်မီတက်လာခဲ့သည့်တိုင် အစွမ်းထက်လှသောဓားချက်ကို ရှောင်တိမ်းနိုင်ခြင်း မရှိခဲ့ပေ။

ကြောက်မက်ဖွယ်ရာဓားဝိညာဉ်က သူ၏ ဘုရင်ခေါင်းဆောင်ကို ကွဲကြေစေကာ နဖူးထက်အမာရွတ်ထင်ကျန်စေခဲ့သည်။ အမြန်သာမပြေးနိုင်ပါက ထိုဓားချက်ကြောင့် သူ၏ဦးခေါင်းတစ်ခုလုံး ကွဲကြေသွားနိုင်၏။

တာ့ရွှမ်တိုင်းပြည်က ရန်ကျောက်ကဲလက်ချက်ကြောင့် ဆုံးရှုံးမှုအနည်းငယ် ခံစားခဲ့ရသော်လည်း တကယ်တမ်း ထိုလူငယ်နှင့် ထိပ်တိုက်တွေ့ပြီး ရန်ငြိုးထားသူများမှာ ‘ရှန်လင်ဓားဆယ်လက်’ သာလျှင် ဖြစ်သည်။

ထို့ကြောင့် ယခင်က ဧကရာဇ်ရွှမ်မုသည် ရန်ကျောက်ကဲအပေါ် မကျေလည်ခဲ့သော်လည်း စိတ်ထဲကတော့ လေးစားရင်းရှိခဲ့သည်။

သို့သော် ယခု အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ ကိုယ်တိုင်သွားရောက်ခဲ့ပြီး သေခြင်းတရားမှ သီသီကလေးလွတ်မြောက်ခဲ့သော်လည်း ဒဏ်ရာအပြင်းအထန်ရလာခဲ့ပြီးနောက် မကြုံစဖူး စိတ်ဓာတ်ကျမှုနှင့် နာကျည်းမှုကို ခံစားလိုက်ရသည်။

“မင်းကြီး... ကျွန်တော်မျိုးတို့...”

တာ့ရွှမ်တိုင်းပြည်မှ ကျင့်ကြံသူ၏စကားက တစ်ဝက်တစ်ပြက် ရပ်တန့်သွားသည်။ ဧကရာဇ်ရွှမ်မု၏မျက်နှာက ပေါက်ကွဲတော့မည့်မီးတောင်ပမာ မှုန်မှိုင်းလျှက် ရှိ၏။

ကောင်းကင်အက်ကွဲကြောင်းမှတစ်ဆင့် အထက်ဘုံကမ္ဘာသို့ ပြန်ရောက်လာပြီးနောက် သူ၏ ကျင့်ကြံခြင်းအဆင့်က ချက်ချင်းပြန်လည် မြင့်တက်လာခဲ့သည်။ ထို့ကြောင့် ဒဏ်ရာများသက်သာသွားပြီး သွေးထွက်ရပ်တန့်သွားသည်။

ဒဏ်ရာတွင် ဓားဝိညာဉ်စွမ်းအားက တဟုန်းဟုန်းတောက်လောင်နေသေးသည့်တိုင် အထက်ဘုံကမ္ဘာကိုပြန်ရောက်ပြီဖြစ်သဖြင့် ပိုမိုဆိုးရွားမသွားစေရန် တားဆီးနိုင်ခဲ့သည်။

ဧကရာဇ်ရွှမ်မုသည် စွမ်းအားမြင့်မားသော သိုင်းသူတော်စင်တစ်ယောက်ဖြစ်ပြီး သူ့ကိုယ်သူ ထိန်းချုပ်နိုင်စွမ်း အလွန်ကောင်းမွန်သည်။ သို့သော် အစွန်းရောက်ရှစ်ပါးကမ္ဘာတွင်တော့ ဒဏ်ရာမှသွေးမထွက်အောင်ပင် မတားဆီးနိုင်ခဲ့ပေ။

ဒဏ်ရာကအလွန်ပြင်းထန်သည့်တိုင် အပြည့်အဝပြန်လည်ကောင်းမွန်ရန် အချိန်ကြာမြင့်မည် ဖြစ်သည်။ ဒါကိုတွေးမိတော့ ဧကရာဇ်ရွှမ်မု၏မျက်နှာက ပိုလို့တောင်ညိုမဲလာ၏။

သူက အသက်တစ်ချက်ရှူလိုက်ပြီး သွားကြားထဲမှထွက်လာသော လေသံဖြင့် စကားလုံးများကို ညှစ်ထုတ်လိုက်သည်။

“မြို့တော်ကိုပြန်ပြီး မိုးဖြိုရတနာအိတ် ပြင်ဆင်လိုက်ကြ...”

ခန်းဖင်း ၊ ဟယ်တုန်းချန်နှင့် ကုကျန်းတို့ထံ အကူအညီတောင်းရန် သူ့တွင် မျက်နှာမရှိပေ။

မိုးဖြိုရတနာအိတ်ကို ကောင်းကင်အက်ကွဲကြောင်းမှတစ်ဆင့် ပစ်ချပြီး အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်သော ရွှမ်ဧကရာဇ်လှံရှည်ကို အစွန်းရောက်ရှစ်ပါးကမ္ဘာကို ယူဆောင်သွားပြီး ထိုကမ္ဘာကိုအမှုန့်ချေကာ သိက္ခာပြန်ဆည်ရပေမည်။

ထို့ပြင် တာ့ရွှမ်တိုင်းပြည်တွင် ကာကွယ်သူအရှင်သခင် (၄)ပါးလည်းရှိနေပြီး သူတို့အားလုံးက နတ်ဘုရားသိမြင်ခြင်းအဆင့် သိုင်းသူတော်စင်များ ဖြစ်ကြသည်။

ယခုတစ်ခေါက် အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ အလောတကြီး ဆင်းသွားရသဖြင့် လုံလောက်သည့်ပြင်ဆင်မှုများ မပြုလုပ်နိုင်ခဲ့ပေ။ နောက်တစ်ခေါက်ဆင်းလျှင်တောင့် သေချာပြင်ဆင်မှုပြုလုပ်ပြီး အောက်ဘုံကမ္ဘာကို မြေလှန်ပစ်ရပေမည်။

ထိုစကားကိုကြားတော့ တာ့ရွှမ်တိုင်းပြည်မှ ကျင့်ကြံသူများအားလုံး စိတ်ဓာတ်တက်ကြွသွားကြသည်။

“မင်းကြီး သူတို့ကိုဘာမှပြောနေစရာအကြောင်း မရှိဘူး ၊ ရွှမ်ဧကရာဇ်လှံရှည်သာ အောက်ဘုံကမ္ဘာကိုရောက်သွားရင် အစွန်းရောက်ရှစ်ပါးကမ္ဘာတစ်ခုလုံး ပျက်ဆီးသွားလိမ့်မယ်”

လူတစ်ယောက်က အံတင်းတင်းကြိတ်ရင်းဆိုသည်။

“ဒါဆိုရင် ရန်ကျောက်ကဲ မွေးဖွားလာတဲ့ အဲဒီကမ္ဘာတစ်ခုလုံးက သူ့ရဲ့ ဆွေမျိုးသားချင်းတွေနဲ့ အဆက်အနွယ်တွေ အကုန်လုံး အမှုန့်ဖြစ်သွားလိမ့်မယ်”

ထို့နောက် ဧကရာဇ်ရွှမ်မုက အသံနက်ကြီးဖြင့်...

“ယောင်းဟိုင် ဘယ်မှာလဲ”

ဟု အော်ဟစ်လိုက်၏။

စကားမဆုံးခင်မှာပင် ဧကရာဇ်ရွှမ်မု သိသိသာသာ မျက်နှာပျက်သွားသည်။

ကောင်းကင်အက်ကွဲကြောင်းအနီးတွင် ကျန်ရစ်ခဲ့သော သိုင်းကျင့်ကြံသူများကို မတွေ့ရတော့သောကြောင့် မဟုတ်ပေ။ ရွှမ်ဧကရာဇ်လှံရှည်က သူနှင့်အဆက်အသွယ်ပြတ်တောက်သွားပြီဟု အာရုံခံလိုက်မိသောကြောင့် ဖြစ်၏။

ဧကရာဇ်ရွှမ်မု ပတ်ဝန်းကျင်ကို အကဲခတ်လိုက်တော့ လေထုအလယ်တွင် မတ်တတ်ရပ်နေသော ရန်ကျောက်ကဲကို တွေ့လိုက်ရသည်။ သူ့ဘေးနားမှာတော့ ကြီးမားသောနန်းတော်ကြီးတစ်ခု ပျံသန်းလျှက်ရှိ၏။

ရန်ကျောက်ကဲက ဧကရာဇ်ရွှမ်မုကို ပြုံးကာကြည့်ရင်း...

“ယောင်းဟိုင်ဆိုတာ သူ့ကိုပြောတာလား”

သူ့စကားဆုံးသွားသည်နှင့် ရန်ကျောက်ကဲဘေးတွင်ရပ်နေသော မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ရွှေရောင်သံချပ်ကာဝတ်ဆင်ထားသည့်အလောင်းတစ်လောင်းကို ဆွဲယူကာ ပြသလိုက်သည်။

ရွှေရောင်သံချပ်ကာဝတ် ကျင့်ကြံသူ၏ နဖူးထက်မှ ကြီးမားသောအပေါက်ကြီးကို မြင်လိုက်ရပြီး ရန်ကျောက်ကဲသည်လည်း ပြုံးနေသည်ဖြစ်ရာ ဧကရာဇ်ရွှမ်မုမှာ ဒဏ်ရာရထားသည့်တိုင် ဒေါသကငယ်ထိပ်တက်သွားသည်။

“ရွှမ်ဧကရာဇ်လှံရှည်...”

ဧကရာဇ်ရွှမ်မု သေသေချာချာ အာရုံခံကြည့်လိုက်သည့်အခါ သူနှင့်အရင်းနှီးဆုံးဖြစ်သော ရွှမ်ဧကရာဇ်လှံရှည်မှ အလွန်အားနည်းသော စွမ်းအားရောင်ဝါအနည်းငယ်ကို ခံစားလိုက်ရသည်။

ထို အားနည်းသောစွမ်အားရောင်ဝါက ရန်ကျောက်ကဲ၏ အသင်္ချေနဂါးနန်းတော်အတွင်းမှ ထွက်ပေါ်လာခြင်း ဖြစ်၏။

ရန်ကျောက်ကဲက ဧကရာဇ်ရွှမ်မုပုံစံကိုကြည့်ရင်း မနေနိုင်ဘဲ ရယ်မောလိုက်သည်။

“မင်း တစ်ခုခုရှာနေတာလား”

ဧကရာဇ်ရွှမ်မု၏မျက်ဝန်းများ နက်မှေင်သွားပြီး ချန်ကျိလျန်ကို ခက်ထန်စွာ လှမ်းကြည့်လိုက်၏။

“ကျင်းထင်တောင်က ကတိဖျက်ချင်တာလား”

ချန်ကျိလျန်က မျက်မှောင်ကြုတ်လိုက်ပြီး စကားပြန်ပြောရန် ဟန်ပြင်လိုက်စဉ် ဧကရာဇ်ရွှမ်မုက အေးစက်သောလေသံဖြင့် ဆက်ပြောသည်။

“ရန်ကျောက်ကဲကို မသတ်ရရင် ငါကိုယ်တော် မိုးနဲ့မြေမှာ ဘယ်လိုမျက်နှာနဲ့ ရပ်တည်ရမလဲ ၊ ဒီနေ့ ကျင်းထင်တောင်က ဒီကောင်လေးကို ကူညီမယ်ဆိုရင်တောင် ငါကိုယ်တော် အလျှော့မပေးဘူး ၊ အသက်အသေခံပြီးတိုက်မယ်”

စကားဆုံးသွားသည်နှင့် သူ့လက်ထဲတွင် မီးများတောက်လောင်နေသည့် လှံရှည်တစ်လက်ပေါ်လာပြီး ရန်ကျောက်ကဲကို ထိုးစိုက်ချလိုက်သည်။

ရန်ကျောက်ကဲက...

“ဒီ’ရန်’ က အရှေ့တောင်ထိပ်တန်းမျိုးနွယ်နဲ့ ဘာမှမဆိုင်ဘူးနော် ၊ ဒါကြောင့် အရှေ့တောင်ထိပ်တန်းအရှင်သခင်ကို သိက္ခာမချနဲ့”

ထိုအချိန် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ခွန်ဖိန်သတ္တဝါကြီးအဖြစ် ပြောင်းလဲသွားပြီး ရန်ကျောက်ကဲနှင့် အသင်္ချေနဂါးနန်း‌တော်ကိုသယ်ဆောင်ကာ ကောင်းကင်ထက်သို့ ပျံသန်းထွက်ခွာသွားသည်။

ဧကရာဇ်ရွှမ်မုက သူ့နောက်သို့လိုက်သွားသော်လည်း မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက အလွန်လျှင်မြန်သဖြင့် အမီလိုက်ရန် ခက်ခဲလျှက်ရှိ၏။

ပိုပြီးဒေါသထွက်လာသော ဧကရာဇ်ရွှမ်မုကိုကြည့်ရင်း ရန်ကျောက်ကဲက ရယ်မောလိုက်သည်။

ရန်ကျောက်ကဲက ခန်းဖင်းကိုပင် နောက်ချန်ထားခဲ့ရလောက်အောင် ယုံကြည်မှုရှိလေရာ ရွှမ်ဧကရာဇ်လှံရှည်မရှိတော့သော ဧကရာဇ်ရွှမ်မုအတွက်ကတော့ ပြောနေစရာ မလိုတော့ပေ။ ထို့ပြင် လက်ရှိတွင် ဧကရာဇ်ရွှမ်မုက ဒဏ်ရာများစွာရထားပြီး ခန္ဓာကိုယ်ကြံ့ခိုင်မှုလည်းပျက်ဆီးလျှက် ရှိသည်။

ထူးကဲယန်စည်းတံဆိပ်ကိုသာ အသုံးပြုနိုင်မည်ဆိုလျှင် ရန်ကျောက်ကဲအနေဖြင့် သိုင်းသူတော်စင် ဆဋ္ဌမအဆင့်ရှိသော ဧကရာဇ်ရွှမ်မုနှင့် ထိပ်တိုက်ပင် ရင်ဆိုင်လိုက်ချင်သေး၏။

ဒေါသထွက်လွန်းသဖြင့် အငွေ့ပျံမတတ်ဖြစ်နေသော ဧကရာဇ်ရွှမ်မုကိုကြည့်ရင်း ရန်ကျောက်ကဲက လက်ဝှေ့ယမ်းပြကာ ပြုံးလိုက်သည်။

“သိပ်တော်နေရင် ငါ့ကိုလာတိုက်လေ...”

All Chapters