← Chapters

မိုးမြေသည်လည်းမတားဆီးနိုင်

Vol. 54 Ch. 762

မိုးမြေသည်လည်းမတားဆီးနိုင်

Vol. 54 Ch. 762

အခန်း (၇၆၂) မိုးမြေသည်လည်းမတားဆီးနိုင်

‘ရတနာခုနစ်သွယ်လှံရှည်’ အပြင် တာ့ရွှမ်တိုင်းပြည်တွင် မဟာဂဠုန်လှံရှည်နှင့် ကြိုးကြာဖြူလှံရှည် ရှိနေသေးသည်။

ပထမလှံရှည်က လျှင်မြန်ပြီး ဒုတိယလှံရှည်က ဖျတ်လတ်သည်။

ဧကရာဇ်ရွှမ်မုက ထိုလှံရှည်များကိုအသုံးပြုပြီး တိုက်ပွဲအများစုတွင် အမြဲတမ်း လျှင်မြန်ဖျတ်လတ်စွာတိုက်ခိုက်ခဲ့သူပင်။

သို့သော် ယခု နတ်ဘုရားသိမြင်ခြင်း ကနဦးအဆင့် သိုင်းသူတော်စင်နှင့် ရင်ဆိုင်နေရသည့်တိုင် သူ၏ကျင့်ကြံခြင်းစွမ်းအားက မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကို အမီလိုက်နိုင်ခြင်း မရှိခဲ့ပေ။

သူတို့ကြားတွင် အကွာအဝေးတစ်ခု ထိန်းသိမ်းထားနိုင်သော်လည်း အဆုံးသတ်မှာတော့ ထိုအကွာအဝေးကိုလျှော့ချရန် ခက်ခဲနေသေးသည်။ ဧကရာဇ်ရွှမ်မု၏ဒဏ်ရာကပြင်းထန်သလို ခန္ဓာကိုယ်လည်းထိခိုက်ထားသဖြင့် လျှင်မြန်မှု အရှိန်အဟုန်သည်လည်း နှေးကွေးသွားခဲ့သည်။

သို့သော် သိုင်းသူတော်စင် ဆဋ္ဌမအဆင့် ကျင့်ကြံသူဖြစ်သဖြင့် မြန်နှုန်းက သိသိသာသာ အားနည်းချက်မရှိသည့်တိုင် အလွန်လျှင်မြန်သည့် သိုင်းသူတော်စင် စတုတ္ထုအဆင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကို လိုက်မမီနိုင်ဖြစ်နေရသည်။

မြန်နှုန်းတစ်ခုတည်းကိုပြောမည်ဆိုလျှင် ခန်းဖင်း၏ အချိန်ရေစီးကြောင်းဓားသိုင်းသည်ပင် ရန်ကျောက်ကဲ၏ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကို လိုက်မီမည် မဟုတ်ပေ။ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားသည် မူလကပင် ထိပ်တန်းအဆင့်လျှင်မြန်မှုကို ပိုင်ဆိုင်ထားပြီး ခန္ဓာကိုယ်ကို အလင်းတန်းအဖြစ်ပြောင်းလဲသည့် ကွမ်းမင်ဂိုဏ်း၏ ‘အလင်းတန်းတစ်ထောင်သိုင်းပညာ’ နှင့်ပင် ယှဉ်ပြိုင်နိုင်သည်။

‘မဟာခွန်ဖိန်ပညာ’ တွင် အောင်မြင်မှုအချို့ ရရှိပြီးနောက် သူ၏မြန်နှုတ်းက ကျူတောပင်လယ်ဒေသ၏ အခြားသောသိုင်းသမားများကြားတွင် တုနှိုင်းမယှဉ်နိုင်သော အဆင့်သစ်တစ်ခုသို့ ရောက်ရှိသွားခဲ့သည်။

ဧကရာဇ်ရွှမ်မုသည်ပင် နောက်တွင် ပြတ်ကျန်ခဲ့လေရာ အခြားသော တာ့ရွှမ်တိုင်းပြည် ကျင့်ကြံသူများဆိုလျှင် လိုက်မီရန် မစဉ်းစားနိုင်တော့ပေ။

ဒါကိုမြင်တော့ ချန်ကျိလျန် ၊ ပိုင်ကျစ်မင်တို့နှစ်ယောက်လုံး စိတ်ရှုတ်ထွေးသွားကြသည်။

ချန်ကျိလျန်က...

“ဒီလို လျှင်မြန်မှုမျိုးက တကယ်ရှားပါးတယ် ၊ ခွန်ဖိန်သတ္တဝါရဲ့ အစစ်အမှန်သိုင်းဝိညာဉ်ကို ပိုင်ဆိုင်ထားတာပဲ”

ဧကရာဇ်ရွှမ်မုသည်လည်း တဖြည်းဖြည်း ဒေါသပြေသွားသည်။ စိတ်အနှောက်အယှက်ဖြစ်နေ‌သေးသော်လည်း ရန်ကျောက်ကဲနောက်သို့ အလျှော့မပေးဘဲ လိုက်ပါနေဆဲပင်။

ရန်ကျောက်ကဲ၏ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက အံ့မခန်းလျှင်မြန်သော်လည်း သိုင်းသူတော်စင် စတုတ္ထအဆင့်သာရှိသော အနှီကိုယ်ပွားက သူ့ကို ယှဉ်ပြိုင်နိုင်မည်ဟု မထင်မှတ်ခဲ့ပေ။

ဧကရာဇ်ရွှမ်မုက ဆက်တိုက်ဆိုသလိုလိုက်ပါနေပြီး ရန်ကျောက်ကဲကိုအသက်ရှူခွင့်မပေးဘဲ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ ခံနိုင်ရည်အားလျော့ကျသွာစေရန် ကြိုးစားနေသည်။ ထိုကိုယ်ပွား ခံနိုင်ရည်လျော့ကျသွားပါက လျှင်မြန်မှုသည်လည်း သဘာဝအတိုင်း ကျဆင်းသွားပေမည်။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား အရှိန်လျော့နည်းသွားသည်နှင့် သူက အလျှင်အမြန်ကျော်ဖြတ်ပြီး တစ်စစီစုတ်ဖြဲပစ်မည်ဟု စိတ်ကူးထား၏။

စောစောက သူ့ကိုယ်သူ အထင်ကြီးမိသည့်အတွက် ရွှမ်ဧကရာဇ်လှံရှည်ကို အထက်ဘုံကမ္ဘာတွင်ထားခဲ့ပြီး အောက်ဘုံကမ္ဘာသို့ ဆင်းသွားခဲ့မိသည်။

ယခုတော့ တာ့ရွှမ်တိုင်းပြည် တော်ဝင်အမွေအနှစ်ဖြစ်သော ထိုလှံရှည် ပျောက်ဆုံးသွားပြီ ဖြစ်သည်။ ဤအချက်က ဧကရာဇ်ရွှမ်မုကို ပိုမိုမျက်နှာပျက်စေပြီး အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် ရှုံးနိမ့်ခဲ့ရသည်ထက်ပင် ပိုမိုခံစားခဲ့ရသည်။

ရွှမ်ဧကရာဇ်လှံရှည်ကို သူ ပြန်ယူရပေမည်။

ရန်ကျောက်ကဲကလည်း ဧကရာဇ်ရွှမ်မု ဘာကြံစည်နေကြောင်း သိရှိသည်။

သူက ရယ်မောလိုက်ရင်း ယင်ယန်ကောင်းကင်ကျမ်းစာမှာ ယင်နှင့်ယန်ရောယှက်နေသည့် အအဆုံးမရှိသောစွမ်းအားရင်းမြစ်ကို ထုတ်ဖော်လိုက်၏။ ရန်ကျောက်ကဲက စဉ်ဆက်မပြတ် ကြယ်တာရာချီစွမ်းအားနှစ်သာရ ထောက်ပံ့ပေးနေသဖြင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ ရုပ်ခန္ဓာက ပိုမိုကြံ့ခိုင်လာသည်။

ဧကရာဇ်ရွှမ်မုမှာ တိုက်ခိုက်လိုသည့်တိုင် မည်သို့တိုက်ခိုက်ရမည်မသိ ဖြစ်နေရ၏။

ထိုအချိန်...

အဝေးတစ်နေရာရှိ ကောင်းကင်အက်ကွဲကြောင်းက ရုတ်တရက် တုန်ခါသွားသည်။

ရန်ကျောက်ကဲ ၊ ဧကရာဇ်ရွှမ်မု ၊ ချန်ကျိလျန် ၊ ပိုင်ကျစ်မင်နှင့်အခြားသူများအားလုံး အံ့အားသင့်သွားကြသည်။ အားလုံး၏အကြည့်များက ကောင်းကင်အက်ကွဲကြောင်းဆီသို့ ကျရောက်သွားသည်။

တာ့ရွှမ်တိုင်းပြည်မှ ကျင့်ကြံသူများ တုန်လှုပ်ချောက်ချားစွာဖြင့် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြပြီး အချို့ဆိုလျှင် နောက်သို့ဆုတ်ခွာသွားကြသည်။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကတော့ ဧကရာဇ်ရွှမ်မုကိုရှောင်တိမ်းရင်း ပြေးလွှားနေဆဲ ဖြစ်သည်။ သို့သော် ပုံရိပ်ယောင် ခွန်ဖိန်သတ္တဝါကြီး၏ ကျောထက်တွင်ထိုင်နေသော ရန်ကျောက်ကဲကတော့ ကောင်းကင်အက်ကွဲကြောင်းရှိရာသို့ လှမ်းကြည့်လိုက်၏။

ကောင်းကင်အက်ကွဲကြောင်းကိုကြည့်ရင်း ပိုင်ကျစ်မင်က အံ့အားသင့်စွာဖြင့်...

“အစွန်းရောက်ရှစ်ပါးကမ္ဘာက လူတစ်ယောက်က မိုးမြေကန့်သတ်ချက်တွေကိုကျော်လွန်ပြီး အထက်ဘုံကမ္ဘာကို တက်လာတော့မှာလား”

နတ်ဘုရားသိမြင်ခြင်းအဆင့် သိုင်းသူတော်စင်တစ်ယောက် အထက်ဘုံကမ္ဘာသို့ တက်လာမည်ဆိုလျှင် ကောင်းကင်အက်ကွဲကြောင်းကို ဖြတ်သန်းလာရန် မလိုအပ်ပေ။

မည်သည့်ကမ္ဘာဖြတ်လမ်းကြောင်းကိုမှ မဖြတ်သန်းဘဲ အထက်ဘုံကမ္ဘာရှိ နေရာတစ်ခုခုသို့ ရောက်ရှိလာနိုင်ပေသည်။

သို့သော် အထက်ဘုံကမ္ဘာသို့ တက်မည့်အချိန်တွင် ကောင်းကင်အက်ကွဲကြောင်းအနီးတစ်ဝိုက် ရောက်ရှိနေသည်ဆိုပါက ထိုလမ်းကြောင်းကိုဖြတ်သန်းပြီး အထက်ဘုံကမ္ဘာသို့ ရောက်ရှိလာနိုင်ပေ၏။ သို့ရာတွင် ကျင့်ကြံခြင်းအဆင့်မလုံလောက်သူတစ်ယောက် ရတနာပစ္စည်းတစ်ခု၏အကူအညီဖြင့် ကောင်းကင်အက်ကွဲကြောင်းကိုဖြတ်သန်းသွားသည်နှင့် မတူကွဲပြားသည်။

ပိုင်ကျစ်မင်က ယွမ်ဖူကမ္ဘာမှတက်လာသူဖြစ်လေရာ အစွန်းရောက်ရှစ်ပါးကမ္ဘာမှ တစ်စုံတစ်ယောက် ကျင့်ကြံခြင်းအဆင့်တက်သွားပြီဖြစ်ကြောင်း ချက်ချင်းသိလိုက်သည်။

ချန်ကျိလျန်က ပို၍ပင် သိရှိသေး၏။

“ကမ္ဘာဖြတ်လမ်းကြောင်းမှာ စွမ်းအားတွေမတည်ငြိမ်ဘဲ ဖိအားတွေအရမ်းများနေတယ် ၊ ဒါပေမဲ့ ဒီလူက အထက်ကိုမတက်နိုင်ဘဲ ပိတ်မိနေတယ်”

ပိုင်ကျစ်မင် မှင်တက်သွားပြီး...

“ဆိုလိုတာက... ဒီလူက သွေးကြောဆုံချက်တွေကိုသန့်စင်ပြီး နတ်ဘုရားသိမြင်ခြင်းအဆင့် မရောက်သေးဘဲ ကမ္ဘာဖြတ်လမ်းကြောင်းစွမ်းအားကို ဖိနှိပ်ပြီး အထက်ဘုံကိုတက်လာတာလား ၊ ဒါပေမဲ့ သူ့ရဲ့တန်ခိုးစွမ်းအားကတော့ အစွန်းရောက်ရှစ်ပါးကမ္ဘာရဲ့ အကန့်အသတ်ကို ကျော်လွန်နေပြီပဲ”

အနားတွင်ရှိနေသူများအားလုံး မှင်တက်သွားကြသည်။

တစ်စုံတစ်ခုကိုတွေးမိသွားပြီး ဧကရာဇ်ရွှမ်မုသည်ပင် မှင်တက်သွား၏။

ချန်ကျိလျန်က ရန်ကျောက်ကဲကို တုန်လှုပ်စွာလှမ်းကြည့်ရင်း...

“မိတ်ဆွေလေး’ရန်’ ၊ မိုးမြေခံနိုင်ရည်မရှိလောက်အောင် တန်ခိုးစွမ်းအားမြင့်မားတဲ့သူဆိုလို့ မင်းအပြင် ဘယ်သူရှိသေးတာလဲ ၊ ငါ တကယ် တွေးကြည့်လို့မရဘူး”

“ဒီလူက ဘယ်သူလဲ”

အသင်္ချေနဂါးနန်းတော်ထဲမှာတော့ ဖန်းယွင်ရှန်းနှင့် အားဟူတို့၏မျက်နှာအမူအရာများ ပြောင်းလဲသွားကြပြီး တစ်ပြိုင်တည်း ရေရွတ်လိုက်သည်။

“ဂိုဏ်းချုပ်ပဲ...”

“အိမ်တော်အကြီးအကဲ...”

ရန်ကျောက်ကဲက မည်သို့မှမတတ်နိုင်စွာ ကျယ်လောင်စွာရယ်မောလိုက်သည်။ သူ၏ရယ်သံကိုကြားရတော့ တာ့ရွှမ်တိုင်းပြည်မှလူအများ ကျောချမ်းသွားကြရသည်။

ဧကရာဇ်ရွှမ်မုက တည်ငြိမ်နေသော်လည်း တာ့ရွှမ်တိုင်းပြည်မှ အခြားသောကျင့်ကြံသူများကတော့ သိသိသာသာ မျက်နှာပျက်လျှက် ရှိသည်။ ကောင်းကင်အက်ကွဲကြောင်းက အောက်ဘုံကမ္ဘာမှ ကြောက်စရာတန်ခိုးစွမ်းအားရှင်ကို တားဆီးထားသဖြင့် သူတို့နောက်သို့ လိုက်မလာနိုင်ဟု တွေးခဲ့ကြသည်။

ယခုတော့ ထိုသူက သူတို့နောက်သို့ လိုက်လာပြီ ထင်၏။

မိုးမြေအကန့်အသတ်များက ထိုသူကို မတားဆီးနိုင်ဘူးလား။

တာ့ရွှမ်တိုင်းပြည်မှ အသက်ရှင်လျက်ကျန်ရစ်ခဲ့သော ကျင့်ကြံသူများကိုကြည့်ရင်း ချန်ကျိလျန်နှင့် ပိုင်ကျစ်မင်တို့လည်း အခြေအနေကို နားလည်သွားကြသည်။

သူတို့နှစ်ယောက်၏မျက်နှာအမူအရာများ တစ်ပြိုင်နက်တည်းပြောင်းလဲသွားပြီး ကောင်းကင်အက်ကွဲကြောင်းအနီးသို့ အပြေးအလွှားထွက်ခွာသွားကြသည်။

ချန်ကျိလျန်က ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး သေးငယ်သော စည်းတံဆိပ်လေးတစ်ခုကို ထုတ်ယူလိုက်သည်။ ထိုစည်းတံဆိပ်က ကောင်းကင်အက်ကွဲကြောင်းအတွင်း ကျရောက်သွားပြီး ပုံရိပ်ယောင်အလင်းတန်းအဖြစ် တဖြည်းဖြည်း ပြောင်းလဲသွားသည်။

ပုံရိပ်ယောင်အလင်းတန်းကြောင့် ကောင်းကင်အက်ကွဲကြောင်းအတွင်းမှ ပရမ်းပတာ ဗလာနယ်စီးကြောင်းများ အချိန်တိုအတွင်း ပုံမှန်ပြန်ဖြစ်သွားကြသည်။

ထို့နောက် ကမ္ဘာဖြတ်လမ်းကြောင်းက မြင်သာထင်သာရှိသွားပြီး အစွန်းရောက်ရှစ်ပါးကမ္ဘာနှင့် အထက်ဘုံကမ္ဘာ လမ်းကြောင်းတစ်လျှောက်မြင်ကွင်းများကို လူတိုင်း တွေ့မြင်ကြရလေသည်။ အချိန်နှင့် ဗလာနယ်ကို အနှောက်အယှက်မဖြစ်စေဘဲ ချန်ကျိလန်နှင့် အခြားသူများအားလုံး ကောင်းကင်အက်ကွဲကြောင်း အခြားတစ်ဖက်သို့ ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်သည်။

အစွန်းရောက်ရှစ်ပါးကမ္ဘာကို သူတို့တွေ့မြင်နေကြရသည်။

အစွန်းရောက်ရှစ်ပါးကမ္ဘာ ၊ နေသူတော်စင်ဂိုဏ်းတည်ရှိရာ ကမ္ဘာအလင်းတောင်ထွတ်တွင် လူရိပ်နှစ်ခု ရှိနေ၏။

အဖြူရောင်မျက်ခုံးမွှေးများပိုင်ဆိုင်ပြီး ချောမောခန့်ညားသော လူရွယ်တစ်ယောက်က ကောင်းကင်အက်ကွဲကြောင်းရှေ့တွင် တင်ပျဉ်ခွေထိုင်နေ၏။

ကမ္ဘာဖြတ်လမ်းကြောင်း၏ အလင်းတန်းများက သူ့ကို ဆွဲငင်နေပြီး နေရာတွင် ထိန်းချုပ်ထားသည်။

ထိုခဏတွင် အစွန်းရောက်ရှစ်ပါးကမ္ဘာက တုန်ခါလာပြီး တောင်များလှုပ်ရှားကာ ပင်လယ်ရေပြင်က လူးလှမ့်လာသည်။

အထက်ဘုံကမ္ဘာရှိလူတိုင်းမှာ ရန်ကျောက်ကဲနှင့် (၆၀)ရာနှုန်းခန့် ရုပ်ချင်းဆင်တူသော ထိုသူကိုကြည့်ရင်း တံတွေးမျိုချလိုက်မိကြသည်။

ထိုလူရွယ်သည်ကား သေချာပေါက် ‘ရန်တိ’ ပင် ဖြစ်၏။

ရန်တိသည် အစွန်းရောက်ရှစ်ပါးကမ္ဘာတွင်မရှိတော့ဘဲ ကမ္ဘာဖြတ်လမ်းကြောင်းအတိုင်း ငြိမ်သက်စွာပင်တက်လာသည်။

သူ့ခန္ဓာကိုယ်တစ်ခုလုံးမှ သွေးကြောဆုံချက်များ အနည်းငယ်တုန်ခါသွားပြီး ချီစွမ်းအားစီးကြောင်းများ တဟုန်ထိုးထွက်ပေါ်လာသည်။

ရန်ကျောက်ကဲ သဘောကျစွာ ရယ်မောလိုက်၏။

ထိုသူက သေချာပေါက် သူ့အဖေဖြစ်နေသည် မဟုတ်ပါလား။

လက်ရှိတွင် ရန်တိက ရုပ်ခန္ဓာ ၊ အစစ်အမှန်သိုင်းကိုယ်ခွဲ ၊ စိတ်ဝိညာဉ်တို့က ခွဲခြားမရအောင် ပေါင်းစပ်သွားပြီး သိုင်းသူတော်စင် တတိယအဆင့် ၊ ကိုယ်ခွဲပေါင်းစပ်ခြင်း နှောင်းပိုင်းအဆင့်သို့ တက်ရောက်သွားသည်။

တာ့ရွှမ်တိုင်းပြည်နှင့် တိုက်ပွဲအပြီးတွင် သူ ဤအဆင့်သို့ တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်၏။

အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် ရှိနေသော အခြားသူများအတွက်တော့ ဤသည်က အောင်မြင်မှုတစ်ခု ဖြစ်သည်။

ဤကမ္ဘာမှ လောကပထမ ပြိုင်ဘက်ကင်း ‘ရန်တိ’ အတွက် ယခုအချိန်မှစပြီး အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် ပိတ်မိနေမည် မဟုတ်တော့ဘဲ ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာသို့ တက်ရောက်နိုင်ပေတော့မည်။

All Chapters