← Chapters

ဓားတစ်လက်ဖြင့်လမ်းကြောင်းကိုဖွင့်

Vol. 54 Ch. 763

ဓားတစ်လက်ဖြင့်လမ်းကြောင်းကိုဖွင့်

Vol. 54 Ch. 763

အခန်း (၇၆၃) ဓားတစ်လက်ဖြင့်လမ်းကြောင်းကိုဖွင့်

ရန်တိက သိုင်းသူတော်စင် တတိယအဆင့် ရှိသော်လည်း နတ်ဘုရားသိမြင်ခြင်းအဆင့် ကျင့်ကြံသူများထက် တန်ခိုးစွမ်းအား များစွာသာလွန်သည်။

ယခုတော့ အစွန်းရောက်ရှစ်ပါးကမ္ဘာနှင့် အထက်ဘုံကမ္ဘာကြားရှိ ကမ္ဘာဖြတ်လမ်းကြောင်းအလယ်သို့ ရောက်ရှိနေပေပြီ။  အစွန်းရောက်ရှစ်ပါးကမ္ဘာတစ်ခုလုံး တုန်ခါသွားပြီး ရန်တိကို ကမ္ဘာဖြတ်လမ်းကြောင်းဆီသို့ တွန်းထုတ်လိုက်ခြင်း ဖြစ်၏။

ဤ ထိတ်လန့်ဖွယ်မြင်ကွင်းသည် ယခင်က ခရမ်းရောင်နေသူတော်စင်’ကျန်းချောင်’ အထက်ဘုံကမ္ဘာသို့တက်ရောက်သည်ထက် များစွာကျော်လွန်သွားသည်။

ကောင်းကင်အက်ကွဲကြောင်းရှိရာသို့ ကြည့်ရှုနေကြသည့် ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာမှလူများသည်လည်း အံ့သြတုန်လှုပ်သွားကြသည်။

တာ့ရွှမ်တိုင်းပြည်မှလူများမှာ မြင်ကွင်းကိုကြည့်ရင်း စောစောကပင် ရင်ဆိုင်ခဲ့ရသောအိပ်မက်ဆိုးကြီးက သူတို့စိတ်ထဲ တစ်ဖန်ပြန်လည်ထွက်ပေါ်လာသည်။

ချန်ကျိလျန်နှင့် ပိုင်ကျစ်မင်တို့၏မျက်နှာထက် အလွန်တရာ လေးစားသည့်အမူအရာများထွက်ပေါ်နေသည့်တိုင် မယုံကြည်နိုင်ခြင်းများဖြင့်လည်း ပြည့်နက်နေသည်။

“လက်စသတ်တော့ ဒီလိုလူမျိုးတစ်ယောက် ရှိနေသေးတာပဲ ၊ သူက အောက်ဘုံကမ္ဘာမှာနေထိုင်တဲ့ ရန်ကျောက်ကဲရဲ့ အဖေကိုး...”

ပိုင်ကျစ်မင်က အဆက်မပြတ်ခေါင်းခါယမ်းလျှက် သူ့လေသံက မယုံကြည်နိုင်သော ခံစားချက်များဖြင့် ပြည့်နက်နေသည်။

ချန်ကျိလျန်၏ မျက်ဝန်းများက အနည်းငယ်တုန်ခါသွားပြီး...

“သူက ကိုယ်ခွဲပေါင်းစပ်ခြင်း အလယ်ဆင့်ကနေ နှောင်းပိုင်းအဆင့်ကို အခုမှတက်သွားတာ ဖြစ်နိုင်တယ်”

သူက ဆက်ပြောသည်။

“တကယ့်ကို ထိတ်လန့်စရာစွမ်းအားတွေပိုင်ဆိုင်ထားပေမယ့် အခုတော့ ခက်ခဲတဲ့စမ်းသပ်မှုတစ်ခုနဲ့ ရင်ဆိုင်နေရပြီ”

ကျင့်ကြံသူများအနေဖြင့် နတ်ဘုရားသိမြင်ခြင်း ကနဦးအဆင့်သို့ရောက်ရှိသည့်အခါ အောက်ဘုံကမ္ဘာ၏ ခံနိုင်ရည်အကန့်အသတ်ကိုကျော်လွန်သွားသဖြင့် အောက်ဘုံကမ္ဘာကလက်မခံတော့သဖြင့် အထက်ဘုံကမ္ဘာသို့ တက်ရောက်ကြရသည်မှာ သဘာဝပင်။

အခြားဘက်တွင်တော့ သိုင်းသူတော်စင်တစ်ယောက် နတ်ဘုရားသိမြင်ခြင်းအဆင့်သို့ စတင်တက်ရောက်သည်နှင့် ကမ္ဘာဖြတ်လမ်းကြောင်းဖိအားကို လွတ်လပ်စွာခုခံရန် တန်ခိုးစွမ်းအား စတင်ရရှိပြီ ဖြစ်သည်။

နတ်ဘုရားသိမြင်ခြင်းအဆင့်မရောက်သေးဘဲ သွေးကြောဆုံချက်များက စကြာဝဠာအတွင်းမှကြယ်စင်များနှင့် ပဲ့တင်မထပ်နိုင်ပေ။ ထိုသို့သောအခြေအနေမျိုးတွင် လူတစ်ယောက်၏ အသွေးအသားခန္ဓာနှင့် တန်ခိုးစွမ်းအား မည်မျှကြံ့ခိုင်မြင့်မားပါစေ ကမ္ဘာဖြတ်လမ်းကြောင်းများ၏ တွန်းကန်အားကို ခုခံနိုင်မည် မဟုတ်ပေ။

ယခု ရန်တိက အစွန်းရောက်ရှစ်ပါးကမ္ဘာမှ အထက်ဘုံကမ္ဘာသို့ အောင်မြင်စွာတက်လာသည့်တိုင် သူ့ခန္ဓာကိုယ်နှင့် အစစ်အမှန်သိုင်းဝိညာဉ်က ကမ္ဘာဖြတ်လမ်းကြောင်းမှစွမ်းအားများ၏ အတင်းအကျပ် ဖြိုခွဲခြင်းကို ခံရနိုင်သည်။

“သူက ဒီနေရာ အကျပ်အတည်းထဲမှာ ပိတ်မိနေတော့မယ်”

ချန်ကျိလျန်က တည်ကြည်လေးနက်သောမျက်နှာထားဖြင့် ဆိုသည်။

“သူ့သား မိတ်ဆွေလေး’ရန်’ လိုပဲ ရတနာပစ္စည်းတစ်ခုခုအကူအညီနဲ့ တက်လာခဲ့သင့်တာ ၊ ဒါဆိုရင် အခုလို ရှုပ်ထွေးတဲ့အခြေအနေကို ရှောင်ရှားနိုင်မှာပဲ”

စောစောက ရန်ကျောက်ကဲနှင့် စကားပြောဆိုစဉ်က___

ရန်ကျောက်ကဲအနေဖြင့် နတ်ဘုရားသိမြင်ခြင်းအဆင့်သို့ မရောက်ခင်မှာပင် အောက်ဘုံကမ္ဘာက လက်မခံတော့ဘဲ အထက်ဘုံကမ္ဘာသို့တက်နိုင်မည်ဟု ချန်ကျိလျန်က ချီးကျူးပြောဆိုခဲ့သည်။

ဤစကားက ရန်ကျောက်ကဲကို ချီးမွမ်းရုံသာမက ပါရမီရှင်တစ်ယောက်၏ ကံကောင်းခြင်းကိုလည်း ဖော်ပြလိုခြင်း ဖြစ်၏။

သို့သော် ရန်ကျောက်ကဲကို ချီးကျူးပြောဆိုရင်း အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် ထိုကဲ့သို့အသော အခြားသူတစ်ယောက် ရှိနေဦးမည်ဟု ထင်မထားခဲ့မိပေ။

ပိုင်ကျစ်မင်ကတော့ ရန်တိကြုံတွေ့ရမည့် အခက်အခဲကိုစဉ်းစားရင်း အလွန်သနားစရာကောင်းသည်ဟု ခံစားရပြီး...

“သနားစရာပဲ... သနားစရာပဲ”

ဟု ရေရွတ်လိုက်၏။

တာ့ရွှမ်တိုင်းပြည်မှ သိုင်းသမားများမှာ အစပိုင်း အထိတ်တလန့် ဖြစ်သွားကြသော်လည်း ယခုတော့ ပြန်လည်ငြိမ်သက်သွားကြသည်။

ချန်ကျိလျန်နှင့် ပိုင်ကျစ်မင်တွေးသကဲ့သို့ပင် သူတို့လည်းတွေးခဲ့ကြသည် မဟုတ်လား။ ထို့နောက် စိတ်သက်သာရာရစွာဖြင့် သူတို့အားလုံး တစ်ပြိုင်တည်း သက်ပြင်းချလိုက်ကြသည်။

“ဒီလူ အထက်ဘုံကမ္ဘာကို တက်မလာနိုင်တဲ့အပြင် ကမ္ဘာဖြတ်လမ်းကြောင်းထဲမှာ သေသွားနိုင်တယ်”

“ဒါက တကယ့်ကို မျှော်လင့်မထားတဲ့ ကံကြမ္မာပဲ ၊ သူက တန်ခိုးစွမ်းအား မြင့်မားလွန်းတယ် ၊ ဒီလိုစိတ်မကောင်းစရာ အဆုံးသတ်သွားမယ်လို့ ဘယ်သူကထင်မှာလဲ”

“အမှန်တော့ အထက်ဘုံကမ္ဘာကို ဒီလိုမြန်မြန်ဆန်ဆန် တက်လာမယ်ဆိုရင် ဒီလိုနေ့မျိုးရောက်လာမယ်လို့ အစကတည်းက ကြိုတွေးထားပြီးသားပါ”

လူတစ်ယောက်က အလွန် သနားစိတ်ဝင်သော အမူအရာဖြင့်...

“ဒီလူက ကောင်းကင်ဘုံကတောင် မနာလိုဖြစ်ရလောက်တဲ့ ပါရမီရှင်မျိုး ဖြစ်နိုင်ပါတယ် ၊ ဒါပေမဲ့ သိပ်တော်လွန်းပြန်ရင်လည်း ကိုယ့်ကိုယ်ကိုယ်အထင်ကြီးမှုကြောင့် ဒုက္ခရောက်ရရတတ်တယ် ၊ ဒီလိုအခြေအနေမျိုးမှာ ကောင်းကင်ဘုံကတောင် ဆင်းကယ်နိုင်မယ် မထင်ဘူး”

ဧကရာဇ်ရွှမ်မု၏မျက်ဝန်းများ ငြိမ်သက်သွားပြီး ရန်ကျောက်ကဲနောက်သို့ ဆက်လိုက်သွားသည်။

ရန်ကျောက်ကဲကတော့ ဧကရာဇ်ရွှမ်မုကို ရှောင်တိမ်းရန် ကောင်းကင်ထက်သို့ ပျံတက်သွားသည့် ပုံရိပ်ယောင်ခွန်ဖိန်သတ္တဝါကြီး၏ ကျောထက်တွင်ထိုင်ရင်း ကောင်းကင်အက်ကွဲကြောင်းရှိရာသို့ စူးစိုက်ကြည့်နေ၏။

ချန်ကျိလျန်က အော်ပြောလိုက်သည်။

“မိတ်ဆွေလေး’ရန်’ ၊ သူ့ရဲ့ ကြယ်တာရာချီစွမ်းအားအနှစ်သာရကို အမြန်ဆုံ ပြယ်လွင့်သွားအောင်လုပ်ပြီး သူ့ရဲ့ စွမ်းအားကို ဖိနှိပ်လိုက် ၊ အခုချိန် သူ တက်လာလို့ မဖြစ်သေးဘူး ၊ ပြင်ဆင်မှုတွေအားလုံး ပြုလုပ်ပြီး နတ်ဘုရားသိမြင်ခြင်းအဆင့်ကို ရောက်ပြီးမှ ဒီကိုတက်လာလို့ရမှာ ၊ အခု အလျင်လိုစရာ မရှိပါဘူး”

အသေင်္ချနဂါးနန်းတော်ထဲတွင်လည်း ရှောင်အိုက်က ဖန်းယွင်ရှန်းနှင့် အားဟူကို ကြည့်လိုက်ပြီး...

“သခင်က တကယ်တော်တာအမှန်ပဲ ၊ ဒါပေမဲ့ ဒီအစေခံကတော့ ဟို ချန်မျိုးနွယ်အကြီးအကဲပြောတာ အဓိပ္ပါယ်ရှိတယ်လို့ ခံစားရတယ်”

အားဟူက ခေါင်းခါယမ်းရင်း...

“အဲဒီလို မဟုတ်ဘူး”

ဖန်းယွင်ရှန်းက ဖြည်းညင်းသည့်လေသံဖြင့်...

“ဂိုဏ်းချုပ်ရဲ့ အစစ်အမှန်သိုင်းဝိညာဉ်က နောက်ဆုတ်လို့မရဘဲ ရှေ့ကိုဆက်တိုက်သွားတာလို့ ကျောက်ကဲဆီက တစ်ခါကြားဖူးတယ်”

သူမက ဆက်ပြောသည်။

“သူ့ဓားကို ခဏရပ်ထားနိုင်ပေမယ့် နောက်ပြန်လှည့်ဖို့ဆိုတာ မဖြစ်နိုင်ဘူး ၊ မဟုတ်ရင် သူ့ဓားသွားက အဆိုးဘက်ရောက်ပြီး တုံးသွားလိမ့်မယ် ၊ ဒီတစ်သက်လုံး တိုးတက်နိုင်မှာ မဟုတ်တော့ဘူး”

ရှောင်အိုက်က အသံကျယ်ကျယ်ဖြင့်...

“ဒါဖြင့် ဘယ်လိုလုပ်ကြမလဲ ၊ နတ်ဘုရားသိမြင်ခြင်းအဆင့်မရောက်သေးဘဲ ကောင်းကင်အက်ကွဲကြောင်းထဲရောက်လာရင် သခင်တော့ အသက်ဆုံးသွားနိုင်တယ်”

ဤသည်က လူတိုင်းတွေးနေသော အတွေးဖြစ်၏။

ရန်တိက သိုင်းသူတော်စင် တတိယအဆင့်သို့ ယခုမှ တက်ရောက်လာသူ ဖြစ်သည်။

သွေးကြောဆုံချက်များကို သန့်စင်ပြီး သိုင်းသူတော်စင် စတုတ္ထအဆင့်သို့ ချက်ချင်းတက်လှမ်းရန် မည်သို့ဖြစ်နိုင်ပါမည်နည်း။

ရန်ကျောက်ကဲက ကျယ်လောင်စွာရယ်မောရင်း...

“စိတ်ပူပေးတာ ကျေးဇူးတင်ပါတယ် ဆရာချန် ၊ ဒါပေမဲ့ ငါ့အဖေအတွက် စိုးရိမ်စရာ မရှိပါဘူး”

သူ့စကားကြောင့် လူတိုင်း အံ့ဩသွားကြသည်။

ရန်တိသည် ကမ္ဘာဖြတ်လမ်းကြောင်းထဲတွင် တင်ပျဉ်ခွေထိုင်ရင်း ကောင်းကင်အက်ကွဲကြောင်းကိုမျက်နှာမူလျှက် မျက်လုံးများမှေးမှိတ်ထားသည်။

ရုတ်တရက်...

သူက မျက်လုံးဖွင့်လိုက်ပြီး အကြည့်များက အာကာသအလွှာများကိုဖြတ်သန်းပြီး စကြာဝဠာကိုဖြတ်သန်းသွားကာ ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာသို့ တည့်တည့်လှမ်းကြည့်လိုက်သည်။

ကျယ်လောင်စွာရယ်မောနေသော ရန်ကျောက်ကဲကိုကြည့်ရင်း ရန်တိကလည်း ကျယ်လောင်စွာ ရယ်မောလိုက်၏။

ထို့နောက် ရန်တိက ရုတ်တရက် မတ်တတ်ထရပ်လိုက်ပြီး လက်ညိုးလက်ခလယ်ကိုဓားသွားအသွင်အသုံးပြုကာ ကောင်းကင်အက်ကွဲကြောင်းရှိရာသို့ ဓားဝိညာဉ်ဖြင့် ထိုးစိုက်ချလိုက်သည်။ သူ၏ ခမ်းနားပြီး ကြောက်မက်ဖွယ်ကောင်းသော ဓားဝိညာဉ်က ကောင်းကင်ကိုထိုးခွင်းလိုက်ပြီး ကမ္ဘာသစ်တစ်ခု ဖန်တီးလိုက်သည့်အလား ထင်မှတ်ရသည်။

ရန်တိ၏ ခန္ဓာကိုယ်တစ်ခုလုံးမှ သွေးကြောဆုံချက်များ တစ်ပြိုင်နက်တည်း ခုန်လှုပ်သွားပြီး ရင်ဝနေရာမှ တန်းကျုန်းသွေးကြောဆုံချက်ကို ကြယ်တာရာချီစွမ်းအားအနှစ်သာရများ လွှမ်းခြုံသွားသည်။

သူ၏ ထက်မြက်သော ဓားဝိညာဉ်က စကြာဝဠာကို ထိုးဖောက်ဝင်ရောက်ကာ စကြာဝဠာနှင့်ဆက်သွယ်ပေးသည့် လမ်းကြောင်းကို ဖွင့်လှစ်ပေးပြီး ကြယ်စင်ပင်လယ်နှင့်ချိတ်ဆက်သွားကာ များပြားလှစွာသောကြယ်စင်များက တစ်ခဏအတွင်းပင် ရန်တိ၏သွေးကြောဆုံချက်များနှင့် ပဲ့တင်ထပ်သွားသည်။

ရန်တိ၏ရင်ဝတည့်တည့်မှ တန်းကျုန်းသွေးကြောဆုံချက်သည် စကြာဝဠာအတွင်းမှ ကြယ်စင်တစ်ပွင့်နှင့် ထူးဆန်းသောစည်းချက်နှင့်အတူ ပဲ့တင်ထပ်သွား၏။

အထက်ဘုံကမ္ဘာတွင်ရှိနေသော ချန်ကျိလျန် ၊ ပိုင်ကျစ်မင် ၊ ဧကရာဇ်ရွှမ်မုနှင့် အခြားသူများက မြင်ကွင်းကိုကြည့်ရင်း တုန်လှုပ်သွားကြသည်။

ရန်တိသည် ဒုတိယမြောက်အတားအဆီးကို ဆက်တိုက်ဆိုသလိုဖြတ်ကျော်ကာ နတ်ဘုရားသိမြင်ခြင်းသို့ရောက်ရှိသွားပြီး သွေးကြောဆုံချက်များကိုသန့်စင်ကာ ကိုယ်ခွဲပေါင်းစပ်ခြင်းနှောင်းပိုင်းအဆင့်မှ နတ်ဘုရားသိမြင်ခြင်းကနဦးအဆင့်သို့ တစ်ခဏအတွင်း အဆင့်တက်သွားခဲ့သည်။

ရန်တိခန္ဓာကိုယ်တစ်ခုလုံးမှ အလင်းတန်းများထွက်ပေါ်လာပြီး ကမ္ဘာဖြတ်လမ်းကြောင်းမှတစ်ဆင့် အစွန်းရောက်ရှစ်ပါးကမ္ဘာတစ်ခုလုံးကိုပင် တောက်ပသွားစေသည်။

အစွန်းရောက်ရှစ်ပါးကမ္ဘာမှလူတိုင်းက ရန်တိ ကောင်းကင်အက်ကွဲကြောင်းအတွင်း ဝင်ရောက်သွားပြီး အထက်ဘုံကမ္ဘာသို့ ထွက်ခွာသွားသည်ကို ကြည့်ရှုနေခဲ့ကြသည်။

တောင်တန်း ၊ ကုန်းမြေ ၊ ပင်လယ်သမုဒ္ဒရာများတွင်ရှိနေသော လူသားတိုင်းသည် ကောင်းကင်ထက်မှ ရန်တိကို ဦးညွှတ်လျှက်...

“ကောင်းကင်ထက်သို့ တက်ကြွသွားသော အရှင်သခင်ကို ဂုဏ်ပြုပါတယ်”

ဟု ဆိုလိုက်ကြသည်။

ကမ္ဘာအလင်းတောင်ထွတ်ထပ်တွင် ပိန်ပိန်ပါးပါးဖြင့် လက်တစ်ဖက်သာရှိသော အဘိုးအိုတစ်ယောက် မတ်တတ်ရပ်နေသည်။ ထိုအဘိုးအိုက ကောင်းကင်အက်ကွဲကြောင်းရှိရာသို့လှမ်းကြည့်ပြီး သူ့ထက်သာလွန်သွားပြီဖြစ်သော တပည့်ဖြစ်သူကို ပြုံးလျှက် ကြည့်နေ၏။

ရန်တိကျင့်ကြံနေသည်ကို စောင့်ကြည့်နေသည့်အချိန်တစ်လျှောက်လုံး သူ၏မျက်နှာထက်တွင် စိုးရိမ်သောအမူအရာ တစ်ခါမှ ထွက်ပေါ်မလာခဲ့ပေ။ ယွမ်ကျန်းဖုန်းက အစမှအဆုံးတိုင် တပည့်ဖြစ်သူ၏အောင်မြင်မှုများနှင့် လမ်းဖွင့်နေသည့်ဓားဝိညာဉ်ကို ငြိမ်သက်စွာ စောင့်ကြည့်နေခဲ့သည်။

ရန်တိ၏ဓားသွားသည် လမ်းကြောင်းတစ်ခု ထိုးဖောက်ထွက်သွားပြီး ကမ္ဘာအသစ်တစ်ခုဆီသို့ ဦးတည်နေသည်။

ကောင်းကင်အက်ကွဲကြောင်းအတွင်းမှ ကြောက်မက်ဖွယ်ရာ ပရမ်းပတာ ဗလာနယ်စီးကြောင်းများသည် ယခုတော့ သူ့အတွက်လမ်းခင်းပေးသည့် လှေကားထစ်များအဖြစ်သို့ ပြောင်းလဲသွားသည်။

ရန်တိက လှေကားထစ်များအတိုင်း တက်လှမ်းလာကြီး အာကာသအလွှာပေါင်းများစွာကိုဖြတ်ကျော်ကာ အထက်ဘုံကမ္ဘာသို့ ရောက်ရှိလာသည်။

အထက်ဘုံကမ္ဘာသို့ ခြေချမိသည်နှင့် ရန်တိ၏မျက်ဝန်းများက ရန်ကျောက်ကဲနောက်လိုက်နေသည့် ဧကရာဇ်ရွှမ်မုထံသို့ ကျရောက်သွားသည်။

သူက ဓားသွားပမာမျက်ခုံးများကို တစ်ချက်ပင့်လိုက်ရင်း...

“ကဲ... ငါတို့တိုက်ပွဲ ဆက်လိုက်ကြရအောင်”

သူ့စကားဆုံးသွားသည်နှင့် မိုးမြေတစ်ခုလုံးကို ထိုးခွင်းပစ်တော့မည့် ထက်ရှလှသော ဓားဝိညာဉ်က လေထုကိုဖျက်သန်းသွားပြီး ဧကရာဇ်ရွှမ်မုရှေ့သို့ ချက်ချင်းကျရောက်သွားလေ၏။

All Chapters