ပညာရှင် နှလုံးသား
Vol. 20 Ch. 270
ငါးယောက်လုံးတွင် ကိုယ်ပိုင် ပျံသန်းရေး မှော်ရတနာများ ရှိကြသော်လည်း မိုဝူကျီက အနှေးဆုံး ဖြစ်လေသည်။
နှစ်နာရီလောက် အကြာတွင် ငါးယောက်သား အုပ်စုက ပေါင်းပင်များ ပြည့်နှက်နေသည့် နေရာသို့ ရောက်ရှိလာကြသည်။ ပေါင်းပင်များ အလယ်တွင် နံရံအကျိုးများ နေရာအနှံ့ ရှိနေပြီး တချို့မှာ ရှေးဟောင်း အဆောက်အဦ အဖြစ် ကျန်ရှိနေလေသည်။
မိုဝူကျီက ဤနေရာသို့ ယခင်က ရောက်ဖူးလေသည်။ ဤနေရာသို့ ရောက်ရှိဖို့ရာ ရက်အတော် အချိန် ယူခဲ့ရသော်လည်း ယခုအခါ နှစ်နာရီမျှသာ ကြာမြင့်လေသည်။
“ဒီနေရာမှာ ရွံစရာ ကောင်းတဲ့ တီကောင်တွေနဲ့ ပြည့်နေတာ။ ကျုပ်တို့ ပြန်ရောက်တဲ့ အခါကျ ဒါတွေ ရှင်းပစ်ကြစို့ ...”
သင်္ဘောပျံများက ပေါင်းပင်များ အထက်မှ ဖြတ်ကျော်သွားသည့် အခါ မိုဝူကျီက ပြောလိုက်၏။ ဖုန်းကျန့်ချိုးက အမြန်အဆန် ဝင်ပြောလိုက်သည်။
“မဖြစ်နိုင်ဘူး။ ဒီတီကောင်တွေကို သွားပြီး မနှောင့်ယှက် သင့်ဘူး။ သူတို့ကို သွားရန်စ မိရင် စစ်မှန်ခြင်း နတ်ဘုရား အဆင့် ကျင့်ကြံသူတောင် လွတ်မြောက်နိုင်မှာ မဟုတ်ဘူး ... ”
မိုဝူကျီက နားမလည် ဖြစ်သွား၍ မေးလိုက်သည်။
“ကျုပ်တော့ အဲဒီလို မထင်ဘူး။ အရင်တစ်ခါ ဒီနေရာကို ဖြတ်တုန်းက ကျုပ် အတော်လေး သတ်ပစ်ခဲ့တာ ... ”
ထိုစဉ်က မိုဝူကျီသည် မည်သည့် အဆင့်တွင် ဖြစ်၍ ယခုတွင် မည်သည့် အဆင့် ရောက်ရှိ နေပြီနည်း။ ထို့အပြင် လက်ရှိ၌ စစ်မှန်ခြင်း နတ်ဘုရားအဆင့် လေးယောက် ပါရှိနေသေးကာ သူတို့က အဘယ်ကြောင့် တီကောင်များကို ကြောက်ရွံ့ နေသနည်း။
ဖုန်းကျန့်ချိုးက မိုဝူကျီအား ကြည့်ကာ ခေါင်းခါလိုက်သည်။ ဤလူငယ်လေးတွင် အမှန်ပင် အကြောက်တရား မရှိချေ။
“မဟာမိတ် ခေါင်းဆောင် ... အဲဒါက ခင်ဗျား အတော်လေး ကံကောင်းခဲ့လို့ပဲ။ မဟုတ်ရင် ခင်ဗျားက တီကောင် အငယ်လေးတွေ ရှိနေတဲ့ဘက်ကို ဖြတ်သွားမိတာ ဖြစ်ရမယ်။ ခင်ဗျားက ကြာကြာ မနေခဲ့လို့ အရွယ် ရောက်ပြီးသားတွေ မရှိတာ နေမှာ။ အရွယ်ရောက် တီကောင်တွေ ဒေါသ ထွက်ရင် သူတို့က ပျံသန်းနိုင်ပြီးတော့ သူတို့ မသေမချင်း ရပ်မှာ မဟုတ်တော့ဘူး။ သူတို့ကို ရန်စသွားတဲ့ သူရဲ့ အသွေးအသား မကုန်မချင်း ဆက်တိုက် လိုက်နေမှာ ... ”
ထိုအရာကို ကြားပြီး မိုဝူကျီ တစ်ယောက် ကြက်သီး တဖြန်းဖြန်း ထသွားလေသည်။ ထိုသည်ကား အလွန်ကြောက်ဖို့ ကောင်းလှပေသည်။ ကံကောင်းလှစွာ သူက ဤနေရာကို ဖြတ်ပြီးသည်နှင့် ချက်ချင်း ထွက်သွား ခဲ့မိသည်။ မဟုတ်လျှင် တီကောင်များ အဝိုင်း ခံရပါက ... အောင်မယ်လေး ... ဆက်၍ မတွေးဝံ့တော့ပေ။
“စစ်မှန်ခြင်း နတ်ဘုရား အဆင့် ကျင့်ကြံသူက ဒီနေရာကို တစ်ခါ ဖြတ်သွားဖူးတယ်။ သူ ဖြတ်သွားပြီးမှ စိတ်မပျော် တာနဲ့ ဒီနေရာက တီတွေကို မီးရှို့လိုက်တာ။ အဲဒါကြောင့် တီဘုရင်က ဒေါသ ထွက်သွားပြီးတော့ အဆုံးသတ်မှာ စစ်မှန်ခြင်း နတ်ဘုရား အဆင့် ကျင့်ကြံသူကို မရေတွက်နိုင်တဲ့ တီတွေက ဝိုင်းဝါးမျိုကြ တော့တာ ...”
ဖုန်းကျန့်ချိုးက မိုဝူကျီ အခြေအနေ အပြည့်အဝကို နားမလည်မည်ကို စိုးရိမ်နေမိ၍ နမူနာ အနေနှင့် ရှင်းပြလိုက်ခြင်း ဖြစ်သည်။
ရှင်းဟွမ်က ဆက်ပြောလိုက်သည်။
“ဂိုဏ်းချုပ်ဖုန်း ပြောတာမှန်တယ်။ ဒီနေရာက တီတွေကို ခြေရိုးတီလို့ ခေါ်ကြတယ်။ သူတို့ မှတ်ထားတာ ခံရတဲ့သူ ဘယ်သူမဆို မလွတ်ဘူး။ ပြီးတော့ အဲဒီ တီတွေက လူတွေရဲ့ အရေပြားက တစ်ဆင့် ရိုးတွင်းချည်ဆီထိ သွားနိုင်တယ်။ အဲဒါကို စစ်မှန်ခြင်း နတ်ဘုရား အဆင့် ကျင့်ကြံသူတောင် တားဆီး နိုင်မှာ မဟုတ်ဘူး ... ”
“အဲဒါဆို တစ်ယောက်မှ ဒီတီတွေကို မ နှိမ်နင်း နိုင်ဘူးပေါ့ ... ”
မိုဝူကျီက အံ့ဩတကြီး မေးလိုက်သည်။
“အတိအကျတော့ မဟုတ်ဘူးပေါ့။ ဒီတီတွေကို မီးနဲ့တော့ နှိမ်နင်းနိုင်တယ်”
ဖုန်းကျန့်ချိုးက ရှင်းပြလိုက်သည်။ သို့သော်လည်း မိုဝူကျီက အပြည့်အဝ နားမလည်သေးပေ။
“ဂိုဏ်းချုပ်ဖုန်း ... စစ်မှန်ခြင်း နတ်ဘုရား အဆင့် ကျင့်ကြံသူက မီးသုံး ခဲ့တယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား။ အဲဒါကို တီတွေ အစား ခံလိုက်ရသေးတာလား ... ”
ဖုန်းကျန့်ချိုးက ခေါင်းညိတ်ကာ ရှင်းပြလိုက်သည်။
“ဟုတ်တယ်။ မီးက တီတွေရဲ့ အားနည်းချက် ဆိုပေမဲ့ ဘယ်လို မီးအမျိုးအစား သုံးတာလဲ ဆိုတာ အပေါ် မူတည်သေးတယ်။ မီးအမျိုးအစား အားလုံးက တီတွေကို သတ်နိုင်တာတော့ မဟုတ်ဘူး။ နမူနာအနေနဲ့ဆိုရင် လက်ရုံးရှင်းမှာ မီးအမျိုးအစား တစ်ခု ရှိတယ်။ ဒါပေမဲ့ အဲဒါက လက်နက် ပြုလုပ်ဖို့ အတွက် အဓိက အသုံးပြုတယ်။ အဲဒီမီးက တီကောင်တွေကို သတ်နိုင်ပေမဲ့ တီကောင် အုပ်စုလိုက် ဝိုင်းလာ ရင်တော့ သူ့မီးတောက်က မလုံလောက် တော့ဘူး ... ”
ရှင်းဟွမ်က ထပ်ပြောလိုက်သည်။
“ဂိုဏ်းချုပ်ဖုန်း ပြောတာ မှန်တယ်။ မီးအမျိုးအစား အများကြီး ရှိပေမဲ့ ကျုပ်မီးကျ လက်နက်ပြုလုပ်ဖို့အတွက်ဆိုတော့ တိုက်ခိုက်ဖို့ မသင့်တော်ဘူး ... ”
“တကယ်တော့ ကျုပ်တို့ကို အဲဒီတီတွေကို သတ်စေချင်တယ်ဆိုရင် ကျုပ်တို့ကြားမှာ လုပ်နိုင်မဲ့သူ တစ်ယောက်တော့ ရှိတယ် ... ”
ကြီးမြတ်ရန်ကျုံး ဂိုဏ်းမှ စစ်မှန်ခြင်း နတ်ဘုရား အဆင့် ကျင့်ကြံသူ အကြီးအကဲ ဖုန်းကျဲက ကောင်းကင်နတ်ဆိုး ဂိုဏ်းမှ ဖန်ကျန်းတျန်းကို ကြည့်၍ ပြောလိုက်သည်။
ဖုန်းကျန့်ချိုးလည်း သဘောတူစွာဖြင့်
“အမှန်ပဲ ... ဂိုဏ်းချုပ်ဖန်သာ ဆိုရင် ကျုပ်တို့တွေ ဒီတီတွေကို ရှင်းလင်း ပစ်နိုင်လောက်တယ်”
သို့သော်လည်း ဖန်ကျန်းတျန်းက ခေါင်းခါလိုက်ပြီး
“ကျုပ်က အဲဒီ တီတချို့တော့ သတ်နိုင်တာ မှန်တယ်။ ဒါပေမဲ့ အားလုံးကို သတ်ဖို့တော့ ကျုပ်က မစွမ်းဆောင် နိုင်သေးဘူး ... ”
သူ့စိတ်ထဲတွင် မိုဝူကျီက အတော်လေး အံ့အား သင့်နေလေသည်။ စစ်မှန်ခြင်း နတ်ဘုရား အဆင့် ကျင့်ကြံသူ လေးယောက်လုံးက သူတို့ မလုပ်နိုင်ကြောင်း ပြောနေကြ၍ ထိုတီများက ဘယ်လောက်များ အားကောင်း နေလို့လဲ ...
“တကယ်တော့ ဂိုဏ်းချုပ်ဖုန်း ပြောတာ မှန်တယ်။ ဒီတီတွေကို သေသွားတဲ့ အထိ မီးလောင် တိုက်သွင်း နိုင်တဲ့ မီးတစ်မျိုးတော့ ရှိတယ် ... ”
ဖန်ကျန်းတျန်းက ပြောရင်း မိုးသောက်ယံကြယ် ရှိသည့်နေရာသို့ ညွှန်ပြ လိုက်သည်။
“စောစောလေးက လုမန်ပြောတဲ့ အစိမ်းရောင် မီးတောက် ဆိုတာကို ကျုပ်တော့ ပညာရှင် နှလုံးသားလို့ ထင်နေတယ် .... ”
“ပညာရှင် နှလုံးသား ” ဟူသော ထိုစကားကို ကြားသောအခါ ကျန်ရှိနေသည့် သူများက ဖန်ကျန်းတျန်းက အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။
မိုဝူကျီမှလွဲ၍ ကျန်သော စစ်မှန်ခြင်း နတ်ဘုရား အဆင့် ကျင့်ကြံသူများက ပညာရှင် နှလုံးသား အကြောင်း သိကြလေသည်။ အပြင်ပန်းတွင် နူးနူးညံ့ညံ့နှင့် လှပသော်လည်း အတွင်းပိုင်းတွင် ကြမ်းတမ်းကာ ပေါက်ကွဲ နိုင်လေသည်။ ထိုသို့သော မီးမျိုးသာ ကူးစက်ခံရပါက ပြာအဖြစ် အဆုံး သတ်သွားလိမ့်မည်။
ဖန်ကျန်းတျန်းက ဆက်၍ ရှင်းပြလိုက်လေသည်။
“မဟာမိတ် ခေါင်းဆောင်မိုက ပညာရှင် နှလုံးသား ဘယ်လောက် ကြောက်ဖို့ ကောင်းတယ် ဆိုတာ သိချင်မှ သိလိမ့်မယ်။ ဒီမီးတောက်က အစိမ်းရောင် လွှမ်းခြုံ ထားပြီးတော့ အေးချမ်းတဲ့ပုံ ပေါက်ပေမဲ့ ပြင်းထန် လာတာနဲ့အမျှ ကြောက်မက်ဖွယ် အရာတွေက လုမန် ပြောတာ ထက်တောင် ဆိုးနေဦးမယ်။ အဲဒီလို အပူချိန်မျိုးက တိုက်ခိုက်လိုစိတ်ပါ ပျောက်အောင် ဖြစ်သွားစေနိုင်တယ်။ ပြီးရင် အစအနမရှိ ပျောက်ကွယ် သွားလိမ့်မယ် ... ”
ထိုစဉ် ဖန်ကျန်းတျန်းက အားရပါးရ ရယ်မောကာ
“အဲဒီမီးကိုသာ ပြန်လည် မွမ်းမံနိုင်ခဲ့ရင် အဲဒီမီးသာ ခင်ဗျားလက်ထဲ ရောက်ထဲမယ် ဆိုရင် ဒီတီတွေတင် မကဘူး ဒီတီတွေထဲမှာ ပုန်းနေတဲ့ လူတွေရော ဟားဟား ..... ”
စိတ်အတွင်း၌ မိုဝူကျီက သူ့ဘာသာ ပြန်တွေးမိ လိုက်လေသည်။ သူတို့ကြားတွင် စစ်မှန်ခြင်း နတ်ဘုရား အဆင့် ကျင့်ကြံသူ မဟုတ်ဘဲ သာမန် ရိုးရိုးလူသာ ဖြစ်၏။
ဤနေရာသို့ သူ ပထမအကြိမ် လာစဉ်က သူသည် ထိုတီများကို တစ်ယောက်ယောက်မှ မွေးမြူထားခြင်း ဖြစ်ရမည်ဟု ခန့်မှန်း ခဲ့ဖူးသည်။ အခြားလူများလည်း သိနေလိမ့်မည်ဟု မည်သို့ ထင်ထားမည်နည်း။ ထိုတီများကို မနှောင့်ယှက်ချင် သောကြောင့်သာ ရှောင်ဖယ် သွားကြခြင်း ဖြစ်လေသည်။
ငါးယောက်သား နတ်ဘုရား အမြန်နှုန်းဖြင့် သွားလာနေကြပြီး ရက်တချို့ အကြာတွင် သူတို့က ကြီးမား ကျယ်ပြန့်သည့် ကန္တရကို ဖြတ်ကျော်ကြရသည်။
သူတို့ ကန္တာရကို ဖြတ်ကျော်သည်နှင့် ဖုန်းကျန့်ချိုးက ရပ်ဖို့ရာ တောင်းဆို လိုက်သည်။
သူတို့လမ်းတွင် ပိတ်ထားသည်က တောင်တစ်လုံး ဖြစ်ကာ မမြင့်မားသော်လည်း ထိပ်တွင် ကျယ်ပြန့်သည့် ရေကန်ကြီး ရှိနေလေသည်။
အနီးအနားရှိ တောင်တွင် ဆင်းသက်လိုက်ပြီး မိုဝူကျီက ကန်ထဲမှ ရေများသည် အလွန် ကြည်လင်ကြောင်း မြင်လိုက်သည်။ ပတ်ဝန်းကျင်တွင် တရစ်ရစ် ဝဲနေသည့် ကန့်(ဆာလဖာ) အနံ့ ရလေသည်။
“ဂိုဏ်းချုပ်ဖုန်း ... အဲဒီ တောင်ထိပ်က ရေကန်ကို တစ်ချက် သွားကြည့်ရအောင် .... ”
မိုဝူကျီက ဦးစွာ ပြောလိုက်သည်။
ဘွားဘွား လင်းလောင်က သတင်း ပို့လိုက်သော်လည်း တည်နေရာ အတိအကျ မပါဝင်ပေ။ ထို့ကြောင့် မိုဝူကျီက အစိမ်းရောင် မီးတောက် ပေါ်လာသည့် နေရာပေါ် အခြေခံ၍ ရှာနေရခြင်း ဖြစ်သည်။
ဖုန်းကျန့်ချိုးက ပြန်ဖြေလိုက်သည်။
“တကယ်လို့ ကျုပ်တို့တွေ တီတွေကို သွားရန်စမိရင် ကျုပ်တို့ အသက်ရှင်နိုင်ခြေ နည်းသွားမယ် ဆိုပေမဲ့ တကယ်လို့ ကျုပ်တို့သာ အဲဒီ ရေကန်ထဲ သွားကြရင် တစ်ယောက်မှ အသက်ရှင်ရက် ပြန်မထွက်လာ နိုင်ဘူး ဆိုတာ ယုံကြည်တယ် .... ”
မိုဝူကျီက ဖုန်းကျန့်ချိုးကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်မိသည်။ ဖုန်းကျန့်ချိုး အကြည့်တွင် ခံစားချက်မျိုးစုံ ရောပြွန်း နေပြီးနောက် အလျင်အမြန်ပင် ပျောက်ကွယ် သွားလေသည်။
“ကျုပ် ဒီနေရာကို ရောက်ဖူးတယ်။ ဒီနေရာက မီးတောင်ပဲ။ ပေါက်ကွဲပြီး နောက်မှာ အစိမ်း ရေကန် ဖြစ်လာတာ .. ”
ဖုန်းကျန့်ချိုးက အသက်ဝဝ ရှူလိုက်ပြီး
“တကယ်လို့ ကျုပ်မှန်းတာသာ မှန်ရင် ဒီကန်ထဲမှာ ရှိတာက ရေမဟုတ်ဘဲ မီးတောက်ပဲ။ အဲဒီ မီးတောက်က ဂိုဏ်းချုပ်ဖန် ပြောခဲ့တဲ့ ပညာရှင် နှလုံးသား ဆိုတာပဲ ... ”
“ဘာကြီး ... ”
မိုဝူကျီက ဖုန်းကျန့်ချိုးကို မယုံကြည်နိုင်စွာ ကြည့်လိုက်ရင်း
“ဂိုဏ်းချုပ်ဖုန်း ဒီရေမျက်နှာပြင်မှာ လှိုင်းကြက် တွန့်လေးတွေတောင် ရှိနေသေးတာ။ ပြီးတော့ ဘယ်အပူဓာတ် မှလည်း မခံစားရဘူး။ ဘယ်လိုလုပ် ပညာရှင် နှလုံးသား ဖြစ်နိုင်မှာလဲ ... ”
ဤတစ်ကြိမ်တွင် ဖုန်းကျန့်ချိုးက မပြောတော့ဘဲ ဖန်ကျန်းတျန်းက ဝင်ပြော လိုက်လေသည်။
“ဂိုဏ်းချုပ်ဖုန်း ပြောတာ ဟုတ်ပါတယ်။ အဲဒါက ပညာရှင် နှလုံးသားပဲ ဖြစ်ရမယ်။ ပညာရှင် နှလုံးသားက တည်ငြိမ် သိမ်မွေ့တယ်။ အဲဒါရဲ့ ကြောက်စရာ ကောင်းတဲ့ အချက်ကြောင့် မပါရင် လူများစွာကို လိုချင် တပ်မက် စေနိုင်တယ်။ ဒါပေမဲ့လည်း အဲဒါက ပညာရှင် နှလုံးသားရဲ့ အကြောက်စရာ အကောင်းဆုံး အပိုင်းပဲ ...
မဟာမိတ် ခေါင်းဆောင်မို ... လှိုင်းတွန့်ထနေတဲ့ ရေမျက်နှာပြင်ကို ကြည့်ပါဦး လက်တွေ့ကျ အဲဒီ ပညာရှင် နှလုံးသားကြောင့် အစိမ်းရောင် မီးတောက်ကနေ ထွက်ပေါ်လာတာ။ ပညာရှင် နှလုံးသားက အပူအားလုံးကို အတွင်းပိုင်းမှာ သိမ်းဆည်း ထားပြီး အပြင်မှာ မခံစားရလို့ ကြောက်စရာ ကောင်းတာပဲ။ ဒါပေမဲ့ မီးတောက်လေးသာ စဖြစ်ပေါ်ခဲ့ရင် နေရာ တစ်ခုလုံး ပြာကျ သွားနိုင်တယ် .... ”
ရှင်းဟွမ်က သက်ပြင်းချကာ
“ကြည့်ရတာ လွန်ခဲ့တဲ့ ရက်တုန်းက အစိမ်းရောင် မီးတောက်က ဒီပညာရှင် နှလုံးသား မွေးဖွား လာမှုကို ပြတဲ့ လက္ခဏာ နေမှာ။ ကျုပ် ကြားဖူးတာတော့ ဒီလိုမီးမျိုးကို သိမ်းထားမယ် ဆိုရင် မမွေးဖွား သေးတဲ့ အခြေအနေမှာ ဖြစ်သင့်တယ်တဲ့။ မွေးဖွား ဖြစ်တည်လာတာနဲ့ ဒီလို မီးမျိုးက ပြိုင်ဘက်ကင်း တည်ရှိမှုမျိုး ဖြစ်သွားပြီ ... ”
“မဟာမိတ် ခေါင်းဆောင်မို ... လင်းလောင်က ဒီနေရာမှာ ရှိရှိ၊ မရှိရှိ ကျုပ်တို့တွေ ဒီမှာ အကြာကြီး မနေသင့်ဘူး ... ”
ဖုန်းကျန့်ချိုးက သူ့ဘာသာ သက်ပြင်းချရင်း အရင်ဦးစွာ အကြုံပြုလိုက် လေသည်။
“ခဏလေး ...”
မိုဝူကျီက ရုတ်တရက် ရှေ့ကို လျှောက်လှမ်း လိုက်ပြီး ခေါင်းကို မြေပြင်နား အထိ ငုံ့လိုက်သည်။
ကြည့်ရသည်မှာ မိုဝူကျီက တစ်ခုခု ရှာဖ ွေတွေ့ရှိသွားဟန် ပေါ်သောကြောင့် အခြား လူများက သူ့အား မနှောင့်ယှက်ကြပေ။
အမွှေးတိုင် တစ်တိုင် အကွာတွင် သူက ခေါင်းကို မော့ကာ ပြောလိုက်သည်။
“အားလုံး ဒီနေရာမှာ အစီအရင် အရိပ်အယောင် ရှိနေတယ်။ လက်ရုံးရှင်း ကျုပ်ကို ကူပြီးတော့ အစီအရင် အလံတွေ လုပ်ပေးပါဦး.... ကျုပ် စစ်ကြည့် လိုက်ဦးမယ် ... ”
ရှင်းဟွမ်က ချက်ချင်း ဆိုသလို သဘောတူလိုက်ပြီး ပန်းပဲမီးဖိုကို ထုတ်ယူကာ သူ့လက်ထဲ၌ မီးလုံး ထုတ်လွှင့် လိုက်လေသည်။ မီးဖိုထဲသို့ ပါဝင်ပစ္စည်း တချို့ ပစ်ထည့်လိုက်ပြီး အားလုံးက ရှင်းဟွမ်၏ ကျော့မော့လှသည့် လက် အလုပ်လုပ်ပုံ နှင့် ပန်းပဲမီးဖို အတွင်းမှ လက်ဟန်များကို ရင်သပ် ရှုမောဖွယ် ကြည့်နေကြလေသည်။
အစီအရင်ကို သတိထားမိသော မိုဝူကျီက ရှင်းဟွမ်၏ ပန်းပဲ နည်းလမ်းကို ကြည့်၍ အံ့အား သင့်နေမိသည်။ သူ့မျက်နှာပင် ပူသွားမိသည်။ အကြောင်းမှာ သူကိုယ်တိုင်လည်း အစီအရင်အလံ ပြုလုပ်တတ်နေ၍ ဖြစ်သည်။ သို့သော် ရှင်းဟွမ်နှင့် ယှဉ်လျှင် သူ လုပ်ထားသော အရာများက သာမန်လူများ ပြုလုပ် ထားသကဲ့သို့ ဖြစ်နေလေသည်။
ထို့အပြင် သူက ပန်းပဲပညာကို မသင်ယူဖူးသည့် အတွက် အစီအရင်အလံ ပြုလုပ်ဖို့ရာ အတွက် မီးဖို မလိုကြောင်း အမြဲ တွေးထား မိသည်။ ယခု ရှင်းဟွမ်က မီးဖိုထဲ ပြုလုပ် နေသည်ကို မြင်သောအခါ သူက အမြဲတမ်း မှားယွင်း နေကြောင်း သိလိုက်ရသည်။
ရှင်းဟွမ် အမြန်နှုန်းမှာ အတော်လေး မြန်ဆန်လှပေသည်။ အမွှေးတိုင် တစ်တိုင်စာ အတွင်း သူက တည်နေရာ အစီအရင် အလံများကို မိုဝူကျီ ပေးပြီးလေပြီ။
အစီအရင် အလံများကို မွမ်းမံပြီးသည့် နောက်တွင် မိုဝူကျီက စတင်၍ နေရာ ချထားတော့သည်။ တျန်းဂျီဂိုဏ်း ကာကွယ်ရေး အစီအရင် အတွက်ပင် သူ့အတွက် ပြီးစီးဖို့ရာ နှစ်နှစ်တာ အချိန်ယူခဲ့ရသည်။ တစ်နှစ်တာက အစီအရင် တာအိုအကြောင်း လေ့လာနေရပြီး အဓိကအားဖြင့် အစီအရင် အသက် သွင်းမည့် အကြောင်း ဖြစ်သည်။ နောက်တစ်နှစ်တွင် အမှန်တကယ် လက်တွေ့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
ယခုအခါ သူ့တွင် ရှင်းဟွမ် အစီအရင်အလံများ ရှိနေသည့် အတွက် သူ့လုပ်ထားသည့် အရာများက မည်မျှပင် ဆိုးရွားနေကြောင်း သဘော ပေါက်သွားတော့သည်။ အကယ်၍ သူသာ တျန်းဂျီ ကာကွယ်ရေး ဂိုဏ်းအတွက် ရှင်းဟွမ်၏ အလံများ သုံးခဲ့လျှင် တစ်နှစ် အချိန်ဖြုန်းစရာ မလိုအပ်ပေ။ အစီအရင်လည်း သူလုပ်ထား သည့်ထက် ပို၍ ကောင်းလာ နိုင်ပေသည်။
ထိုအတွေးက စိတ်ထဲတွင် ရုတ်တရက် ပေါ်ပေါက် လာသော်လည်း မိုဝူကျီက ဆက်၍ မတွေးတော့ပေ။ ရှင်းဟွမ် လုပ်ထားသည့် အစီအရင် အလံများက မည်မျှပင် ကောင်းစေကာမူ သူက ရှင်းဟွမ်ကို တစ်ချိန်လုံး အနားတွင် သိမ်းဆည်း ထား၍ မရချေ။ သူ ကျန်းမို နယ်မြေသို့ မသွားခင် ရှင်းဟွမ်ဆီမှ အစီအရင် အလံအချို့ ထပ်တောင်းဆို ရမည်။
အစီအရင် အလံဆယ်ဂဏန်း လောက်ကို မိုဝူကျီက နေရာ အမျိုးမျိုးတွင် ခင်းကျင်း လိုက်လေသည်။ ကျန်လူများက သူတို့ ပတ်ဝန်းကျင်မှ ပြောင်းလဲမှုကို ခံစား မိလာကြသောလည်း ထိုအပြောင်းအလဲကို သေချာ ထုတ်မပြော နိုင်ကြပေ။
ကျင့်ကြံဆင့် အားဖြင့် အားလုံးက မိုဝူကျီထက် မိုင်ပေါင်းများစွာ ရှေ့ကျော နေသော်လည်း အစီအရင် တာအိုမှာမူ အဆင့်တစ်ခု ရောက်နေပြီ ဖြစ်သည့် ရှင်းဟွမ်မှလွဲ၍ မည်သူကမျှ ချူရှင်ကျီ၏ အမွေအနှစ် များကို လိုက်မမီကြပေ။
***