ဘယ်နေရာရောက်ရောက် မင်းကိုနိုင်တယ်
Vol. 54 Ch. 764
အခန်း (၇၆၄) ဘယ်နေရာရောက်ရောက် မင်းကိုနိုင်တယ်
ရန်ကျောက်ကဲနောက်သို့ လိုက်နေသည့် ဧကရာဇ်ရွှမ်မုကိုတွေ့တော့ ရန်တိက မျက်ခုံးတစ်ချက်ပင့်လိုက်ပြီး သူ၏ဦးခေါင်းကိုဓားဖြင့် ခုတ်ပိုင်းချလိုက်သည်။
ဧကရာဇ်ရွှမ်မုက ဒေါသတကြီးဖြင့်...
“မင်း လုပ်ရဲသလား ၊ မင်းကိုယ်မင်း အောက်ဘုံကမ္ဘာမှာလို့ ထင်နေသလား”
“မင်းရဲ့ တန်ခိုးစွမ်းအားနဲ့ အရည်အချင်းက ထိပ်တန်းအဆင့်ဆိုတာ ငါကိုယ်တော် ဝန်ခံပါတယ် ၊ ဒါပေမဲ့ အဲဒါက အစွန်းရောက်ရှစ်ပါးကမ္ဘာမှာပဲ ဖြစ်နိုင်လိမ့်မယ် ၊ အထက်ဘုံကမ္ဘာကိုရောက်လာရင်တော့ မင်းက အောက်ခြေအဆင့်ပဲရှိတယ်ဆိုတာ မမေ့ပါနဲ့”
သူက ရန်ကျောက်ကဲကို လျစ်လျူရှုလိုက်ပြီး ရန်တိ၏ဓားချက်ကို ထိပ်တိုက်ရင်ဆိုင်လိုက်သည်။
ဧကရာဇ်ရွှမ်မုက မီးငါးသွယ်သိုင်းပညာကို အမြင့်ဆုံးအဆင့် လှည့်ပတ်လိုက်သည်။ သူ့လက်ထဲတွင် ရွှမ်ကရာဇ်လှံရှည်မရှိတော့သော်လည်း ကြောက်မက်ဖွယ်ရာ ရတနာခုနစ်သွယ်လှံရှည်ကတော့ ဗလာနယ်ကို ထိုးခွင်းနိုင်ဆဲ ဖြစ်၏။
သူ၏ ကြယ်တာရာချီစွမ်းအားအနှစ်သာရက တောက်ပသောမီးတောက်မီးလျှံများအဖြစ်ပြောင်းလဲသွားပြီး ပတ်ဝန်းကျင်လေထုတစ်ခုလုံးကို လောင်ကျွမ်း ပြိုကျသွားစေသည်။
ဧကရာဇ်ရွှမ်မု၏မျက်လုံးများက အေးစက်မှုများဖြင့်ပြည့်နေပြီး သတ်ဖြတ်လိုသည့်အငွေ့အသက်များဖြင့် လွှမ်းခြုံနေသည်။
“ကျင့်စဉ်လမ်းက သိပ်ချောမွေ့နေတော့ ကိုယ့်ဘဝကိုယ် မေ့သွားတာလား ၊ အောက်ဘုံကမ္ဘာမှာ မင်းက အကြောက်တရားကင်းကင်းနဲ့ လွှမ်းမိုးချုပ်ကိုင်နိုင်ပေမယ့် ဒီမှာတော့ မင်းက ဘာကောင်မှ မဟုတ်ဘူး”
ဧကရာဇ်ရွှမ်မုက လှံရှည်ကို ဝှေ့ယမ်းလိုက်သည်နှင့် ကောင်းကင်ထက်တွင် မီးပင်လယ်ကြီး ဖြစ်တည်လာပြီး ဥက္ကာပျံတစ်ခုက လှံရှည်ထိပ်ဖျားတွင် ထွက်ပေါ်လာသည်။
ရန်တိက မျက်ခုံးတစ်ချက်ပင့်လိုက်ပြီး တည်ငြိမ်စွာဖြင့်...
“ဒီနေရာမှာ မင်းရဲ့ ကျင့်ကြံခြင်းအဆင့်ကို ဖိနှိပ်ထားစရာ မလိုတော့ဘူး ၊ ဒါပေမဲ့ ... ငါ့ကိုနိုင်မယ် မထင်ပါနဲ့”
ထို့နောက် သူက လက်ကိုပင့်မြှောက်လိုက်ပြီး ဓားကိုဆွဲထုတ်လိုက်ရာ ခမ်းနားသော ခရမ်းရောင်အလင်းတန်းက ကောင်းကင်ဓားသွားပမာ တစ်လောကလုံးကို လွှမ်းခြုံသွားပြီး ဧကရာဇ်ရွှမ်မု၏ လှံရှည်ကို ဖုံးအုပ်သွားသည်။ ဓားအလင်းတန်းက ပြင်းထန်လွန်းပြီး ဓားသွားပိတ်ဆို့ထားသောနေရာတိုင်းကို မည်သူမှ တွန်းလှန်နိုင်မည် မဟုတ်ပေ။
ဓားအလင်းတန်း ပေါက်ကွဲထွက်သွားသည့်အခါ အလုံးစုံစွမ်းအားများထွက်ပေါ်လာပြီး အဖျက်စွမ်းအားအပြည့်ဖြင့် မီးတော်ကမီးလျှံများကို ထိုးခွင်းလိုက်သည်။
ဧကရာဇ်ရွှမ်မု၏ မီးပင်လယ်မဆိုထားနှင့် ကောင်းကင်ဘုံနှင့် ငရဲ ၊ အမတမျိုးနွယ်များ ၊ နတ်ဘုရားများနှင့် ဗောဓိသတ္တများသည်ပင် ရန်တိ၏ဓားလမ်းကြောင်းကို ပိတ်ဆို့ထားပါက ပျက်ဆီးခြင်းသို့ ရောက်ရမည် အမှန်ပင်။
ရန်တိ၏ဓားက လမ်းကြောင်းတစ်ခုပမာ ဖြစ်သည်။
ကံကောင်းခြင်းများဖြင့် ပြည့်နက်နေသည့် ကမ္ဘာလောကတစ်ခုလုံး ကြီးမားသည့်အပြောင်းအလဲများဖြင့် ပြည့်နက်သွားပြီး သူ၏ဓားဝိညာဉ်က အဖျက်စွမ်းအားသက်သက်မဟုတ်ဘဲ မိုးမြေတစ်ခွင်၏ ကံကြမ္မာလမ်းကြောင်းကို ဖန်တီးသည့်အလား ဖြစ်သည်။
ဓားသွားကိုဆန့်ကျင်ပြီး အတားအဆီးကိုဖြတ်ကျော်ရန်ကြိုးစားသော တည်ရှိမှုအားလုံးက ဓားအလင်းတန်းကြောင့် အပိုင်းပိုင်းအက်ကွဲသွားပေလိမ့်မည်။
အားနည်းချက်မရှိသောဓားသွားက ရှေ့သို့သာဆက်သွားလျှက် ရှိသည်။
ရှေ့သို့...။
ရှေ့သို့သာလျှင်...။
ရန်တိ၏ဓားချက်က သူ၏ ရတနာခုနစ်သွယ်လှံရှည်ကို ထိုးခွဲပစ်လိုက်သည့်အခါ ဧကရာဇ်ရွှမ်မု ထိတ်လန့်သွားသည်။
သူ့စိတ်ထဲတွင် လက်မခံနိုင်သော ခံစားချက်တစ်ခု ပေါ်လာသည်။
အထက်ဘုံကမ္ဘာမှာပင် သူသည် ရန်တိကို မယှဉ်နိုင်သေးပါလား။
သိုင်းသူတော်စင် ဆဋ္ဌမအဆင့် ၊ နတ်ဘုရားသိမြင်ခြင်း နှောင်းပိုင်းအဆင့်ဖြစ်သော်လည်း ယခုပင် အောက်ဘုံကမ္ဘာမှတက်လာသော သိုင်းသူတော်စင် စတုတ္ထအဆင့် ၊ နတ်ဘုရားသိမြင်ခြင်း ကနဦးအဆင့်ရှိသည့် ရန်တိကို မယှဉ်နိုင်ခဲ့ပေ။
လက်ရှိတွင် သူက ဒဏ်ရာအပြင်းအထန်ရထားသဖြင့် အထွတ်ထိပ်အဆင့် တန်ခိုးစွမ်းအားပြည့်ဝခြင်း မရှိသော်လည်း ၊ သူ့ကိုပိုပြီး ထိတ်လန့်စေသည်မှာ အထွတ်ထိပ်အခြေအနေနှင့်ပင် ရန်တိကို အနိုင်ယူရန် မသေချာခြင်း ဖြစ်၏။
ဧကရာဇ်ရွှမ်မုသည် တိုက်ပွဲကိုကြံ့ကြံ့ခံရင်း စိတ်အစဉ်ကတော့ တုန်လှုပ်လျှက် ရှိသည်။
ရန်တိ၏ဓားချက်က ကောင်းကင်ကိုထိုးခွင်းလျှက် ကြီးကျယ်ခမ်းနားသောစွမ်းအားများဖြင့် မီးပင်လယ်ကိုဖောက်ထွင်းပြီး ဧကရာဇ်ရွှမ်မုထံသို့ တိုက်ရိုက်ဝင််ရောက်လာသည်။
ဧကရာဇ်ရွှမ်မုက ကြိုးကြာဖြူလှံရှည်ကို ထုတ်ယူလိုက်ပြီး ကြောက်မက်ဖွယ်ရာ ခရမ်းရောင်ဓားအလင်းတန်းကို ထိပ်တိုက်ရင်မဆိုင်ရဲတော့ဘဲ အလျှင်အမြန် ရှောင်တိမ်းလိုက်သည်။
ရန်တိ၏လက်ထဲတွင် ခရမ်းရောင်ဓားတစ်လက်ရှိနေပြီး ဓားပတ်ပတ်လည်တွင် နဂါးအရိပ်များလွှမ်းခြုံလျှက် နဂါးဟိန်းသံများ ထွက်ပေါ်နေသည်။
ထိုဓားက ယခင်က ရန်တိကိုင်ဆောင်သော အဆင့်မြင့်မှော်ဝင်ဓား ‘ကောင်းကင်နဂါးဓား’ နှင့် ဆင်တူသော်လည်း ဓာဝိညာဉ်နှင့် အယူအဆကတော့ အပြည့်အဝ ပြောင်းလဲသွားခဲ့သည်။
အရင်တစ်ချိန်က သူ၏ဓား အစိတ်အစိတ်အမွှာမွှာပျက်ဆီးသွားခဲ့ပြီးနောက် ရန်တိက ဓားသွားအပိုင်းအစများကို စုစည်းကာ များပြားလှစွာသော နဂါးရုပ်အလောင်းများနှင့် ပြန်လည်သွန်းလုပ်ခဲ့ပြီး ‘အထွတ်ထိပ်မှော်ဝင်ပစ္စည်း’ တစ်ခုအဖြစ် ပြောင်းလဲခဲ့သည်။
ဓားနာမည်ကတော့ ‘ကောင်းကင်နဂါးဓား’ ပင် ဖြစ်၏။
ထိုဓားသည်လည်း ၎င်း၏ပိုင်ရှင်ကဲ့သို့ပင် ပြန်လည်မွေးဖွားလာပြီး ကမ္ဘာအသစ်တစ်ခုသို့ ခြေချခဲ့လေပြီ။
ရန်တိက လွှမ်းမိုးနိုင်စွမ်းမြင့်မားစွာ တိုက်ခိုက်ရင်း ခံစစ်အသုံးမပြုဘဲ ဆက်တိုက်ပင်တိုက်စစ်ဆင်ကာ ရွှမ်မုဧကရာဇ်ကို အသက်ရှူရန်အခွင့်အရေးမပေးဘဲ အဆက်မပြတ် ဓားဖြင့် ခုတ်ပိုင်းချလိုက်သည်။ သူ၏စွမ်းအားအဟုန်က တောင်နှင့်ပင်လယ်ပြင်မာ ကြီးမားလှ၏။
ဧကရာဇ်ရွှမ်မုမှာ နောက်သို့ဆက်တိုက်ဆုတ်ခွာနေရသည်။
“သိပ်ကောင်းတယ်...”
တာ့ရွှမ်တိုင်းပြည်ဧကရာဇ်က စိတ်ကိုတည်ငြိမ်စေလိုက်ပြီး ဒေါသ ၊ အမုန်းတရား ၊ ရှက်ရွံ့မှုနှင့် ထိတ်လန့်ခြင်း __ စသည့် စိတ်ခံစားချက်များအားလုံးကို ဖယ်ရှားလိုက်သည်။ သူ့စိတ်တည်ငြိမ်လာသည်နှင့်အမျှ သူ့အရှေ့မှရန်သူကို မည်သို့ကိုင်တွယ်မည်လဲဆိုသည့် အချက်တစ်ချက်တည်းကိုသာ အာရုံစိုက်တော့၏။
သူ့ခန္ဓာကိုယ်ထက်မှ ပိုးသားဝတ်ရုံက တောက်ပလာပြီး မျက်နှာပြင်ထက်တွင် များပြားလှစွာသော အင်းသင်္ကေတများ ထွက်ပေါ်လာသည်။
ဤ ‘အမတမှော်ဝတ်ရုံ’ က တန်ခိုးစွမ်းအာကို ချိန်ညှိနိုင်ပြီး အောက်ဘုံကမ္ဘာသို့ ဆင်းသက်နိုင်သော အလယ်ဆင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်း ဖြစ်၏။ ရှားပါးပစ္စည်းများထဲမှတစ်ခုဟု ဆိုနိုင်သည်။
ထိုဝတ်ရုံသည် ဧကရာဇ်ရွှမ်မုနှင့်အတူ အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ ရောက်ရှိခဲ့ပြီး ထိုနေရာမှ ပြန်လည်လွတ်မြောက်လာစေရန် ကူညီပေးခဲ့သော မရှိမဖြစ် ရတနာတစ်ပါးလည်း ဖြစ်၏။
ယခုတော့ ထို အလယ်ဆင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းသည် ၎င်း၏ စွမ်းအားအပြည့် မူလသဏ္ဌန်ကို ထုတ်ဖော်ပြသခဲ့ပေပြီ။
လောလောဆယ်တွင် ဧကရာဇ်ရွှမ်မုသည် သူ့အရှေ့မှရန်သူကို အနည်းငယ်ပင်အထင်မသေးရဲတော့ဘဲ သူ့လက်သာလွန်သော ပြိုင်ဘက်အဖြစ် မှတ်ယူထားပေပြီ။
နတ်ဘုရားသိမြင်ခြင်းအဆင့် သိုင်းသူတော်စင်များသည် အလယ်ဆင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းများကို စွမ်းအားအပြည့်အဝ ထုတ်ဖော်အသုံးပြုနိုင်ကြသည်။ သူတို့အနေဖြင့် လက်နက်က လူကိုမထိန်းချုပ်ဘဲ ၊ လူက လက်နက်ကိုထိန်းချုပ်နိုင်စွမ်း ရှိကြ၏။
သိုင်းသူတော်စင် ဆဋ္ဌမအဆင့် ၊ နတ်ဘုရားသိမြင်ခြင်း နှောင်းပိုင်းအဆင့်ရှိသော ဧကရာဇ်ရွှမ်မုလက်ထဲတွင် အလယ်ဆင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းက ပို၍ပင်အစွမ်းထက်လျှက် ရှိသည်။
ဧကရာဇ်ရွှမ်မုက ရန်တိ၏ဓားချက်ကိုပိတ်ဆို့ရန်အတွက် များပြားလှစွာသော အင်းသင်္ကေတများထုတ်လွှတ်လိုက်ပြီး ထိုအင်းသင်္ကေတများက အလင်းမှုံများအဖြစ် ပြောင်းလဲသွားသည်။
ဒါကိုမြင်တော့ ရန်တိက မျက်နှာပျက်သွားခြင်းမရှိပေ။
“မင်းမှာနည်းလမ်းပေါင်းတစ်ထောင်ရှိပါစေ ၊ အစွမ်းအစမျိုးစုံရှိပါစေ ၊ ငါက တစ်ချက်တည်းနဲ့ရိုက်ပစ်မယ်”
ကြောက်မက်ဖွယ်ရာ ခရမ်းရောင်ဓားအလင်းတန်းက နေရာတိုင်းသို့လွှမ်းခြုံသွားပြီး မိုးမြေတစ်ခွင်ဖုံးလွှမ်းနေသော များပြားလှသည့် အလင်းမှုံများမှာ အဆက်မပြတ် အက်ကွဲသွားသည်။
သို့သော် ထိုအလင်းမှုံများက အခိုးအငွေ့များပမာ အဆုံးမရှိဘဲ အရပ်မျက်နှာအသီးသီးမှ ဝင်ရောက်တိုက်ခိုက်လာသည်ကို တွေ့ရသည့်အခါ ရန်တိ၏စိတ် အနည်းငယ် လှုပ်ရှားသွားသည်။
သူက ညာဘက်လက်ဖြင့်ဓားကိုကိုင်ရင်း အဆက်မပြတ် ဝှေ့ယမ်းတိုက်ခိုက်လျှက် ၊ တစ်ချိန်တည်းမှာပင် ပါးစပ်ကိုဖွင့်လိုက်ပြီး အလင်းမှုံများကို စုပ်ယူလိုက်သည်။ ကြီးမားသောဝေလငါးကြီးတစ်ကောင်ပမာ ရန်တိက အဆုံးမဲ့အလင်းမှုံများအားလုံးကို ပါးစပ်ဖြင့်စုပ်ယူလိုက်ပြီး ဗိုက်ထဲသို့မျိုချလိုက်သည်။
ဒါကိုမြင်တော့ ချန်ကျိလျန်နှင့် ပိုင်ကျစ်မင်တို့မှာ ပါးစပ်အဟောင်းသားဖြစ်လုမတတ် အံ့အားသင့်သွားတော့၏။
ထိုအလင်းမှုံများက စွမ်းအားပြင်းထန်လှသဖြင့် မျိုချဖို့မပြောနှင့် သူတို့၏မျက်နှာနှင့် ခန္ဓာကိုယ်များကိုပင် ဘယ်တော့မှ အထိမခံလိုကြပေ။
သို့ပေသိ သူတို့ရှေ့မှ ရန်တိကတော့ ထိုအလင်းမှုံများကို သူ့ဗိုက်ထဲမျိုချလိုက်သည်တဲ့လား။
လူတစ်ယောက်၏ ကိုယ်တွင်းအင်္ဂါများဆိုသည်က ကြွက်သား ၊ အရိုးနှင့်အရေပြားများထက် ပိုမိုနုနယ်လှသည် မဟုတ်လား။
မြင်ကွင်းကိုကြည့်ရင်း ဧကရာဇ်ရွှမ်မု ပင့်သက်တစ်ချက် ရှိုက်လိုက်သည်။
ထို့နောက် အမတမှော်ဝတ်ရုံကို တစ်ချက်ဝှေ့ယမ်းကာ ရန်တိ၏ဓားချက်ကို ပိတ်ဆို့လိုက်ပြီးနောက် ၊ တာ့ရွှမ်တိုင်းပြည်၏ လက်ရှိဘုရင် သိုင်းသူတော်စင် ဆဋ္ဌမအဆင့်ကျင့်ကြံသူ ဧကရာဇ်ရွှမ်မုသည် စကားတစ်ခွန်းမဆိုဘဲ လှည့်ထွက်ပြေးတော့၏။
တာ့ရွှမ်တိုင်းပြည်မှ အခြားသောကျင့်ကြံသူများမှာ မြင်ကွင်းကိုကြည့်ပြီး ဆွံ့အသွားကြသည်။ ထို့နောက် သူတို့အားလုံး ထိတ်လန့်တုန်လှုပ်သွားကြပြီး အိပ်မက်မှနိုးလာသူများပမာ အဝေးသို့ ထွက်ပြေးကြတော့သည်။
ရန်တိက အလင်းမှုံအခိုးအငွေ့များကိုဖြတ်ကျော်ပြီး ဧကရာဇ်ရွှမ်မုကိုကာကွယ်ပေးထားသော မီးတောက်မီးလျှံများကို ဓားဖြင့်ခုတ်ပိုင်းချလိုက်သည်။
ဧကရာဇ်ရွှမ်မု ညည်းညူအော်ဟစ်လိုက်၏။ အစွန်းရောက်ရှစ်ပါးကမ္ဘာတွင်ရရှိခဲ့သော ပြန်လည်သက်သာနေပြီဖြစ်သည့် ဒဏ်ရာက ပွင့်ထွက်သွားပြီး သွေးများပန်းထွက်လာသည်။
သူ နောက်သို့လှည့်မကြည့်ဘဲ လျှင်မြန်စွာပင် ဆက်လက်ထွက်ပြေးသွားသည်။
ရန်တိ၏ ဓားအလင်းတန်းက တစ်ဖန်ပြန်လည်မြင့်တက်လာချိန် အဆင့်နိမ့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်သော ‘ကောင်းကင်နဂါးဓား’ က အနည်းငယ်တုန်လှုခါသွားသည်။
ဒါကိုမြင်တော့ ရန်ကျောက်ကဲက ကျယ်လောင်စွာ ရယ်မောလိုက်ရင်း...
“အဖေ... နတ်ဘုရားသိမြင်ခြင်းအင့်ရောက်ပြီဆိုတော့ အဲဒီဓားကို ထပ်ပြီးသန့်စင်ဖို့ အချိန်တန်ပြီ”
သူက ဆက်ပြောသည်။
“လောလောဆယ် ယာယီအစားထိုးဖို့ ကျွန်တော် ကူညီပေးမယ် ၊ အပိုင်တော့မပေးနိုင်ပေမယ့် ဒီဓားက တကယ့်ဓားကောင်းတစ်လက်ပဲ”
ထို့နောက် သူက အသင်္ချေနဂါးနန်းတော်တံခါးကို အသာလှမ်းပုတ်ရင်း...
“ယွင်ရှန်း...”
အသင်္ချေနဂါးနန်းတော်ထဲမှ ဖန်းယွင်ရှန်းက ရယ်မောလိုက်ရင်း...
“ဆရာဦးလေး... ဒီတပည့်ကို ဆရာဦးလေးဆီက လှည့်ကွက်လေးနည်နးည်းပါးပါး ခိုးယူခွင့်ပြုပါ”
ထို့နောက် အသင်္ချေနဂါးနန်းတော်အတွင်းမှ အနက်ရောင်မီးတောက်မိစ္ဆာချီများလွှမ်းခြုံနေပြီး အပြာနုရောင်တောက်ပနေသည့် ဓားရှည်တစ်လက် ထွက်ပေါ်လာပြီး ရန်တိရှေ့တည့်တည့်သို့ ပျံသန်းရောက်ရှိလာသည်။
အေးစက်တည်ကြည်သော ရန်တိမျက်နှာထက် တိမ်ဆိုင်များကိုထိုးခွင်းလိုက်သည့် နေရောင်ခြည်ပမာ အပြုံးပါးပါးတစ်ချက် ထွက်ပေါ်လာသည်။
“အင်း... အငယ်တွေရဲ့ ကျေးဇူးနဲ့ ပျော်မွေ့ရတော့မှာပဲ”
ပြောပြီးသည်နှင့် သူက ညာဘက်လက်တွင်ကိုင်ထားသော ကောင်းကင်ဓားသွားကို လက်အနောက်ဘက်တွင် ထားရှိကိုင်ဆောင်လိုက်ပြီး ကြောက်မက်ဖွယ်ရာ နေရိပ်နတ်ဓားကို ဘယ်လက်ဖြင့်ဆုပ်ကိုင်ကာ တစ်ချက်တည်း ခုတ်ပိုင်းပစ်လိုက်သည်။
ခရမ်းရောင်ဓားအလင်းတန်းက အနက်ရောင်မီးတောက်မိစ္ဆာချီများနှင့်ပေါင်းစပ်လျှက် ကမ္ဘာတစ်ခုလုံးကို အနက်ရောင်နှင့် ခရမ်းရောင် ရောင်ပြန်ဟပ်သွားစေသည်။
ခိုင်မာပြီး မပျက်ဆီးနိုင်သော ဓားအလင်းတန်းသည် ကောင်းကင်ကိုဖျက်ဆီး မြေပြင်ကိုထိုးခွင်းတော့မည့် အရှိန်အဟုန်ဖြင့် ဧကရာဇ်ရွှမ်မုနောက်သို့ လိုက်ပါသွားလေ၏။