မီးတောင်အောက်ခြေ
Vol. 20 Ch. 271
နောက်ထပ် နှစ်နာရီ အကြာတွင် သူတို့နှင့် ဆယ်မီတာကျော် ကွာဝေးသည့် နေရာ၌ မြေကြီး အက်ကွဲကြောင်း ပေါ်လာလေသည်။ အားလုံးက စိတ်စွမ်းအားများ အသုံးပြု၍ အက်ကွဲကြောင်းမှ လေ့လာ လိုက်သည့်အခါ ထိုအက်ကွဲရာကား တောင်အောက်ခြေ အထိ ရောက်ရှိနေမှန်း သိလိုက်ရသည်။
ဤသည်ကား ထိုအရာ အလုပ်လုပ်ပုံ ဖြစ်လေသည်။ မိုဝူကျီက ဤဖုံးကွယ် အစီအရင်ကို ဖယ်ရှား လိုက်သောကြောင့် စိုက်ပျိုးရေး အစီအရင်မှာ ရပ်တန့် သွားလေသည်။ ထိုအရာမှာ သူ့အစီအရင် တာအိုက အဆင့်မြင့်မား နေ၍ မဟုတ်ဘဲ ထိုအစီအရင်ကို ယခင်က မြင်ဖူး၍ ဖြစ်လေသည်။
အစပိုင်းတွင် သူက မြင်းစီး ဓားပြများ ဖြစ်သည့် ဝူချောင် ဝူရွှောင်တို့နှင့် ရင်ဆိုင်ရစဉ်က ထိုသို့ အံ့အားသင့်စရာ ဖုံးကွယ်ရေး အစီအရင်ကို မြင်ဖူးလေသည်။ အကယ်၍ မြင်းစီး ဓားပြသာ သူ့ကို အဝင်ဝအထိ မခေါ်သွားခဲ့ပါက နှစ်ရာချီသည် အထိ ရှာတွေ့မည် မဟုတ်လောက်ပေ။
“မဟာမိတ် ခေါင်းဆောင်မို ... ကျုပ်တို့တွေ ဒီကနေ ဝင်သွားရင် ကျုပ်ဖို့ သေဖို့ အခွင့်အရေး များတယ်”
ဖုန်းကျဲက တောင်မှ အက်ကွဲကြောင်းကို စိုးရိမ်စွာ ကြည့်ရင်း ပြောလိုက်သည်။ သို့သော် မိုဝူကျီက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
“ကျုပ်တို့က နေရာ တွေ့ပြီးပြီလေ။ အားလုံးက ကျုပ်နဲ့အတူ လိုက်ဝင်မလား နေခဲ့မလား ဆိုတာတော့ ခင်ဗျားတို့ သဘောပဲ ... ”
စကားအဆုံးတွင် မိုဝူကျီက ထိုအက်ကြောင်းထဲ ပထမဆုံး ခုန်ဆင်း သွားလေသည်။ ပျောက်ဆုံး နယ်မြေ၏ နံပါတ်တစ် ဆေးလုံး ဆရာက ဒုက္ခရောက်နေချိန်၌ သူက မဟာမိတ် ခေါင်းဆောင် ဖြစ်မနေလျှင်ပင် သူက သူမကို ကယ်တင်မည် ဖြစ်၏။ ထို့အပြင် သူတို့ကြားမှ မိတ်ဆွေ ဆက်ဆံရေး အပေါ်မူတည်ပြီး သူက ဘွားဘွား လင်းလောင်ကို ကူညီရမည်။
မိုဝူကျီ ဝင်သွားသည်ကို မြင်၍ ရှင်းဟွမ်လည်း တုံ့ဆိုင်း မနေဘဲ လိုက်ဝင်သွားတော့သည်။
ဖုန်းကျဲက အနည်းငယ် တုံ့ဆိုင်း နေသော်လည်း သူ့အား ပြန်ပြုံးပြနေသည့် ဖန်ကျန်းတျန်းက
“ကောင်းကင်နတ်ဆိုး ဂိုဏ်းက ဂိုဏ်းတစ်ရာ မဟာမိတ် အဖွဲ့ဝင်ပဲ ဆိုတော့ ကျုပ်တို့က နောက်ကျ ကျန်နေလို့ မရဘူး။ ပြီးတော့ ကျုပ်က မဟာမိတ် ခေါင်းဆောင်မိုကို အကြွေးတင်နေတာ ရှိသေးတယ်။ ကောင်းကင်နတ်ဆိုး ဂိုဏ်းက အကြွေးတွေ၊ မကျေနပ်တာတွေ ရှင်းရှင်းလင်းလင်း ထားတယ်ဗျ ... ”
သူက ပြောရင်း ဖန်ကျန်းတျန်းလည်း ခုန်ချ သွားလေသည်။
ဖုန်းကျဲက သက်ပြင်း ချလိုက်မိတော့သည်။ အကယ်၍ သူသာ ဝင်မသွားပါက ဘယ်သော အခါမှ ခေါင်းဖော် နိုင်တော့မည် မဟုတ်ချေ။ ကြီးမြတ်ရန်ကျုံး ဂိုဏ်းလည်း ဂုဏ်သိက္ခာ ကျဆင်း ပေလိမ့်မည်။ သူက သံသယများ ရှိနေသောကြောင့် သူများထက် နောက်ကောက်ကျ ကျန်နေလေသည်။
မီးတောင် အတွင်းပိုင်း ဖြစ်သော်လည်း မိုဝူကျီနှင့် အခြားလူများက အပူချိန် မခံစားမိဘဲ အနည်းငယ် အေးစက်မှုကိုပင် ခံစား နေမိကြသည်။ မြေအောက်ကို သေချာဖွဲ့စည်း ထားဟန်ရှိပြီး လှေကားထစ်များ သေချာ မပါရှိဘဲ အကွာအဝေး တစ်ခုအထိ လိမ်ယှက်ထားသည့် နေရာ တစ်ခုသာ ပါရှိလေသည်။ ဘေးနားတွင် ရှိသော ကျောက်ဆိုင် ကျောက်ခဲများမှာ မြေအောက် ငလျှင်ဒဏ်၏ နောက်ဆက်တွဲ ဖြစ်ဟန် ပေါ်သည်။ အလင်းရောင်လည်း လုံးဝ မရှိချေ။ အားလုံး၌ စိတ်စွမ်းအားရှိ၍ အလင်းကျောက်တုံး ပါမလာခြင်းက သူတို့အတွက် များစွာ သက်ရောက်မှု မဖြစ်စေပေ။
သူတို့က အပေါ်အောက် သွားကြပြီး မြေအောက်ထဲသို့ ရောက်ရန် တစ်နာရီလောက် လိမ်ပတ် သွားလိုက်ရသည်။ ထို့နောက်တွင် သူတို့ရှေ့၌ ငွေရောင် အလင်းမှိန်ဖျဖျ ပေါ်လာလေ၏။
မိုဝူကျီက အမြန်နှုန်း မြင့်လိုက်သည့်အခါ တောက်ပနေသည့် တည်နေရာဆီ မကြာခင် ရောက်ရှိသွားတော့သည်။
တောင်အတွင်းပိုင်း၌ ပုန်းလျိုးကွယ်လျှိုး နေရာတစ်ခု ပါရှိပြီး နေရာတိုင်းတွင် ချိုင့်များ ဖြစ်ပေါ်နေသည်။ ညအလင်း ပုလဲများကြောင့် သူတို့ကို ထိုနေရာသည် သဘာဝအတိုင်း ဖြစ်ပေါ်နေပြီး တစ်ယောက်ယောက် ယခင်က ရှိနေဖူးကြောင်း နားလည်သွားစေသည်။ အေးစိမ့်စိမ့် လေသည် ထိုချိုင့်ဝှမ်း အောက်ခြေမှ ထွက်ပေါ်နေခြင်း ဖြစ်သည်။
မျက်နှာကြက်တွင် အစိမ်းရောင် အငွေ့အသက် တချို ရှိနေပြီး ချိုင့်ဝှမ်း အောက်ခြေထဲသို့ တဖြည်းဖြည်း စိမ့်ဝင်နေလေသည်။ ထို့အပြင် အစိမ်းရောင် အငွေ့မှာ ဆယ်မီတာ ပတ်လည်လောက် ရှိသည့်အတွက် အောက်ခြေ ရောက်သည့် အခါ တစ်မီတာ ဝန်းကျင်သာ ကျန်ရှိ၍ ကတော့ ပုံလေးနှင့် တူလေသည်။
မိုဝူကျီက ဘာမှ မသိသော်လည်း ထိုအစိမ်းရောင် အငွေ့မှာ ပညာရှင် နှလုံးသား မီးတောက်မှ အစိတ်အပိုင်း တစ်ခု ဖြစ်ကြောင်း သိ၏။
သူက ချိုင့်ဝှမ်းကို ကြည့်လိုက်သည့်အခါ ဘွားဘွားလင်းလောင်က အစိမ်းမြူထဲ ပိတ်မိနေသည်ကို တွေ့လိုက် ရလေသည်။ သူမက အစိမ်းရောင် အငွေ့များဘေးတွင် လဲလျောင်းလျက် ရှိနေပြီး အသက်ဓာတ် မရှိတော့ချေ။ သူမ မျက်နှာမှာ သေလုမတတ် ဖြူဖတ်နေပြီး သူမ နှလုံးခုန်သံကိုလည်း လုံးဝ မခံစားမိတော့ပေ။
မိုဝူကျီက အဆင့်ငါး မြေကမ္ဘာအဆင့် စိတ်စွမ်းအား ဆေးလုံးကို ဖော်စပ်ထားနိုင်ခဲ့၍ သူ့ကို အဆင့်ငါး ဆေးလုံးဆရာဟု ယူဆ၍ ရနေလေပြီ။ သူက ဘွားဘွား လင်းလောင်၏ အခြေအနေကို တစ်ချက်တည်းဖြင့် သိသွားပြီး သူမ ခန္ဓာထဲမှ သွေး ကိုးဆယ်ရာခိုင်နှုန်း လောက်မှာ တခြားသူဆီ ရောက်သွားကြောင်း တွေ့ရှိလိုက်သည်။
ဘွားဘွား လင်းလောင်နောက် မနီးမဝေး နေရာတွင် မိုဝူကျီက လူအရိုးစုနှင့် တူသော လူထိုင်နေသည့် နံရံရှိ နေရာတစ်ခုကို သတိထားမိလိုက်သည်။ ထိုစဉ် ထိုအမျိုးသားက မိုဝူကျီကို စိုက်ကြည့် နေလေသည်။
ဖုန်းကျန့်ချိုးနှင့် အခြားလူများက ထိုအရိုး ဖြိုင်းဖြိုင်း အမျိုးသားကို တစ်ချိန်တည်း သတိပြုမိ လိုက်ကြ၍ ချက်ချင်း ဆိုသလို လူစု ခွဲလိုက်ကြသည်။
“ရိုးရိုးလေးချီလား ... ”
မိုဝူကျီက ထိုအမျိုးသားကို မြင်လိုက်သည့်အခါ တန်းမှတ်မိလေ၏။ ယခင်က တွေ့ဖူးသည့် ရိုးရိုးလေးချီနှင့် ယှဉ်လျှင် ယခု ရိုးရိုးလေးချီတွင် အရည်ပြားနှင့် အရိုးသာ ကျန်ရှိနေသော်လည်း မိုဝူကျီ စိတ်ထဲတွင် ချက်ချင်း ခွဲခြား နိုင်လိုက်သည်။
သူက ရိုးရိုးလေးချီ ဖြတ်ကျော်ခဲ့ရသည့် အရာများကို မသိသော်လည်း ဤသို့ ဖြစ်သွားသည်ကို ကြည့်ရသည်မှာ လူသားနှင့်ရော၊ တစ္ဆေနှင့်ပါ မတူချေ။
“မင်းကိုး .... ကောင်းတယ်၊ ကောင်းတယ် ... ”
အရိုးဖြိုင်းဖြိုင်း အမျိုးသားဆီမှ ထွက်ပေါ်လာသည့် အသံက သူတို့အားလုံးကို ကြက်သီး တဖြန်းဖြန်း ထသွားစေသည်။ သူ့လူသတ်ငွေ့ကို ထပ်၍ မဖုံးကွယ် ထားတော့ပေ။
မိုဝူကျီက ရင်းနှီးသည့် ခံစားချက်ကြောင့် ရုတ်တရက် တုန်လှုပ်သွားပြီး နောက်ဆုတ်မိကာ အရိုးဖြိုင်းဖြိင်း အမျိုးသားကို ကြည့်ရင်း ပြောလိုက်သည်။
“ခင်ဗျားက ရိုးရိုးလေးချီ မဟုတ်ဘူး၊ ခင်ဗျားက ရိုးရိုးလေးချီကို ဝင်ပူးကပ်ထားတဲ့ ကျင်း ကုမူပဲ...”
မိုဝူကျီ စကားအဆုံးတွင် သူက တိတ်တဆိတ် လန့်ဖြတ်သွားမိသည်။ ကျင်းကုမူ၏ ကျန်ရှိနေသည့် ဝိညာဉ်ကို ဖူချန်းနှင့် အခြားလူများက ခြေမွပစ်လိုက်သော်လည်း သူက ထွက်ပြေးနိုင်ခဲ့လေသည်။ မိုဝူကျီက ကျင်းကုမူသည် ပြန်လည် ကောင်းလာမည် မဟုတ်ဟု ထင်မှတ်ထားခဲ့သည်။ သို့သော်လည်း ဤမျှ အချိန်တိုလေးအတွင်း ကျင်းကုမူက ရိုးရိုးလေးချီကို ဝင်ပူးကပ်နိုင်လိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။ သူ့သွင်ပြင်အရ သူသည် သူ့အင်အားအများစု ပြန်ရနေကြောင်း သိသာသည်။
ဤရိုးရိုးလေးချီသည် အလွန်ပင် ဂရုမမူ နေခဲ့၍သာ ထိုသို့ ကျန်ရှိနေသော ဝိညာဉ်တစ်ကောင်က ပူးကပ်ခြင်း ခံခဲ့ရသည်သာ ဖြစ်လိမ့်မည်။ လုမန်က ရိုးရိုးလေးချီက သူ့ကို မရှာသည့်အကြောင်းကို ပြောပြသည်က အံ့ဩစရာ မဟုတ်တော့ပေ။ ထိုလူမှာ အပူးကပ်ခံရထားလေသည်။
“ဟားဟား ...”
ထိုအမျိုးသားက အားရပါးရ ရယ်မောလိုက်ပြီး
“ငါ့ကို ကျင်းကုမူမှန်း သိတယ်ဆိုတော့ မင်း မျက်လုံးတွေ မကန်းသေးဘူးပဲ။ အစက ငါ့ဘာသာ အားကောင်းတဲ့ ဝိညာဉ်တွေရှာပြီးတော့ ငါ့စိတ်ဝိညာဉ် ပြန်လည်အားဖြည့်ဖို့ တွေးထားပေမဲ့ မင်းက ငါ့ဆီကို လူလေးယောက်နဲ့ အတူတူ ရောက်လာမယ်လို့ ဘယ်လိုလုပ် ထင်ထားမှာလဲ။ ငါက ဘယ်သူသွေး အဆာဆုံးလဲဆိုတာ သိရဲ့လား ... မင်းပဲ ခွေးကောင်လေးရဲ့ ”
ကျင်းကုမူက ရယ်မော လိုက်သော်လည်း သူ့ရယ်မောသံ အတွင်း အဆုံး မသတ်သည့် လူသတ်ငွေ့များ ခိုအောင်း နေလေသည်။
“ကျင်းကုမူလား ...”
မိုဝူကျီက ကျင်းကုမူ နာမည် ထုတ်ပြောလိုက်သည့်အခါ ဖုန်းကျန့်ချိုးနှင့် အခြားလူများ၏ အမူအရာပျက် သွားကြလေသည်။ သူတို့က ကိုယ်ပိုင် မှော်ရတနာ ကိုယ်စီ ဆွဲထုတ်လိုက်ပြီး သတိတကြီး နေလိုက်ကြသည်။
အကယ်၍ အခြား တစ်ယောက်ယောက်သာ ဖြစ်နေပါက သူ့အား မှတ်မိနိုင်မည် မဟုတ်သော်လည်း ကျင်းကူမူအတွက် သူ့အကြောင်း မသိသည့်သူ ရှိမည်လား။ အတိတ်မှ သူ့ကောင်းကင် ဂိုဏ်းက ပျောက်ဆုံး နယ်မြေတွင် ရှိစဉ် ကောင်းကင် ဖွေရှာနန်းတော်ထက် များစွာ အားကောင်းပေသည်။ ဂိုဏ်းချုပ်ကျင်းကုမူ၏ စွမ်းအားကို မယှဉ်ပြိုင်နိုင်ကြသောကြောင့် မည်သူကမျှ သူ့အား မငြင်းဆန်ရဲကြပေ။
“အားလုံး မစိုးရိမ်နဲ့။ ဒီလူက မကြာသေးခင်လေးမှ ဝင်ကပ်ထားတာ ဆိုတော့ စွမ်းအား ဆယ်ရာခိုင်နှုန်းတောင် ပြန်ရဦးမှာ မဟုတ်ဘူး။ အဲဒီလောက် အားမကောင်း လောက်သေး .... ”
မိုဝူကျီက ဖြောင့်ဖြနေခြင်း မပြီးဆုံးခင် ကျင်းကုမူက သူတို့ဆီ ပြေးဝင်လာလေသည်။ သူ့လက်က မိုဝူကျီ ဦးခေါင်းဆီ ရောက်ရှိလာလေသည်။ သူ အမုန်းတီးဆုံးလူမှာ မိုဝူကျီဖြစ်ပြီး မိုဝူကျီကို မသတ်လျှင် သူ့နှလုံးသားတွင် ဆူးညှောင့်ရှိနေသည့် အလား ခံစားနေရပေမည်။
ကြောက်မက်ဖွယ် ဖိအား ရောက်ရှိလာကာ အဆိပ်ပြင်း မြွေတစ်ကောင်မှ ကြည့်နေသည့် အလား ခံစားရ၍ မိုဝူကျီက ကြက်သီးများ ထသွားကာ မလှုပ်ရှား နိုင်တော့ပေ။ စွမ်းအား ကွာခြားချက်က ကြီးမားလှပေရာ သူ မတုံ့ပြန်နိုင်ခင် သူက လွတ်မြောက်နိုင်စွမ်း မရှိတော့ချေ။
“ဘမ်း ဘမ်း ဘမ်း ...”
သဘာဝ စွမ်းအားများက ဆက်တိုက် ပေါက်ကွဲသွား၍ ကျင်းကုမူ လက်ကို ထိသွားလေသည်။
“ဖူး ...”
ကျင်းကူမူက အသက်သွေးများ အန်ထုတ်မိလိုက်သည်။ သူ့ခန္ဓာ တစ်ကိုယ်လုံးက နောက်ကို လွှင့်စင်သွားပြီး သူ့နေရာကား တစ်စစီ ကြေမွသွားလေသည်။
ဖုန်းကျန့်ချိုးနှင့် အခြားလူများကို အံ့ဩတကြီး ကြည့်လိုက်ပြီး ကျင်းကုမူက ပြောလိုက်လေ၏
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ မင်းမှာ စစ်မှန်ခြင်း နတ်ဘုရားအဆင့် သုံးယောက်တောင် ဘယ်လိုများ ပါလာတာလဲ ... ”
ထို့နောက် သူက တစ်ကွက်မှ မလှုပ်ရှားသေးသည့် ဖုန်းကျဲဘက် ကြည့်ကာ
“မင်းက ဒီနေရာကို စစ်မှန်ခြင်း နတ်ဘုရားအဆင့် ကျင့်ကြံသူ လေးယောက်ကို ခေါ်လာတာလား။ ပျောက်ဆုံးနယ်မြေမှာ ဘယ်အချိန်က စစ်မှန်ခြင်း နတ်ဘုရားအဆင့် ကျင့်ကြံသူတွေ ဒီလောက် များလာတာလဲ။ လေးယောက် တပြိုင်နက် ရောက်လာတာပဲ ... ”
သူက ဘွားဘွားလင်းလောင်၏ သတင်းစကားကို မတားခဲ့သည်က သူ့တွင် ထိုသို့ လုပ်ဆောင်ရန် အသက်ဓာတ်နှင့် စွမ်းအား လစ်ဟာနေ၍ ဖြစ်သည်။ သူ လိုအပ်နေသည်က သူ့ကျင့်ကြံဆင့် တိုးလာစေနိုင်မည့် အဆင့်မြင့် ကျင့်ကြံသူ၏ အသက်ဓာတ် ဖြစ်လေသည်။ ထို့အပြင် သူတို့၏ စိတ်ဝိညာဉ်က သူ့ကိုယ်ပိုင် အားကောင်းလာစေလိမ့်မည်။ သို့သော် စစ်မှန်ခြင်း နတ်ဘုရားအဆင့် ကျင့်ကြံသူ လေးယောက် တစ်ပြိုင်နက် ရောက်လာမည်ဟု ထင်မထားခဲ့ပေ။
ပျောက်ဆုံးနယ်မြေတွင် စစ်မှန်ခြင်း နတ်ဘုရားအဆင့် ထိုမျှ မများချေ။ သို့သော် မိုဝူကျီ ဂိုဏ်းတစ်ရာ မဟာမိတ်ခေါင်းဆောင် ဖြစ်လာစဉ်မှစ၍ သူက စစ်မှန်ခြင်း နတ်ဘုရားအဆင့် ကျင့်ကြံသူ တစ်ဝက်လောက်ကို မဟာမိတ်ထဲသို့ ခေါ်သွင်းနိုင်ခဲ့သည်။
“မဟာမိတ်ခေါင်းဆောင် ... ကျုပ် ခန့်မှန်းတာသာ မှန်ရင် ကျင်းကုမူက ပညာရှင် နှလုံးသားကို မွမ်းမံဖို့ လင်းလောင်ရဲ့ သွေးကို ကြားခံအဖြစ် သုံးဖို့ ကြံနေတာ နေမှာ ... ” ကောင်းကင်နတ်ဆိုးဂိုဏ်းမှ ဖန်ကျန်းတျန်းက ကျင်းကုမူကို ကြည့်ကာ လေးလေးနက်နက် ပြောလိုက်သည်။
ထိုအရာကို ကြားပြီး စစ်မှန်ခြင်း နတ်ဘုရားအဆင့် ကျင့်ကြံသူ လေးယောက်ကြောင့် အံ့အားသင့်နေသည့် ကျင်းကုမူက ဖန်ကျန်းတျန်းအား မယုံကြည်နိုင်ဖွယ် ကြည့်လိုက်သည်။ သူက ထိုသို့သော လျှို့ဝှက်ချက်ကို သူမှလွဲ၍ အခြားသူ သိနေခြင်းကို နားမလည်နိုင်ပေ။
“ဘယ်လိုလုပ် သိတာလဲ ... ”
မိုဝူကျီက မေးလိုက်သည်။
ကျင်းကုမူကို ကြည့်လိုက်ပြီး ဖန်ကျန်းတျန်းက ပြန်ဖြေလိုက်သည်
“ ဒီလိုဆိုမှတော့ လင်းလောင်မှာ ရေခဲဝိညာဉ်ကြောခန္ဓာ ပိုင်ဆိုင်တာ ဖြစ်ရမယ်။ ဒီလိုခန္ဓာမျိုးက ဆေးလုံးဖော်စပ်ဖို့အတွက် မသင့်တော်ပေမဲ့ လင်းလောင်က ဆေးလုံးဆရာ ဖြစ်လာတယ်။ ပြီးတော့ ကောင်းကင်ဆေးလုံးဆရာအဆင့်ထိတောင် ရောက်လာသေးတယ်။ သူမက အတော်လေး ပါရမီရှိရမယ်။ ကောင်းကင်ဂိုဏ်းရဲ့ မှတ်တမ်းထဲမှာ ပညာရှင် နှလုံးသား မွေးဖွားလာတဲ့အခါ ရေခဲဝိညာဉ်ကြော ခန္ဓာပိုင်ရှင်ရဲ့ သွေးကို အဲဒါ တည်ငြိမ်အောင် ထိန်းထားဖို့ အသုံးပြုနိုင်တယ်။ အဲဒီနောက် ဖြည်းဖြည်းချင်း မွမ်းမံနိုင်လိမ့်မယ် ... ”
“မင်းက ဘယ်သူလဲ။ ဘာလို့ ငါ့ဂိုဏ်းရဲ့ လျှို့ဝှက်ချက်တွေကို သိနေရတာလဲ ... ”
ကျင်းကုမူက မတ်တတ်ရပ်ကာ ဖန်ကျန်းတျန်းကို ရေခဲတမျှ အေးစက်စက် ကြည့်လိုက်သည်။ ဖန်ကျန်းတျန်းက တည်တည်ငြိမ်ငြိမ် ပြန်ဖြေလိုက်သည်
“ဘာလို့လဲဆိုတော့ ကျုပ်က ကောင်းကင်နတ်ဆိုး ဂိုဏ်းချုပ်ပဲ။ ကောင်းကင်နတ်ဆိုး ဂိုဏ်းက ကောင်းကင်ဂိုဏ်းအခွဲ တစ်ခုပဲ ... ”
ကျင်းကုမူက ကြောင်သွားလေသည်။ သူက ကောင်းကင်ဂိုဏ်း ပြိုကွဲသွားသည့် အကြောင်းကို အနည်းငယ် သိ၏။ သို့သော် ယခုတွင် သူက စွမ်းအားအပြည့်အဝ မရသေးပေ။ ထို့ကြောင့် ကောင်းကင်ဂိုဏ်းအကြောင်း ဂရုစိုက်ဖို့ရာ အချိန်နှင့် စွမ်းအား မရှိချေ။ သူ ပြန်ကောင်း လာသည်နှင့် သူက ပျောက်ဆုံးနယ်မြေ တစ်လျှောက်လုံးကို အမြစ်ဖြတ် သုတ်သင်ပစ်ရမယ်။ ထို့နောက် သူ့ကောင်းကင်ဂိုဏ်းကို ပြန်လည်ထူထောင်ရမည်။
“မင်းက ကောင်းကင်ဂိုဏ်း တပည့်ဆိုတော့ မင်းရဲ့ ဆရာဘိုးဘိုး ကို လာနှုတ်ဆက်စမ်း။ ပြီးရင် ငါ့အမိန့် နာခံစမ်း ....”
ကျင်းကုမူက ကျယ်လောင်စွာ အမိန့် ပေးလိုက်သည်။ သို့သော် ဖန်ကျန်းတျန်းက ကျင်းကုမူကို စိုက်ကြည့်ကာ သူ့အသံက အေးစက်လာလေသည် ။
“ကျင်းကုမူ ... ခင်ဗျားက ကျုပ်ဆရာဘိုးဘိုး ဖြစ်ဖို့ မတန်ဘူး။ ကျုပ်ဆရာ ဘိုးဘိုးက ကောင်းကင်ဂိုဏ်းရဲ့ နတ်ဆိုး ပိတ်လှောင်ဂူမှာ အဖမ်းခံထားရတဲ့ အူချန်းကျီပဲ။ သူ့ကံသာ နည်းနည်းလေး ထပ်ဆိုးရွား သွားခဲ့ရင် ကျုပ် ဆရာဘိုးဘိုး တော့ နတ်ဆိုး ပိတ်လှောင်ဂူထဲမှာ သေသွား လောက်ပြီ။ ကျုပ်က ကျုပ်ဆရာကို သတ်လုနီးပါး လုပ်ခဲ့တဲ့ ခင်ဗျားကို အမှိုက်လိုပဲ သတ်မှတ် ထားတာ။ ကျင်းကုမူ ခင်ဗျားက ဘယ်လောက်ပဲ သူများထက် သာနေပါစေ မလုံလောက်သေးဘူး ... ”
“အဲဆို မင်းက အူချန်းကျီ ခွေးကောင်ရဲ့ တပည့်ပေါ့။ မင်းမှာ အဲဒီလို ကောင်မျိုး အငွေ့အသက်ရှိနေတာ အံ့ဩစရာတော့ မရှိတော့ပါဘူး။ မင်းက ဒီနေရာကို လာရဲမှတော့ တစ်သက်လုံးသာ နေလိုက်တော့ ... ”
ကျင်းကုမူက ပြောရင်း အစီအရင်အလံဆယ်ခုကို ပစ်လွှင့်လိုက်လေသည်။ ပတ်ဝန်းကျင်ကား ချက်ချင်း ပြောင်းလဲသွားကာ ငါးယောက်လုံး ကျင်းကုမူကို မမြင်ရတော့ပေ။
မိုဝူကျီသည် စစ်မှန်ခြင်း နတ်ဘုရားအဆင့် လေးယောက်ကို ခေါ်လာမှန်း သိသည့်အတွက် သူ့အတွက် တစ်ယောက်ချင်း တိုက်ခိုက်နေဖို့ရာ မျှော်လင့်ချက် မရှိပေ။
မိုဝူကျီက သူတို့ကို မည်သို့ ပိတ်မိသွားမှန်း မသိခင် ဆူညံဆူညံ အသံများ ထွက်ပေါ်လာလေသည်။ မကြည့်ဘဲဖြင့် သူတို့အပြန်လမ်း ပိတ်သွားပြီ ဖြစ်ကြောင်း သိလိုက်လေသည်။
***