ကြက်ကလေး၏ အမွေဆက်ခံသူ
Vol. 20 Ch. 272
တခြား တောင်အောက် ဖြစ်နေလျှင် သူတို့ထွက်လမ်း ပိတ်ဆို့နေပါက ဂရုစိုက်မည် မဟုတ်ပေ။ သို့သော် ဤနေရာကား တစ်လမ်းပိတ် ဖြစ်ကြောင်း အားလုံး သိကြလေသည်။ ဤနေရာတွင် ပညာရှင် နှလုံးသား ရှိနေပြီး တစ်ယောက်ယောက်က နေရာကို ဂရုမမှုဘဲ နှောင့်ယှက်မိလိုက်ပါက ပညာရှင်နှလုံးသားကို ပေါက်ကွဲစေလိမ့်မည်။
“အားလုံး မလှုပ်ကြနဲ့။ ဒီဟာက အနည်းဆုံး အဆင့် ၇ ထောင်ချောက် အစီအရင်ပဲ။ များများလှုပ်လေလေ ပိုပြီး ရှုပ်ထွေးလေလေပဲ .... ”
ရှင်းဟွမ် အသံက ထွက်လာလေသည်။ အားလုံးက ရှင်းဟွမ် အသံမှ အကြောက်တရားကို ခံစားမိကြ၏။ အဆင့် ၇ အစီအရင်ကို တစ်ယောက်ယောက်သာ မထိန်းချုပ်ထားပါက စစ်မှန်ခြင်းနတ်ဘုရားအဆင့် ကျင့်ကြံသူအနေနှင့် လွတ်မြောက်ဖို့ရာ အခွင့်အရေးလေး ရှိနိုင်ပေဦးမည်။
သို့သော် ဤအခိုက်အတန့်တွင် တစ်ယောက်ယောက်က ထိန်းချုပ်နေသည်သာမက ပညာရှင်နှလုံးသား အောက်တွင်လည်း ဖြစ်နေသေး၍ ပိတ်မိနေသူ မည်သူမဆို အသက်ရှင်နိုင်မည် မဟုတ်ပေ။
မိုဝူကျီက မရွေ့လျားဘဲ ထိုင်ချလိုက်လေသည်။ အစီအရင် ပေါ်လာသည်နှင့် သူ့စိတ်၌ လေးလံသွား၏။ အစီအရင်တာအို ပညာရပ်၌ သူက ရှင်းဟွမ်ထက် နိမ့်ကျမည် မဟုတ်ပေ။ တစ်ချို့ အပိုင်းများတွင် ရှင်းဟွမ်ထက်ပင် ပိုသိနေနိုင်သေးသည်။ ရှင်းဟွမ်က ဤအရာကို အဆင့် ၇ အစီအရင်မှန်း သိလိုက်သည့်အတွက် သူလည်း မည်သို့ မသိဘဲ နေမည်နည်း။
သူက ဘာပြောပြော အသုံးမဝင်တော့ကြောင်း သိလိုက်၍ ဤအစီအရင်ကို ချိုးဖျက်မည့်နည်းလမ်းသာ အမြန်အဆန် တွေးတောလိုက်တော့သည်။ မဟုတ်လျှင် ကျင်းကုမူ ပထမဆုံးသတ်မည့်သူမှာ သူ ဖြစ်နိုင်သည်။
ထို့အပြင် ဤအစီအရင်ထဲ၌ သူ့ကျင့်ကြံဆင့်က အနိမ့်ဆုံး ဖြစ်လေသည်။ အကယ်၍ အခြားလေးယောက် ပိတ်မိနေပါက ကျင်းကုမူအတွက် သူတို့ကို သတ်ဖို့ရာ လွယ်ဦးမည် မဟုတ်ပေ။ မိုဝူကျီကို သတ်ဖို့ရန်က အမှန်ပင် အလွယ်လေး ဖြစ်သွားနိုင်သည်။
မိုဝူကျီ၏ စိတ်စွမ်းအားက အစီအရင် ဝန်းကျင်တလျောက် အမြန်ရောက်ရှိသွားပြီး အစီအရင် အက္ခရာတချို့ တွေ့ပြီးနောက်တွင် သူက ပါးစပ်မှ အော်လုမတတ် ဖြစ်သွားလေသည်။
ထိုအက္ခရာများက ရင်းနှီးနေသောကြောင့် စိတ်ထဲမှ ပျော်ရွှင်မိသွားတော့သည်။ ထိုအရာ ချူရှင်ကျီဆီမှ ဖြစ်ကာ အနည်းငယ် ပြောင်းလဲထားရုံသာ ဖြစ်သည်။
ချူရှင်ကျီသည် ရေခဲတောင်အောက်တွင် တူညီသော အစီအရင်ဖြင့် ပိတ်လှောင်ခံရစဉ်က သူ့အား ပိတ်ဆို့ထားနိုင်သော အဆင့်မြင့် အစီအရင်များ အားလုံးကို စာရင်းပြုစုခဲ့သည်။ ရေခဲတောင်အောက်က သူ မထွက်သွားနိုင်သည့် အဓိကအကြောင်းအရင်းမှာ ကြက်ကလေးက ပိတ်လှောင်အစီအရင်အမျိုးမျိုးကို ရောသုံးသွားပြီး အစီအရင်အသစ်တစ်ခု ဖြစ်ပေါ်လာသောကြောင့် ဖြစ်သည်။ ထိုအစီအရင် အသစ်ကို ချူရှင်ကျီက မချိုးဖျက်နိုင်ခဲ့ချေ။ အကြောင်းမှာ မိုဝူကျီ၏ ချူရှင်ကျီ၏ ဖြေရှင်းနည်းကို မတွေ့မိ၍ ဖြစ်သည်။
သူ့ရှေ့တွင် ရှိနေသည့် အက္ခရာများဖြင့် တည်ဆောက်ထားသော ပိတ်လှောင်အစီအရင်မှာ ချူရှင်ကျီကို ပိတ်ဆို့ထားသည့် ထိပ်တန်းအစီအရင် အားလုံး၏ အနိမ့်ဆုံးအဆင့်မျှသာ ဖြစ်၏။
မိုဝူကျီက ချူရှင်ကျီ၏ အစီအရင်တာအိုကို အမြဲလေ့လာနေသည့်အတွက် ထိုသို့သော ရင်းနှီးလှသည့် အစီအရင်ကို မည်သို့ မမှတ်မိဘဲ နေမည်နည်း။ အကယ်၍ အခြားသော အဆင့် ၇ အစီအရင် ဖြစ်နေပါက သူ့အတွက် စတင်မှတ်ကို ရှာတွေ့ရန်ပင် မလွယ်ကူလောက်ပေ။ သို့သော် ဤအစီအရင်အတွက် သူ့အတွက် ပြက်လုံးသာသာ ရှိလေသည်။
သဘောတရားအရ ပြောရလျှင် ချူရှင်ကျီသည် ရေခဲတောင်အောက်တွင် နှစ်များစွာ ပိတ်မိနေသည့်အတွက် သူ့အတွက် သူ့အစီအရင်တာအို အမွေကို ကျင်းကုမူဆီ လက်လွဲပေးဖို့ရာ မဖြစ်နိုင်ချေ။ ထို့ကြောင့် ကျင်းကုမူက ကြက်ကလေးဆီမှ အစီအရင်တာအိုကို သင်ယူတတ်မြောက်ခဲ့ခြင်း ဖြစ်လောက်သည်။
အစီအရင် အလံတချို့ ပစ်လွှတ်လိုက်ပြီးနောက် ဟင်းလင်းပြင်အက္ခရာများက နှစ်ဖက်ကွဲသွားကာ သူ့ရှေ့၌ လမ်းကြောင်း တစ်ခု ဖြစ်ပေါ်လာလေ၏။
“မဟာမိတ်ခေါင်းဆောင်မို ... ”
ပထမဆုံးပေါ်လာသူက ဖုန်းကျဲ ဖြစ်ကာ သူက မိုဝူကျီကို အံ့ဩတကြီး ကြည့်နေပြီး မိုဝူကျီသည် ထိုမျှအားကောင်းသော အစီအရင်၌ လမ်းကြောင်း ပြန်ဖော်နိုင်လိမ့်မည်ဟု နားမလည်နိုင် ဖြစ်နေလေသည်။
လက်ကို ဝေ့ပြလိုက်ပြီး မိုဝူကျီက တိတ်တိတ်နေဖို့ရာ အချက်ပြလိုက်သည်။ နောက်ထက် အစီအရင် အလံများ မပစ်ခင် နောက်ထပ် လမ်းသုံးကြောင်း ဖြစ်ပေါ်လာလေ၏။
ဖုန်းကျန့်ချိုး၊ ရှင်းဟွမ်နှင့် ဖန်ကျန်းတျန်းတို့က မျက်မမြင်သဖွယ် လှုပ်ရှားသွားလာနေရာမှာ မိုဝူကျီဆီ အပြေးအလွှား ရောက်လာကြသည်။
“ဂိုဏ်းချုပ်... ဒီလို အဆင့်မြင့် အစီအရင်ကို ဖွင့်နိင်တယ်ဆိုတော့ ခင်ဗျားက အတော်အံ့ဩဖို့ ကောင်းတာပဲ ...”
ရှင်းဟွမ် အသံက အနည်းငယ် ကျယ်သွားသည့်အတွက် မိုဝူကျီက လက်ကာပြရင်း ရပ်လိုက်ရသည် ။
“လက်ရုံးရှင်း ... ကျုပ်က ဒီအစီအရင်ကို အရင်က မတော်တဆ မြင်ဖူးထားတာ ပြီတော့ ကျုပ်ဖွင့်တဲ့နည်းလမ်းက နည်းနည်း ထူးဆန်းနေပေမဲ့ ကြက်ကလေး ... မဟုတ်သေးပါဘူး ကျင်းကုမူက သတိပြုမိဦးမှာ မဟုတ်ဘူး။ အားလုံး ကျုပ်ကို ဒီမှာ စောင့်နေကြ။ ကျုပ် ဘွားဘွားလင်းလောင်ကို ကယ်ပြီးတာနဲ့ ကျင်းကုမူကို သူ့အရသာ ပြန်ခံစားခိုင်းရမယ် .... ”
ထိုအစီအရင်ကို ဖြေရှင်း နိုင်သူမှာ ချူရှင်ကျီ ဖြစ်ပြီး သူချန်ထားခဲ့သည့် အကြောင်းအရာထဲ၌ ကြက်ကလေးသည် သူက ထိုအစီအရင်ကို ချိုးဖျက်၍ လွတ်မြောက်သွားသည်ကို မသိသေးကြောင်း ပြောထား၏။
ချူရှင်ကျီက ကြက်ကလေး၏ ပေါင်းစပ် ပိတ်လှောင်အစီအရင်ကိုတော့ မချိုးဖျက်နိုင်ခဲ့ပေ။ ကြက်ကလေးဆိုတာ မည်သူမှန်း မိုဝူကျီက မသိပေမဲ့ ကျင်းကုမူသည် ကြက်ကလေး၏ ဆံချည်မျှင်ကိုပင် မမှီသေးကြောင်းတော့ သေချာပြောနိုင်လေသည်။
သူတို့က မိုဝူကျီကို ကြည့်ကာ အချင်းချင်း စိတ်ပျော်စွာ ခေါင်းညိတ်ပြလိုက်ကြသည်။ သူတို့၏ မဟာမိတ်ခေါင်းဆောင်က အစီအရင်တာအိုတွင် အားကောင်းနေသည်ကို ကျေးဇူးတင်သင့်ပေသည်။ မဟုတ်လျှင် သူတို့က ခံပြင်းစွာ သေဆုံးကြရလိမ့်မည်။
မိုဝူကျီက အစီအရင်အလံ ခုနှစ်ခု ၊ ရှစ်ခုကို ဆွဲကာ ပစ်လိုက်သောကြောင့် သူတို့အထက်မှ မြင်ကွင်းကား ရှင်းလင်းလာလေသည်။ အစိမ်းရောင်အငွေ့များအပြင် မျှောနေသော လင်းလောင်ကိုပါ မြင်လိုက်ရသည်။
ဤနေရာမှ မိုဝူကျီသည် အက္ခရာများစွာကို ဆွဲလိုက်ပြီး မျှောနေသည့် လင်းလောင် အောက်ကျ ရောက်လာရန် လုပ်ဆောင် လိုက်ရသည်။ ထို့နောက် သူက သူမကို ပွေ့ကာ ဖမ်းချီ ထားလိုက်ရသည်။
“ဂိုဏ်းချူပ်ဖုန်း ကျုပ် လမ်းကြောင်း ခဏ ဖွင့်ပေးထားမယ်။ လင်းလောင်ကို သယ်ပြီးတော့ ချက်ချင်း ထွက်သွားတော့ ”
မိုဝူကျီက ပြောရင်း လင်းလောင်ကို ဖုန်းကျန့်ချိုး လက်ထဲ ထည့်ပေးလိုက်တော့သည်။
“ခေါင်းဆောင်ကရော ... ”
ဖုန်းကျန့်ချိုးက မေးလိုက်သည်။ မိုဝူကျီက စိတ်လိုလက်ရ ရယ်မောလိုက်ပြီး
“ကျုပ်လည်း ထွက်လာမှာပါ။ ဒါပေမဲ့ ကျုပ်နောက်ဆုံးမှ ထွက်ခဲ့မယ်။ ဒီလူက ကျုပ်တို့ကို ဒီနေရာအထိ ဆွဲဆောင်ထားမှတော့ လက်ဆောင်လေးတော့ ပေးခဲ့သင့်တယ် မလား ... ”
ထို့နောက် သူက အစီအရင်အလံများကို ထပ်ပစ်လွှတ်လိုက်သည့်အခါ သူတို့ရှေ့တွင် လမ်းကြောင်း အသစ်တစ်ခု ပေါ်လာသည်။ လမ်းကြောင်းအဆုံးတွင် သူတို့လာသည့်နေရာ ရှိနေပြီး ပိတ်ဆို့ထားသည့် အရာများ မရှိတော့ချေ။
ဖုန်းကျန့်ချိုးနှင့် အခြားလူများက လမ်းကြောင်းမှ အရှိန်မြင့်၍ ထွက်သွားကြတော့သည်။ မိုဝူကျီက သူ့လက်ထဲမှ အစီအရင်အလံများက ဆက်တိုက် ကျရောက်စေလိုက်ပြီး မိနစ်အနည်းငယ် အကြာတွင် သူလည်း အခြားသူများဆီသို့ လိုက်လာလေသည်။
“ဂိုဏ်းချုပ်မို ... ခင်ဗျားရဲ့ အစီအရင်တာအိုက အတော်လေး အားကောင်းတာပဲ။ ဖုန်းကျဲတော့ တကယ်ကို လေးစားမိပါတယ် ... ”
ဖုန်းကျဲက မိုဝူကျီ ပါလာသည်ကို မြင်သောအခါ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
ထိုအရာကို မိုဝူကျီက ပြုံးရုံသာ ပြုံးလိုက်ပြီး ပြန်မဖြေတော့ပေ။ ထိုနည်းလမ်းကို ချူရှင်ကျီ ရှိသည့် ရေခဲတောင်အောက်တွင် ထွင်းထားခြင်း ဖြစ်ရာ သူက ကူးယူခဲ့ရုံသာ ဖြစ်သည်။ အကယ်၍ သူ့တွင် ချူရှင်ကျီ ဖြေရှင်းနည်းသာ မရှိပါက သူက ထွက်လမ်းတွေ့လျှင်ပင် ကျင်းကုမူ သတိမထားဘဲ ထွက်လာနိုင်ဖို့ မဖြစ်နိုင်ချေ။
“ကျင်းကုမူရော သိသွားပြီလား ... ”
ဖုန်းကျန့်ချိုးက ညင်ညင်သာသာ မေးလိုက်သည်။
“ကျုပ်တို့ အမြန်နှုန်း မြင့်လိုက်ရင် သိလာလိမ့်မယ် ... ”
ထိုစကားအဆုံးတွင် မိုဝူကျီက ပိုမြန်အောင် သွားလိုက်၏။
သူတို့မှာ အလွန်အားကောင်းသူများ ဖြစ်ကြပြီး ဝင်လာစဉ်က ကဲ့သို့ သတိထားနေစရာ မလိုဘဲ တန်းထွက်နိုင်ကြလေသည်။ ထို့ကြောင့် မိနစ်အနည်းငယ်အတွင်း အားလုံးက အက်ကွဲကြောင်း အပေါ်သို့ ပြန်ရောက်သွားကြသည်။
မြေအောက်မှ မာန်ဖီသံကြီး ထွက်ပေါ်လာ၍ မိုဝူကျီက မြန်မြန် ပြောလိုက်သည်။
“မြန်မြန် ထွက်သွားကြတော့ ... ”
ထိုစဉ် အားလုံးက သူတို့အရှိန်ကို အမြင့်ဆုံး တိုးလိုက်ကြသည်။ သူတိုက အရူးများ မဟုတ်ပေ။ မိုဝူကျီက ပညာရှင်နှလုံးသားကို အနှောင့်ယှက် ပေးမိကြောင်း သိလိုက်ကြသည်။
ပညာရှင် နှလုံးသား ပေါက်ကွဲသည့်အခါ မထွက်သွားသည်က သေခြင်းတရားကို စောင့်နေခြင်းနှင့် တူနေပေလိမ့်မည်။
လောင်ကျွမ်းလာသည့် ကြောက်မက်ဖွယ် ခံစားချက်က သူတို့ကို အချိန်မရွေး ဝါးမျိုသွားနိုင်သည့်အလား ဖြစ်၍ မည်သူက နောက်တွင် နေနေရဲမည်နည်း။
မိနစ်အနည်းငယ် အကြာတွင် သူတို့နောက်မှ အပူချိန်က လျော့ကျသွားကြောင်း ခံစားမိလိုက်ကြသည်။ ထိုမှသာ သူတို့အားလုံး လှည့်ကြည့်ရဲကြတော့သည်။
သူတို့လာသည့်နေရမှာ မူလက တောင်ကုန်းလေး ဖြစ်သော်လည်း ယခုအခါ ထိုတောင်ကုန်းများက လုံးဝပျောက်ကွယ်သွားလေပြီ။ တောင်သေးသေး၊ ကြီးကြီး တောင်အားလုံး လုံးဝ ပျောက်ကွယ်သွား၏။ နေရာတွင် ကြီးမားသည့် ချိုင့်ဝှမ်းကြီး ပေါ်လာပြီး အပူလှိုင်းများ ကြောက်ခမန်းလိလိ ထုတ်လွှင့်နေလေသည်။
“ဘယ်လောက်တောင် အားကောင်းတဲ့ ပညာရှင်နှလုံးသားလဲ ... ”
ရှင်းဟွမ်က ပြောလိုက်သည်။
တစ်ယောက်မျှ ကျင်းကုမူအကြောင်း မပြောကြပေ။ အားလုံးက အရိုးတစ်ခုလေးမျှ မကျန်ခဲ့ကြောင်း သေချာသိနေ၍ ဖြစ်သည်။
“အခုတော့ ကောင်းကောင်းပြီးဆုံးသွားပြီ။ မဟာမိတ်ခေါင်းဆောင် .... ခင်ဗျားရဲ့ အစီအရင်တာအိုက အတော်လေး အားကောင်းတာပဲ။ ပြန်ရောက်တဲ့အခါကျ ဒြပ်ငါးမျိုး ကင်းမဲ့နယ် ကာကွယ်ရေး အစီအရင်အတွက် ဝင်ပါသင့်တယ် ... ”
ဖုန်းကျန့်ချိုးက မိုဝူကျီ၏ အစီအရင်တာအိုအကြောင်း မျက်မြင်ကိုယ်တွေ့ မြင်ပြီးသည့် အခါ ပို၍ပင် လေးစား လာလေသည်။ မိုဝူကျီက နောက်ဆုံးတွင် ဖြစ်သောကြောင့် သူ့ကျောဘက်မှ အဝတ်များမှာ မီးလောင်ကျွမ်းသွား၏။ ထို့ကြောင့် အရင်ဦးစွာ အဝတ်အစား လဲဝတ်ပြီး ချီးကျူးမှုကို ငြင်းဆန် လိုက်လေသည်။
“အားလုံး ... ကျုပ် တံခါးပိတ် လေ့ကျင့်ဖို့ အချိန်တစ်ခု ယူဦးမယ်။ အဲဒါကြောင့် ကျုပ်မှာ ဂိုဏ်းတစ်ရာ မဟာမိတ် ကိစ္စတွေကို ဝင်စွက်ဖက်ဖို့ အချိန်မရှိဘူး။ မဟာမိတ် ခေါင်းဆောင် ရာထူးကို ဂိုဏ်းချုပ်ဖုန်းဆီ ယာယီ လွဲပြောင်းပေးခဲ့မယ် ... ”
သူက ပြောရင်း အမှတ်အသားပြား ထုတ်ယူကာ ဖုန်းကျန့်ချိုးဆီ ပေးလိုက်သည်။ ဖုန်းကျန့်ချိုးက လင်းလောင်ကို ကျောက်စိမ်း ကြမ်းခင်းပေါ် ချပေးလိုက်ပြီး အမှတ်အသား ပြားကို လက်ခံထားလိုက်သည်။
“မဟာမိတ် ခေါင်းဆောင် ... တကယ်လို့ ခင်ဗျားက တံခါးပိတ် ကျင့်ကြံဖို့ သွားမယ် ဆိုရင်တောင် ခင်ဗျားက ဂိုဏ်းတစ်ရာ မဟာမိတ်ကို စီမံ နိုင်ပါသေးတယ် ... ”
သို့သော် မိုဝူကျီက ခေါင်းခါလိုက်ပြီး
“တံခါးပိတ် ကျင့်ကြံတာထက် စာရင် ကျုပ်က အချိန်တစ်ခု ကြာတဲ့အထိ ခရီး သွားရမှာမို့ပါ။ ဖြစ်နိုင်တာက နှစ်အနည်းငယ် ဒါမှမဟုတ် ဆယ်စုနှစ်လည်း ကြာသွားနိုင်တယ်။ ဂိုဏ်းတစ်ရာ မဟာမိတ်မှာ ခေါင်းဆောင် မရှိလို့ မဖြစ်ဘူးလေ။ အဲဒါအကြောင့် ဂိုဏ်းချူပ်ဖုန်းက ဒီရာထူးကို ယာယီ ထိန်းသိမ်း ထားပေးလို့ ရမလား။ ပြီးတော့ ဘွားဘွား လင်းလောင်ရဲ့ ဒဏ်ရာတွေနဲ့ ပတ်သက်ပြီးတော့လည်း ဂိုဏ်းချုပ်ဖုန်းကိုပဲ တောင်းဆိုရမှာပဲ ...”
မိုဝူကျီက ထိုသို့ ပြောလိုက်သည့် အခါ ဖုန်းကျန့်ချိုးက ပြန်ပြောစရာ မရှိတော့ချေ။ မိုဝူကျီက ကိုယ့်ဘာသာ ယုံကြည် လွန်းနေသောကြောင့် သူလုပ်သည့် နည်းလမ်းများက အမှန်ပင် ထူးခြားလှပေသည်။ သူက တစ်ခုခု ကို ဆုံးဖြတ်ပြီး ပါက သူ့အား ဖြောင့်ဖြ နိုင်တော့မည် မဟုတ်ပေ။ ထို့အပြင် သူ့ကျင့်ကြံဆင့်က အမှန်ပင် နိမ့်နေသေးသည့်အတွက် သူ့အတွက် တံခါးပိတ် လေ့ကျင့်ဖို့ရာ ရွေးချယ်သည်က လက်ခံ၍ ရလေသည်။ လင်းလောင် ဒဏ်ရာများ အတွက် မိုဝူကျီ မပြောလျှင်ပင် ကောင်းကင် ဖွေရှာနန်းတော်က အကောင်းဆုံး ကြိုးစား၍ သူမကို ကယ်တင်မည် ဖြစ်သည်။
“တကယ်လို့ ကျုပ်က အချိန်တော်တော်ကြာတဲ့အထိ ပြန်ရောက် မလာခဲ့ဘူး ဆိုရင် ဂိုဏ်းချုပ်ဖုန်းက တျန်းဂျီဂိုဏ်းကိုပါ စောင့်ရှောက်ပေးပါ ... ”
မိုဝူကျီက ဖုန်းကျန့်ချိုးကို လေးလေးစားစား ဦးညွှတ်၍ ပြောလိုက်သည်။ ပြောပြီးနောက်တွင် သူက ဖုန်းကျဲနှင့် ဖန်ကျန်းတျန်းဘက် လှည့်ကာ ဦးညွှတ်လိုက်ပြီး
“ခင်ဗျားတို့ နှစ်ယောက်လုံးက စစ်မှန်ခြင်း နတ်ဘုရားအဆင့် ကျင့်ကြံသူတွေပါ။ တကယ်လို့ တျန်းဂျီဂိုဏ်းမှာ ဒုက္ခတစ်ခုခု တွေ့ခဲ့ရင် ကျုပ်ကိုယ်စား ဝင်ဖြေရှင်း ကူညီ ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ် ... ”
မိုဝူကျီ နောက်တွင် လောက အင်မော်တယ်ကို အလွယ်တကူ သတ်နိုင်သည့် အဆင့်မြင့် ကျင့်ကြံသူ ရှိနေသည့် အချက်ကို ထည့်မတွက်လျှင်ပင် အဆင့် ၇ အစီအရင် ချိုးဖျက်နိုင်သည့် အချက် တစ်ခုတည်းဖြင့် မိုဝူကျီကို မျက်နှာသာ ပေးဖို့ရန် လုံလောက်နေပေသည်။
မိုဝူကျီက တောင်းဆိုမှုများ ပြောရင်း လေးလေးစားစား ဦးညွှတ်ပြီးနောက် သုံးယောက်လုံးလည်း ပြန်၍ ဦးညွှတ်လိုက်ကြပြီး တျန်းဂျီဂိုဏ်းကို စောင့်ရှောက်ပေးပါ့မည်ဟု ကတိကဝတ် ပေးလိုက်ကြသည်။
သုံးယောက်လုံးက ဉာဏ်ရှိသည့် လူအိုကြီးများ ဖြစ်သည့်အတွက် သူတို့က မိုဝူကျီသည် ရှင်းဟွမ်ကို သပ်သပ်မပြောဘဲ ချန်ထားသည်ကို တွေ့သောအခါ နှစ်ကိုယ်ကြား စကားပြောချင်မှန်း သိလိုက်ကြသည်။ ထို့ကြောင့် မိုဝူကျီ တောင်းဆိုချက်များကို သဘောတူပြီးသည်နှင့် နှုတ်ဆက်ကာ ထွက်သွားကြတော့သည်။
“ဂိုဏ်းချုပ် ... ခင်ဗျားက တံခါးပိတ်ကျင့်ကြံဖို့ နေရာရှာမလို့လား .... ”
သုံးယောက် ထွက်သွားသည်နှင့် ရှင်းဟွမ်က ချက်ချင်း မေးလိုက်သည်။
မိုဝူကျီက ခေါင်းခါကာ
“ကျုပ်က တစ်ယောက်ကို ကျန်းမိုနယ်မြေ သွားပါ့မယ်လို့ ကတိပေးခဲ့တယ်။ အဲဒါကြောင့် တျန်းဂျီဂိုဏ်းရဲ့ ယာယီဂိုဏ်းချုပ်က စန်ယီပင်း ဖြစ်လိမ့်မယ်။ ပြီးတော့ တျန်းဂျီဂိုဏ်းမှာ ဝိညာဉ်စွမ်းအားတွေ လုံလုံလောက်လောက် ရှိမှာဆိုတော့ လက်ရုံးရှင်းလည်း တံခါးပိတ် ကျင့်ကြံလို့ ရတယ်။ ကျုပ် မရှိတဲ့အချိန် ဂိုဏ်းကို စောင့်ရှောက်ပေးပါ ... ”
***