လောဘစိတ်
Vol. 20 Ch. 273
ရှင်းဟွမ်က ကတိ ပေးလိုက်လေ၏ ။
“ဂိုဏ်းချုပ် စိတ်ချနေပါ။ ကျုပ်က တျန်းဂျီဂိုဏ်းကို သေချာ စောင့်ရှောက် ပေးပါ့မယ်။ တကယ်လို့ ကျုပ် ထွက်သွားရင်တောင် တျန်းဂျီဂိုဏ်းမှာ အနည်းဆုံး ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့် ကျင့်ကြံသူ နှစ်ယောက်ရှိမှ ထွက်သွားပါ့မယ် ... ”
ထိုသို့ပြောပြီး ရှင်းဟွမ်က လက်ကို ဝှေ့ယမ်း လိုက်သည့်အခါ သေသပ်စွာ ထိုးထွင်းထားသည့် ငွေသင်္ဘောပျံက မိုဝူကျီ ရှေ့တွင် ပေါ်လာလေသည်။
“ဂိုဏ်းချုပ် ဒါက ကျုပ် အဂုဏ်ယူရဆုံး လက်ရာလေးပါ။ ဒါက အဆင့်မြင့် ဝိညာဉ်ပစ္စည်း ဆိုတော့ ဂိုဏ်းချုပ် ကျန်းမိုနယ်မြေကို သွားတဲ့အခါ သာမန် သင်္ဘောပျံနဲ့ အလုပ်ဖြစ်မှာ မဟုတ်ဘူး။ အဲဒါကြောင့် ဒီသင်္ဘောပျံလေးကို ဂိုဏ်းချုပ်ကို ပေးပါ့ရစေ ... ”
မိုဝူကျီနှင့် ရှင်းဟွမ်က သူတို့ ဆက်ဆံရေးကို တစ်ယောက်နှင့် တစ်ယောက် အကျိုးပြုမှုပေါ် မူတည်၍ ဖြစ်လာသော်လည်း အချိန် ကြာလာသည်အခါ မိတ်ဆွေများ ဖြစ်လာကြသည်။ ယခုအခါ ရှင်းဟွမ်က သူ့အကောင်းဆုံးနှင့် ဂုဏ်အယူရဆုံး ပစ္စည်းကို မိုဝူကျီဆီ ပေးနေလေသည်။ မိုဝူကျီက ရှင်းဟွမ်ကို မြန်မြန် တားလိုက်ရ၏။
“လက်ရုံးရှင်း .... ကျုပ်ဆီမှာလည်း ကျန်းမိုနယ်မြေ ဆီက စစ်မှန်ခြင်း နတ်ဘုရား အဆင့် ကျင့်ကြံသူတွေဆီက လက်စွပ်တွေ အများကြီး ရှိပါတယ်ဗျာ။ ကျုပ်ဆီမှာ ပျံသန်းရေး ရတနာ မလိုပါဘူးဗျာ ... ”
ယခုမှ ရှင်းဟွမ်က တွေးမိသောအခါ မှန်နေပေသည်။ လောက အင်မော်တယ်အဆင့် ဂူချီ ဒြပ်ငါးမျိုး ကင်းမဲ့နယ်မြို့သို့ ရောက်လာစဉ်က သူသည် စစ်မှန်ခြင်း နတ်ဘုရား အဆင့် ကျင့်ကြံသူ တချို့ကို ခေါ်ဆောင် လာသေးသည်။ အားအကောင်းဆုံးမှာ စစ်မှန်ခြင်း နတ်ဘုရားအဆင့် ၉ ဖြစ်၏။ သူက တွေးမိသော အခါ မိုဝူကျီကို စိတ်ထဲမှ ပိုမို လေးစားလာမိသည်။ သူက မိုဝူကျီ နောက်ကွယ်မှ စစ်မှန်ခြင်း နတ်ဘုရား အဆင့် ကျင့်ကြံသူများကို ပုရွက်ဆိတ် သဖွယ် သတ်သွားသည့် အဆင့်မြင့် ကျင့်ကြံသူကို ကိုယ်တိုင် မမြင်လိုက်ရသော်လည်း ဖုန်းကျန့်ချိုးနှင့် အခြား လူများဆီမှ တစ်ဆင့် ပြန်ကြား ထားလေသည်။
“အဲဆို ဂိုဏ်းချုပ်က ကျုပ်နဲ့ ပြန်လိုက်ဦးမှာလား ... ”
ရှင်းဟွမ်က မေးလိုက်သည်။ မိုဝူကျီက ခေါင်းခါပြလိုက်ပြီး
“မလိုက်တော့ဘူး။ ကျုပ် လက်စွပ်တွေ ပြန်မွမ်းမံဖို့ နေရာရှာပြီးရင် ကျုပ် ကောင်းကင် ပင်လယ်ကနေ ထွက်သွား တော့မယ် ... ”
ကောင်းကင် ပင်လယ်သည် တျန်းဂျီဂိုဏ်းနှင့် ဆန့်ကျင်ဘက် ဖြစ်ပြီး ဒြပ်ငါးမျိုး ကင်းမဲ့ နယ်နှင့်လည်း ဆန့်ကျင်ဘက် ဖြစ်လေသည်။
မိုဝူကျီက ကောင်းကင် ပင်လယ်မှ ထွက်သွားဖို့ရာ ရည်ရွယ်ထားသည့် အတွက် ရှင်းဟွမ်က ဘာမှဆက်၍ မပြောတော့ပေ။ သူက ငွေသင်္ဘောပျံကို သိမ်းလိုက်ပြီး နှုတ်ဆက် လိုက်တော့သည်။ သူက တျန်းဂျီဂိုဏ်းကို ပြန်သွားပြီး မိုဝူကျီ သတင်းစကားကို ပြန်ဖြန့်ဝေ ပေးရမည် ဖြစ်သည်။ ထို့နောက် သူက စန်ယီပင်းကို ဂိုဏ်းချုပ်အဖြစ် ဆက်ခံရန် ကူညီပေးရမည်။
သူက မိုဝူကျီကို များစွာ မျှော်လင့်ထားလေသည်။ နောက်တစ်ကြိမ် မိုဝူကျီနှင့် ပြန်လည် တွေ့ဆုံသည့်အခါ မိုဝူကျီသည် သေချာပေါက် ကမ္ဘာကို လှုပ်ကိုင်နိုင်သည့် အဆင့်မြင့် ကျင့်ကြံသူ ဖြစ်နေ လိမ့်မည်ဟု ယုံကြည်သည်။ မည်သည့်အမြင်မှ ကြည့်စေကာမူ သူက တျန်းဂျီဂိုဏ်းကို သေချာ စောင့်ရှောက်ရမည် ဖြစ်သည်။ အကယ်၍ မိုဝူကျီ ပြန်ရောက်လာသည့် အခါ တျန်းဂျီဂိုဏ်းက ရှုပ်ထွေး နေပါက မိုဝူကျီက သူ့အား ဘာမှ မပြောကောင်း မပြောသော်လည်း သူတို့ကြားမှ ဆက်ဆံရေးမှာ ပျက်ပြား သွားနိုင်လေသည်။
ရှင်းဟွမ် ဝေးဝေး ရောက်သွားသည်ကို မြင်ပြီးနောက် မိုဝူကျီက လှည့်ကာ စိတ်ထဲ လေးလံစွာဖြင့် ပညာရှင် နှလုံးသား တည်ရှိသည့် ချိုင့်ဝှမ်းအား ကြည့်လိုက်သည်။ ထိုနေရာတွင် ပညာရှင် နှလုံးသားမှာ နောက်ထပ် အစိမ်းရောင် မီးတောက် ရေကန်တစ်ခု ထပ် ဖြစ်တည် နေပြန်သည်။ သို့သော်လည်း ထိုအရာမှာ ကြာကြာ ထိတွေ့နိုင်သည့် အရာ မဟုတ်ပေ။
မိုဝူကျီက ခေါင်းခါရင်း သူ့စိတ်ထဲမှ လောဘစိတ်ကို ချိုးနှိမ်ရင်း ထွက်သွားဖို့ရာ လမ်းကြောင်း ရွှေးလိုက်လေသည်။
မည်သူက ပညာရှင်နှလုံးသားကို မလိုချင်ဘဲ ရှိမည်နည်း။ ဆေးလုံးဆရာ ဖြစ်နေသည့် မိုဝူကျီက ထိုမီးတောက်ကို ပို၍ပင် လိုချင်သေး၏။ သို့သော်လည်း စစ်မှန်ခြင်း နတ်ဘုရားအဆင့် ကျင့်ကြံသူပင် ရင်မဆိုင်နိုင်ရာ သူ့အတွက် ရရှိဖို့ရာ မဖြစ်နိုင်ကြောင်း သေချာသိသည်။ ကျင်းကုမူက သူနည်းသူ့ဟန်နှင့် ပညာရှင်နှလုံးသား ရယူနိုင်သည်ကက ရေခဲဝိညာဉ်ကြော ခန္ဓာပိုင်ရှင်ကို တွေ့ခဲ့၍ ဖြစ်သည်။ သို့သော်လည်း သူက ကျရှုံးခဲ့ဆဲ ဖြစ်သည်။ အကယ်၍ ကျင်းကုမူက မလုပ်နိုင်လျှင် မိုဝူကျီက တွေးကို မတွေးသင့်တော့ပေ။
ပညာရှင် နှလုံးသားမှာ အမှန်ပင် အားကောင်းလှ၍ စစ်မှန်ခြင်း နတ်ဘုရား အဆင့် ကျင့်ကြံသူပင် ကျင်းကုမူကဲ့သို့ မီးအောက်တွင် တည့်တည့်ရပ်ရင်း မွမ်းမံဖို့ရာ မလုပ်ရဲလောက်ပေ။
အစီအရင် အသုံးပြုမှုကြောင့် သူက ပညာရှင် နှလုံးသားကို ကျင်းကုမူအား ပြာအဖြစ် လောင်ကျွမ်းရန် လုပ်ဆောင်နိုင်ခဲ့သည်။ သို့သော် သူက ဘာမှ မလုပ်လျှင်ပင် ကျင်းကုမူက အောင်မြင် ပါ့မလားဟု သံသယတော့ ဝင်မိသည်။
အကယ်၍ သူ့တွင် ပညာရှင် နှလုံးသားကို မွမ်းမံနိုင်ခွင့် ရှိမည်ဆိုလျှင် သူက ကျင်းကုမူကဲ့သို့ မီးအောက် တည့်တည့်တွင် ရပ်နေရင်း သေခြင်း တရားကို စောင့်နေမည် မဟုတ်ပေ။ သူက ဘေးမှ မွမ်းမံ၍ ဖြည်းဖြည်းချင်း အလယ်ထိ မွမ်းမံလိုက်မည်။
သူက ထိုအတွေး တွေးမိသောကြောင့် ခေါင်းသာ ခါလိုက်ရသည်။ သူပင် မကပေ။ ဖုန်းကျန့်ချိုးနှင့် အခြားလူများက ပညာရှင်နှလုံးသားကို ဘေးမှ မွမ်းမံဖို့ ကြိုးစားကြလျှင်ပင် လက်တွေ့ မဆန်သေးပေ။ တစ်ယောက်ယောက်က သူတို့ခန္ဓာကို သူ အဆုံးမဲ့ ဝိညာဉ် နှောင်ဖွဲ့ပန်း တွေ့ခဲ့သည့် ဂူအောက်ခြေမှ အအေးဓာတ် ကဲ့သို့ အလွန်အမင်း အေးစက်ဓာတ်ကို မပြောင်းလဲ နိုင်သရွေ့ မဖြစ်နိုင်ပေ။
မိုဝူကျီက သူ့လမ်းတွင် ရုတ်တရပ် ရပ်တန့် လိုက်ရသည်။ သူက တစ်ခုခုကို တွေးမိ၍ ဖြစ်သည်။ အကယ်၍ သူ့ခန္ဓာကို ထိုသို့ အအေးဓာတ် ပြောင်းလဲနိုင်ပါက သူသည် ပညာရှင် နှလုံးသားကို ဘေးဘက်မှ မွမ်းမံနိုင်မည်လား။
လက်တွေ့တွင် သူက ခန္ဓာကိုယ်ကို ထိုသို့ အအေးဓာတ် မပြောင်းလဲနိုင်သော်လည်း ကျင့်ကြံနည်း ဖြစ်သည့် ဝေဟင်လျှပ်စီး ဟန်ပန်ခုနှစ်မျိုး၏ ပထမပုံစံဖြင့် စမ်းကြည့်နိုင်လေသည်။
ယခင်က သူသည် ပထမပုံစံကို ကြိုးစားစဉ်က အကြောင်းအရာ လစ်ဟာမှုကြောင့် သူ့အတွင်း အင်္ဂါများ လောင်ကျွမ်း လုမတတ် ခံစားခဲ့ရသည်။
အကယ်၍ သူက ထိုကျင့်ကြံနည်းကို အသုံးပြုနိုင်ပြီး ပြောင်းပြန် လှည့်ပတ်ပါက သူက ခန္ဓာကို လောင်ကျွမ်း လုမတတ် အပူဓာတ်အစား ဆန့်ကျင်ဘက်ကို မရနိုင်ပေဘူးလား ...
ထိုအတွေး ပေါ်လာသည်နှင့် အလျှင်အမြန် စိတ်ထဲ နေရာယူလာလေသည်။ မိုဝူကျီက ထိုအကြောင်းကို မစဉ်းစား ချင်သော်လည်း ထိုအတွေးက စိတ်ထဲ ယောက်ယက် ခတ်နေဆဲ ဖြစ်သည်။
မိုဝူကျီက အားရပါးရ အသက် ရှူသွင်းလိုက်ပြီး မနီးမဝေးမှ တောင်ကုန်းဆီ သွားကာ ရိုးရိုရှင်းရှင်း ဂူတစ်ခု တူးလိုက်လေသည်။ သူက ထိုအတွေးကို စမ်းချင်ကြည့်မိသည်။ မဟုတ်လျှင် ထိုအတွေးကား ရပ်စဲသွားမည် မဟုတ်ပေ။
သူ့လှည့်ပတ်ခြင်း နည်းလမ်းကို အသက် သွင်းပြီးသည်နှင့် ဝိညာဉ် စွမ်းအားများက မိုဝူကျီဆီ တစ်မုဟုတ်ချင်း စီးဆင်း လာကြတော့သည်။ သို့သော်လည်း သူက လျှပ်တစ်ပြက် လျှပ်စီး ကျင့်စဉ်ကို ပြောင်းပြန် လှည့်ပတ် လိုက်သည်နှင့် ဝိညာဉ် စွမ်းအားများလည်း ပြောင်းပြန် စီးဆင်း ကုန်ကြလေသည်။
အကြောင်းမှာ သူသည် ထိုလုပ်ရပ်ကာ သူ့ချီသွေးကြောများကို ထိခိုက်ကုန်မှာ စိုးရိမ် မိလေသည်။ မိုဝူကျိက စွမ်းအားများကို အလွန် နှေးကွေးစွာ လှည့်ပတ် လိုက်တော့သည်။ သူ ပြဿနာ တွေ့သည်နှင့် ချက်ချင်း ရပ်တန့် နိုင်ပေလိမ့်မည်။
သူ့ပထမ ချီသွေးကြောကို အပြည့်အဝ ပြောင်းပြန် လှည့်ပတ်ပြီးသော်လည်း ဘာတုံ့ပြန်မှုမှ မရှိသေးချေ။ မိုဝူကျီက အနည်းငယ် စိတ်ပျက် သွားမိသည်။ ကြည့်ရသည်မှာ သူ့အတွေးမှာ အမှန်ပင် ယုတ္တိမရှိချေ။
မိုဝူကျီက ချီသွေးကြော ဆယ်ခုကို ဆက်တိုက်ပြောင်းပြန်လှည့်ပတ်လိုက်တော့သည်။ သူ့လျှပ်တစ်ပြက် လျှပ်စီး ကျင့်စဉ်မှာ အင်မော်တယ် မော်တယ် ကျင့်စဉ်အတိုင်း ပြုပြင်ထားခြင်း ဖြစ်လေသည်။ မိုဝူကျီက ချီသွေးကြောများကို ဖွင့်ပြီးသည့်နောက် သူ့အင်မော်တယ် မော်တယ် ကျင့်စဉ်က သူ့အား ဝိညာဉ်စွမ်းအား အမြောက်အမြား စုပ်ယူနိုင်ဖို့ရန် ကူညီပေး၏။
ထိုအရာမှာ အခြားသော ကျင့်ကြံသူများထက် များစွာ သာလွန်ပေသည်။ ယခု သူ့ချီသွေးကြော ဆယ်ခုဖြင့် ဆက်တိုက် လှည့်ပတ်လိုက်သည့် အခါ လေဆင်နှာမောင်း သဖွယ် ဖြစ်ပေါ် လာလေသည်။ မြောက်မြားသော ဝိညာဉ် စွမ်းအားများက သူ့ခန္ဓာ အတွင်း အငမ်းမရ စီးဝင် လာကြသည်။
သူ့သာမန် အင်မော်တယ် မော်တယ် ကျင့်စဉ်နှင့် ယှဉ်လျှင် စုပ်ယူနှုန်းကား ပို၍ မြန်ဆန် ပေသည်။ နှစ်ဆမက ပိုမြန်ဆန် လာပေသည်။
မိုဝူကျီက ကြောက်ရွံ့ သွားမိသည်။ သူက ကိစ္စများကို အလောတကြီး ရပ်ဖို့ရာ ကြိုးစား သော်လည်း အရာများမှာ သူ့ထိန်းချုပ်မှု အောက်တွင် မရှိတော့ချေ။ ထိုစဉ် အေးစက်စက် ခံစားမှုက သူ့ချီသွေးကြောများမှ ထွက်ပေါ်လာပြီး သူ့ခန္ဓာအနှံ့ ပျံ့နှံ့ သွားလေသည်။ နောက်အခိုက်အတန့်တွင် သူက သူ့လက်များ၊ ခြေထောက်များက မျက်စိရှေတွင် အေးခဲလာသည်ကို တွေ့လိုက်ရသည်။ ထိုအေးစက်မှုကား ချီသွေးကြောများမှ ဖြစ်ပေါ်လာပြီး သူ့အတွင်း အင်္ဂါများတင် မကဘဲ အပြင်ပန်း အထိပါ ပြန့်လာလေသည်။ မိုဝူကျီ စိတ်က အေးစက် လာလေသည်။ ထိုအရာက သူအလိုရှိသည့် အရာ မဟုတ်ချေ။
သူက ပြောင်းပြန် လှည့်ပတ်ခြင်းကို ရပ်တန့် လိုက်သော်လည်း သူက ခန္ဓာတစ်လျှောက် စီးဆင်းနေသည့် စွမ်းအားများကို ခံစား နေမိသေးသည်။ ထိုစွမ်းအားများက သူ့ချီသွေးကြောထဲ ရောက်သွားပြီး ပို၍ အေးစက်မှုကို ထွက်ပေါ်လာစေသည်။
မိုဝူကျီက သူ့ဝိညာဉ်က ခန္ဓာမှ ထွက်နေပြီဟုပင် ခံစား နေရသည်။ ထိုနှုန်းဖြင့် သူ့ချီသွေးကြော များမှာ အေးခဲလာပြီး တစ်စစီ ဖြစ်သွားပေလိမ့်မည်။ ထို့နောက် သူ့ခန္ဓာ တစ်ကိုယ်လုံးလည်း ထိုသို့ ဖြစ်လာလိမ့်မည်။ သူ့ခန္ဓာတွင် ကြောက်မက်ဖွယ် အပူနှုန်း ရှိနေစဉ်က လှုပ်ရှား၍ ရခဲ့သော်လည်း ထိုအခါ လှုပ်ပင် မရတော့ပေ။
တစ်ယောက်ယောက်က သေခြင်းတရားကို လိုက်ရှာ မနေလျှင် သေမည်မဟုတ်ဟု ဆိုလိုခြင်းမှာ အမှန် ဖြစ်မည်။ မိုဝူကျီ စိတ်ထဲတွင် နောင်တ တရားတို့ ကြီးစိုးနေလေသည်။ ထိုသို့သာ ဆက်ဖြစ်နေပါက သူ သေဆုံး သွားလိမ့်မည်။
ပြောင်းပြန် လှည့်ပတ်မိခြင်းသည် သူ့အား ရေခဲတုံးအဖြစ် ပြောင်းလဲသွားစေသည်။ သို့သော် ထိုရေခဲတုံးမှာ သူစိတ်ကူး ထားသည့် အတိုင်း မဟုတ်ပေ။ သူ့အသက်လေးပင် ပါသွား ချေတော့မည်။ မိုဝူကျီက စိတ်စွမ်းအားကို အသုံးပြု၍ ရေခဲတုံးကို အရည် ပျော်စေရန် အင်မော်တယ် မော်တယ် ကျင့်စဉ်ကို လှည့်ပတ်ဖို့ ကြိုးစား နေရသည်။ သို့သော် သူ့ချီသွေးကြောများမှာ အေးခဲ နေသောကြောင့် စိတ်ကူး အိမ်မက်အဖြစ်သာ ကျန်ရှိလေတော့သည်။ သူက လက်ရှိ ပြောင်းပြန် လှည့်ပတ်ခြင်း ကျင့်စဉ်ကို မရပ်တန့် နိုင်သောကြောင့် သူ့ခန္ဓာမှာ ရေခဲအဖြစ် ဆက်လက် ပြောင်းလဲ နေလေ၏။
အချိန်ကုန်လွန် လာသည်နှင့် သူ့စိတ်စွမ်းအားကို ထုတ်လွှင့်နိုင်သည့် အပြင် ကျန်တာ ဘာမှ မလုပ်နိုင်ပေ။
မိုဝူကျီက မျှော်လင့်ချက်လေး လက်ကိုင်ထားရင်း အကူအညီ တွေ့လိုတွေ့ငြား စိတ်စွမ်းအားကို ထုတ်ထားပြီး စိတ်ဆင်းရဲစွာဖြင့် တဖြည်းဖြည်း ချဉ်းကပ် သွားလိုက်သည်။ စိတ်ပျက်စရာ ကောင်းသည်က ခွေးတစ်ကောင်မျှပင် ရှာမတွေ့ပေ။
မိုဝူကျီက သူ့စိတ်စွမ်းအားသည် ဝဝတုတ်တုတ် ပုံရိပ်ကို ဖြတ်သွားသော အခါ မှုန်ဝါးဝါး ဖြစ်လာလေ၏။
***