နည်းလမ်းအမျိုးမျိုး
Vol. 20 Ch. 274
ဖုန်းကျဲလား ...
မိုဝူကျီက လုံးဝ အေးခဲနေသော်လည်း မည်သူဖြစ်ကြောင်း ခွဲဖြာ နိုင်သေးသည်။ ထိုအနည်းငယ် ဝတုတ်တုတ်လူကား ဖုန်းကျဲ ဖြစ်နေသည်။
မိုဝူကျီက မကြာခင် နားလည် သွားလေသည်။ ပညာရှင် နှလုံးသားကို နောက်ချန်ရစ် ထားဖို့ရာ ဆန္ဒမရှိသူက သူတစ်ဦးတည်း မဟုတ်ပေ။ ကြီးမြတ်ရန်ကျုံး ဂိုဏ်းမှ ဖုန်းကျဲလည်း အတူတူပင် ဖြစ်သည်။ သို့သော်လည်း ဤနေရာတွင် အားလုံး ရှိနေစဉ်က သူသည် အေးဆေး တည်ငြိမ်ဟန်ဖြင့် ဤနေရာမှ ထွက်သွားဖို့ရာ မစောင့်နိုင်သကဲ့သို့ ပြုမူခဲ့လေသည်။
ယခု အားလုံး ထွက်သွားသော အခါ ခိုးကြောင်ခိုးဝှက် ပြန်ရောက်လာသည်။ မိုဝူကျီက ဖုန်းကျဲနှင့် ဆက်နွယ်ဖို့ရာ စိတ်စွမ်းအား အသုံး မပြုတော့ပေ။ အကယ်၍ ရောက်လာသူမှာ ရှင်းဟွမ် ဖြစ်နေပါက ထိုသို့ လုပ်မိလောက်မည်။
သို့သော် ဖုန်းကျဲ ဖြစ်နေသည့်အတွက် သေချာပေါက် မလုပ်နိုင်ပေ။ ဖုန်းကျဲက သူ ဒီနေရာမှာ ရှိနေသည်ကို သိသည်နှင့် သူကို နှုတ်ပိတ်ဖို့ရာ ချက်ချင်း သတ်ပစ်လိမ့်မည်။
အကယ်၍ ဖုန်းကျဲက ပညာရှင် နှလုံးသားကို ဆွဲထုတ်နိုင်ဖို့ ယုံကြည်ချက် ရှိပါက သူသည် အခြားသောသူများကို ပညာရှင် နှလုံးသားကို ရယူသွားသူက သူဖြစ်ကြောင်း သိခွင့်ပေးမည် မဟုတ်ပေ။
မိုဝူကျီက သက်ပြင်း ချလိုက်သော်လည်း သူ့စိတ်စွမ်းအားတော့ မရုပ်သိမ်းသေးပေ။ အကယ်၍ သူသာ သေဆုံး သွားပါက ဖုန်းကျဲ ဆီမှ အသတ် ခံရသည်ထက် အေးခဲ၍သာ သေလိုက် ချင်တော့သည်။
အမွေးတိုင် တစ်ဝက်ခန့် အချိန်တွင် မိုဝူကျီက နောက်ပုံရိပ်တစ်ခု ပျံသန်း လာသည်ကို မြင်လိုက်ရပြန်သည်။
ထိုသူတွင် ဆံညို တစ်ခေါင်းလုံး ရှိသည်။ မိုဝူကျီက တစ်ချက်တည်း ကြည့်ရုံဖြင့် ကောင်းကင်နတ်ဆိုး ဂိုဏ်းမှ ဖန်ကျန်းတျန်း ဖြစ်ကြောင်း သတိပြုမိလိုက်သည်။
ဖန်ကျန်းတျန်း သည်လည်း ဤနေရာသို့ လာရန် နောက်ထပ် အကြောင်းပြချက် မရှိချေ။ ပညာရှင် နှလုံးသား အတွက်သာ ဖြစ်ရမည်။ နှမြောစရာ ကောင်းသည်က လာသည့်သူများမှာ ဖုန်းကျန့်ချိုးနှင့် ရှင်းဟွမ်တို့ မဟုတ်ချေ။ အကယ်၍ ထိုသူ နှစ်ဦး ဖြစ်နေပါက သူတို့က သူ့အသက်ကို ကယ်တင်ပေလိမ့်မည်။
ကောင်းကင်နတ်ဆိုး ဂိုဏ်းမှာ ကောင်းကင်ဂိုဏ်းခွဲ ဖြစ်လေသည်။ ကောင်းကင်ဂိုဏ်း ကျင်းကုမူတွင် ပညာရှင် နှလုံးသားကို မွမ်းမံဖို့ရာ နည်းလမ်းများ ရှိနေသောကြောင့် ဖန်ကျန်းတျန်း၌ သူ့ကိုယ်ပိုင် နည်းလမ်း ရှိနေသည်မှာ ဖြစ်နိုင်ပေသည်။ ဖုန်းကျဲကို ပြောရလျှင် ထိုလူက အမြဲပြုံးထားပြီး စိတ်ရင်းကောင်းဟန် ဆောင်တတ်သော်လည်း မိုဝူကျီက ထိုလူမှာ ဖန်ကျန်းတျန်း ထက်ပင် ဉာဏ်များကြောင်း ခံစားမိနေသည်။ သူနှင့်အတူ လာသည့် စစ်မှန်ခြင်း နတ်ဘုရား အဆင့် ကျင့်ကြံသူ လေးယောက်ထဲ၌ ဖုန်းကျဲနှင့် ဆက်ဆံရသည်မှာ သက်တောင့်သက်သာ မရှိဆုံး ဖြစ်လေသည်။
အချိန်များက ဖြည်းဖြည်းချင်း ကုန်ဆုံး သွားသောကြောင့် မိုဝူကျီ၏ စိတ်စွမ်းအားမှာလည်း စတင်၍ ဝေဝါးလာလေသည်။ သူက အံ့ကို ကြိတ်၍ အားခဲထားသော်လည်း သူ့စိတ်စွမ်းအား လုံးဝ ဝေဝါးသွားသည်နှင့် သူ့အတွက် အမှန်တကယ် ပြီးဆုံး သွားကြောင်း နားလည်လေသည်။ နောက်ဆုံး အချိန် မတိုင်ခင်အထိ သူက သေချာပေါက် လက်မလျော့ နိုင်ပေ။ ဖုန်းကျန့်ချိုးလည်း ပညာရှင် နှလုံးသားကို လိုချင်၍ ရောက်လာမည်လား ....
“ဘမ်း ... ”
ကြောက်မက်ဖွယ် ပေါက်ကွဲမှုကြောင့် မိုဝူကျီ၏ ပျောက်ကွယ်နေသော စိတ်စွမ်းအားမှာ သိသိသာသာ ကြည်လင် လာလေသည်။ သူက စိတ်စွမ်းအားကို အဆုံးထိ မြှင့်တင် လိုက်ရသည်။ သူ့စိတ်ထဲတွင် ဖုန်းကျဲက ပညာရှင် နှလုံးသားကို မွမ်းမံ လိုက်သောကြောင့်လား သို့မဟုတ် ဖန်ကျန်းတျန်းကြောင့် လေလား တွေးနေမိသည်။ သို့မဟုတ် ထိုနှစ်ယောက်က နောက်တစ်ယောက်ကို တွေ့၍ တိုက်ခိုက် နေကြသည်လား ....
မိုဝူကျီက ထိုအတွေးများကို ဘေးဖယ် မထားနိုင်ခင် အပူလှိုင်း ဖြစ်ပေါ် လာလေသည်။ ထို့နောက်တွင် မိုဝူကျီ ၏ ရေခဲခန္ဓာက တဖြည်းဖြည်း အရည် ပျော်လာပြီး ပျော့ပျောင်း လာကြောင်း တွေ့လိုက်ရသည်။
မိုဝူကျီက နည်းနည်းလေးမျှ စိတ်မလှုပ်ရှားဘဲ စိတ်ပူပင် မိသွားသည်။ ထိုလူ နှစ်ယောက်မှာ ပညာရှင် နှလုံးသားကို မွမ်းမံ နေကာစ ဖြစ်သော်လည်း သူတို့က ပညာရှင် နှလုံးသားကို ပေါက်ကွဲမှု ဖြစ်ပေါ်စေခဲ့သည်။ ပညာရှင် နှလုံးသားမှ အပူလှိုင်း ထွက်လာသည်နှင့် သူက လုံးဝ အသားကင် ဖြစ်သွား ပေလိမ့်မည်။
ထိုစဉ် မိုဝူကျီက ပညာရှင် နှလုံးသားနှင့် အနီးဆုံး ဖြစ်နေသည့် နေရာကို ရွေးချယ်မိသည့် အတွက် နောင်တ ရမိလာသည်။ သို့သော်လည်း သူ့တွင် နောင်တ ရဖို့ရာ အချိန် အများကြီး မရှိပေ။ သူ့ခန္ဓာမှာ ရေခဲတုံး ဖြစ်နေသော်လည်း ပညာရှင် နှလုံးသားမှ မီးတောက် ထွက်လာသည့် အခါ သူပထမဆုံး လုပ်ဖို့ လိုသည့် အရာမှာ သူ့အသားများကို ခိုင်ခံ့အောင် အင်မော်တယ် မော်တယ် ကျင့်စဉ်ကို အလျင်အမြန် အသုံးလိုက်ရခြင်း ဖြစ်သည်။
မဟုတ်လျှင် သူ့ခန္ဓာက သန်မာသော်လည်း သူက အလွန်အမင်း အအေးဓာတ်ကို ခံစား ထားပြီးနောက် ပြင်းထန်လွန်းသော အပူဓာတ်ဖြင့် လောင်ကျွမ်း ခံလိုက်ရပါက သူ့အတွက် ပြိုလဲ သွားလိမ့်မည်။ ကံဆိုးလှစွာ သူ့အတွင်း အင်္ဂါများမှာ အေးခဲနေဆဲ ဖြစ်၍ သဘာဝ စွမ်းအားများကို ဖြည်းဖြည်းချင်းသာ လှည့်ပတ် နိုင်လေသည်။ သူ့ခြေထောက်မှာ ရွေ့လျား နိုင်သော်လည်း မပြေးနိုင်သေးပေ။
အင်မော်တယ် မော်တယ်ကျင့်စဉ်ကို အသက် သွင်းလိုက်သည်နှင့် စုတ်ဖြဲ လုမတတ် ခံစားချက်က သူ့ခန္ဓာ အနှံ့ ပြန့်လာလေသည်။ သူက ထိုကြောက်မက်ဖွယ် နာကျင်မှုများ ကြားတွင် နှစ်မြှပ်နေရင်း မိုဝူကျီ ခန္ဓာ တစ်ကိုယ်လုံး စတင်၍ တုန်ယင် လာလေသည်။
ပတ်ဝန်းကျင် အပူချိန် မြင့်တက်လာမှု နောက်တွင် အင်မော်တယ် မော်တယ် ကျင့်စဉ်ကို လှည်ပတ်လိုက်ခြင်းက ဖြည်းဖြည်းချင်း အတည်ကျလာပြီး ပြိုလဲ သွားတော့မည့်ပုံ မရှိတော့ပေ။ ထိုအခါမှ မိုဝူကျီက သက်ပြင်း ချနိုင်တော့သည်။ သူက အားယူကာ ထိုင်ချလိုက်ပြီး ဤနေရာမှ အရင်ဆုံး ထွက်သွားချင်တော့သည်။
သို့သော် မိုဝူကျီက စိတ်စွမ်းအား ပို့လွှတ်လိုက်သည့် အခါ ပို၍ပင် တုန်လှုပ်အံ့ဩ မိသွားတော့သည်။ သူ့ပတ်ဝန်းကျင် တစ်ခုလုံးတွင် အစိမ်းရောင် မီးတောက်များဖြင့် ဖုံးလွှမ်း နေလေ၏။ ထိုသို့ ကြောက်မက်ဖွယ် အပူချိန်ကို ခံစားမိပြီး မိုဝူကျီက ဘာလုပ်ရမှန်း မသိတော့ပေ။
ထိုနှစ်ယောက်က ပညာရှင် နှလုံးသားကို သွားနှောင့်ယှက်မိ၍ မီးတောက်များမှာ ကီလိုမီတာ အနည်းငယ် အထိ ပျံ့နှံ့ နေလေပြီ။ ကံကောင်းလှစွာ သူ့အကွာအဝေးမှာ အလွန်ကွာသေးသည့် အတွက် မီးတောက်၏ အစွန်ဆုံးနားဖြစ်နေလေသည်။ အစိမ်းရောင် မီးတောက်များသာ ရှိလေသည်။ မဟုတ်လျှင် သူ့ကိုယ်တိုင် ပြာဖြစ်သွား လောက်လေပြီ။
သို့သော် ထိုမီးတောက်များက အဘယ်ကြောင့် ထိုမျှ ဝေးကွာ နေသနည်း။ မိုဝူကျီက ကုသ ဆေးလုံးများ စားနေစဉ် စိတ်စွမ်းအားကိုတော့ အပြင်ဘက် ထုတ်လွင့်ထားလေသည်။
မိုဝူကျီ၏ စိတ်စွမ်းအားက အစိမ်းရောင်မီးတောက် အလယ်တွင် ထိုင်နေသည့် ဖုန်းကျဲနှင့် ဖန်ကျန်းတျန်းဆီ ရောက်သွားသော အခါ ချက်ချင်း နားလည် သွားလေသည်။
ဖုန်းကျဲနှင့် ဖန်ကျန်းတျန်းတို့မှာ မီတာ အနည်းငယ် ကွာဝေးပြီး နှစ်ယောက်လုံးက ကြမ်းပြင်တွင် ထိုင်နေခြင်း ဖြစ်သည်။ ဖန်ကျန်းတျန်းကို သူပေးထားသည့် ကျောက်စိမ်း ပုလွေက ခေါင်းပေါ်တွင် ရှိနေပြီး အစိမ်းရောင် အလင်းများ ထုတ်လွှင့်နေလေသည်။ ထိုအလင်းမှာ ဖန်ကျန်းတျန်း ဝန်းကျင်၌ ကျောက်စိမ်းရောင် အကာ ဖန်ဆင်း ထားလေသည်။ အကာအရံ အထဲတွင် ထိုင်နေပြီး ဖန်ကျန်းတျန်းမှာ လက်ဟန်များကို ဆက်တိုက် ပြုလုပ်နေလေသည်။
ဖန်ကျန်းတျန်းနှင့် မီတာ အနည်းငယ် အကွာတွင် ဓားဆယ်လက် ဝန်းရံနေသည့် ဓားအကာအရံဖြင့် ဖုန်းကျဲ ရှိလေသည်။ အစိမ်းရောင် မီးတောက်မှာ ဓားအကာအရံအထဲ ဖြည်းဖြည်းချင်း စိမ့်ဝင်လာသည့် အခါ ဖုန်းကျဲလက်နှစ်ဖက်အတွင်း လှည့်ပတ် သွားလေသည်။
မိုဝူကျီက သူတို့နှစ်ယောက်မှာ ပညာရှင် နှလုံးသားကို မွမ်းမံ နေကြကြောင်း သိ၍ နည်းလမ်းများ ကိုလည်း သိပေသည်။ သို့သော် သူ မသိသည်က သူတို့အသုံးပြုထားသည့် ပညာရှင် နှလုံးသား အပူဓာတ်ကို ကီလိုမီတာနှင့် ဖြန့်ထားသည့် နည်းလမ်း ဖြစ်သည်။
ပညာရှင် နှလုံးသားက မည်မျှပင် အားကောင်းသည် ဖြစ်စေ၊ မကောင်းသည် ဖြစ်စေ သိသာထင်ရှားနေသော အရာ ဖြစ်သည်။ ထို့အပြင် ကီလိုမီတာအနည်းငယ် ပျံ့နှံ့သွားပြီး နောက်တွင် အပူချိန်မှာ သိသိသာသာ ကျဆင်းလာလေ၏။ ယခင်က ပညာရှင်နှလုံးသားကို မမွမ်းမံနိုင်ပေ။ အကြောင်းမှာ အပူချိန် မြင့်မား နေသောကြောင့် အနား မကပ်နိုင်၍ ဖြစ်သည်။ သို့သော် ယခုတွင် နှစ်ယောက်သား ပညာရှင် နှလုံးသားကို ပျံ့နှံ့သွားအောင် လုပ်ဆောင် လိုက်ကြ၍ မီးတောက်ကို မွမ်းမံခြင်းက ယခု ဖြစ်နိုင် သွားလေသည်။ ကျင်းကုမူနှင့် ယှဉ်လျှင် သူတို့ နည်းလမ်းများမှာ ပို၍ လက်တွေ့ကြလေသည်။
မိုဝူကျီ နားမလည် နိုင်သည်က ဖန်ကျန်းတျန်းနှင့် ဖုန်းကျဲတို့မှာ ကိုယ်ပိုင်ဆန္ဒဖြင့် ရောက်ရှိ လာကြပြီး အခြားသူများကို အဘယ်ကြောင့် မနှောင့်ယှက် တာလဲ။ ပညာရှင် နှလုံးသား တစ်ပွင့်ရှိမှန်း သူတို့ နှစ်ယောက် မသိကြဘူးလား ... သူတို့ နှစ်ယောက်လုံး တစ်ချိန်တည်း မရနိုင်တာရော မသိကြဘူးလား ....
နှစ်ယောက်လုံး မွမ်းမံမှု နောက်တွင် ပတ်ဝန်းကျင် အပူချိန်မှာ စတင်၍ မြင့်တက် လာပြန်သည်။ ထို့နောက် မိုဝူကျီက လှုပ်ရှားနိုင်စွမ်း ပြန်လည် ရရှိသွားလေသည်။ မည်သို့ပင် ဖြစ်နေစေကာမူ သူက ဤနေရာမှ အရင်ဆုံး ထွက်သွားရမည်။
စစ်မှန်ခြင်း နတ်ဘုရား အဆင့် ကျင့်ကြံသူ နှစ်ဦးမှာ ပညာရှင် နှလုံးသားကို မွမ်းမံ နေသောကြောင့် သူက အစအနပင် ရမည် မဟုတ်ပေ။
မိုဝူကျီက မတ်တပ် ရပ်ခါနီးနီးတွင် ထိုအတွေးကို လက်လျော့ လိုက်တော့သည်။ သူက ထွက်မသွား နိုင်သေးပေ။ ဤတောင်ကုန်းမှ သူ ထွက်သွားသည်နှင့် သူ့ကို ဖန်ကျန်းတျန်းနှင့် ဖုန်းကျဲတို့က တွေ့ရှိသွားလိမ့်မည်။ ထိုသို့ ဖြစ်သွားပါက ထိုနှစ်ဦးက သူ့အား သေချာပေါက် သတ်လိမ့်မည်။
မိုဝူကျီက တိတ်တိတ်သာ နေလိုက်တော့သည်။
ထိုစဉ် ပတ်ဝန်းကျင်မှ အစိမ်းရောင် မီးတောက်က ရုတ်တရက် အဆများစွာ အားကောင်း လာပေသည်။ ကြောက်မက်ဖွယ် မီးတောက်များက အလွန် ပူသောကြောင့် မိုဝူကျီက အော်လုမတတ် ဖြစ်သွားလေသည်။ မိုဝူကျီက အပူကာကွယ်ရန် သူ့သဘာဝ စွမ်းအားများကို လှည့်ပတ်လိုက်ရသည်။
နောက်အခိုက်အတန့်တွင် မိုဝူကျီက သူ့အတွေးက အသုံး မဝင်ကြောင်း သိလိုက်ရသည်။ အကြောင်းမှာ ဖုန်းကျဲနှင့် ဖန်ကျန်းတျန်းတို့က ပညာရှင်နှလုံးသားကို ရူးရူးမူးမူး မွမ်းမံ နေကြသောကြောင့် ပညာရှင် နှလုံးသား၏ မီးတောက်မှာ ပို၍ အားကောင်း လာပေသည်။
အကယ်၍ သူသာ နည်းလမ်းကောင်းကောင်း မစဉ်းစားနိုင်ပါက သူသည် ထိုလူ နှစ်ယောက်၏ စတေးခံ ဖြစ်သွားပြီး ပြာအဖြစ် လောင်ကျွမ်းကာ သေဆုံးသွားလိမ့်မည်။
သူ့စိတ်ထဲ၌ အတွေး ပေါ်လာလေသည်။ မိုဝူကျီက သူ့ပြောင်းပြန် လှည့်ပတ်ခြင်းကို စတင်လိုက်တော့သည်။ ချီသွေးကြော ဆယ်ခုကို ဆက်တိုက် ပြောင်းပြန် လှည့်ပတ် လိုက်သောကြောင့် ကြောက်မက်ဖွယ် အေးစက်မှုက ချီသွေးကြောများမှ ထွက်ပေါ်လာလေသည်။ သို့သော်လည်း အတိတ်နှင့် ကွာခြားသည်က မိုဝူကျီက ယခု ပညာရှင် နှလုံးသား ဘေးဘက်တွင် ရှိနေခြင်း ဖြစ်သည်။ အပြင်ဘက် အပူချိန်ဖြင့် သူက ရေခဲတုံးအဖြစ် အေးခဲ မသွားတော့ပေ။
အမွှေးတိုင် တစ်ဝက်စာခန့်တွင် မိုဝူကျီက ဆက်၍ တောင့်မခံနိုင် တော့မှန်း သိ၏။ သူ့ချီ သွေးကြောများမှာ အလွန်အမင်း အအေးဓာတ်ကို ထုတ်လွှင့် ပေးနေသော်လည်း မီးတောက် အပူချိန်မှာလည်း ပို၍ အားကောင်း လာနေသည်။ အချိန်ကုန်ဆုံး သွားသည်နှင့် ထိုသို့သော မျှတမှုများက သူ့ခန္ဓာ လက်ခံနိုင်သော အရာ မဟုတ်ချေ။
မိုဝူကျီက အံ့ကို ကြိတ်ကာ စိတ်စွမ်းအားကို ထုတ်လွှင့်လိုက်ပြီး အစိမ်းရောင် မီးတောက်ဆီ ထိုးဖောက် သွားလိုက်သည်။ ဖုန်းကျဲနှင့် ဖန်ကျန်းတျန်းတို့က ပညာရှင် နှလုံးသားကို မွမ်းမံ နေကြသော်လည်း ယခု သူပါ အတင်းအကျပ် မွမ်းမံနေရလေပြီ။ အကယ်၍ သူသာ မွမ်းမံခြင်း မလုပ်ဆောင်ပါက ပြာအဖြစ် ပြောင်းလဲ သွားလိမ့်မည်။
ဘယ်လိုဖြစ်ဖြစ် သေမည်ကို ဘာကြောင့် တွန့်ဆုတ် နေရမည်နည်း။
***