← Chapters

ပညာရှင် နှလုံးသားကို ပြောင်းပြန်မွမ်းမံခြင်း

Vol. 20 Ch. 275

ပညာရှင် နှလုံးသားကို ပြောင်းပြန်မွမ်းမံခြင်း

Vol. 20 Ch. 275

ပညာရှင်နှလုံးသားမှာ အလွန် အားကောင်းသည့်အတွက် ဖုန်းကျဲနှင့် ဖန်ကျန်းတျန်းတို့ မည်သူပင် ဖြစ်စေကာမူ သူတို့က သူတို့ အကာအကွယ်ထဲ ဝင်လာသည့် ပညာရှင်နှလုံးသား အစိတ်အပိုင်းလေး ကိုသာ ဖြည်းဖြည်းချင်း မွမ်းမံ နိုင်ကြလေသည်။ အပြင်ဘက်ရှိ အခြေအနေအရ နှစ်ယောက်လုံးတွင် စစ်ဆေးကြည့်ဖို့ရာ စွမ်းဆောင်ရည် မရှိကြပေ။

ထို့ကြောင့် မိုဝူကျီက တိုက်ပွဲထဲ ဝင်သွားပြီး ပညာရှင် နှလုံးသားကို စတင် မွမ်းမံသည့်အခါ ဖုန်းကျဲနှင့် ဖန်ကျန်းတျန်းတို့က လုံးဝကို သတိမမူမိပေ။

မိုဝူကျီက စတင်မွမ်းမံသည့် အခိုက်အတန့်တွင် ဆုံးဖြတ်ချက် မှန်ကန်စွာ ချမိကြောင်း သိလိုက်သည်။ အင်မော်တယ်မော်တယ် ကျင့်စဉ်ကို အသုံးပြု၍ ပညာရှင် နှလုံးသားကို မွမ်းမံခြင်းက ဖားကို ရေနွေးနွေးလေးနှင့် ချက်နေသည်နှင့် တူလှသည်။ ရုတ်တရက် ဖြစ်ပေါ်လာသည့် တုံ့ပြန်မှု မရှိပေ။ အင်မော်တယ် မော်တယ်ကျင့်စဉ်က ပညာရှင်နှလုံးသားကို သူ့လှည့်ပတ် လမ်းကြောင်းဆီ ဆွဲခေါ်ပေးသဖြင့် လှည့်ပတ်မှု အားလုံးက ပညာရှင်နှလုံးသား မီးတောက်စွမ်းအား ရရှိပြီး မိုဝူကျီထဲ စီးဝင် သွားလေသည်။

အစပိုင်း၌ အအေးနှင့်အပူ ရောစပ်သွားသည့်အခါ မိုဝူကျီက ကြောက်ခမန်းလိလိ နာကျင်မှုကို ခံစားနေရဆဲ ဖြစ်သည်။ သို့သော် အဆုံးသတ်တွင် သူက ထိုညှဉ်းပန်း နှိပ်စက်မှုကို ဆက်ခံစားစရာ မလိုတော့ပေ။ အင်မော်တယ်မော်တယ် ကျင့်စဉ်ဖြင့် အစိမ်းရောင် စွမ်းအားများ လှည့်ပတ်နှုန်းမှာ ပို၍ပင် မြန်ဆန်လာကာ သူ့မွမ်းမံသည့် နှုန်းမှာလည်း ပို၍ တိုးတက် လာပေသည်။

အချိန်ကုန်ဆုံး သွားသည်နှင့် သူ့ခန္ဓာတွင် အစိမ်းရောင် မီးတောက်ငယ် အလုံးလေး စုစည်းပြီး သွားလေပြီ။ သူက ပညာရှင် နှလုံးသားကို အပြည့်အဝ မွမ်းမံ ပြီးသွားပြီ ဖြစ်၏။ အပြင်ဘက်တွင် ရှိနေသော အစိမ်းရောင် စွမ်းအားများကို သူ့အင်မော်တယ် မော်တယ် ကျင့်စဉ်က ဆက်တိုက် ဝါးမျိုလိုက်ပြီး ဖြည်းဖြည်းချင်း သူ့ခန္ဓာထဲ ပေါင်းစပ် သွားစေသည်။

အင်မော်တယ် မော်တယ် ကျင့်စဉ်မှာ အရိုးရှင်းဆုံး ကျင့်စဉ် ဖြစ်သည့်အပြင် အတိအကျဆိုရလျှင် ကျင့်ကြံစဉ်များထဲမှ အခြေခံအကျဆုံး ကျင့်စဉ် ဖြစ်လေသည်။ အခြားသော ကျင့်စဉ်များနှင့် ကွာခြားသည်က အရမ်း ရိုးရှင်းလွန်းနေခြင်း ဖြစ်သည်။ ပညာရှင် နှလုံးသားမှ မီးတောက်ကို မွမ်းမံဖို့ရာ အသုံးပြုသည့်အခါ မီးတောက်အား မည်သည့် လှုံ့ဆော်မှုမျိုးမှ မဖြစ်စေနိုင်ပေ။

တစ်ဖက်တွင် ဖုန်းကျဲနှင့် ဖန်ကျန်းတျန်းတို့၏ မွမ်းမံမှု နည်းလမ်းမှာ အလိုက်သင့် ဖြစ်ပေါ်နေဆဲ ဖြစ်သည်။ အပြင်ပန်း မျက်နှာပြင်တွင် သူတို့ကျင့်စဉ်မှာ မိုဝူကျီ၏ ရိုးရှင်းလှသော အင်မော်တယ် မော်တယ် ကျင့်စဉ်ထက် အလွန် သာလွန် နေပေလိမ့်မည်။ သို့သော်လည်း မွမ်းမံမှုအတွက် အသုံးပြုသည့်အခါ မိုဝူကျီကဲ့သို့ တိတ်ဆိတ်နေမှုနှင့် ကွာဝေးလွန်း လှသည်။ ထိုနှစ်ယောက်၏ အစိမ်းရောင် မီးတောက် မွမ်းမံမှု တိုးလာခြင်း နောက်တွင် ပတ်ဝန်းကျင်မှ အပူချိန်လည်း ပို၍ မြင့်လာပေသည်။

အကယ်၍ မိုဝူကျီသာ မပါဝင်ခဲ့ပါက နှစ်ယောက်လုံးမှာ ရက်အတော် ကြာသည်အထိ မဆုတ်မနစ် ကြိုးစား နေပေလိမ့်ဦးမည်။ သူတို့ထဲမှ တစ်ယောက်က ပညာရှင် မီးတောက်ကို မွမ်းမံဖို့ရာက မဖြစ်နိုင်သည့် ကိစ္စတော့ မဟုတ်ချေ။

သို့သော် မိုဝူကျီက ဝင်လာလေသည်။ တစ်ယောက်တည်း ဆိုလျှင် သူ့မွမ်းမံနှုန်းမှာ ဖုန်းကျဲနှင့် ဖန်ကျန်းတျန်းတို့ ပေါင်းစပ် ထားသည်ထက် ပိုသာနိုင်၏။ သူ့နှုန်းမှာ စတင်စဉ်ထက် အဆများစွာ ပိုပေလိမ့်မည်။

နောက်နှစ်ရီကုန်ဆုံး သွားပြီးနောက်တွင် ဖန်ကျန်းတျန်း ခေါင်းအထက်ရှိ  ကျောက်စိမ်းပလွေမှ အစိမ်းရောင် အလင်းက ဖြည်းဖြည်းချင်း မှေးမှိန် လာလေသည်။ တစ်ချိန်တည်းတွင် ဖုန်းကျဲ၏ ခုခံရေး အကာအကွယ်ရှိ ကွက်လပ်က ပိုကြီမား လာလေသည်။

“ဖူး ...” ဖန်ကျန်းတျန်း၏ ကျောက်စိမ်းပလွေတွင် အပေါက်ကြီး ပေါ်လာသောကြောင့် ထပ်၍ မခုခံနိုင်တော့ဘဲ သွေးတစ်ပွက် အန်လိုက်ရသည်။

သူက ဖုန်းကျဲကို ရင်ဆိုင်ဖို့ရာပင် မဖြစ်နိုင်တော့ချေ။ သူ့ခန္ဓာမှာ ဝေဝေဝါးဝါး ဖြစ်လာပြီး ရုတ်တရက် ပျောက်ကွယ် သွားတော့သည်။

ဖန်ကျန်းတျန်း ထွက်လာသည့် တစ်ချိန်တည်းတွင် အစိမ်းရောင် မီးလှိုင်းကြောင့် ဖုန်းကျဲ၏ အဝတ်အစားများနှင့် ဆံပင်ကို မီးလောင်ကျွမ်း သွားလေသည်။ ဖုန်းကျဲက သူ့ဓားအစီအရင်ကို ပြန်ရုပ်သိမ်းဖို့ရာပင် ဂရုမစိုက်ဘဲ အမှောင်ရိပ်အဖြစ် ပြောင်းလဲကာ အစိမ်းရောင် မီးတောက်မှ ထွက်လာ တော့သည်။

နှစ်ယောက်လုံးမှာ စစ်မှန်ခြင်း နတ်ဘုရားအဆင့် ကျင့်ကြံသူများ ဖြစ်သည့်အတွက် သူတို့ နောက်ဆုတ်နှုန်းမှာ အတော်လေး မြန်ဆန် လှပေသည်။

ဖန်ကျန်းတျန်းက ဖုန်းကျဲကို မြင်လိုက်သလို ဖုန်းကျဲကလည်း ဖန်ကျန်းတျန်းကို မြင်လိုက်လေသည်။ နှစ်ယောက်လုံးက ပညာရှင်နှလုံးသားကို လုဖို့လာစဉ်က တစ်ကြိမ်တစ်ခါမျှသာ တွေ့ခြင်း ဖြစ်သည်။ တိုက်ဆိုင်လှစွာ သူတို့နည်းလမ်းများ မှာလည်း အကြမ်းဖျင်း တူညီလှသည်။ ပညာရှင် နှလုံးသား၏ အပူဓာတ်ကို ကီလိုမီတာ တော်တော်များများ အထိ ပျံ့နှံ့စေပြီး ဖြည်းဖြည်းချင်း မွမ်းမံခြင်း ဖြစ်လေသည်။

ယခု နှစ်ယောက်သား ကျရှုံး သွားသောကြောင့် ကြိုတင်၍ ကြံစည် ထားသည့်အလား ဆန့်ကျင်ဘက် ဦးတည်ရာဆီ ပြေးကာ ပျောက်ဆုံး ကောင်းကင်မြို့မှ ထွက်သွား ကြလေသည်။ ထိုသည်က ပင်ကိုအသိစိတ်ဖြစ်ပြီး စကားလုံးများ မလိုအပ်တော့ပေ။

သူတို့နှစ်ယောက် အတွက် ပညာရှင် နှလုံးသားကို မွမ်းမံဖို့ရာ မဖြစ်နိုင်ခြင်း မဟုတ်ပေ သူတို့က အကာအကွယ် ကောင်းကောင်း ရှာရန် လိုအပ်ရုံသာ ဖြစ်ပြီး တစ်ရက်ကျ သူတို့သည် ပညာရှင် နှလုံးသားကို မွမ်းမံ နိုင်ကောင်း မွမ်းမံ နိုင်ပေလိမ့်မည်။

ဖုန်းကျဲနှင့် ဖန်ကျန်းတျန်းတို့ ထွက်သွားသည့်အခါ မိုဝူကျီ အပေါ်မှ ဖိအားကား ချက်ချင်း တိုးပွား လာလေသည်။ အစိမ်းရောင် မီးတောက် အပူချိန်က ပို၍ မြင့်လာကာ သူ ရှိနေသည့် တောင်ကုန်း တစ်ဝက်ပင် အရည်ပျော် သွားလေပြီ။

မိုဝူကျီက ဖုန်းကျဲနှင့် ဖန်ကျန်းတျန်းတို့သည် ကျရှုံး၍ ထွက်သွားကြမှန်း မသိပေ။ အပူချိန် မြင့်တက် လာသည်နှင့်အမျှ သူက လှည့်ပတ်ခြင်း ကျင့်စဉ်ကို စတင်၍ ပြောင်းပြန် လှည့်ပတ် ရတော့သည်။ ထိုအခါမှ သူ့ချီသွေးကြောများမှ အေးစက်မှုက တစ်ဖန် ထွက်ပေါ် လာလေသည်။ အအေးဓာတ် အားကောင်း လာသောကြောင့် သူ့ခန္ဓာတွင် ရေခဲလွှာလေးပင် ဖြစ်တည်လာပြီ ဖြစ်၏။

သို့သော်လည်း ထိုရေခဲလွှာလေး ပေါ်လာသည့် အခိုက်အတန့်တွင် အစိမ်းရောင် မီးတောက်ကြောင့် အရည်ပျော် သွားရ၏။ မိုဝူကျီက အစိမ်းရောင် မီးတောက်ကို ပို၍ ပို၍ မွမ်းမံနေသောကြောင့် သူ့ပတ်ဝန်းကျင်မှ အစိမ်း မီးတောက်ကား ပို၍ သိသိသာသာ များပြား လာလေသည်။ ထိုစဉ် မိုဝူကျီ အသားရေပင် စတင် လောင်ကျွမ်းလာ၍ သေမင်း အရိပ်အယောင်များက  လွှမ်းခြုံ ထားလေသည်။

မိုဝူကျီက မျက်လုံး မဖွင့်သော်လည်း အတိုင်းအတာ တစ်ခုအထိ ယူရမည်  သို့မဟုတ် ဤနေရာတွင် လောင်ကျွမ်း သေရတော့မည် ဖြစ်ကြောင်း သိ၏။

သူ့ခန္ဓာအတွင်းမှ အစိမ်းရောင် မီးအလုံးကြီးကို ခံစားမိပြီး မိုဝူကျီက ဝန်လေး မိသွားသည်။ အကယ်၍ သူသာ နောက်ဆုတ်လိုက်ပါက သူ မွမ်းမံထားသော အစိမ်းရောင် မီးတောက်သည် ယိုစိမ့်သွားပြီ ထာဝရ ပျောက်ကွယ် သွားလိမ့်မည်။

ကျင့်ကြံခြင်းသည် အသက်ကို အလောင်းအစား ထပ်ရခြင်းသာ ဖြစ်သည်။ သူက ပညာရှင် နှလုံးသားကို ပထမအကြိမ် မွမ်းမံဖို့ ပြင်ဆင်သည့်အခါက သေလုနီးပါး တစ်ခါ ဖြစ်ပြီး သွားလေပြီ။ ယခု သူက မွမ်းမံခြင်းကို စတင်ပြီး၍ နောက်ဆုတ် လိုက်ပါက အနာဂတ်တွင် သေချာပေါက် နောင်တ ရမိလိမ့်မည်။ မိုဝူကျီက သူသာ ထွက်သွားပါက ပညာရှင် နှလုံးသားသည် ထိုမျှဖြင့် အဆုံးသတ် သွားမည် မဟုတ်ကြောင်း စိတ်ထင့်နေမိသည်။

ဖုန်းကျဲနှင့် ဖန်ကျန်းတျန်းတို့သည်  ကျရှုံးသော်လည်း သူတို့က ပိုကောင်းသည့် နည်းလမ်းများဖြင့် ပြန်လာပြီး ပညာရှင် နှလုံးသားကို ထပ်မံ မွမ်းမံကြရန် ကြိုးစား ကြပေလိမ့်ဦးမည်။

ထိုအတွေးကို တွေးမိသောအခါ မိုဝူကျီက အံကိုကြိတ်၍ သူ ဖန်တီးထားသည့် ကျင့်စဉ်အတိုင်း လှည့်ပတ်ရမည့် ချီသွေးကြော အရေအတွက်ကို တိုးမြင့်ဖို့ရာ ကြိုးစား လိုက်သည်။

ချီသွေးကြော ၃၀ နီးပါးလောက် ပြောင်းပြန် လှည့်ပတ် လိုက်သည့်အခါ အေးစက်စက် ခံစားချက်က သူ့ချီသွေးကြောများမှ ပို၍ ထွက်ပေါ် လာသည်။

ဆုတ်ဖြဲလိုသည့် နာကျင်မှုကို နောက်တစ်ကြိမ် ထပ်မံ ခံစားရပြန်သည်။ မိုဝူကျီ ခန္ဓာတစ်ကိုယ်လုံးကား  တုန်ယင်နေပြီး ပညာရှင် နှလုံးသားကို အရူးအမူး ဆက်၍  မွမ်းမံ နေလေသည်။

အမွေးတိုင် တစ်ဝက်စာတွင် မိုဝူကျီက သူ့ခေါင်းတစ်လျှောက် ဖြတ်ဆင်း သွားသည့် အပူပြင်းပြင်းကို ခံစားမိလိုက်သည်။ သူက သူ့ဆံပင်နှင့် ဦးခေါင်းခွံက လောင်ကျွမ်း သွားကြောင်း သိလိုက်သည်။ ဝန်းကျင်မှ အစိမ်းရောင် မီးတောက်က ပို၍ပင် အဆများစွာ အားကောင်း လာပေသည်။

မိုဝူကျီက သက်ပြင်းသာ ချလိုက်တော့သည်။ ထိုသည်က သူ မကြိုးစား၍ မဟုတ်ဘဲ ထပ်၍ တောင့်မခံနိုင်တော့၍ ဖြစ်သည်။ သူ့ချီသွေးကြောများမှ အအေးဓာတ် ထွက်လာပြီး အပြင်ဘက် အစိမ်းရောင် မီးတောက်မှ အပူချိန် တွေ့သည့် ကိစ္စရပ်ကား “၁-၁ = ၀” ကဲ့သို့ မရိုးရှင်းလှပေ။ အရေးကြီးဆုံး အရာမှ သူ့ခန္ဓာက တောင့်မခံနိုင်တော့ပေ။ ထပ်၍ အတင်းကြပ် ကြိုးစားပါက သူသည် သေချာပေါက် ပြိုလဲ သွားပေလိမ့်မည်။

ယခု အကျိုးပျက် အလွယ်ဆုံး အရာမှာ သူ့ခန္ဓာ ခွန်အားသာ ဖြစ်လေသည်။

မိုဝူကျီက မတ်တတ်ရပ်၍ ချက်ချင်း ထထွက်သွားချင် သော်လည်း ထိုဆုံးဖြတ်ချက်မှာ သူ့အပေါ်တွင် မူတည်မှု ရှိမနေကြောင်း ချက်ချင်း သိလိုက်ရသည်။ သူက ထွက်မသွား နိုင်တော့ပေ။ သူ့ကျန်ရှိနေသည့် ခွန်အားမှာ မူလခွန်အား၏ အပုံ တစ်သောင်းပုံလျှင် တစ်ပုံပင် မရှိတော့ချေ။ ထို့ကြောင့် ထိုမီးတောက်များ ကြားမှ ထွက်သွားဖို့ရာ မဖြစ်နိုင်တော့ချေ။

နောက်ထပ် အစိမ်းရောင် မီးတောက် ရောက်ရှိ လာသောအခါ မိုဝူကျီက အံသာ ကြိတ်ထားလိုက်ပြီး မီးတောက်ကို စတင်ဆွဲယူ၍ ပြောင်းပြန် လှည့်ပတ် လမ်းကြောင်းထဲ လှည့်ပတ် ပေးလိုက်သည်။

မီးတောက် အမျှင်လေးက မိုဝူကျီ၏ ချီသွေးကြောဆီ စိမ့်ဝင်သွားကာ သူ့ချီသွေးကြောထဲမှ အအေးဓာတ်နှင့် ချက်ချင်း ပေါင်းစပ် သွားလေသည်။ သူ့ခန္ဓာမှ ကျေနပ်အားရ ထွက်ပေါ်လာသော ခံစားချက်ကြောင့် မိုဝူကျီက စိတ်ဓာတ် တစ်ဖန် တက်ကြွ လာလေ၏။

အစပိုင်းတွင် သူက ပြောင်းပြန် လှည့်ပတ်ခြင်း ကျင့်စဉ်ကို ချီသွေးကြော အတွင်းမှ အအေးဓာတ် ထုတ်လွှင့်ရန်နှင့် အစိမ်းရောင် မီးတောက်မှ အပူချိန်ကို ပြန်လည် တုံ့ပြန်ရန် အသုံးပြုခြင်း ဖြစ်သည်။ ထို့နောက် သူက အင်မော်တယ် မော်တယ် ကျင့်စဉ်ဖြင့် ပညာရှင် နှလုံးသားမှ မီးတောက်ကို သူ့ကိုယ်ပိုင် မီးတောက် အဖြစ် မွမ်းမံယူခြင်း ဖြစ်သည်။

သို့သော် ယခုတွင် သူက ပြောင်းပြန် လှည့်ပတ်ခြင်းဖြင့်  ဝိညာဉ် စွမ်းအားများနှင့်အတူ အစိမ်းရောင် မီးတောက်ကို သူ့ချီသွေးကြောများ ထဲသို့ တိုက်ရိုက် စုပ်ယူနိုင်လေပြီ။ မမျှော်လင့်ထားသည်က ထိုအရာမှာ သူ့မွမ်းမံနှုန်းကို တိုးမြင့်လာရုံသာမက သူ့ခန္ဓာသည်လည်း ထိုကြောက်မက်ဖွယ် အပူနှင့်အအေးကို တစ်ပြိုင်တည်း ခံစားနေစရာ မလိုတော့ချေ။

ထိုစဉ် သူက ချီသွေးကြော ၃၀ ထိ အသုံးပြုထားပြီး ထိုသို့သော ရလဒ်ကို ရရှိခဲ့ခြင်း ဖြစ်သည်။ အကယ်၍ သူသာ ချီသွေးကြော ၁၀၂ ခုလုံး အသုံးပြုပါက မည်သို့ ကောင်းကင် သွေဖည်မည့် ကိစ္စရပ်မျိုး ဖြစ်လာမည်နည်း။

သူ့စိတ်ထဲမှ အပျော်ကို ချိုးနှိမ်ထားပြီး မိုဝူကျီက လှည့်ပတ်ခြင်းရှိ ချီသွေးကြောများကို တဖြည်းဖြည်း အရေအတွက် တိုးလိုက်တော့သည်။ ချီသွေးကြော တစ်ခု အပို ဖွင့်လိုက်တိုင်း အစိမ်းရောင် မီးတောက် အမျှင် အပိုတစ်ခုကို မွမ်းမံ နိုင်လေသည်။

***

All Chapters