ကျင့်စဉ်အသစ်
Vol. 20 Ch. 276
ချီသွေးကြောများ တစ်ခုပြီးတစ်ခု ပြောင်းပြန် လှည့်ပတ်လေသည်။ နေ့ရက်များစွာ ကြာသည့်နောက် မိုဝူကျီ၏ တစ်ကိုယ်လုံးကား အစိမ်းရောင် မီးတောက်အတွင်း နစ်မြုပ်နေလေ၏။ သို့သော်လည်း ထိုမီးတောက်များမှာ သူ့အသားကို မလောင်ကျွမ်း စေနိုင်တော့ဘဲ ချီသွေးကြောထဲသာ စီးဝင် သွားတော့သည်။ တစ်ပတ် လှည့်ပတ်ပြီးသည်နှင့် သူတို့က မွမ်းမံခံလိုက်ရပြီး အစိမ်းရောင် မီးအလုံးထဲ ပေါင်းစပ် သွားလေသည်။
ချီသွေးကြော ၁၀၂ ခုလုံး လှည့်ပတ် လိုက်သည့်အခါ ပတ်ဝန်းကျင်မှ အစိမ်းရောင် မီးတောက်များက အစိမ်းရောင်ဝဲကတော့ ဖြစ်ပေါ်လာပြီး မိုဝူကျီဆီ အပြေးအလွှား စီးဆင်း သွားကြတော့သည်။
မိုဝူကျီက အပူချိန် တဖြည်းဖြည်း အားပျော့ လာသည်ကို ခံစားမိလိုက်သည့် အခါမှ တစ်လ ကုန်လွန်သွားကြောင်း သိလိုက်ရသည်။ ပညာရှင် နှလုံးသားကို သူ မွမ်းမံပြီး သွားပြီလား ...။
မိုဝူကျီက မျက်လုံး ဖွင့်ကြည့်လိုက်ပြီး စိတ်စွမ်းအားကို ထုတ်လွှင့်လိုက်သည်။ ချက်ချင်းဆိုသလို ပညာရှင် နှလုံးသားကို အပြည့်အဝ မမွမ်းရသေးကြောင်း သိရှိလိုက်သော်လည်း ထိုအရာမှာ တဖြည်းဖြည်း အားနည်းလာပြီး ချိုင့်ဝှမ်းဆီ ပြန်ဆုတ် သွားကြောင်းပါ သိလိုက်ရသည်။
သူက ဤအဆင့်ထိ ရောက်နေမှတော့ ဘယ်လိုလုပ် လက်လျှော့ နိုင်မည်နည်း။ သူက တွေဝေ မနေတော့ဘဲ ဆေးလုံးတချို့ စားသုံးလိုက်ပြီး အစိမ်းရောင် မီးတောက်ဆီ လိုက်ပါ သွားလိုက်သည်။
အစိမ်းရောင် မီးတောက်က တစ်လှမ်း နောက်ဆုတ်လျှင် သူက ချီသွေးကြော ၁၀၂ ခုလုံး ဖွင့်ထားရင်းဖြင့် ရှေ့တစ်လှမ်း တိုးလိုက်သည်။
ပညာရှင် နှလုံးသားမှာ ကိုယ်ပိုင် အသိစိတ်ရှိဟန် ပေါ်သည်။ မိုဝူကျီတွင် ကောင်းသော ရည်ရွယ်ချက် မရှိသည်ကို သိ၍ မိုဝူကျီ၏ မွမ်းမံခြင်းကို မခံချင်လိုပေ။ မိုဝူကျီက ချိုင့်ဝှမ်းအနားထိ အစိမ်းရောင် မီးတောက်ဆီ တိုးလာသောအခါ ပညာရှင် နှလုံးသားမှာ နောက်တစ်ကြိမ် တစ်ရှိန်ထိုး ပြန်ထွက်လာ ပြန်သည်။
အတွေ့အကြုံများသည့် မိုဝူကျီသည် ပညာရှင် နှလုံးသားက သူ့အား ဝါးမျိုသွားမည်ကို မစောင့်တော့ဘဲ ချက်ချင်း နောက်ဆုတ် လိုက်တော့သည်။ သူက ရှေ့တိုးသည် ဖြစ်စေ၊ နောက်ဆုတ်သည် ဖြစ်စေ သူ့ချီသွေးကြော ၁၀၂ခုလုံးက အမြဲတမ်း ပြောင်းပြန် လှည့်ပတ်ခြင်းကို အသုံးပြု နေလေသည်။
ရက်များစွာ ကုန်ဆုံးသွားပြီးနောက် မိုဝူကျီက မျက်လုံး နောက်တစ်ကြိမ် ဖွင့်ကြည့် လိုက်သည့်အခါ ချိုင့်ဝှမ်းတွင် အစိမ်းရောင် မီးတောက် အလွှာပါးလေးသာ ကျန်ရှိတော့ကြောင်း တွေ့လိုက်ရသည်။
မိုဝူကျီက စိတ်လှုပ်ရှားမှုကို ချိုးနှိမ်ထားရင်း ချိုင့်ဝှမ်း အတွင်းသို့ တိုက်ရိုက် ခုန်ချ လိုက်တော့သည်။ ပိစိလေး ကျန်ရှိနေသည့် အစိမ်းရောင် မီးတောက်က မိုဝူကျီကို ထပ်၍ မခုခံနိုင်တော့ဘဲ မိုဝူကျီ၏ မွမ်းမံမှုကိုသာ အသာလေး ခံယူလိုက် ရလေသည်။
“ဒုန်း ...” နွေဦး ထွက်ပေါ်လာသည့် ခံစားချက်မျိုးက မိုဝူကျီ၏ စိတ်ဝိညာဉ် နန်းတော်တွင် ဖြစ်ပေါ် လာလေသည်။ မိုဝူကျီက မျက်လုံး ဖွင့်ကြည့်လိုက်ပြီး လက်သီး ဆုပ်ထားမိလိုက်ကာ သူ့ခန္ဓာတစ်လျှောက် ဖြတ်စီးဆင်းနေသည့် အားရဝမ်းသာ ပျော်ရွှင်မှုကို ခံစားနေလိုက်သည်။
သူက ပညာရှင် နှလုံးသားကို မွမ်းမံပြီး သွားလေပြီ။ ယခုအခါ စိတ်ဝိညာဉ် နန်းတော်တွင် ပဲစေ့သာသာ မီးတောက် အရွယ်လေး ဖြစ်သွားရှာ၏။ “ဒုန်း” ဟူသော အသံမှာ ပညာရှင် နှလုံးသား အောင်အောင်မြင်မြင် ဖြစ်တည် လာသည့်အသံ ဖြစ်သည်။
မိုဝူကျီက ပညာရှင် နှလုံးသား၏ အပွင့်ကို မခူးဆွတ်ခဲ့သော်လည်း ထိုအတွင်းမှ ကြောက်ခမန်းလိလိ စွမ်းအားကို သိသိသာသာ ခံစားမိလေသည်။
ရေကန် အတွင်းမှာ အစိမ်းရောင်မှာ အစအနမရှိ ပျောက်ကွယ် သွားပြီး မီးတောက် စွမ်းအားများ၏ အရိပ်အယောင်ပင် မရှိတော့ချေ။
မိုဝူကျီက သူ့ကျစ်လျစ်လာသည့် ကျင့်ကြံခြင်းကို ခံစားမိ၍ လက်သီး ဆုပ်ထား မိလိုက်သည်။ ပညာရှင် နှလုံးသားကို မွမ်းမံဖို့ရာ နှစ်လတာ အချိန်ယူပြီးနောက် သူက ကျင့်ကြံခြင်းနှင့် ပတ်သက်၍ မျက်စိပွင့်နားပွင့် ဖြစ်သွားလေသည်။
ယခု နှစ်နှစ်တာအတွင်း မိုဝူကျီ၏ အကြီးဆုံး အောင်မြင်မှုမှာ ပညာရှင် နှလုံးသား ဖြစ်ကြောင်း အားလုံးက တွေးမိနိုင်လေသည်။
သို့သော် မိုဝူကျီ တစ်ယောက်သာ ကောင်းကောင်း သိလေ၏။ သူ့အကြီးမားဆုံး အောင်မြင်မှုမှာ ပညာရှင် နှလုံးသားကို မွမ်းမံနိုင်ခြင်း မဟုတ်ဘဲ သူ့ကိုယ်ပိုင် ကျင့်စဉ်ကို အောင်မြင်စွာ ဖန်တီးနိုင်ခဲ့ခြင်း ဖြစ်သည်။
ထိုသည်က အင်မော်တယ် မော်တယ် ကျင့်စဉ်ကို ပြောင်းပြန် ပြောင်းလဲထားခြင်း ဖြစ်သည်။
သူ့ဝေဟင်ဟန်ပန် လျှပ်စီးခုနစ်မျိုး၏ ပထမပုံစံ လျှပ်တစ်ပြက် လျှပ်စီးကို အင်မော်တယ် မော်တယ် ကျင့်စဉ်ဖြင့် ပြုပြင် မွမ်းမံထားခြင်း ဖြစ်သည်။ ဤတစ်ကြိမ်တွင် သူက ပညာရှင် နှလုံးသား၏ ကြောက်မခန်းလိလိ အပူချိန်ကို ကာကွယ်နိင်ဖို့ရာ ပြုပြင်ထားသည့် ကျင့်စဉ်ကို ပြောင်းပြန် အသုံးပြုခဲ့ရသည်။ ရလဒ်က ထိုသို့ ပြုမူခြင်းက အလွန် အသုံးဝင်ခြင်းကို ပြနေလေသည်။ သူ့အသက်လေးကို ကယ်တင်ပေးခဲ့ရုံသာမက ပညာရှင် နှလုံးသားကိုပါ မွမ်းမံ နိုင်ခဲ့လေသည်။
ပညာရှင် နှလုံးသားကို မွမ်းမံသည့် ဖြစ်စဉ်တွင် သူက ချီသွေးကြောများနှင့် ကျင့်ကြံခြင်းရှိ နားလည်မှု အားလုံးကို အသုံးပြု၍ သူ့ပြောင်းပြန် လှည့်ပတ်ခြင်းကို တိုးတက်အောင် ပြုလုပ်ခဲ့ရသည်။ သူက ပညာရှင် နှလုံးသားကို မွမ်းမံနေစဉ် သူက ထိုကျင့်စဉ်ကို ပြီးပြည့်စုံ စေခဲ့သည်။ ထိုအရာမှာ လျှပ်တစ်ပြက် လျှပ်စီး လှည့်ပတ်ခြင်းကို ပြောင်းပြန် လှည့်ပတ်ခြင်းသာ မကဘဲ သူက ကိုယ်ပိုင်အတွေး၊ အမြင်များကို ထည့်ပေါင်း ထားခြင်း ဖြစ်သည်။
အစပိုင်းတွင် သူက ပြောင်းပြန် လှည့်ပတ်သည့်အခါ ပြဿနာများနှင့် ကြုံတွေ့ပြီး သေလုမတတ် အေးခဲ သွားလေသည်။ သို့သော် ယခုတွင် သူက ချီသွေးကြောများ အေးခဲမှုကို မကြောက်မရွှံ ပြောင်းပြန် လှည့်ပတ်ခြင်းကို အသုံးပြုနိုင်လေသည်။
ထိုသည်က အရေးကြီးဆုံး အပိုင်း မဟုတ်သေးပေ။ အရေးကြီးဆုံးက မိုဝူကျီသည် သူ့ပြောင်းပြန် ကျင့်စဉ် အသုံးပြုသည့်အခါ သူ့မွမ်းမံနှုန်းမှာ နှစ်ဆတိုးတက် လာရုံသာမက ဝိညာဉ်စွမ်းအား စုပ်ယူနှုန်းလည်း ပို၍ မြန်ဆန် လာပေသည်။ ထို့အပြင် ကျင့်ကြံနေသည့် သဘာဝ စွမ်းအားများက ပို၍ ကြွယ်ဝကာ အားကောင်း လာလေသည်။
ထိုသည်က သူ့အတွက် အကြီးမားဆုံး ရလဒ် ဖြစ်၏။ သူက ယွမ်ဒန်အဆင့် ၁၀ ဖြစ်နေသော်လည်း နှစ်လတာ မွမ်းမံပြီးသည့် နောက်တွင် သူ့သဘာဝ စွမ်းအားများက သိသိသာသာ ကျစ်လျစ် နေလေပြီ။
အကယ်၍ သူသာ အင်မော်တယ် မော်တယ် ကျင့်စဉ်ကို ဆက်လက် ပြုပြင်နေပါက သူသည် ထိုပြောင်းပြန် လမ်းကြောင်းကို ဆက်လိုက် ရလိမ့်မည်။
မိုဝူကျီက အစိမ်းရောင် လုံးဝမရှိတော့သော ချိုင့်ဝှမ်းကြီးကို လှည့်ကြည့် လိုက်လေသည်။ သူက အပြေးအလွှား မထွက်သွားခင် စိတ်ထဲမှ ပျော်ရွှင်မှုကို တည်ငြိမ်အောင် ထားလိုက်ရသည်။
ရက်များစွာ ကြာပြီးနောက် မိုဝူကျီက ပျောက်ဆုံး ကောင်းကင် မြို့ပျက်၏ အစွန်အဖျားသို့ ရောက်ရှိ လာလေသည်။ သူက သူ့တွင်ရှိသော သိုလှောင် လက်စွပ်များ အားလုံးကို မွမ်းမံရန် ပြင်ဆင် နေသည်။
သူက ကျင်းကုမူ လက်စွပ်ကိုပါ မွမ်းမံရဦးမည် ဖြစ်သည်။ ယခင် သူ့စွမ်းအားက အလွန် နိမ့်သည့်အတွက် သူ့စိတ်စွမ်းအားမှာလည်း အားနည်းလှသည်။ ထို့ကြောင့် အချိန် အတော်ကြာနေခြင်း ဖြစ်သည်။ သို့သော် ယခု သူက ယွမ်ဒန်အဆင့် ၁၀ ဖြစ်နေပြီး အစစ်အမှန်ရေ အဆင့် တက်လုနီးပါး ဖြစ်နေလေပြီ။ ကျင်းကုမူ လက်စွပ်ကို မွမ်းမံဖို့ရာ အများဆုံး တစ်ရက်၊ နှစ်ရက်သာ ကြာပေလိမ့်မည်။
သို့သော်လည်း မိုဝူကျီက ကျင်းကုမူ လက်စွပ်ကို အရင် မမွမ်းမံဘဲ ကျန်းမိုနယ်မြေမှ လူများ၏ လက်စွပ်ကို အရင်လုပ်ရန် ဆုံးဖြတ် လိုက်သည်။
သူ့စိတ်ထဲတွင် အကယ်၍ သူသာ ကျန်းမိုနယ်မြေကို ဒြပ်ငါးမျိုး ကင်းမဲ့နယ်မှ သွားနိုင်လျှင် သူသည် သေချာပေါက် ကောင်းကင် ပင်လယ်ကို ဖြတ်စရာ မလိုတော့ပေ။ အကြောင်းမှာ ကောင်းကင် ပင်လယ်ကို ဖြတ်၍ သွားရမည့် ခရီးမှာ အလွန် ဝေးကွာလှပြီး ထိုလမ်းကြောင်းက အချိန်ဖြုန်းတီး နေခြင်းသာ ဖြစ်၏။ ထို့အပြင် ကောင်းကင် ပင်လယ်တွင် တည်နေရာနှင့် လမ်းပျောက်ဖို့ရာ အရမ်း လွယ်ကူပေသည်။ ယခု ကျန်းမိုနယ်မြေမှ ကျင့်ကြံသူများ ရောက်လာ သောကြောင့် သူတို့တွင် ဒြပ်ငါးမျိုး ကင်းမဲ့နယ်ကို ဖြတ်၍ မြေပုံ ပါရှိလောက်မည်။
သုံးရက်အတွင်း မိုဝူကျီက လက်စွပ်များ အားလုံးကို မွမ်းမံပြီး သွားလေပြီ။ သူ့ခန့်မှန်းချက်ကား မှန်ကန်ပေသည်။ စစ်မှန်ခြင်း နတ်ဘုရားအဆင့် ကျင့်ကြံသူ အားလုံးတွင် ပျံသန်းရေး ရတနာကိုယ်စီ ရှိကြလေသည်။ အကောင်းဆုံးမှာ အဆင့်မြင့်ဝိညာဉ် ပစ္စည်းဖြစ်ပြီး ရှင်းဟွမ် ပေးသည့် လက်ဆောင်ထက်ပင် ပိုကောင်း နေကြောင်း ခံစားမိလေသည်။
တစ်ခုတည်းသော မကျေနပ်စရာမှာ ထိုပျံသန်းရေး ရတနာ၏ ပုံစံသွင်ပြင်ကား အလွန် ရုပ်ဆိုးလှပြီး ဘောလုံးနှင့် တူပေသည်။ ဘယ်လိုလူမျိုးကများ ဒီလိုပုံစံကို စဉ်းစား မိတာလဲ .... ဘောလုံးပုံစံက လေတိုက်နှုန်း ခံနိုင်ရည်ကို လျော့ကျနိုင်မည်များ ထင်နေလား ...။
မိုဝူကျီက ပစ္စည်းများ အားလုံးကို စုစည်း ထားလိုက်သည်။ တစ်ဖက်တွင် ဝိညာဉ်ပစ္စည်းများ စုစည်းထားပြီး တစ်ဖက်တွင် ဆေးလုံးများနှင့် ပစ္စည်းများကို စုပုံထားလိုက်သည်။ စိတ်စွမ်းအား ကျောက်တုံးများ အတွက် သီးခြားစီ သိမ်းထား လိုက်သည်။
ကံဆိုးလှစွာ ထိုဘောလုံး ပျံသန်းရေး ရတနာအပြင် ကျန်တာများက ကောင်းသော်လည်း မိုဝူကျီ အာရုံ၌ မကပ်ငြိနေပေ။
အားလုံးကို စနစ်တကျ စုစည်းပြီးသည်နှင့် မိုဝူကျီက မြေပုံကို မြင်လိုက်ရသည်။ သူက တစ်ခါ ဖွင့်ကြည့် လိုက်သည့်အခါ “ပျောက်ဆုံး ကောင်းကင်မြို့ပျက်..” ဟု ရေးထားသည်ကို တွေ့လိုက်ရသည်။
ဒီလူက ပျောက်ဆုံး ကောင်းကင်မြို့ပျက် မြေပုံတောင် ရလာတာလား ... မဟုတ်ရင် ဘာလို့ ပျောက်ဆုံး ကောင်းကင်မြို့ပျက်၏ တည်နေရာကို ပြနေမည်နည်း။
မိုဝူကျီက မြေပုံကို သေချာ ဖွင့်ကြည့် လိုက်သည့်အခါ အံ့ဩနေဆဲ ဖြစ်သည်။ ဤမြေပုံတွင် ပျောက်ဆုံး ကောင်းကင်မြို့ပျက်တင် မကဘဲ ကောင်းကင် ပင်လယ်နှင့် ဒြပ်ငါးမျိုး ကင်းမဲ့နယ်တို့လည်း ပါဝင်ပေသည်။ စိတ်ပျက်စရာ တစ်ခုက ကောင်းကင် ပင်လယ်ပါသည့် အပိုင်းကား စုတ်နေ၍ ဒြပ်ငါးမျိုး ကင်းမဲ့နယ်နှင့် ပျောက်ဆုံး ကောင်းကင်မြို့ပျက်သာ ကျန်ရှိလေသည်။
မြေပုံက ကျန်းမိုနယ်မြေကို ပျောက်ဆုံး ကောင်းကင်မြို့ပျက်နှင့် ဒြပ်ငါးမျိုး ကင်းမဲ့နယ်တို့မှ သွားလာနိုင်ကြောင်း ပြထားလေသည်။ ကောင်းကင်ပင်လယ် အပိုင်းတွင်လည်း ကျန်းမိုနယ်မြေကို သွားလာနိုင်သည့် လမ်းကြောင်းကို ပြထား၏။
ပျောက်ဆုံး ကောင်းကင်မြို့ပျက်မှ ကျန်းမိုနယ်မြေကို သွားလာ နိုင်တာလား ...။
မိုဝူကျီက ပျောက်ဆုံး ကောင်းကင်မြို့ပျက် အတွင်းပိုင်းကို တစ်ချက်ကြည့်ကာ မရေရာမှုက စိတ်ထဲ ပေါ်လာလေသည်။ မြေပုံက မရှင်းလင်း၍ မဟုတ်ဘဲ ပျောက်ဆုံး ကောင်းကင်မြို့ပျက်မှာ အမှန်ပင် အန္တရာယ်များလွန်း၍ ဖြစ်သည်။ အတွင်းပိုင်း ဝင်သွားကြသည့် သူများထဲ လူအနည်းငယ်သာ အသက်ရှင် ကြလေသည်။
***