← Chapters

မာန်ဖီ လေဟုန်သားရဲ

Vol. 21 Ch. 277

မာန်ဖီ လေဟုန်သားရဲ

Vol. 21 Ch. 277

မိုဝူကျီက ကြာကြာတွေဝေ မနေတော့ဘဲ ပျောက်ဆုံးကောင်းကင် မြို့ပျက်ကို သွားဖို့ရာ ဆုံးဖြတ်လိုက်တော့သည်။

ပျောက်ဆုံးကောင်းကင် မြို့ပျက်မှာ အမှန်ပင် အန္တရာယ် များလွန်းသော်လည်း ကောင်းကင်ပင်လယ် သို့မဟုတ် ဒြပ်ငါးမျိုး ကင်းမဲ့နယ်ဆီမှ သွားလာခြင်းကလည်း အန္တရာယ် မများပေဘူးလား။ သူ့ကျင့်ကြံဆင့်ဖြင့် ဘယ်လမ်းကြောင်းမှ ဖြစ်ဖြစ် ကျန်းမိုနယ်မြေသို့ သွားဖို့ရာ ခက်ခဲပေလိမ့်မည်။

သူ ပျောက်ဆုံးကောင်းကင် မြို့ပျက် လမ်းကြောင်းကို ရွေးချယ်လိုက်သည့် အဓိက အကြောင်းရင်းမှာ အတိုဆုံးလမ်းကြောင်း ဖြစ်နေ၍ ဖြစ်သည်။ အကယ်၍ သူသာ ကျန်းမိုနယ်မြေကို ကောင်းကင်ပင်လယ်မှ ဝင်သွားပါက သူ့လက်ရှိ ကျင့်ကြံဆင့်နှင့် အမြန်ဆုံး သွားလျှင်ပင် လမ်းမပျောက်ဘဲဖြင့်  အနည်းဆုံး သုံးနှစ်မှ ငါးနှစ်အထိ ကြာမြင့်သွားနိုင်သည်။ အကယ်၍ ဒြပ်ငါးမျိုး ကင်းမဲ့နယ်မှ သွားလျှင် ခရီးကြာချိန်ကား လျော့သွား နိုင်သော်လည်း တစ်နှစ်ခန့် အချိန်ယူပေဦးမည်။

သို့သော်လည်း မြေပုံပေါ်မှ အမှတ်အသားများအရ အကယ်၍ သူသာ ပျောက်ဆုံးကောင်းကင် မြို့ပျက်မှ သွားရဲလျှင် ကျန်းမိုနယ်မြေကို နှစ်ဝက်အတွင်း ရောက်ရှိ သွားလိမ့်မည်။

ဆုံးဖြတ်ချက် ချပြီးသည်နှင့် မိုဝူကျီက ထပ်၍ တွေဝေမနေတော့ပေ။ ကျင်းကုမူ၏ လက်စွပ်ကို ထုတ်ယူ လိုက်လေသည်။ သူက လက်စွပ်ကို မွမ်းမံပြီးသည်နှင့် ချက်ချင်း ထွက်သွားမည် ဖြစ်သည်။

မိုဝူကျီ၏ စိတ်စွမ်းအားဖြင့် နေ့တစ်ဝက်သာ အချိန်ယူရလေသည်။ ထိုသည်က မိုဝူကျီ၏ စွမ်းအား တိုးတက် လာခြင်းကြောင့်သာ မကဘဲ  ကျင်းကုမူ သေဆုံး သွားသောကြောင့် ဖြစ်၏။

ကျင်းကုမူ လက်စွပ်ကို ကြည့်လိုက်သည့်အခါ လူနုံဟူသည့် ဆိုလိုရင်းကို နားလည် သွားလေသည်။ ကျင်းကုမူ လက်စွပ်တွင် ဝိညာဉ်ပစ္စည်း များများစားစား မပါရှိသော်လည်း အနည်းဆုံး ပစ္စည်းများမှာ အဆင့်မြင့် ပစ္စည်းများ ဖြစ်ကြသည်။ ထို့အပြင် အသာလွန်ဆုံး တစ်ပိုင်းအဆင့် ပစ္စည်းပင် ပါရှိသေးသည်။ နှမြောစရာ ကောင်းသည်က ထိုပစ္စည်းမှာ တူဖြစ်နေခြင်း ဖြစ်ရာ မိုဝူကျီက စိတ်မဝင်စားတော့ပေ။

မိုဝူကျီကို တွေဝေစေသည်က ကျင်းကုမူ လက်စွပ်တွင် ပျံသန်းရေး ရတနာ လစ်ဟာနေခြင်း ဖြစ်သည်။

လက်စွပ်အတွင်း၌ စိတ်စွမ်းအင် ကျောက်တုံး အများအပြားရှိ၍ မည်မျှရှိကြောင်းပင် မရေတွက်နိုင်သော်လည်း ထို့အစား ဘယ်နှပုံ ရှိနေကြောင်းသာ ရေတွက်နိုင်သည်။ မိုဝူကျီ အကြမ်းဖျင်း မှန်းဆမိသလောက် အနည်းဆုံး စိတ်စွမ်းအင် ကျောက်တုံး ၁၀ မီလီယံမှ ၂၀ မီလီယံကြား ရှိလောက်မည်။

ကျန်ပစ္စည်းများမှာ ထူးဆန်းသော ပစ္စည်းများ ဖြစ်လေသည်။ နမူနာအားဖြင့် ကြားသာ ကြားဖူးသော ပန်းပဲပစ္စည်းများနှင့် ထူးဆန်းသော မှော်ကျင့်စဉ်များ ပါဝင်လေသည်။

ကျင့်စဉ် များများစားစား မရှိသော်လည်း မိုဝူကျီက လှန်ကြည့်လိုက်သောအခါ အားလုံးက မြေကမ္ဘာအဆင့် ကျင့်စဉ်များ ဖြစ်နေကြောင်း သိလိုက်ရသည်။ ထိုလူလက်စွပ်ထဲတွင် အဆင့်နိမ့် ပစ္စည်းတစ်ခုကိုပင် ရှာမတွေ့ပေ။

ပစ္စည်းများကို စီစဉ်ပြီးနောက် မိုဝူကျီက လက်ဝါးအရွယ်ရှိသော အဝိုင်းပြားကို ထုတ်ယူလိုက်သည်။ အဝိုင်းပြားတွင် အစီအရင်အလံအချို့ ထိုးသွင်းထားပြီး များပြားစွာသော အက္ခရာများ ပါရှိလေသည်။ ကြာကြာကြည့်ပါက မူးနောက် လာနိုင်ပေသည်။

သူက ထိုအဝိုင်းပြားကို အကြိမ်များစွာ စစ်ဆေးကြည့်ပြီး နောက်တွင် ရုတ်တရက် စိတ်လှုပ်ရှား လာလေသည်။ ထိုသည်က အဆင့် ၈ ဖြစ်သည့် အစီအရင် အဝိုင်းပြား ဖြစ်နေ၏။

နောက်ထပ်နှစ်နာရီ ကုန်ဆုံးပြီးနောက်တွင် မိုဝူကျီက လုံးဝန်းနေသည့် သင်္ဘောပျံကို ထုတ်ယူ၍ ပျောက်ဆုံးကောင်းကင်မြို အတွင်းပိုင်းသို့ ခရီးနှင်လိုက်လေသည်။

မိုဝူကျီ ထွက်သွားပြီးနောက် ရက်အနည်းငယ် အကြာတွင် ဆံပင်ညို အမျိုးသားနှင့် အစိမ်းဖျော့ ဝတ်ဆင်ထားသည့် အမျိုးသမီးတို့က ပညာရှင်နှလုံးသား ရှိရာ ချိုင့်ဝှမ်းဆီ ရောက်ရှိလာကြသည်။

ဆံညိုအမျိုးသားက နေရာကွက်လပ်ကို ကြောင်ကြည့်နေမိပြီး စကားတစ်ခွန်းမျှ မဆိုပေ။

“ကျန်းတျန်း ... ရှင်ပြောတော့ ဒီနေရာမှာ ပညာရှင်နှလုံးသား ရှိတယ်ဆိုပြီး ကျွန်မဆီ အကူအညီတောင်းခဲ့တာ မဟုတ်ဘူးလား။ အခု ဘယ်မှာလဲ ...” အမျိုးသားက တိတ်ဆိတ်နေသောကြောင့် ဘေးမှ အမျိုးသမီးက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။

ဆံညိုအမျိုးသားက လက်သီးဆုပ်ထားရင်း ခဏအကြာမှ ပြန်ပြောနိုင်လေသည်  “ပညာရှင်နှလုံးသားက ပါသွားပြီ။ တစ်ယောက်ယောက် မွမ်းမံနိုင်ပြီးတော့ ပါသွားပြီ ... ”

ထိုလူမှာ ကောင်းကင်နတ်ဆိုး ဂိုဏ်းချုပ် ဖန်ကျန်းတျန်း ဖြစ်လေသည်။ သူ့အတွက် ပညာရှင်နှလုံးသားမှ အပူဓာတ်ကို ကာကွယ်ပေးဖို့ရာ အကူအညီ ရှာရသည်မှာ မလွယ်ကူလှပေ။ သို့သော် သူ ပြန်လည် ရောက်ရှိလာသည့်အခါ ကိစ္စကောင်းများက သူ့အား စောင့်ကြိုမနေခဲ့ပေ။

“ဖြစ်နိုင်တာ ကြီးမြတ် ရန်ကျုံးဂိုဏ်းက ဖုန်းကျဲလား ...” အမျိုးသမီးက သံသယဝင်စွာ မေးလိုက်သည်။

ဖန်ကျန်းတျန်းက ခေါင်းခါပြရင်း  “ဟင့်အင်း ဖုန်းကျဲ မဖြစ်နိုင်ဘူး။ ဖုန်းကျဲက ငါနဲ့အတူတူ နည်းလမ်း တွေ့ထားတယ်ဆိုရင် ပညာရှင်နှလုံးသားကို မွမ်းမံဖို့ရာက တစ်ရက်၊ နှစ်ရက်နဲ့ ဖြစ်လာတာ မဟုတ်ဘူး။ အရင် ငါ ပညာရှင်နှလုံးသားကို စပြီး မွမ်းမံတုန်းက ဖုန်းကျဲနဲ့ငါ့အပြင် တတိယလူ ရှိနေတယ်လို့ ခံစားမိနေတာ။ အစပိုင်းတုန်းက ငါ မြင်ယောင်နေတာလို့ ထင်နေခဲ့တာ အခု‌တော့ အဲဒါက တကယ် ဖြစ်နေတာကိုး ... ”

“ဘယ်သူဖြစ်နိုင်လဲ ...” အမျိုးသမီးက အံ့ဩစွာ မေးလိုက်သည်။

“ငါတို့ ဒီနေရာက ထွက်သွားပြီးတဲ့နောက် ပြန်လာဖို့ အချိန်အကြာကြီး မစောင်ခဲ့ဘူး။ ဖုန်းကျဲလဲ အတူတူပဲ။ ပညာရှင်နှလုံးသားကို ငါတို့ငါးယောက်ထဲ သိတာ ...” ဖန်ကျန်းတျန်းက ဆက်၍ မပြောနိုင်တော့ပေ။ သူ သံသယ ဝင်မိသည့်သူမှာ မိုဝူကျီ ဖြစ်လေသည်။

သို့သော်လည်း မိုဝူကျီ ကျင့်ကြံဆင့်မှာ ယွမ်ဒန်အဆင့်သာ ဖြစ်သေးသည့်အတွက်  သူ သံသယ မဝင်သင့်သည့်သူ ဖြစ်လေသည်။ သူက ပညာရှင်နှလုံးသားကို ဆွဲယူနိုင်ရန်အတွက် သေလုမတတ် ဖြစ်သွားခဲ့သည်။ ယွမ်ဒန်အဆင့် ကျင့်ကြံသူ မိုဝူကျီအတွက် အပြင်ဘက်ဆုံး နေရာမှ နေ၍ မီးတောက်ကို မွမ်းမံနိုင်ဖို့ရာ မဖြစ်နိုင်ချေ။ ထို့ကြောင့် သူက  ပညာရှင်နှလုံးသားကို မည်သို့ ဆွဲဆောင်နိုင်မည်နည်း။

ထို့အပြင် သူက ဖုန်းကျဲနှင့် တွေ့သည့်အခါ ပညာရှင် နှလုံးသားမှာ တစ်ခါမျှ မထိတွေ့ရသေးပေ။

“သေစမ်း ...  ဒီကိစ္စကို ထားလိုက်တော့ ... သွားကြစို့။ ငါတို့တွေ ပြန်ရောက်တဲ့အခါကျ တျန်းဂျီဂိုဏ်းကို ပိုပြီး ကူညီရမယ်။ အဲဒီဂိုဏ်းက ပျောက်ဆုံးနယ်မြေမှာ နံပါတ်တစ် ဂိုဏ်း ဖြစ်လာနိုင်တယ် ...” ဖန်ကျန်းတျန်းက သူ့ကိုယ်သူ ရေရွတ်ရင်း  ဘေးမှ အမျိုးသမီးကို ရှင်းပြနေမိသည်။

မိုဝူကျီအတွက် မဖြစ်နိုင်သော်လည်း သူက မိုဝူကျီကို သတိတကြီး ဖြစ်နေဆဲ ဖြစ်သည်။ ဂိုဏ်းတစ်ရာ မဟာမိတ်အဆင့် ဇယားထိ ရောက်နိုင်ခဲ့သည့် နယ်လှည့်ကျင့်ကြံသူက တျန်းဂျီဂိုဏ်းချုပ် ဖြစ်လာပြီးနောက် ဂိုဏ်းတစ်ရာ မဟာမိတ် ခေါင်းဆောင်အထိ ဖြစ်လာလေသည်။  မည်သူမျှ ကံကောင်းမှုကြောင့်ဟု မရေရွတ်နိုင်ကြပေ။ မိုဝူကျီတွင် လောကအင်မော်တယ် ဂူချီနှင့် စစ်မှန်ခြင်း နတ်ဘုရားအဆင့် ကျင့်ကြံသူများကို ပုရွက်ဆိတ်သဖွယ် ရှင်းပစ်နိုင်သည့် နောက်ခံ ရှိနေသေးလေသည်။

မိုဝူကျီ ဟုတ်သည် ဖြစ်စေ၊ မဟုတ်သည် ဖြစ်စေ တျန်းဂျီဂိုဏ်းနှင့် မိတ်ဖွဲ့ထားခြင်းက မမှားယွင်းပေ။

ရက်အနည်းငယ်အတွင်း မိုဝူကျီက မြေပုံတွင် ပြထားသည့် လမ်းကြောင်းအတိုင်း ပျံသန်းသွားလေသည်။ မည်သည့်အန္တရာယ်မှ မတွေ့ရသည့်အတွက် စိတ်သက်သာရာ ရသွားလေသည်။

လုံးဝန်းသင်္ဘောပျံသည် အနည်းငယ် ပုံပန်း ဆိုးဝါးသော်လည်း အမြန်နှုန်းမှာ ဟာသမဟုတ်ချေ။ ထို့အပြင် ပျံသန်းနေစဉ်အတွင်း အလွန် တည်ငြိမ်လေ၏။ လက်ရှိနှုန်းထားပေါ် မူတည်၍ ခရီးအတွက် နှစ်ဝက်ပင် မကြာလောက်တော့ချေ။

မိုဝူကျီက ပျောက်ဆုံးကောင်းကင် မြို့ပျက်မှ မထွက်နိုင်ခင် မည်မျှ ကြာမြင့်မည်ကို မတွက်ချက်နိုင်ခင် လေပြင်း တိုက်ခတ်လာလေသည်။ ချက်ချင်းဆိုသလို သူ့မြင်ကွင်းကို သဲများဖြင့် ဖုံးလွှမ်းသွားလေသည်။

သဲများ၊ ကျောက်တုံးများ ပါဝင်လာသည့် လေပြင်းသည် မိုဝူကျီ၏ သင်္ဘောပျံကို မီတာ အနည်းငယ်အထိ လွှင့်စင်သွားစေသည်။ အကြောင်းအရင်းကို မသိရသေး၍ မိုဝူကျီက ပျံသန်းရေးရတနာကို သိမ်းဆည်း ထားလိုက်သည်။ တစ်ချိန်တည်းတွင် သူက ဖုံးကွယ်ရေး အစီအရင်ပြားကို ထုတ်ယူကာ အသက်သွင်းလိုက်ပြီး သူ့ကိုယ်သူ ဖုံးကွယ် နေလိုက်သည်။

မိုဝူကျီက နတ်ဆိုးသားရဲ ကောင်းကင်ဘုံ စမ်းသပ်ချက် ခံယူသည်ကို မြင်ဖူးသည့်အတွက် ထိုလေပြင်းက ပုံမှန်မဟုတ်ကြောင်း ခံစားမိလေသည်။ အကြောင်းမှာ ထိုအရာထဲတွင် လူသတ်ငွေ့များနှင့် ဒေါသစိတ်ကို ခံစားမိ၍ ဖြစ်သည်။

“ဝေါင်း  ...” မျှော်လင့်ထားသည့်အတိုင်း မိုဝူကျီ စိတ်ထဲမှ အတွေး အကောင်ထည် ပေါ်လာသည့်အလား ဒေါသတကြီး ဟိန်းဟောက်သံက လေဟုန်ခွင်း၍ ထွက်ပေါ်လာလေသည်။ ထိုမာန်ဖီသံမှ လေပြင်းက ပို၍ ပြင်းထန်လာပြီး သဲများပါ လွင့်စဉ်လာကာ သူ့ကိုပါ လွင့်ထွက်သွားစေသည်။

သူ လွင့်ထွက်မသွားခင် သူက သားရဲနှစ်ကောင်၏ ပုံရိပ်ကို မြင်တွေ့လိုက်ရသည်။ နှစ်ကောင်လုံးတွင် ဖျော့တော့သော အရောင်များ ရှိပြီး သူတို့ဦးခေါင်းများမှာ မီတာဆယ်ချီ၍  ရှည်လျားပေသည်။ တစ်ကောင်က ပါးစပ် ဖွင့်ဟလိုက်သည့်အခါ ရေကန်အရွယ်စား ရှိ၍ မှောင်ပိန်းနေလေ၏။

“ဘန်း ...” သားရဲနှစ်ကောင်မှာ အချင်းချင်း ရင်ဆိုင် တိုက်ခိုက်နေကြပြီး အနံ့သက်ဆိုးများနှင့် သဘာဝစွမ်းအားများ ပေါက်ကွဲမှုကို နေရာအနှံ့ ပျံ့နှံ့လာစေသည်။ မူလကတည်းမှ ဂျင်ကဲ့သို့  လည်နေသည့်  မိုဝူကျီက သဘာဝစွမ်းအားများ ရိုက်ချက်နှင့် တွေ့သည့်အခါ မြန်မြန်ဆန်ဆန် ပျံသန်း သွားတော့သည်။

ထိုစဉ် မိုဝူကျီက လေအေးများ ရှူရှိုက်လိုက်သည်။ သူက အဆင့် ၈ ဖုံးကွယ်ရေး အစီအရင် ရလာသည့်အတွက် ကျေးဇူးတင်နေမိသည်။

အကြောင်းမှာ သူက ထိုသားရဲကို မှတ်မိ၍ ဖြစ်သည်။ ထိုသားရဲနာမည်မှာ မာန်ဖီလေဟုန်သားရဲ ဖြစ်လေသည်။ မာန်ဖီလေဟုန်သားရဲမှာ အရွယ်အစား ကြီးမား၍ သဘာဝစွမ်းအားများ ရှိသည့် သဲလေပြင်းများ ထုတ်လွှင့်နိုင်လေသည်။ ထိုသားရဲသာ အဆင့် ၇ အထက် ရောက်ရှိသွားပါက သဘာဝစွမ်းအားများမှာ စစ်မှန်ခြင်း နတ်ဘုရားအဆင့် ကျင့်ကြံသူအတွက်ပင် ခုခံဖို့ရာ ခက်ခဲလှသည်။ ဖြစ်တည်ခြင်းမဲ့ အဆင့်နှင့် အောက်ရှိ ကျင့်ကြံသူများအတွက် ကာကွယ်ဖို့ရန် အခွင့်အရေးပင် မရှိချေ။

မာန်ဖီလေဟုန် သားရဲကား  ဒေါသစိတ် ပြင်းထန်လှပြီး သူ့မြင်ကွင်းတွင် ရှိနေသော သက်ရှိ အရာအားလုံးကို ခွင့်မပြုပေ။ တခြားစကားဖြင့် ဆိုရလျှင် မိုဝူကျီတွင် ဖုံးကွယ် အစီအရင်သာ မရှိပါက သားရဲသည် သူ့တည်ရှိမှုကို သတိထားမိသွားပြီး ချက်ချင်း ဝါးမျိုပစ်လိမ့်မည်။ လေဟုန်နှင့်သဲများ၏ စွမ်းအားက တစ်ချက်တည်းသော ကြောက်စရာကောင်းသည့် အချက် မဟုတ်သေးပေ။ သားရဲ၌ ကြောက်မက်ဖွယ် စုပ်ယူနှုန်းလည်း ပိုင်ဆိုင်သေးလေသည်။ မိုဝူကျီက ယွမ်ဒန်အဆင့် ၁၀ ဖြစ်နေသော်လည်း သားရဲက သူ့အား မီတာရာချီမှနေ၍ အားမထုတ်ရဘဲ စုပ်ယူနိုင်သေးသည်။

သားရဲကို မြင်လိုက်ရသူမှာ အရမ်း ရှားပါးလှပေသည်။ မြင်တွေ့မိသူ အားလုံးလည်း အစားခံလိုက်ရသည်။

“ဘမ်း ဘမ်း ဘမ်း  …” သဲများ၊ ကျောက်များနှင့် သဘာဝ စွမ်းအားများက နောက်တစ်ကြိမ် ပေါက်ကွဲသွားပြန်သည်။ မိုဝူကျီက ထိုပေါက်ကွဲချက်ကြောင့် လွင့်စဉ်သွားပြန်သည်။

ထိုလေပြင်းများကို ရင်ဆိုင်ရသည့်အခါ မိုဝူကျီက လုံးဝမလှုပ်ရဲပေ။ သူက သဘာဝစွမ်းအားများ အသုံးပြု၍ ခုခံလိုက်ပါက သားရဲက သတိထားမိ သွားနိုင်သည်။ ပေါက်ကွဲသံများက ပိုပို ဝေးကွာလာပြီးနောက် မိုဝူကျီ ရပ်နေသည့် နေရာမှာ ငြိမ်သက် သွားလေသည်။ ထို့နောက် သူက မြေပြင်သို့ သက်သက်သာသာ ဆင်းသက်လိုက်သည်။

သူက မြန်မြန် လုပ်ဆောင်လိုက်ကာ ပြန်တက်လိုက်သည်။ သို့သော် သူ့ပျံသန်းရေး ရတနာကို ချက်ချင်း မဆွဲထုတ်သေးပေ။ သူက မာန်ဖီလေဟုန်သားရဲ ပေါ်လာသည့် နေရာတိုင်းတွင် လေသဘာဝ ရတနာပစ္စည်း ကျန်ရစ်ခဲ့သည်ဟု ကောလာဟလရှိကြောင်း ကြားဖူးလေသည်။ ဤနေရာတွင် တစ်ကောင်တည်း မဟုတ်ဘဲ နှစ်ကောင် တိုက်ခိုက်နေကြခြင်း ဖြစ်သည်။ မည်သို့လေ သဘာဝ အဆင့် ရတနာမျိုး ပေါ်လာမည်နည်း။

***

All Chapters