← Chapters

ပျောက်ဆုံးကောင်းကင် မြို့ပျက်မှ အန္တရာယ်

Vol. 21 Ch. 278

ပျောက်ဆုံးကောင်းကင် မြို့ပျက်မှ အန္တရာယ်

Vol. 21 Ch. 278

မိုဝူကျီက မာန်ဖီလေဟုန် သားရဲများသည်  ဤနေရာ၌ တိုက်ခိုက်နေမှန်း သိသည့်အတွက် သူတို့ လုနေသည့် ရတနာမှာ အနီးအနားဝန်းကျင်သာ ရှိလိမ့်မည်။ သူတို့က ဤနေရာ ပျက်စီးမှု မဖြစ်စေရန် အဝေးသွားတိုက်ခိုက်ကြခြင်း ဖြစ်နိုင်ပေသေးသည်။ ထို့ကြောင့် ရတနာမှာ ဤအနီးအနားမှာသာ ရှိရမည်။

မိုဝူကျီက ချက်ချင်းဆိုသလို လေပြင်းများ ထွက်ပေါ်လာသည့် လမ်းကြောင်းကို နောက်ကြောင်း လိုက်ကြည့်သည့်အခါ အမွှေးတိုင် တစ်ဝက်အကြာတွင် ဝိညာဉ် စွမ်းအားများနှင့် သိပ်သည်းနေသော တောင်စောင်းကို တွေ့လိုက်ရသည်။ တောင်စောင်းကား မတ်စောက်ခြင်း မရှိဘဲ စိမ်းလန်းစိုပြည်နေပြီး ကျတ်တီးမြေ ပျောက်ဆုံး ကောင်းကင်မြို့နှင့် ဆန့်ကျင်ဘက် ဖြစ်နေလေ၏။

သို့သော် ဤနေရာတွင် ဘာမျှ မရှိချေ။ မိုဝူကျီက သူမှားမြင်မိတာလားဟုပင် စိုးရိမ်မိလာ၍ စိတ်စွမ်းအား ထပ်ကာ ထပ်ကာ သုံးရင်း ရှာဖွေလိုက်သည်။ မြေအောက်ထဲ အထိပင် ရှာဖွေလိုက်သေးသည်။ သို့သော်လည်း တစ်ခါမျှ မတွေ့ပေ။ ဤနေရာတွင် တစ်ခုခု ရှိနေသည့်အလား တောင်စောင်းထိပ်တွင် ကျောက်တုံးကြီး နှစ်တုံး ရှိနေပြီး ဂူနှင့် တူလှလေသည်။

ထိုဂူမှာ မာန်ဖီလေဟုန်သားရဲ တစ်ကောင် ပိုင်ဆိုင်သည့် ဂူဖြစ်ကြောင်း  မေးခွန်းထုတ်စရာ မလိုချေ။

ဤနေရာကို မာန်ဖီလေဟုန်သားရဲ တစ်ကောင် အပိုင်သိမ်းထားသော်လည်း နောက်တစ်ကောင်က လုယူရန် ရောက်လာ၍ သူတို့ လုယူနေသည့် အရာမှာ အမှန်တကယ် တစ်ခုခု ဖြစ်မည်မှန်း ညွှန်ပြနေသည်။

အဝေးမှ မာန်ဖီသံများက  နောက်တစ်ကြိမ် ပျံ့လွင့်လာလေသည်။  ကြည့်ရသည်မှာ မာန်ဖီလေဟုန်သားရဲမှာ မကြာခင် ပြန်ရောက်လာတော့မည့် အရိပ်အယောင် ရှိနေလေပြီ။

လုံးဝန်းသင်္ဘောပျံကို ထုတ်ယူ လိုက်လေသည်။ သူက ရတနာကို ရှာမတွေ့မှတော့ သူနှင့် ကံမစပ်၍သာ ဖြစ်ရမည်။ ထို့ကြောင့် အကောင်းဆုံး လှုပ်ရှားမှုမှာ မာန်ဖီလေဟုန်သားရဲ ပြန်ရောက်မလာမီ ထွက်သွားရန် ဖြစ်လေသည်။

သို့သော် မာန်ဖီလေဟုန်သားရဲက ဂူဘေးတွင် အဘယ်ကြောင့် ကျောက်တုံးများ ထားထားသနည်း။ မိုဝူကျီက ထွက်မသွားခင် ထိုကျောက်တုံးများကြား ဘာရှိနေမလဲဟု သွား၍ စပ်စုချင်သေးသည်။ ထိုနေရာတွင် မီးခိုးရောင် မှိုင်းဖျဖျ မြက်များသာ တွေ့လိုက်ရသည်။

ထိုမြက်များက သာမန်ဖြစ်ကာ စင်တီမီတာ အနည်းငယ်အထိ ရှည်လျားပြီး အပင်ပွားမရှိပေ။ အတိအကျပြောရလျှင် မြက်အစုလိုက် မဟုတ်ဘဲ ထိပ်မှ သစ်ရွက်သဏ္ဌာန် တစ်ခု ရှိနေသော တစ်ပင်တည်း မြက် ရှိသေးသည်။

မြက်အစုလိုက်မှာ ဝိညာဉ်အပင်များကဲ့သို့ မဟုတ်သည့်အပြင် တစ်ခုလေးမျှ မတူညီချေ။ မိုဝူကျီက ထိုမီးခိုးရောင်မြက် အသေးလေး ဘေး၌ ပေါင်းပင်များ ရှင်းလင်းနေသည်ကို သတိထားမိပြီး တစ်ပင်တည်း ဖြစ်နေကြောင်း သိလိုက်ရသည်။ ပေါင်းပင်နှင့်တူသည့် မြက်က ရတနာတော့ မဟုတ်နိုင်လောက်ဘူး မလား ...။

မိနစ်အနည်းငယ် အကြာတွင် မာန်ဖီသံက နီးကပ်လာ၍ မိုဝူကျီက ထပ်၍ မစဉ်းစားနိုင်တော့ပေ။  ရတနာ ဟုတ်သည် ဖြစ်စေ၊ မဟုတ်သည် ဖြစ်‌စေ နောက်မှ စစ်ဆေးတော့မည်။

သူက မြက်ပင်ကို တူးယူလိုက်ပြီး ကျောက်စိမ်း သတ္တာထဲ ထည့်ကာ လုံးဝန်း သင်္ဘောပျံထဲသာ ဝင်လိုက်တော့သည်။ သင်္ဘောပျံကို အနက်လိုင်းအဖြစ် ပြောင်းလဲသွားပြီး မိုးကုပ်စက်ဝိုင်း အတိုင်း ထွက်ခွာသွားသည်။

မိနစ်အနည်းငယ် အကြာတွင် မာန်ဖီလေဟုန်သားရဲက အရူးအမူး မာန်ဖီ အော်မြည်လိုက်ပြီး  သူ့ဒေါသနှုန်းကား သူ့ဇနီးကို တစ်ယောက်ယောက် ပြန်ပေးဆွဲသွားသည့်အလား ဖြစ်နေ၏။ ဖြစ်နိုင်တာ ဒီမြက်က ရတနာ ဖြစ်နေမလား ... မိုဝူကျီက နောက်တစ်ကြိမ် ထုတ်ယူလိုက်သည်။ မီးခိုးဖျော့အရောင်မှာ အလွန်သာမန် ဖြစ်ပြီး ဘာမှထူးခြားမနေပေ။ တစ်ခုတည်းသော စိတ်ဝင်စားစရာကား ထိုမြက်ပေါ်တွင် ထူးဆန်းသည့် အက္ခရာများ ပါရှိနေခြင်း ဖြစ်သည်။

မြက်ကို သေချာ စိုက်ကြည့်ပြီးနောက် မိုဝူကျီက သိုလှောင်လက်စွပ်ထဲ ပြန်သိမ်းဆည်း ထားလိုက်သည်။ သူက ထိုမြက်သည့် အဘယ်ကြောင့် အဖိုးတန်နေမှန်း မဝေခွဲနိုင်သေးပေ။

သူက မာန်ဖီလေဟုန်သားရဲနှင့် တွေ့ဆုံသောကြောင့် မိုဝူကျီက ပို၍ ဂရုစိုက်ရတော့သည်။ သူက မောင်းနှင်နေရင်း  ကျင့်ကြံမည့်အစား ချူရှင်ကျီ၏ အစီအရင်တာအိုသာ ဆက်၍ လေ့လာ နေလိုက်သည်။

သို့သော် သူက သတိကြီးစွာ ထားသော်လည်း လဝက်ခန့် ပျံသန်းပြီးနောက် အထိ ဧရာမ သားရဲပျံကြီး၏ အလိုက်ခံနေရဆဲ ဖြစ်သည်။

သားရဲပျံမှာ ဇီးကွက်နှင့် အနည်းငယ် ဆင်တူ၍ မီးအိမ်နှင့်တူသော မျက်လုံးများ ရှိပြီး ခန္ဓာမှာ သင်္ဘောပျံများထက် အဆများစွာ ပိုကြီးမားပေသည်။

အစပိုင်းတွင် မိုဝူကျီက ထိုဧရာမသားရဲပျံကို ရှောင်တိမ်းဖို့ရာ ကြံစည်ထားလေသည်။ သို့သော်လည်း သူက သင်္ဘောပျံကို မထိန်းချုပ်နိုင်ခင် ဧရာမ တောင်ပံတစ်စုံက ရိုက်ခတ်လိုက်သည်။

သူ့မြင်ကွင်းကို ပိတ်ထား လိုက်သည့်အတွက် သင်္ဘောပျံတစ်ခုလုံးမှာ အောက်သို့ ရိုက်ချ ခံလိုက်ရသည်။ သင်္ဘောပျံ၏ ခုခံနိုင်စွမ်းကြောင့်သာ မဟုတ်လျှင် တစ်စစီ ဖြစ်သွားလောက်သည်။

သူ့စိတ်ထဲတွင် မိုဝူကျီက စိုးရိမ်နေကာ စိတ်စွမ်းအားများ ထုတ်သုံး၍ သင်္ဘောပျံကို တည်ငြိမ်အောင် ပြန်ထိန်းနေလေသည်။ ထို့နောက် သင်္ဘောပျံကို စောင်းကာ မောင်းနှင်လိုက်သည်။

သားရဲပျံက မိုဝူကျီသည် မြေပြင်ပေါ် ကျမသွားသည်ကို မြင်၍ နောက်တစ်ဖန် ထပ်လိုက်ပြန်သည်။ သူက ထိုသူ့ကို အလွတ်ပေးဖို့ရာ အစီအစဉ် မရှိပေ။

ထို့နောက် မိုဝူကျီက စိတ်စွမ်းအင် ကျောက်တုံး အပ်ကြောင်းရာ၌ မြေကမ္ဘာအဆင့် စိတ်စွမ်းအင် ကျောက်တုံးများ ထည့်၍ သင်္ဘောပျံ ရှေ့ရောက်ဖို့ရာ အကောင်းဆုံး ကြိုးစားနေလေ၏။

ထိုသို့ဆိုလျှင်ပင် သားရဲပျံက သွေးပူးနေဆဲ ဖြစ်သည်။ သူ့ကို မည်မျှ မကျေမနပ် ဖြစ်နေမည်မှန်း မည်သူ သိနိုင်မည်နည်း။ သူက သင်္ဘောပျံနောက်မှ နီးကပ်စွာ လိုက်ပါလာပြီး မိုဝူကျီကို မဖမ်းမိမချင်း ရပ်တန့်မည့် သဘော မရှိချေ။

ကံကောင်းသည်က သူက သားရဲပျံကို မဖယ်ထုတ်နိုင်သော်လည်း ထိုသားရဲကလည်း သူ့သင်္ဘောပျံကို လိုက်မဖမ်းနိုင်ပေ။

ထိုကြွက်နှင့်ကြောင် လိုက်ဖမ်းသည့် ကစားနည်းက ရက်အတော် ကြာခဲ့၏။ ပထမပိုင်းတွင် မိုဝူကျီက သားရဲပျံ ချဉ်းကပ်လာသည့်အခါ ထိုသားရဲပျံကို  လျှပ်စီးအလုံး မြည်းစမ်းကြည့်စေဖို့ရာ  ပစ်လွှတ်ချင်မိသည်။  သို့သော် သားရဲပျံ၏ ခွန်အားကို တွေးမိပြီးနောက်တွင် ထိုသည်က သူ မယူနိုင်သော စွန့်စားမှု ဖြစ်နေသည်။ သူ့ယွမ်ဒန်အဆင့် လေးဖြင့် လျှပ်စီးအလုံး မပစ်လွှတ်နိုင်ခင် သားရဲပျံက သူ့အား အရင် သတ်သွားလိမ့်မည်။

ဆက်ပြေးနေရုံမှအပ နည်းလမ်း မရှိသေးချေ။

နှစ်ရက် ကုန်ဆုံးပြီးနောက်တွင် မိုဝူကျီ အံ့ဩသွားသည်က သူ့နောက်သို့ သည်းကြီးမည်းကြီး လိုက်နေသည့် သားရဲပျံက ပျောက်သွားခြင်း ဖြစ်သည်။

သို့သော် သူ ဝမ်းမသာနိုင်ခင် ကြောက်မက်ဖွယ် အားကြီးက သူ့သင်္ဘောပျံကို အောက်သို့ ဆွဲယူသွား၍ နောက်တစ်ကြိမ် ထိုးဆင်း သွားပြန်သည်။

သူ့စိတ်စွမ်းအင်ဖြင့် ဆက်တိုက် စစ်ဆေး ကြည့်လိုက်သည့်အခါ မိုဝူကျီက ဤတစ်ကြိမ်တွင် သားရဲပျံ မဟုတ်မှန်း မသိလိုက်ရသည်။ ထိုအရာကား မြေပြင်မှ မြေဆွဲအား ဖြစ်နေလေ၏။ သူက အဆုံးမသတ်သည့် ရွှံ့ညွန်စိမ့်တောထဲ အလယ် ရောက်ရှိနေပြီး စုပ်ယူမှုကား ထိုနေရာမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။

မြေဆွဲအားက အချိန်နှင့်အမျှ အားကောင်းလာပြီး မိုဝူကျီက မည်မျှပင် အပေါ်တက်ဖို့ မောင်းနှင်နေစေကာမူ ထိုကြောက်မက်ဖွယ် မြေဆွဲအားမှ မလွတ်မြောက်နိုင်ပေ။

ထို့ကြောင့် သူက သင်္ဘောပျံ သိမ်းထားလိုက်ပြီး တစ်ကိုယ်တည်း အကျခံဖို့ရာ  ဆုံးဖြတ်လိုက်သည်။

“ဗွမ်း ...” ဟူသော အသံနှင့်အတူ ရွှံ့ညွန်ထဲသို့ ကျရောက်လာသည်။

အစပိုင်းတွင် မိုဝူကျီက သင်္ဘောပျံကြောင့် ဆွဲယူခံရသည်ဟု တွေးမိလိုက်သော်လည်း ယခု သူက ရွှံ့ညွန်ထဲတွင် ရှိနေသောကြောင့် ထိုမြေဆွဲအားက သင်္ဘောပျံ မပါရှိလျှင်ပင် သူ့အား ပို၍ ပို၍ ဆွဲနေကြောင်း သတိထားမိကာ သူ့ကျဆင်းမှုမှာ မြန်လာပေသည်။

ပို၍ နက်နက်လာပြီး သူက မခံစားရသေးသော်လည်း ဖိအားကြောင့် အသတ်ခံရနိုင်ပေသည်။ သူ့သဘာဝ စွမ်းအားများကို စုစည်းပြီး မိုဝူကျီက သူ့အန္တရာယ် များလှသော စုပ်ယူခံနေရမှုကို ရပ်တန့် နိုင်လိုက်သည်။

ထို့နောက် သူက ဖြည်းဖြည်းချင်း ပြန်တက်လိုက်သည်။ အစပိုင်းတွင် သူ တက်သည့်အချိန်တိုင်း  ပြန်၍ အောက်ကျ သွားလေသည်။ သို့သော် သူက ကိစ္စများကို ကိုင်တွယ်ဖြေရှင်းပြီး သဘာဝစွမ်းအားနှင့် ဝိညာဉ်စွမ်းအား နှစ်မျိုးလုံး သုံးလိုက်သောကြောင့်  သူ့အတက်နှုန်းမှာ သိသိသာသာ တိုးတက် လာပေသည်။

သူ့ကျင့်ကြံဆင့်ဖြင့် ရွှံ့ညွန်ထဲတွင် နှစ်ဝက်မှ တစ်နှစ်အထိ မြုပ်နေလျှင်ပင် သေသည်အထိ ခံစားရမည် မဟုတ်ပေ။ သို့သော် သူက မထွက်နိုင်သည့် ကိစ္စကား အချိန်တစ်ခုမျှသာ ဖြစ်သည်။ အစစ်အမှန်ရေအဆင့် တက်လှမ်းခါနီး ကျင့်ကြံသူက ရွှံ့ညွန်ထဲ၌ မြုပ်ကာ သေသွားခဲ့လျှင် အတော် ရယ်ဖွယ် ပြက်လုံး ဖြစ်သွားလိမ့်မည်။

ရက်အနည်းငယ် အကြာတွင် မိုဝူကျီက ပို၍ စိတ်အေးလာကာ စတင်ကျင့်ကြံရင်း တက်လိုက်သည်။ သူက သူ့ကျင့်ကြံဆင့်ကို သိသိသာသာ တိုးတက် လာစေသည့်  ပြုပြင်ထားသော ပြောင်းပြန် လှည့်ပတ်ခြင်း အင်မော်တယ် မော်တယ် ကျင့်စဉ်ကို အသုံးပြုလိုက်သည်။ ထို့အပြင် ထိုပြောင်းပြန် လှည့်ပတ်ခြင်း ကျင့်စဉ်ဖြင့် သူ့အတက်နှုန်းမှာ သိသာစွာ တိုးတက် လာပေသည်။

ရွှံ့ညွန်ထဲရှိ ဝိညာဉ်စွမ်းအားများက ကြွယ်ဝရုံတင်မက အလွန်လည်း သန့်စင်ပေသည်။

တက်နေရင်း ကျင့်ကြံနေခြင်း ဖြစ်သည်။ မိုဝူကျီက ယခင်ကကဲ့သို့ အလောတကြီး မလုပ်ဆောင်တော့ပေ။

သူ အတက်နှုန်း မည်မျှပင် မြန်ဆန်စေကာမူ သူထိုးကျသွားသည့် နှုန်းကိုတော့ မမီသေးပေ။ ထို့ကြောင့် သူက ခုနစ်ရက်၊ ရှစ်ရက် ဆက်တိုက် တက်လိုက်ပြီးနောက် အလင်းရောင် ကျရောက် လာသည့်အခါမှ သူ လုပ်နိုင်သွားကြောင်း သိလိုက်သည်။

သူ့ခန္ဓာတစ်ကိုယ်လုံးက ရွှံ့ညွန်ထဲက မထွက်ခင် သူ့ခြေထောက် နှစ်ဖက်လုံးအား တစ်ခုခု လာရစ်ပတ်နေကြောင်း ခံစားမိလိုက်သည်။ နောက်အခိုက်အတန့်တွင် အားပြင်းလှသော အင်အားတစ်ခုက သူ့အား ပြန်ဆွဲချပြန်သည်။ ရွှံ့ညွန်ထဲမှ ထွက်လာခါစ ဖြစ်သည့် မိုဝူကျီက နောက်တစ်ဖန် ပြန်အဆွဲခံလိုက် ရပြန်သည်။

ရွှံ့ညွန်ထဲတွင် ရက်များစွာ ပိတ်မိနေပြီးနောက် တစ်ခုခုက သူ့အား ဆွဲချနေလျှင်ပင် မိုဝူကျီက အေးအေးဆေးဆေး ကျန်ရှိနေဆဲ ဖြစ်သည်။ သူ့စိတ်စွမ်းအားကို ထုတ်လွှင့် လိုက်သည့်အခါ သူ့ခြေထောက်တွင် လာရစ်ပတ်နေသာ နွယ်နှင့်တူသော အရာနှစ်ခုကို မြင်လိုက်ရသည်။

သူ့ကို အနက်ထဲ ဆွဲချနေသည့် အားကို မြင်ပြီး မိုဝူကျီက စိတ်ဝိညာဉ် နန်းတော်ထဲမှ ပညာရှင်နှလုံးသားကို ခြေထောက်ဆီ ဖုံးလွှမ်း စေလိုက်သည်။

အောက်ခြေမှ ပြင်းထန်သော တုန်ခါမှုကို ခံစားမိလိုက်ပြီးနောက် သူ့ခြေထောက်ကို ဆွဲထားသော အရာမှာ ပြာအဖြစ် ပြောင်းလဲ၍ ပျောက်ကွယ် သွားလေသည်။ မိုဝူကျီက သက်ပြင်းချမိလိုက်ကာ ရွှံ့ညွန်ထဲမှ ထွက်ရန် နှုန်းကို မြှင့်တင်လိုက်သည်။

သူက ပညာရှင်နှလုံးသားကို ခြေထောက်မှ နွယ်ကို လောင်ကျွမ်းဖို့ရာ အသုံးပြုလိုက်စဉ်က ထိုအရာများမှာ မရိုးရှင်းကြောင်း ခံစားမိလိုက်သည်။ မဟုတ်လျှင် ထိုအရာက ထိုမျှ ပြင်းထန်သော တုန်ခါမှု ဖြစ်စေမည် မဟုတ်ပေ။

မည်သို့ပင် ဖြစ်နေပါစေ မိုဝူကျီ၏ မီးတောက်ကြောင့် တုန်လှုပ်သွားခြင်း ဖြစ်ရမည်။ တစ်ရက်အကြာတွင် သူက ရွှံ့ညွန်ထဲမှ နောက်တစ်ကြိမ် ထွက်နိုင် လိုက်ပြန်သည်။ သူ့ခြေထောက်ကို လာဆွဲချ‌သော အရာလည်း ပေါ်မလာတော့ပေ။

ရွှံ့ညွန်မျက်နှာပြင်တွင် မိုဝူကျီက မှောက်လျက် လဲလျောင်းနေပြီး ပတ်ဝန်းကျင်ကို တစ်ချက် ကြည့်လိုက်သည်။ နေရာတိုင်းတွင် ရွှံ့ညွန်များ ဖြစ်ပြီး ကောင်းကင်မှာလည်း မီးခိုးရောင်သန်း နေလေသည်။ အရှေ့၊ အနောက်၊ တောင်၊ မြောက် ဘာမျှ ကြည့်စရာ မရှိချေ။

ခဏတာ တွေဝေနေပြီးနောက် မိုဝူကျီက အဆင့်နိမ့် သင်္ဘောပျံကို ဆွဲထုတ်လိုက်သည်။ သူက ထိုသင်္ဘောပျံသည် အနည်းဆုံးတော့ ရွှံ့ညွန်ထဲ မမြှုပ်ဘဲ သာမန်သင်္ဘောများကဲ့သို့ အသုံးပြုနိုင်မလားဟု စမ်းသပ်ချင်ရုံ ဖြစ်သည်။

သို့သော်လည်း မိုဝူကျီက ချက်ချင်းပင် စိတ်ဓာတ် ကျသွားလေသည်။ သူက သင်္ဘောပျံကို ထုတ်ယူလိုက်သည်နှင့် ဖြည်းဖြည်းချင်း နစ်မြုပ်သွားပြန်ရာ ပြန်ယူဖို့ အခွင့်အရေးပင် မရလိုက်ချေ။

အရပ်မျက်နှာတိုင်းမှ မြင်ကွင်းကား အတူတူ ဖြစ်သောကြောင့် ခံစားချက်ပေါ် မူတည်၍ တည်နေရာ ရွေးချယ်လိုက်ပြီး စတင် ထွက်သွားလိုက်သည်။ သူက သွားနေရင်း ကျင့်ကြံဖို့ရာ ဆုံးဖြတ်လိုက်လေသည်။ ယခုအချိန်အထိ သူ့ကျင့်ကြံခြင်း ခရီးစဉ်တစ်လျှောက် သူက မတော်တဆ ဖြစ်ရပ်များစွာကို ကြုံတွေ့ဖူးလေသည်။ သူက ချီသွေးကြော ၁၀၂ ခုကို ဖွင့်ထားသည့်အတွက် သွားရင်း ကျင့်ကြံဖို့က မဖြစ်နိုင်သည့် ကိစ္စ‌တော့ မဟုတ်ပေ။

ထိုသို့ ပြုလုပ်နိုင်သည်က မိုဝူကျီ တစ်ယောက်သာလျှင် ရှိလိမ့်မည်။

ကျဆုံးမြို့ပျက်

ဤနေရာကား ယာယီဈေးနှင့်တူပြီး သေချာ မစီစဉ်ထားသည့် အဆောက်အဦများနှင့် ဈေးဆိုင်များက ပြန့်ကျဲနေလေသည်။ အကယ်၍ တစ်ယောက်ယောက်သာ ဤနေရာကို မြင်သွားပါက ဆောက်ထားသည်မှာ မကြာသေးကြောင်း တွေးမိသွားလိမ့်မည်။

လက်တွေ့တွင် ကျဆုံးမြို့ပျက်က ကျန်းမိုနယ်မြေရှိ အခြားသော ကျင့်ကြံခြင်း မြို့များထက် သက်တမ်း ပိုရင့်လေသည်။ နှစ်များစွာ ကြာပြီးနောက် လူများစွာက ဤနေရာတွင် အတည်တကျ မနေထိုင်ကြသော ကြောင့်သာ မြို့အစစ်အမှန် မဖြစ်လာခြင်း  ဖြစ်သည်။ ထို့အပြင် နေရာကား အစွန်အဖျားဖြစ်ပြီး ဝိညာဉ် စွမ်းအားများလည်း ရှားပါးလှပေသည်။

ဝိညာဉ်စွမ်းအားများ ရှားပါးခြင်းနှင့် တစ်ယောက်မျှ ကြာကြာ မနေခြင်းတို့ကြောင့် ဘဘောတရားအရ ဆိုရလျှင် လူနည်းနည်းသာ ရှိသင့်ပေသည်။ သို့သော် လက်တွေ့မှာ လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေသည်။ ကျဆုံးမြို့ပျက်မှာ လူပြတ်လပ်နေခြင်း မရှိချေ။

ထိုသည်မှာ ကျဆုံးမြို့ပျက်မှာ ပျောက်ဆုံး ကောင်းကင်မြို့ပျက် အစွန်အဖျားတွင် တည်ရှိနေသောကြောင့် ဖြစ်လေသည်။ ကျန်းမိုနယ်မြေက ကြီးမားပြီး ကျယ်ဝန်းသော်လည်း ကျဆုံးမြို့ပျက်ကဲ့သို့ ပုန်းကွယ်လို့ ကောင်းသည့်နေရာ မရှိပေ။ ကျဆုံးမြို့ပျက်သည် သူတို့ရန်သူများဆီမှ လာရောက် ပုန်းအောင်းသော သူများအတွက် တည်ရှိနေခြင်း ဖြစ်သည်။ ကျန်းမိုနယ်မြေတွင် ကျင့်ကြံသူ တစ်ဝက်နီးပါးလောက်က နောက်မှ အလိုက်ခံရသည့်အခါ ကျဆုံးမြို့ပျက်ဆီသို့ လာရောက် ပုန်းခိုကြလေသည်။

***

All Chapters