← Chapters

သာမန်လူငယ်လေး

Vol. 21 Ch. 280

သာမန်လူငယ်လေး

Vol. 21 Ch. 280

မိန်းမငယ်လေးက ဖန်းချီနှင့် အခြားလူများကို မေးခွန်းထုတ်ဖို့ရန်ပင် မေ့လျော့သွားပြီး ပျောက်ဆုံးရွှံ့ညွန်ထဲမှ ကုန်းထွက်လာသော  ရွှံ့လူသားကို သေချာ စိုက်ကြည့်နေမိသည်။ အခြားလူများလည်း အတူတူပင် ဖြစ်ကြပြီး ပျောက်ဆုံး ရွှံ့ညွန်တောစပ်မှ ရွှံ့လူသားကို ကြည့်နေကြလေသည်။

လများစွာ ဒုက္ခခံပြီးသည့် နောက်တွင် မိုဝူကျီက နောက်ဆုံး၌ ရွှံ့ညွန်တောမှ ထွက်လာနိုင်ခဲ့သည်။ ထိုစဉ် သူက ရွှံ့ညွန်တောစပ်တွင် ရပ်နေရင်း သူ့ရှေ့မှ ကုန်းမြေကို ကြည့်လိုက်ပြီး လက်သီးလက်မောင်း တန်းလျက် အောင်ပွဲခံလိုက်သည်။ လူသားတစ်ယောက် အတွက် ရွှံ့ညွန်တောကို ကူးခပ်၍ အသက်ရှင်လျက် ထွက်လာနိုင်သည်မှာ မည်သို့ ဖြစ်နိုင်မည်နည်း။ သို့သော် မိုဝူကျီက လုပ်ဆောင် နိုင်ခဲ့လေသည်။

အကယ်၍ သူ့တွင် ပညာရှင် နှလုံးသားနှင့် ပြောင်းပြန်လှည့်ပတ်ခြင်း ကျင့်စဉ်သာ မပိုင်ဆိုင်ထားပါက မိုဝူကျီ တစ်သောင်းရှိလျှင်ပင် ဝါးမျိုခံရမည် ဖြစ်သည်။ ရွှံ့ညွန်တောထဲတွင် နေလာသည့် နှစ်ဝက်ခန့်အတွင်း သူ့ကို အမည်မသိ သားရဲများ ဆွဲချခံရခြင်း သို့မဟုတ် အားပြင်းသော ဝဲကတော့အတွင်း စုပ်ယူခံရခြင်းတို့မှာ တစ်ကြိမ် တစ်ခါမျှ မကပေ။

ထိုအတားအဆီးများ အတွက် သူက ပညာရှင်နှလုံးသားနှင့် ပြောင်းပြန် လှည့်ပတ်ခြင်း ကျင့်စဉ်ကို လွတ်မြောက်ဖို့ရာ အသုံးပြုခဲ့ရသည်။ ရွေ့လျားနေရင်း သူက ပြောင်းပြန် လှည့်ပတ်ခြင်း ကျင့်စဉ်ကို အမြဲ လှည့်ပတ်နေရပြီး ဝဲကတော့များ၏ ဆွဲစုပ်ယူခြင်း မခံရလေအောင် ကာကွယ်ရသည်။ ပညာရှင်နှလုံးသားက သူ့ကို လာရောက် ရစ်ပတ်သည့် အမည်မသိအရာ အားလုံးကို ပြာအဖြစ် လောင်ကျွမ်း သွားစေသည်။

ထိုအရာများက ကြောက်စရာ အကောင်းဆုံး မဟုတ်သေးပေ။ ရွှံ့ညွန်ထဲရှိ ကြောက်စရာ အကောင်းဆုံး အရာမှာ ရေနေပိုးကောင်များ၊ မြွေတူ ပိုးကောင်တူ ပျော့စိစိ အကောင်များ ဖြစ်သည်။ သူတို့က မင်းခန္ဓာအပေါ် တွားသွားနေရင်း ကူးခပ်နေရသည်က ရွံစရာအကောင်းဆုံး ကိစ္စရပ် ဖြစ်လေသည်။

တစ်ခါတစ်ရံတွင် သူ့ခန္ဓာတစ်ကိုယ်လုံးကို ပညာရှင်နှလုံးသားကို လွှမ်းခြုံထားရသည်။ သို့သော် ထိုသို့ လုပ်ဆောင်ထားလျှင်ပင် များပြားစွာသော ပိုးကောင်များက ကျန်ရှိနေသေး၏။

အကယ်၍ သူက ဤခရီးကို ထပ်သွားရမည်ဆိုလျှင် မိုဝူကျီက ကောင်းကင်ပင်လယ် သို့မဟုတ် ဒြပ်ငါးမျိုး ကင်းမဲ့နယ်ကိုသာ ရွေးချယ်လိမ့်မည်။ ဘယ်သောအခါမှ ပျောက်ဆုံး ကောင်းကင်မြို့ပျက်ကို ထပ်ဖြတ်မည် မဟုတ်တော့ပေ။

ယခု သူက ရွှံ့ညွန်တောကို ဖြတ်သန်း၍ သူ့ခရီး ပြီးဆုံးသွားသောကြောင့် မားမားမတ်မတ် ရပ်နိုင်နေလေပြီ။ ထိုကြောက်မက်ဖွယ် ရွှံ့ညွန်ကို ဖြတ်လာခြင်းနှင့် ယှဉ်လျှင် ယွမ်ဒန်အဆင့် ၁၂ အထိ ကျင့်ကြံခြင်းက ဘာဆိုဘာမျှ မဟုတ်ချေ။

မိုဝူကျီက သူ့အား စိုက်ကြည့်နေကြသော လူခြောက်ယောက်လုံးကို လျစ်လျူရှု၍ ရွှံ့ညွန်တောစပ်တွင် ဒူးထောက်လိုက်ပြီး လက်သီး ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း အားရပါးရ ဟစ်ကြွေး လိုက်တော့သည်။

နှစ်ဝက်အတွင်း သူက အဖိနှိပ်ခံခဲ့ရ၍ အားရပါးရ မအော်ဟစ်လိုက်ရလျှင် နေလို့ကောင်းမည် မဟုတ်ပေ။ သူ့ခံစားချက် အားလုံး  ဟစ်ကြွေး ပွင့်ထွက် လိုက်စေပြီးနောက် တည်ငြိမ် သွားလေသည်။

မိုဝူကျီ အော်ဟစ်သံကို လူခြောက်ယောက်က ကြားသောအခါ သူတို့က ဘေးမှာ တိတ်တဆိတ် ရပ်ရင်း သူ့အား ကြည့်နေကြဆဲ ဖြစ်သည်။ အားလုံးက သူ့အသံတွင် ခံစားချက်များနှင့် လွတ်လပ်မှု ပါဝင်နေကြောင်းကို ခံစားမိကြသည်။

“သူက မရိုးရှင်းဘူး  ...” ဖန်းချီက မိုဝူကျီကို ကြည့်ပြီး ရုတ်တရက် ကောက်ကာငင်ကာ ပြောလိုက်သည်။

အမွေးတိုင် တစ်ဝက် အကြာတွင် မိုဝူကျီက ဖြည်းဖြည်းချင်း မတ်တတ် ရပ်လိုက်သည်။ သူက လူခြောက်ယောက်လုံးကို ကြည့်လိုက်ပြီးနောက် မနီးမဝေးမှ ကုန်းမြေဆီ တစ်ဟုန်ထိုး ပြေးသွားလိုက်သည်။

သူ လေ့လာမိသလောက် ခြောက်ယောက်ထဲတွင် နှစ်ယောက်မှာ သူ့ထက် ကျင့်ကြံဆင့် ပိုမြင့်ကြောင်း သိလိုက်သည်။ ထိုနှစ်ယောက်တွင် လူသတ်ငွေ့မရှိ၍ သူက အာရုံစိုက် မနေတော့ချေ။

မိန်းမငယ်လေးက မိုဝူကျီ ပြေးထွက်သွားသည်ကို မြင်သောအခါ သူမက လိုက်ဖမ်းချင်သော်လည်း သူမ ရွေ့လိုက်သည်နှင့် မိန်းမလှလေးက ပြန်ဆွဲထားလိုက်ပြီး  “ကျီဟန် ဘာလုပ်မလို့လဲ ...”

မိန်းငယ်လေးက နှုတ်ခမ်းစူကာ

“အဲဒီရွှံ့လူသားကိုပေါ့ ... ဘာလို့ ပျောက်ဆုံး ရွှံ့ညွန်ကို ရောက်လာတာလဲရယ် ပြီးတော့ သူ့ကိုယ်သူ ဘာလို့ ရွှံ့တွေပေပွနေတာ ဆိုတာရယ် မေးကြည့်ချင်လို့။ အဲဒီလူက ရွှံ့တောက ထွက်လာတာတောင်  အော်ဟစ်နေသေးတယ်။ တော်တော် ဆူတဲ့လူပဲ ...”

မိန်းမလှလေးက သူမကို ဆူပူလိုက်ပြီး

“ကျီဟန်  ... နင် ဒီလိုဆက်လုပ်နေမယ်ဆိုရင် ငါ ဘယ်သွားသွား နင့်ကို မခေါ်တော့ဘူး ...”

ထိုအရာကို ကြားပြီး မိန်းမငယ်လေးက စိတ်ပျက် လက်ပျက် နှုတ်ခမ်းစူ စိတ်ကောက် လိုက်ပြီး အမြန်အဆန် ပြန်ဖြေလိုက်သည်  “ဒေါ်လေးကလည်း သမီး အဲလို ဆက်မလုပ်တော့ပါဘူး။ သမီးကိုဆိုရင် ဘာလို့ အရမ်း တင်းကျပ်နေတာလဲ …”

မိန်းမလှလေးက သူမသည် အလောတကြီး ဖြစ်သွားမှန်း ခံစားမိလိုက်၍ လေသံလျော့ကာ  “သူ့မှာ ဝိညာဉ်စွမ်းအား အရိပ်အယောင် မရှိတာနဲ့ အားနည်းတယ် ဆိုပြီး ယူဆလို့ မရဘူး။ လအတော်ကြာ ရွှံ့ညွန်တောထဲမှာ အသက်ရှင်ဖို့ရာ လွယ်တဲ့ကိစ္စလို့ ထင်နေတာလား ...”

မိန်းမလှလေး မပြောဖြစ်လိုက်သည့် စကားတစ်ခွန်း ကျန်ရှိလေ သေးသည်။ သူမက မိုဝူကျီတွင် ဝိညာဉ်စွမ်းအား အရိပ်အယောင် မရှိကြောင်းနှင့် ကျင့်ကြံဆင့် မမြင့်သည်ကို သိသော်လည်း သူ့ဟစ်ကြွေးသံမှ မိုဝူကျီသည် သာမန် အစစ်အမှန်ရေအဆင့် ကျင့်ကြံသူများထက် အားကောင်းကြောင်း ခံစားမိလိုက်သည်။ ထိုဟစ်ကြွေးသံတွင် သူ၏ အားကောင်းသော သဘာဝ စွမ်းအားများကို မြင်သာ စေသည်။

“ဘယ်နှလလောက် ဖြစ်မလဲ ...” ရုန်ဟယ် အမည်ရှိ မိန်းကလေးက ပြောလိုက်သည်။

သူမ ပြောလိုက်သည့်အခါ ဖန်းချီက ထိတ်ထိတ်ပျာပျာ ဦးညွှတ်ကာ “ကျုပ် ဂျူနီယာ ညီမလေးက မသိတတ်လို့ပါဗျာ၊  အကြီးအကဲတို့က ခွင့်လွှတ်ပေးပါ ...”

မိန်းမလှလေးက အသာအယာပြုံးကာ  “ရပါတယ်။ အဲဒီလူက ရွှံ့ညွန်တောထဲမှာ လအတော်ကြာ အသက်ရှင်ခဲ့လို့ပဲ။ မဟုတ်ရင် ဒီလိုဖြေလျော့ဖို့ စိတ်ဖိအားတွေ ရှိနေမှာ မဟုတ်ဘူး။  ပြီးတော့ သူ့ခန္ဓာကိုယ်က ရွှံ့တွေ ပေပွနေပေမဲ့ သူ့လက်က သန့်ရှင်းနေတယ်။ အဲဒါက သူ့ကျင့်စဉ်က သာမန်နဲ့ ကွဲပြားတာကို ပြနေတာပဲ။ သူ့လည်ပင်းမှာလည်း ရွှံ့တွေ အထူလိုက် ရှိနေတယ်ဆိုတော့ ရွှံ့ထဲ အချိန်အတော်ကြာ မြုပ်နေတာ သိသာတယ်  ...”

“ဒါပေမဲ့ သူက မောက်မာလွန်းတယ်။ ဒေါ်လေး ... သူ့ထက် အဆင့်မြင့်တဲ့ ကျင့်ကြံသူနဲ့တွေ့ရင် လာဂါရဝပြုရမှာ မဟုတ်ဘူးလား။ ဒီလူကြီး ဖန်းချီတောင် သိသေးတာကို ...” မိန်းမငယ်လေးက မကျေမနပ် ပြောလိုက်သည်။

သို့သော်လည်း မိန်းမလှလေး အမူအရာက ပုံဆိုးပန်းဆိုး ဖြစ်လာပြီး သူမက  နောက်တစ်ဖန် ဆူပူလိုက်ပြန်သည်  “ပါးစပ်ပိတ်ထား‌တော့ ဟုတ်ပြီလား ...”

ဆူပူပြီးနောက် မိန်းမလှလေးက ငြိမ်ကျသွားပြီး လေသံအေးလေးနှင့် ပြောလိုက်သည်  “ကျီဟန် ... နင် ဒီလို ဆက်တိုက် လုပ်နေမယ်ဆိုရင် နင်ကိုယ်နင် အနာဂတ်ကျ ဘယ်လို လုပ်မှာလဲ။ အဲဒီလူက ငါတို့ကို မြင်ပေမဲ့ ငါတို့ကို နည်းနည်းလေးမှကို မကြောက်ဘူး။ အဲဒါကြောင့် သူက ရွှံ့ညွန်ထဲမှာ အဆင့်မြင့် ကျင့်ကြံသူ များစွာနဲ့ တွေ့ပြီးတာ ဖြစ်ရမယ်။ နင် နောက်တစ်ခါ အဲလိုဆက်လုပ်ရင် ငါတော့ နင် တစ်ယောက်ယောက်ကို ပြဿနာ ရှာမိမလား စိုးရိမ်မိတယ်။ အဲလိုဆိုရင်တော့ နင့်မှာ အသက် ဘယ်နှချောင်းရှိရှိ လောက်မှာကို မဟုတ်တော့ဘူး ...”

ရုန်ဟယ်က တစ်ဖက်မှ တီးတိုး ပြောလိုက်သည်  “အစ်ကိုကြီးချီ … အဲလူက ရွှံ့ညွန်တောထဲက ထွက်လာတာဆိုတော့ သွားမေးကြည့် ရအောင်လေ ... ”

ဖန်းချီက ခေါင်းခါပြလိုက်ပြီး  “မလိုဘူး။ သူက ရှေ့က ကန်မှာ ဆေးကြောနေတာ။ ပြီးသွားရင် ဒီကို ပြန်လာလိမ့်မယ် ...”

မိန်းကလေးက ဖန်းချီ စကားကို ကြားပြီး ခေါင်းညိတ် ပြလိုက်သည်။

သူမက မိုဝူကျီကို မတားခဲ့သည်မှာ သူက သူ့ဘာသာ ရောက်ရှိလာမည်မှန်း သိ၍ ဖြစ်သည်။

အမွှေးတိုင် တစ်ဝက်အကြာတွင် ခေါင်းစခြေဆုံး အကြိမ်ကြိမ် ဆေးကြော ပြီးသည့်အခါ မိုဝူကျီက သူ့ဆံပင်ရှည်ကို ချည်နှောင်ရင်း လမ်းလျှောက် လာလေသည်။

မိုဝူကျီ လျှောက်လှမ်း လာသည်ကို မြင်ပြီး မိန်းမလှလေးက သူမဘာသာ တွေးလိုက်မိသည်။

ဘယ်လောက်တောင် ယောက်ျား ပီသလိုက်လဲ ...

သွင်ပြင်အရ ပြောရလျှင် သူမက မိုဝူကျီထက် ခန့်ညားသော ယောက်ျား များစွာကို မြင်တွေ့ဖူးသော်လည်း သူကဲ့သို့ ယုံကြည်ချက် ရှိရှိနှင့် သူမ မထိတွေ့နိုင်သည့် ခံစားချက်နှင့် အမျိုးသားကို တစ်ခါမျှ မမြင်တွေ့ဖူးပေ။

သူ့ဆံပင် အမည်းကို ပေါ့ပေါ့ပါးပါး ချည်နှောင်ထားပြီး ကောင်းမွန်စွာ တည်ဆောက် ထားသော ခန္ဓာမှာ ကြီးမားပြီး ထွင်းဆစ်ထားသလို ပုံပန်းကျလှသည်။ သူ့မျက်နှာက အကြည့်ကောင်းဆုံး မဟုတ်သေးသော်ငြား ကြည့်လိုက်သည်နှင့် ခံစားမိသော နွေးထွေးမှုမှာ လူအများကို သက်သောင့်သက်သာ ဖြစ်စေ၏။ အံ့ဩစရာ အကောင်းဆုံး အစိတ်အပိုင်းမှာ တဖိတ်ဖိတ် တောက်ပနေသည့် မျက်ဝန်းအစုံဖြစ်ပြီး  နှလုံးသားအထိ ထွင်းဖောက် မြင်နေသည့်အလား ခံစားမိစေသည်။

မိန်းမလှ‌လေးက ကြောင်အမိ သွားသည်။ ဒါက လူငယ်လေးလား ... ဒါပေမဲ့ နှစ်များစွာ ကြုံတွေ့လာတဲ့ အကြီးအကဲ တစ်ယောက်လိုမျိုး ဘာကြောင့် ခံစားမိနေရတာလဲ ...။

အခြေအနေ အားလုံးအတွက် အထင်ရှား အချက်ကို သူမ တွေးမိသွားသောအခါ သာမန်နှင့် တူနေခြင်း ဖြစ်၏။ သူမရှေ့မှ လူငယ်လေးတွင် တောက်ပနေသည့် မျက်ဝန်းအစုံ၊ ပြီးပြည့်စုံသည့် ခန္ဓာ တည်ဆောက်ပုံ ရှိနေသော်လည်း သူက သေမျိုး တစ်ယောက်ကဲ့သို့ သာမန် ဖြစ်လေသည်။ မှန်ပေသည်။ သေမျိုး တစ်ယောက်ကဲ့သို့ ဝိညာဉ်စွမ်းအား အရိပ်အယောင်လေးပင် မရှိချေ။ အနီးကပ် စစ်ဆေးကြည့်ပါက သူ့မျက်ဝန်း တောက်တောက် အပြင် ထူးခြားသည့်အရာ မရှိချေ။ သာမန်ထက်ပင် သာမန် ပေါက်နေသေး၏။

အသက်ဝအောင် ရှူလိုက်ပြီး မိန်းမလှလေးက မိုဝူကျီသည် သာမန် မဟုတ်ကြောင်း ပို၍ သေချာ သွားလေသည်။ အကယ်၍ သူမသာ သူ့ကို တစ်နေရာရာ၌ တွေ့ဆုံခဲ့ပါက တစ်ချက်ကြည့်ပြီး ယောက်ျား ပီသသည့် သူဟုသာ တွေးမိရုံသာ ဖြစ်လောက်သည်။ သို့သော် ဤနေရာရှိ အားလုံးက လူငယ်လေးသည် ပျောက်ဆုံး ရွှံ့ညွန်မှ ထွက်လာသည်ကို သိကြသည်။

ပျောက်ဆုံး ရွှံ့ညွန်သည် မည်သို့သော နေရာမျိုး ဖြစ်သနည်း။ သာမန် လူတစ်ယောက်က အသက်ရှင်လျက် ထွက်လာ နိုင်မည်လား။ သေမျိုးတစ်ယောက်က ပျောက်ဆုံး ရွှံ့ညွန်ထဲမှ လအတော်ကြာ မည်သို့ အသက်ရှင် နိုင်မည်နည်း။

“တာအိုရောင်းရင်းတို့ကို နှုတ်ဆက်ပါတယ် ...” မိုဝူကျီက သူတို့ဆီ လျှောက်လှမ်းလာရင်း နှုတ်ဆက် လိုက်သည်။

သူက မဟာမိတ်ခေါင်းဆောင် ဖြစ်သောကြောင့် စစ်မှန်ခြင်း နတ်ဘုရားအဆင့် ကျင့်ကြံသူပင် သူအား မဟာမိတ် ခေါင်းဆောင်ဟု ခေါ်ရင်း နှုတ်ဆက်ရလေသည်။ ထို့ကြောင့် မိုဝူကျီက လက်နှစ်ဖက် ယှက်၍သာ နှုတ်ဆက်လိုက်ပြီး ဦးညွှတ်ခြင်း မရှိပေ။ လက်တွေ့တွင် ထိုသို့ လုပ်ဆောင် နိုင်လေသည်။ မိန်းမငယ်လေးမှလွဲ၍ မည်သူကမျှ သူတို့ရှေ့တွင် ရှိနေသော လူငယ်လေးကို ပေါ့ပေါ့တန်တန် သဘော မထားရဲကြပေ။ သူတို့က ပြန်၍ နှုတ်ဆက် လိုက်ကြသည်။

***

All Chapters