ရိုးရှင်းသော အမျိုးသမီး မဟုတ်ပေ
Vol. 21 Ch. 281
“ကျန်းမိုနယ်မြေနဲ့ ဘယ်လောက် ဝေးသေးလဲဗျ။ ပြီးတော့ ကျုပ် ဘယ်လို သွားရမလဲ ...” မိုဝူကျီက ထိုသူများသည် ကျန်းမိုနယ်မြေမှ ဖြစ်ကြောင်း ခန့်မှန်း မိလိုက်သည်။
မိန်းမလှလေးက နူးညံ့စွာ ပြောလိုက်သည်
“ရှင်က ကျန်းမိုနယ်မြေကို ဘေးအကင်းဆုံး လမ်းကနေ သွားချင်လား ဒါမှမဟုတ် အန္တရာယ်များတဲ့ လမ်းကနေ ဖြတ်သွားချင်လား ...”
မိုဝူကျီက လူလတ် အမျိုးသားနှင့် မိန်းမလှလေးတို့သည် သူ့ထက် ကျင့်ကြံဆင့် မြင့်မားကြောင်း သိသော်လည်း စိတ်ထဲ မထားပေ။ အကြောင်းမှာ သူတို့က ဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့် မျှသာ ဖြစ်လေ၏။ သူက ဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့် ကျင့်ကြံသူများကို မြင်ဖူး၍ ထိုသူများတွင် မကောင်းသည့် ရည်ရွယ်ချက် မရှိကြောင်း ပြောနိုင်သည်။
သူတို့တွင် အကြံဆိုးများ ရှိနေလျှင်ပင် သူက ပျောက်ဆုံး ရွှံ့ညွန်တောမှ တစ်ဆင့် အလွယ်တကူ လွတ်မြောက် နိုင်ပေလိမ့်မည်။ သူက ရွှံ့ညွန်ထဲတွင် နှစ်ဝက်ကြာ ကျင့်ကြံခဲ့ရသည့် အတွက် ပြန်ရောက် သွားလျှင်ပင် သူက ရေထဲမှ ငါးကဲ့သို့ ဖြစ်ပေလိမ့်မည်။ သူသာ သေချာ ပြင်ဆင်ထားပါက ဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့် ကျင့်ကြံသူပင် သူ့အား လိုက်ဖမ်းနိုင်မည် မဟုတ်ပေ။
သူ့မေးခွန်း အပြီးတွင် မိန်းမလှလေး၏ တုံ့ပြန်မှုကြောင့် သတိ နိုးကြား သွားလေသည်။ မိန်းမလှလေးက သူ့ဆီမှ ဘေးအကင်းဆုံးလမ်းကို မေးရန် စောင့်နေခြင်း ဖြစ်ရမည်။ သူမသာ လမ်းကြောင်းကို ပြောပြချင်ပါက တိုက်ရိုက် ပြောပြပေးမည် ဖြစ်ပြီး ထိုသို့ တုံ့ပြန်မှုမျိုး ပေးမည် မဟုတ်ပေ။ သူမက တစ်ခုခု ကြံစည်နေခြင်းသာ ဖြစ်ရမည်။
မိုဝူကျီက မိန်းမလှလေးကို မျက်လုံးဝေ့ကြည့် လိုက်သည့်အခါ သူမမှာ အမှန်ပင် လှပကြောင်း သိလိုက်ရသည်။ သူမခန္ဓာသွင်ပြင်မှာ အချိုးအစားကျလှပြီး သူမ အဝတ်အစားဖြင့် ဖုံးကွယ်ထားသော်လည်း မသိမသာ ကောက်ကြောင်းက သူမကို ပို၍ ဆွဲဆောင်မှု ရှိသွားစေသည်။ သူမ ဆံပင်ရှည်ကို သေသပ်စွာ စီးနှောင်ထားပြီး သူမ လည်ပင်းမှာ ငန်းဖြူလေးကဲ့သို့ တင့်တယ် လှပေသည်။ သူမ အသားရေမှာလည်း ခရစ်စတယ် ကျောက်လေးကဲ့သို့ ကြည်လင်နေသည်။ သူမတွင် တက်ကြွသော မျက်ဝန်းအစုံ ရှိသော်လည်း လေးနက်လှသည့် အမူအရာ အောက်တွင် ထိုမျက်ဝန်းများက မှေးမှိန် သွားလေသည်။
သို့သော်လည်း ထိုသည်က သူမ ပြင်ပန်း သွင်ပြင်သာ ဖြစ်၏။ အမျိုးသမီး တစ်ယောက်၏ အတွင်းစိတ်ကား ထိုမျှ မရိုးရှင်းလှပေ။
မိုဝူကျီက ခပ်ယဲ့ယဲ့ ရယ်မော လိုက်ပြီး
“ကျုပ်က ပုံမှန်အတိုင်းဆို ဘေးအကင်းဆုံး သိချင်တာပေါ့။ ကျုပ်ကိုများ ဝေမျှပေး နိုင်မလား ...”
မိန်းမလှလေးက သက်ပြင်း ချလိုက်ပြီးနောက် အနည်းငယ် တွေဝေနေကာ
“ဒီတာအိုရောင်းရင်းဆီက ဖုံးကွယ်မထားတော့ပါဘူး။ ဒီကနေ ကျန်းမိုနယ်မြေကို သွားချင်ရင် ဘေးအကင်းဆုံး လမ်းက တစ်လ ကြာလိမ့်မယ်။ တခြားလမ်းက သွားမယ် ဆိုရင်တော့ လအတော် ကြာနိုင်တယ်။ ပြီးတော့ ခရီးစဉ်အတွင်း သားရဲတွေနဲ့လည်း တွေ့နိုင်သေးတယ်။ ဒါပေမဲ့ ဘေးအကင်းဆုံး လမ်းက ကျွန်မတို့ ချူမျိုးနွယ်စုရဲ့ လျှို့ဝှက်ချက်ဆိုတော့ နည်းနည်း အခက်တွေ့မိတယ် ...”
မိုဝူကျီက စိတ်ထဲ၌ အေးစက်စွာ ရယ်မော လိုက်သည်။ သူ့တွင် မြေပုံရှိသည့်အတွက် ပျောက်ဆုံး ရွှံ့ညွန်ကို ဖြတ်ပြီး သွားရမည့် လမ်းကို မပြထားသော်လည်း မူလ လမ်းကြောင်းကို ပြန်ရှာဖို့ရန် ခက်ခဲမည်တော့ မဟုတ်ပေ။ ဤမိန်းမလှလေးက သူနှင့် ပတ်သက်၍ တစ်ခုခု အလိုရှိနေမှန်း သိသည့်အတွက် အစပိုင်း၌ ဘေးအကင်းဆုံးလမ်းဟု သုံးထားခြင်း ဖြစ်သည်။ သူက သူမနှင့် မရင်းနှီးသည့်အပြင် တစ်ခါမျှသာ တွေ့ဖူးသောကြောင့် သူမကို ကူညီရန် မစဉ်းစားပေ။
“ဒီလိုဆိုမှတော့ ကျုပ် ခင်ဗျားတို့ကို ဒုက္ခမပေးတော့ပါဘူး။ နှုတ်ဆက်ပါတယ် ...” မိုဝူကျီက လက်သီးဆုပ်ကာ နှုတ်ဆက်ပြီး ထွက်သွား လိုက်သည်။
မိုဝူကျီ၏ မျှော်လင့်မထားသော တုံ့ပြန်မှုကြောင့် မိန်းမလှလေးမှာ ပြောစရာမဲ့သွားကာ ဘာလုပ်ရမှန်း မသိတော့ပေ။ သူမက မိုဝူကျီသည် ဘေးအကင်းဆုံး လမ်းကြောင်းရရန် ထပ်မေးမည်ဟု တွေးထားသော်လည်း သူက ထိုသို့ ပြုမူလိမ့်မည်ဟု လုံးဝ ထင်မထားပေ။
သူမက ထိုသို့သော လှည့်ကွက်မျိုးသည် မိုဝူကျီရှေ့တွင် ညွှန်းဆိုရန်ပင် မထိုက်တန်ကြောင်း မသိပေ။ မိုဝူကျီက နှစ်ဘဝ နေခဲ့သည့်အတွက် လှည့်ကွက်မျိုးစုံ ကြုံတွေ့ဖူးလေသည်။ သူ ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များကို ထည့်မတွက်လျှင်ပင် သူ့ကိုယ်ပိုင် လှည့်ကွက်များက မိန်းမလှလေး ထက်တော့ ပိုသာလေသည်။ သူနှင့် ထိုကစားနည်း ဆော့ဖို့ရာ ဤမိန်းမလှလေးက အရည်အချင်း မပြည့်မီသေးပေ။ အကယ်၍ ကျင့်ကြံခြင်း လောကတွင် သူက ထိုသို့ လွယ်လွယ် လှည့်စားခံရပါက သူ့အုတ်ဂူ၌ မြက်များပင် ပေါက်နေလောက် လေပြီ။
“အစ်ကိုရေ … ခဏလောက် စောင့်ပါဦး ...” မိုဝူကျီ ဆယ်မီတာလောက် လျှောက်လှမ်း သွားပြီးနောက်တွင် မိန်းကလေးက လှမ်းခေါ် လိုက်လေသည်။
သူက လှည့်ကြည့် လိုက်သည့်အခါ မျက်လုံးကြီးကြီးနှင့် ပိန်ပါးပါး မိန်းကလေးကို တွေ့လိုက်ရသည်။ သူက မေးလိုက်သည် “ဘာကိစ္စများလဲ ...”
သူက ထိုမေးခွန်းကို မေးလိုက်သော်လည်း သူက ထိုမိန်းကလေးနှင့် မိန်းမလှလေးတို့က တစ်ဖွဲ့တည်းလားဟု စဉ်းစားနေဆဲ ဖြစ်၏။
“အစ်ကို ... ကျွန်မက ရုန်ဟယ်လို့ ခေါ်ပါတယ်။ တစ်ခုလောက် မေးကြည့်ချင်လို့ပါ။ ပျောက်ဆုံး ရွှံ့ညွန်က အန္တရာယ်များလားဟင် ... တကယ်လို့ ကျွန်မ ဝင်သွားရင် အသက်ရှင်ဖို့ ဖြစ်နိုင်ပါ့မလား ...” မိုဝူကျီက မိန်းကလေးကို ခြုံငုံ ကြည့်လိုက်သည့်အခါ သူမက အနည်းငယ် စိုးရိမ်နေဟန် ပေါ်နေသည်။ သူမက မိုဝူကျီ၏ ကျင့်ကြံဆင့်ကို မမြင်သော်လည်း မိုဝူကျီက မရိုးရှင်းကြောင်း သိလိုက်ရသည်။
“ရောင်းရင်း ... ကျုပ် နာမည်က ဖန်းချီပါ။ ဒါက ကျုပ် ဂျုနီယာညီမလေး ရုန်ဟယ်နဲ့ ဂျူနီယာညီလေး ရှုန်းရှင်းထန်ပါ။ ကျုပ် တကယ် အားနာပါတယ်ဗျာ ... ကျုပ် ဂျူနီယာညီမလေးက စည်းမျဉ်းတွေ မသိလို့ပါ ...” ဖန်းချီက လျှောက်လာပြီး အားနာစွာ ပြောလိုက်သည်။
သူ ကြုံတွေ့ဖူးသည့် ကိစ္စများက ရုန်ဟယ်ထက် များပြားသောကြောင့် မိုဝူကျီသည် မရိုးရှင်းကြောင်း သေချာ ပြောနိုင်လေသည်။ ဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့် ကျင့်ကြံသူ စကားများကို လျစ်လျူရှု ပစ်နိုင်သည့် သူက မည်သို့ ရိုးရှင်းသည့်သူ ဖြစ်မည်နည်း။
မိုဝူကျီက အားရပါးရ ရယ်မောလိုက်ပြီး “ရပါတယ်။ သူမက မေးခွန်းလေး မေးရုံပဲကို ... စောစောလေးက ကျုပ်လဲ မေးခွန်း မေးလာတာပဲလေ။ တကယ်လို့ မေးခွန်းလေး မေးဖို့ စည်းမျဉ်းတွေ ရှိနေတယ်ဆိုရင် အားလုံးက လမ်းမေးလို့ ရမှာကို မဟုတ်တော့ဘူး ...”
အဝေးရှိ မိန်းမလှလေး မျက်နှာကား အနည်းငယ် ရှက်ရွံ့နေဟန် ရှိသည်။ သူမက မိုဝူကျီသည် သူမ အကြောင်း မပြောမှန်း ခန့်မှန်းမိသော်လည်း သူမ လုပ်ခဲ့သည့် အပြုအမူများကို ပြန်တွေးမိရုံမှအပ မတတ်နိုင်ပေ။ အကြောင်းမှာ သူမက မိုဝူကျီ မေးခွန်းအတွက် အကြောင်းအရာ တချို့ တမင် ထားခဲ့ခြင်း ဖြစ်သည်။
ဖန်းချီကို တုံ့ပြန်ပြီးနောက် မိုဝူကျီက ရုန်ဟယ် မေးခွန်းကို ဖြေလိုက်သည် “တကယ်လို့ မင်းက ပျောက်ဆုံးရွှံ့ညွန်ကို ဝင်ချင်တယ် ဆိုရင်တော့ မင်းကို စကားလေးလုံးပဲ ပြောလိုက်မယ် ‘ဆယ်ယောက် ဝင်ရင် သုညအရေအတွက်ပဲ အသက်ရှင်တယ်’ ။ မင်း တကယ်လို့ အသက် ဆက်ရှင်ချင်သေးတယ် ဆိုရင် မသွားတာ ပိုကောင်းတယ် ...”
မိုဝူကျီက လျှောက်ပြောနေခြင်း မဟုတ်ပေ။ အကယ်၍ သူ့တွင် ပညာရှင် နှလုံးသားနှင့် ပြောင်းပြန် လှည့်ပတ်ခြင်း ကျင့်စဉ် မရှိပါက သူသည်လည်း ပျောက်ဆုံး ရွှံ့ညွန်အတွင်း သေဆုံး သွားလောက်လေသည်။ အကယ်၍ သူက ထိုနှစ်ခုတည်းသာ ရှိနေလျှင်လည်း မလုံလောက်သေးပေ။
ဝဲကတော့ စုပ်ယူနှုန်းကား အမှန်ပင် ကြောက်စရာ ကောင်းသည်ထက် ပိုပေသည်။ သာမန် ကျင့်ကြံသူ တစ်ဦးက ရွှံ့ညွန်ထဲမှ တက်ဖို့ရန် ကြိုးစား ရုန်းကန် နိုင်သော်လည်း သူက သူ့ကိုယ်သူ ကယ်နိုင်မည် မဟုတ်ချေ။ သူ့ကို ပြန်ဆွဲချ သွားပေလိမ့်မည်။ တစ်ကြိမ်၊ နှစ်ကြိမ် ကြိုးစားတက်ခြင်းက အဆင်ပြေသော်လည်း ရှစ်ကြိမ်၊ ကိုးကြိမ်ဆိုလျှင် မည်သို့ ဖြစ်မည်နည်း။ အကြိမ်ရေ ၁၀၀ ကနေ ၁၀၀၀ ထိဆို မည်သို့ ဖြစ်မည်နည်း။ စစ်မှန်ခြင်း နတ်ဘုရားအဆင့် ကျင့်ကြံသူ ဖြစ်နေလျှင်ပင် သူက ဆက်တက်ဖို့ရာ စွမ်းအား လုံလောက်မည် မဟုတ်ပေ။
သူ့ ပြောင်းပြန် လှည့်ပတ်ခြင်း ကျင့်စဉ်ဖြင့် သူက အဆင့်တက်ရင်း ကျင့်ကြံနိုင်ပေသည်။ ထုတ်လွှင့်လိုက်သည့် သဘာဝ စွမ်းအားများနှင့် သူက ရွှံ့ညွန် စုပ်ယူမှုကို ရင်ဆိုင်နိုင်လေသည်။ ပညာရှင်နှလုံးသား၏ အပူဓာတ်ဖြင့် သူ့အား ဆွဲချသော အရာအားလုံးကို လောင်ကျွမ်း ပစ်စေနိုင်သည်။
မိုဝူကျီက သူ့ရှေ့မှ ထိုလူများ၌ ပြောင်းပြန် လှည့်ပတ်ခြင်း ကျင့်စဉ် မရှိကြောင်း သေချာလေသည်။ အကြောင်းမှာ ထိုကျင့်စဉ်သည် သူ ဖန်တီးထားခြင်း ဖြစ်လေ၏။ ထို့အပြင် သူ့ပြောင်းပြန် လှည့်ပတ်ခြင်း ကျင့်စဉ်က သူ့ချီသွေးကြောများ အပေါ် မူတည်ထား၍ ဝိညာဉ်လမ်းကြောင်းများ အပေါ် အသုံးပြုနိုင်မလား မသေချာပေ။ တစ်ယောက်မှလည်း မကြိုးစားကြည့်ဖူးပေ။ ပညာရှင် နှလုံးသားအတွက် သူက အသက်ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့သည်။ ကံကြီးပေ၍သာ ရရှိခဲ့ခြင်း ဖြစ်သည်။ သူက ထိုသုံးယောက်တွင် ထိုအရာများ မရှိကြောင်း သေချာ၏။
“ဒါပေမဲ့ အစ်ကိုက ...” ရုန်ဟယ် လေသံတွင် အားငယ်ခြင်း ကြီးစိုးနေလေသည်။
မိုဝူကျီက ဆက်ပြောလိုက်သည် “ဘာလို့လဲဆိုတော့ ကျုပ်က ကံကောင်းခဲ့လို့။ ပထမဆုံး ကြိုးစားကြည့်ရုံနဲ့ ကိုယ့်ဘာသာ လွတ်မြောက် နိုင်ခဲ့တယ်။ အဲဒါကြောင့် အသက်ရှင် နိုင်ခဲ့တာပဲ ...”
ပထမဆုံး ကြိုးစားကြည့်မှုတွင် အောင်မြင်ခဲ့ခြင်းက ရုန်ဟယ်က မယုံကြည်နိုင်ပေ။ ဖန်းချီနှင့် ရှုန်းရှင်းထန်လည်း ထို့အတူ ဖြစ်လေသည်။ အကယ်၍ မိုဝူကျီသာ အဆွဲခံရသည်နှင့် ပြန်ထွက်လာ နိုင်ပါက ထိုသို့ ဟစ်ကြွေးမှုမျိုး လုပ်နေမည် မဟုတ်ပေ။
မိုဝူကျီက ထိုလူများသည် သူလိမ်ညာနေမှန်း သိသည်ကို သေချာနေသော်လည်း စိတ်ထဲမထားပေ။ သူတို့ ဆက်ဆံရေးမှာ ထိုမျှ မနက်ရှိုင်းသေးဘဲ လမ်းမေးရုံမျှသာ ဖြစ်၏။ သူက လမ်းကြောင်းကို ရိုးရိုးသားသား ဖြေပေးရုံသာ လိုအပ်ပြီး အခြားကိစ္စများက ကိစ္စမရှိချေ။
ထိုစဉ် မိန်းမလှလေးက လျှောက်လာပြီး မေးလိုက်သည်။
“ဘာလို့ မင်းတို့ အုပ်စုက ပျောက်ဆုံး ရွှံ့ညွန်ထိ ရောက်လာတာလဲ။ ဝင်သွားတဲ့သူတိုင်း အသက်ရှင်ဖို့ မဖြစ်နိုင်ဘူးနော် ...”
သူမ ရောက်လာသည့် အကြောင်းအရင်းမှာ ဖန်းချီနှင့် အခြားလူများက ဤနေရာအထိ ရောက်လာနိုင်၍ သူတို့မှာ မရိုးရှင်းကြောင်း ခံစားမိ၍ ဖြစ်သည်။
ဖန်းချီက မိုဝူကျီ စကားများ ကြားသောအခါ စိတ်ထဲတွင် စိတ်ပျက်မှုများ ကြီးစိုး သွားလေသည်။ မိုဝူကျီ လေသံအရ သူက မိုဝူကျီသည် လျှောက်ပြောနေခြင်း မဟုတ်ကောင်း သိ၏။ ယခုအခါ မိန်းမလှလေးက သူ့အား မေးခွန်း ထုတ်လာသည့်အခါ သက်ပြင်းချရင်း ပြောလိုက်သည်။
“စီနီယာက မသိလောက်ပေမဲ့ ကျုပ်တို့က လိုက်အဖမ်းခံရလို့ ပြေးလာတာပါ။ ကျုပ်တို့က ပျောက်ဆုံးရွှံ့ညွန်ကနေ တစ်ဆင့် ပျောက်ဆုံးနယ်မြေကို သွားဖို့ ကြံထားကြတာပါ …”
ကိစ္စများက ထိုအဆင့်ထိ ရောက်လာသောကြောင့် ဖုံးဝှက်ထားစရာ အကြောင်း မရှိတော့ပေ။
မိုဝူကျီက လိုက်အဖမ်း ခံရသည်ကို ခဏတိုင်း ကြုံတွေ့ဖူး၍ ဖန်းချီတို့ အဖွဲ့ကို အနည်းငယ် စာနာမိ သွားသည်။ သို့သော်လည်း သူက ကျန်းမိုနယ်မြေကို ရောက်နေပြီ ဖြစ်သော်လည်း ကြယ်တာရာ ဘုရင်တောင်မှ ရှားမျိုးနွယ်စုကို ရန်စမိထားလေသည်။ သူ့ကိုယ်ပိုင် ကံတရားက ဆုံးဖြတ်ဖို့ရာပင် ခက်ခဲလှရာ ဖန်းချီနှင့် အခြားလူများကို ကူညီပေးနိုင်သည့် အနေအထား မဟုတ်ချေ။ တစ်ချိန်တည်းတွင် သူက ဖန်းချီ၊ ရုန်ဟယ်နှင့် ရှုန်းရှင်းထန်တို့က တစ်ဖွဲ့ ဖြစ်ပြီး မိန်းမလှလေး၊ လူလတ် အမျိုးသားနှင့် မိန်းမငယ်လေးတို့မှာ တစ်ဖွဲ့ဖြစ်ကြောင်း သိလိုက်သည်။
မိန်းမလှလေးက သုံးယောက်သား မျက်ဝန်းမှ စိတ်ပျက်မှုများကို တွေ့ကာ ရုတ်တရက် ပြောလိုက်သည် “ကျွန်မက ချုမျိုးနွယ်စုကပါ။ တကယ်လို့ ရှင်တို့ ဆန္ဒရှိတယ်ဆိုရင် ချူမျိုးနွယ်စုဆီ ဝင်နိုင်ပါတယ်။ ကျွန်မရဲ့ ချူမျိုးနွယ်စုက အရမ်းကြီးမြတ်တဲ့ မျိုးနွယ်စုတော့ မဟုတ်ပေမဲ့ မျိုးနွယ်စု တချို့ထက်တော့ အောက်မကျပါဘူး ...”
“သခင်မလေး ...” မိန်းမလှလေးက ဖန်းချီနှင့် အခြားလူများကို ချူမျိုးနွယ်စုဆီ ဖိတ်ကြားသည်ကို ကြားပြီး လူလတ် အမျိုးသားက စိုးရိမ်စွာ ခေါ်လိုက်သည်။