ဘယ်နှင့်ညာ၌ သေခြင်းတရားသာ ရှိ၏
Vol. 21 Ch. 282
မိန်းမလှလေးက လက်ကို ယမ်းကာ လူလတ် အမျိုးသားကို ရပ်တန့်စေလိုက်ပြီး မိုဝူကျီကို ကြည့်လိုက်သည်။ ထို့နောက် သူမက ဖန်းချီတို့ အဖွဲ့ကို နွေးထွေး ပျူငှာစွာ ပြောလိုက်သည်
“ဒီတာအိုရောင်းရင်းက ပျောက်ဆုံး ရွှံ့ညွန်မှာ ဘယ်လို အသက်ရှင်ခဲ့မှန်း မသိပေမဲ့ အားလုံးက အဲလို ကံကောင်းမယ်လို့တော့ ယူဆလို့ မရဘူးနော်။ မင်းတို့တွေက ဆက်သွားချင်သေးတယ် ဆိုရင်တော့ ကံကောင်းဖို့ပဲ ဆုတောင်း ပေးနိုင်မယ်။ တကယ်လို့ မင်းတို့ထဲက တချို့က ကျွန်မရဲ့ ချူမျိုးနွယ်စုထဲ ဝင်မယ်ဆိုရင်တော့ အနာဂတ်က ဘယ်လို ဖြစ်လာမလဲဆိုတာ အာမခံမပေးနိုင်ပေမဲ့ လိုက်ဖမ်းမခံရစေဖို့တော့ အာမခံပေးနိုင်တယ် …”
ဖန်းချီက မိန်းမလှလေးကို ဦးညွှတ်ကာ “ကျုပ် စီနီယာရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်။ ချုမျိုးနွယ်စုကို ဝင်ခွင့်ရတာက ကျုပ်တို့အတွက် အကြီးမားဆုံး ဂုဏ်ယူမှုပါပဲ။ ဒါပေမဲ့ ကျုပ်တို့ ရန်သူက အားကောင်းလွန်းတယ်။ ပြီးတော့ ကြယ်တာရာ ဘုရင်တောင်က နေဟုန်ဇောမြို့ရဲ့ ကျင်းမျိုးနွယ်စုနဲ့လည်း ဆက်စပ်နေသေးတယ် ...”
ဖန်းချီ စကားမဆုံးခင် မိန်းမလှလေးက အံ့ဩ တုန်လှုပ် သွားလေသည်။ ဖန်းချီနှင့် အခြားလူများက အများဆုံး ယွမ်ဒန်အဆင့်သာ ဖြစ်ကြ၍ သူတို့ရန်သူမှာ ထိုမျှ အားမကြီးလောက်ကြောင်း ထင်ခဲ့မိသည်။ ထို့ကြောင့် သူမက ရဲရဲဝင့်ဝင့် ဖိတ်ကြားရဲခြင်း ဖြစ်သည်။
မျှော်လင့်မထားသည်က ဖန်းချီတို့ အဖွဲ့မှာ ကျင်းမျိုးနွယ်စုနှင့် ပြဿနာ တက်ထားလေသည်။ ချူမျိုးနွယ်စု ထိပ်ဆုံး အခြေအနေ ရောက်စဉ်က ကျင်းမျိုးနွယ်စုနှင့် ယှဉ်လို့ ရပေသည်။ ထိုသို့ဆိုလျှင်ပင် ကျင်းမျိုးနွယ်စုကိုတော့ ပြဿနာ မရှာရဲသေးပေ။ ယခု ချူမျိုးနွယ်စုက နိမ့်ကျလာသောကြောင့် ကျင်းမျိုးနွယ်စုနှင့် ယှဉ်နိုင်သည့် အနေအထားပင် မရှိတော့ချေ။
ကျင်းမျိုးနွယ်စု ခေါင်းဆောင် ကျင်းကျီရှင်း၏ တစ်အူထုံ့ဆင်း ညီမ ကျင်းရှောင်ရှောင်သည် ကြယ်တာရာ ဘုရင်တောင်ရှိ မျိုးနွယ်စုကြီး သုံးခုထဲမှ ယန်မျိုးနွယ်စုနှင့် လက်ထပ်ထားခြင်း ဖြစ်လေသည်။ သူတို့တွင် ပါရမီရှင်မျိုးဆက် ရှိပြီး ဆက်တိုက်ဆိုသလို ပါရမီရှင်များ မွေးထုတ်ပေးလေ့ ရှိကြသည်။ ချုမျိုးနွယ်စုအနေနှင့် ယန်မျိုးနွယ်စုကို ဆန့်ကျင်သည်က ကျောက်တုံးကို ကြက်ဉနှင့် ပေါက်နေသည့်အလား ဖြစ်နေပေလိမ့်မည်။
“တောင်းပန်ပါတယ်၊ ကျင်းမျိုးနွယ်စု ဖြစ်နေမယ်လို့ မသိခဲ့ဘူး။ အဲလိုဆိုရင်တော့ ကျွန်မရဲ့ ချူမျိုးနွယ်စုက မတတ်နိုင်လောက်ဘူး …” မိန်းမလှလေး မျက်နှာက နီရဲလာကာ အသံသည်လည်း နေရခက်သည့်ဟန် ပေါက်နေသည်။
သူမက ဖန်းချီနှင့် အခြားလူများသည် ဤနေရာအထိ ရောက်လာခဲ့၍ သာမန် ကျင့်ကြံသူ မဟုတ်ကြောင်း တွေးမိပြီး ချူမျိုးနွယ်စုဆီ ဖိတ်ခေါ်လိုခြင်း ဖြစ်သည်။ သို့သော် ယခုတွင် သူတို့က ကျင်းမျိုးနွယ်စုနှင့် ရန်ဘက်များ ဖြစ်နေသောအခါ မိန်းမလှလေးက သူတို့ကို ကူညီနိုင်ရန် မတတ်နိုင်ကြောင်း သိလိုက်ရသည်။
ဖန်းချီက ထိုရလဒ် ထွက်လာမည်ကို သိသည့်အလား အလွန် တည်ငြိမ် နေလေသည်။
မိုဝူကျီက မိန်းမလှလေးကို အမြင်ကောင်း ရှိသွားလေသည်။ သူမက ရိုးသားပြီး အလေးနက်ထား၏။ သူမ မလုပ်နိုင်သည့်အခါ ပွင့်ပွင့်လင်းလင်း ဝန်ခံလေသည်။ အနည်းဆုံးတော့ သူမက သူတို့ကို အမြောက်စာ ဖြစ်ရန် မလှည့်စားချေ။
ဖန်းချီက မိန်းမလှလေးကို ကျေးဇူး တင်လိုက်ပြီးနောက် မိုဝူကျီဘက် လှည့်ကာ ဂါရဝပြုရင်း ပြောလိုက်သည် “မိတ်ဆွေ ... တကယ်လို့ ကျန်းမိုနယ်မြေကို သွားချင်ရင် ဘေးအကင်းဆုံးလမ်းကို ရွေးတာ အကောင်းဆုံးဗျ။ မဟုတ်ရင် အဆင့် ၇ သားရဲနဲ့ တွေ့နိုင်တယ်။ ပြီးတော့ ခင်ဗျားရဲ့ သတိပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ ဒီမှာ မြေပုံရှိပါတယ်။ ဒီလမ်းကြောင်းက အန္တရာယ်ဇုံတွေကို ရှောင်ရှားပြီးသား ဆိုတော့ ကျဆုံးမြို့ဆီ အချိန်တိုအတွင်း ရောက်သွားလိမ့်မယ်။ ခင်ဗျား ကျဆုံးမြို့ကို ရောက်တာနဲ့ ကျန်းမိုနယ်မြေ ရောက်တာနဲ့ အတူတူပဲဗျ ...”
ထိုသို့ပြောပြီး ဖန်းချီက မြေပုံကို ထုတ်ကာ မိုဝူကျီဆီ လှမ်းပေးလိုက်သည်။
မိုဝူကျီက စိတ်လှုပ်ရှားသွားပြီး ကျေးဇူးတင်စွာ လက်ခံလိုက်သည် “အစ်ကိုဖန်းကို ကျေးဇူးတင်ပါတယ် ...”
ဖန်းချီက လက်ကာ ပြလိုက်ရင်း “ကိစ္စမရှိပါဘူး။ ကျုပ်က မြေပုံကို မှတ်ထား ပြီးသားပါ။ ပြီးတော့ ကျုပ်က ပျောက်ဆုံးနယ်မြေကို သွားမို့ အသက်ရှင်နိုင်မလား ဆိုတာတော့ မသိပေမဲ့ ဒီမြေပုံက ကျုပ်အတွက် အသုံးမဝင်တော့ပါဘူးဗျာ …”
ဘေးမှ မိန်းမလှလေးက ဖန်းချီ စကားများ ကြားသောအခါ သူမ မျက်နှာ တစ်ဖန် နီရဲသွားပြန်သည်။ ချူမျိုးနွယ်စုသည် အရည်အချင်း လိုအပ်နေသောကြောင့် သူမက မိုဝူကျီကို ချူမျိုးနွယ်ဆီ ခေါ်ဖို့ရာ လှည့်ကွက် အနည်းငယ် သုံးခဲ့ခြင်း ဖြစ်သည်။ မိုဝူကျီက ဘာမှ လုပ်စရာ မလိုလိုက်ကြောင်း မျှော်လင့်မထားခဲ့ပေ။ ဖန်းချီက ထိုမြေပုံကို ပုံမှန်အတိုင်းသာ ပေးလိုက်လေသည်။ သူနှင့် ယှဉ်သောအခါ သူမက အမှန်ပင် သဘောထား သိမ်ဖျင်းသကဲ့သို့ ဖြစ်သွားလေသည်။
မိုဝူကျီက မြေပုံကို သိမ်းထားလိုက်ရင်း ပြုံးကာ “အဲလို မပြောပါနဲ့။ တကယ်လို့ အစ်ကိုဖန်းက ပျောက်ဆုံးနယ်မြေကို သွားမယ်ဆိုရင် ပျောက်ဆုံး ရွှံ့ညွန်ကနေ မသွားစေချင်ဘူး။ အဲဒါက လွတ်လမ်းမရှိတဲ့ သေမင်း ထောင်ချောက်ပဲ။ ကျုပ်မှာ ပျောက်ဆုံးနယ်မြေကို သွားဖို့ မြေပုံရှိတယ်။ လမ်းကြောင်း ကိုယ်စီမှာ အန္တရာယ်တော့ ရှိတာပေါ့။ သေချာ ဂရုမစိုက်ရင် အဆင့် ၇ သားရဲနဲ့ တွေ့နိုင်တယ် ...။
ကျုပ်တောင် အဆင့် ၇ သားရဲအနောက်က အလိုက်ခံရလို့ ပြေးရင်းနဲ့ ပျောက်ဆုံး ရွှံ့ညွန်ဆီ ရောက်လာတာ။ ပျောက်ဆုံးရွှံ့ညွန်နဲ့ ယှဉ်ရင်တော့ ဒီလမ်းကြောင်းက အသက်ရှင်နိုင်ခွင့် ပိုများတာပေါ့။ ဒါပေမဲ့လည်း ကျုပ်တော့ အစ်ကိုဖန်းကို မသွားစေချင်ဘူး။ အစ်ကိုဖန်း ကျင်းမျိုးနွယ်စု အလိုက်မခံရမဲ့ နောက်ထပ် နည်းလမ်းတစ်ခု ရှိသေးတယ် ...”
မိုဝူကျီက အဆင့် ၇ သားရဲ အလိုက်ခံရပြီးနောက် ပျောက်ဆုံး ရွှံ့ညွန်တောထဲ ရောက်ကာ လွတ်မြောက်လာသည့် ကိစ္စအား ဖန်းချီ စိတ်ထဲတွင် တအံ့တဩ ဖြစ်သွားရုံသာမက မိန်းမလှလေးလည်း မိုဝူကျီကို ပို၍ အထင်ကြီး မိသွားသည်။ သူမသာ အဆင့် ၇ သားရဲ အလိုက်ခံရလျှင် သူမ အသက်ရှင်နိုင်ဖို့ အာမ မခံနိုင်ပေ။ သို့သော် သူမရှေ့မှ သာမန် လူငယ်လေးက အမှန်ပင် လုပ်ဆောင်နိုင်ခဲ့သည်။
ထိုစဉ် လူများစွာက မိုဝူကျီသည် ပျောက်ဆုံးနယ်မြေမှ ရောက်လာကြောင်း သတိထားမိ လိုက်ကြသည်။ သို့သော် မိုဝူကျီက ပြောပြဖို့ရန် ရည်ရွယ်ချက် မရှိသောကြောင့် သူတို့က ဆက်၍ မမေးတော့ပေ။
“မိတ်ဆွေ ပြောချင်တာ ဘာများလဲ ...” မိုဝူကျီ၌ ပိုကောင်းသည့် အကြံဉာဏ် ရှိသည်ကို ကြားပြီး ဖန်းချီက အလျင်အမြန် မေးလိုက်သည်။
မိုဝူကျီက ပြန်ဖြေလိုက်သည် “ကျန်းမိုနယ်မြေမှာ ကြယ်တာရာ တိုက်ပွဲဆိုတာ ရှိတယ်လို့ ကြားဖူးတယ်။ နောက်က အလိုက်ခံရရင် ဘာလို့ ကြယ်တာရာ တိုက်ပွဲကို မသွားတာလဲ ...”
သူက မိုဝူကျီတွင် အကြံဉာဏ်ကောင်း ရှိသည်ဟု ထင်ခဲ့မိသည်။ သို့သော် မိုဝူကျီ စကားများ ကြားပြီးနောက်တွင် ဖန်းချီက စိတ်ပျက်သွားပြီး ခါးသီးစွာ ရယ်မောလိုက်သည် “ဒီက မိတ်ဆွေက ကြယ်တာရာ တိုက်ပွဲကို ဝင်ဖို့ အဲလောက် မရိုးရှင်းဘူးဆိုတာ မသိသေးဘူး ထင်တယ်။ တကယ်လို့ နယ်လှည့် ကျင့်ကြံသူက ကြယ်တာရာ တိုက်ပွဲမှာ ဝင်ပါချင်ရင် ပထမဆုံး ကျန်းမိုကျင့်ကြံသူ စစ်တပ်ကို အရင်ဝင်ရမယ်။ မဟုတ်ရင် အနည်းဆုံး အစစ်အမှန်ရေအဆင့် ရှိရမယ်။ ကျုပ်တို့အတွက် အစစ်အမှန်ရေအဆင့် ဆိုတာက အတော်လေး အလှမ်း ကွာလွန်းတယ်။ ပြီးတော့ စစ်တပ်ကို ဝင်ဖို့ ဆိုတာကလည်း ဟားဟား ... အဲဒီအစား အလောင်းအစား ထပ်ပြီး ပျောက်ဆုံး နယ်မြေကိုပဲ သွားလိုက်တော့မယ် ...”
သူက ကြယ်တာရာ တိုက်ပွဲကို သွားလျှင်လည်း ကျင်းမျိုးနွယ်စုလက်မှ လွတ်မြောက်နိုင်မှာလား ...။
ထိုသည်က သူ ထုတ်မပြောလိုက်သော စကားတစ်ခွန်း ဖြစ်သည်။ ကြယ်တာရာ တိုက်ပွဲ၌ ကျင်းမျိုးနွယ်စုဝင်များ အမြောက်အမြား ရှိ၏။
မိုဝူကျီက ကြောင်သွားလေသည်။ သူက ကြယ်တာရာ တိုက်ပွဲသို့ သွားရန် ရောက်လာသည် ဖြစ်သော်လည်း ဘာကြောင့် ကန့်သတ်ချက်များစွာ ရှိနေသနည်း။ ကျင့်ကြံသူ စစ်တပ်နှင့် ပတ်သက်၍ သူက သေချာပေါက် ဝင်မည် မဟုတ်ပေ။ အစစ်အမှန်ရေအဆင့် ကိုတော့ တက်လှမ်းနိုင်ရန် ကြိုးစား ကြည့်နိုင်ပေသည်။
“ဒီနှစ်နည်းလမ်းပဲ ရှိတာလား ...” မိုဝူကျီက နောက်ထပ် မေးလိုက်သည်။
ဖန်းချီက ရှင်းပြလိုက်သည် “နောက်ထပ် အခြား နည်းလမ်းတွေတော့ ရှိသေးတာပေါ့။ ဥပမာဆိုရင် ဂိုဏ်းအကြီးကြီးတွေ ဒါမှမဟုတ် မျိုးနွယ်စုကြီးတွေရဲ့ ထောက်ခံမှုကို ရရင်လည်း ဝင်လို့ရမယ်။ နောက်ထပ်က ခင်ဗျားက မြေကမ္ဘာအဆင့် ဇယားက ကျင့်ကြံသူဆိုရင်လည်း ဖြစ်နိုင်တယ်။ ဒါမှမဟုတ်သေးရင်တော့ လေးလံပွဲကနေ ကြယ်တာရာ တိုက်ပွဲနေရာကို ရယူနိုင်တယ် ... ”
ဖန်းချီက နည်းလမ်း အမျိုးမျိုးကို တစ်ခါတည်း ရှင်းပြ သွားလေသည်။ မိုဝူကျီက သူ့တွင် ကြယ်တာရာ တိုက်ပွဲသို့ ဆင်နွဲရန် နည်းလမ်းနှစ်ခုသာ ရွေးချယ်နိုင်ကြောင်း သိလိုက်သည်။ ပထမက အစစ်အမှန်ရေအဆင့် တက်လှမ်းပြီး ဒုတိယတစ်ခုမှာ နေရာဝယ်ယူခြင်း ဖြစ်သည်။
“အစ်ကိုဖန်း ရှင်းပြတာ ကျေးဇူးတင်ပါတယ်။ ဒီမှာ ကျုပ် မြေပုံပါ။ အစ်ကိုဖန်းကို ပေးခဲ့လိုက်မယ် ...”
မိုဝူကျီက မြေပုံကို လှမ်းပေးခါနီးတွင် မိန်းမလှလေး အသံကို ကြားလိုက်ရသည် “တကယ်လို့ ရှင်တို့တွေက ကြယ်တာရာ တိုက်ပွဲကို သွားချင်ရင် ကျွန်မမှာ နေရာအပိုတချို့ ရှိတယ် ... ”
သူမက ပြောရင်း ကြယ်တာရာ တိုက်ပွဲ အမှတ်အသားပြား လေးခုကို ထုတ်လိုက်သည်။
“စိတ်စွမ်းအင် ကျောက်တုံး ဘယ်လောက်လဲ ...” မိုဝူကျီက မေးလိုက်သည်။ အကယ်၍ သူသာ ဤအမှတ်အသားပြားကို ရရှိခဲ့ပါက သူသည် အစစ်အမှန်ရေအဆင့်ကို အလောတကြီး တက်လှမ်းရန် မလိုတော့ပေ။
မိန်းမလှလေးက နူးနူးညံ့ညံ့ ရယ်မောလိုက်ပြီး “အရင်က ကျွန်မ စကားတွေက မသင့်တော်ခဲ့ဘူး။ ဒီအမှတ်အသားပြားတွေက လျော်ကြေးလို့ပဲ ယူဆလိုက်ပါ။ နှုတ်ဆက်ပါတယ် ရောင်းရင်းတို့ ... နောင်ကျ ပြန်တွေ့ရင် တွေ့ဖြစ်မှာပါ ...”
သူမ စကားအဆုံးတွင် မိန်းမလှလေးက အမှတ်အသားပြားများကို မိုဝူကျီ လက်ထဲ ထည့်ပေးပြီးတော့ လှည့်ကာ ထွက်သွားလေသည်။ မကြာခင်တွင် ပျောက်ဆုံး ကောင်းကင်မြို့ပျက် အတွင်း ပျောက်ကွယ် သွားတော့သည်။
မိုဝူကျီက ကျောက်စိမ်းပြားကို ကိုင်ထားရင်း စိတ်ထဲ၌ တွေဝေမိနေသည်။ ဒါက ဘာအဓိပ္ပာယ်များလဲ။ သူက ထိုလူများကို သိတောင် မသိပေ။
မိုဝူကျီ မယုံမကြည် ဖြစ်နေသည်ကို တွေ့ပြီး ဖန်းချီက ရှင်းပြလိုက်သည် “ဒီအမှတ်အသား ပြားတွေက ကျုပ်တို့အတွက်သာ အဖိုးတန်တာ ... ဂိုဏ်းအကြီးကြီးတွေ အတွက်တော့ ဘာမှ မဟုတ်ဘူး။ ဒီစီနီယာက ခင်ဗျားကို အတော်လေး လေးစားတဲ့ပုံပဲ။ အဲဒါကြောင့် နှုတ်ဆက် လက်ဆောင်အနေနဲ့ ထားခဲ့တာ ... ”
ရိုးရိုးရှင်းရှင်း ဆိုရလျှင် ဤအမှတ်အသားပြား များသည် မျိုးနွယ်စု အကြီးကြီး အတွက်တော့ ညွှန်းဆိုဖို့ရာပင် မထိုက်တန်ပေ။ အနည်းငယ် ချန်ထားပေးခဲ့ခြင်းက နှုတ်ဆက်သည့် သဘောသာ ဖြစ်ပေ၏။
မိုဝူကျီက နားလည် သွားလေသည်။ သူ့တွင် ဒြပ်ငါးမျိုး ကင်းမဲ့နယ်အတွက် နေရာများ ရစဉ်က သူ့အတွက် ထိုနေရာများကို ဤအတိုင်း ပေးပစ်နိုင်လေသည်။ သို့သော် ပျောက်ဆုံး နယ်မြေမှ နယ်လှည့် ကျင့်ကြံသူများအတွက် နေရာ တစ်နေရာစာကား သူတို့ အသက်တမျှ အဖိုးတန်ပေသည်။
မည်သို့ပင် ဆိုစေကာမူ မိုဝူကျီက ထိုကြင်နာမှုကို အမှတ်ရနေမည် ဖြစ်၏။
မိုဝူကျီက ကျောက်စိမ်းပြား သုံးခုနှင့် မြေပုံကို ဖန်းချီတို့ဆီ ပေးပြီး “ကျုပ်အတွက် တစ်ခုဆိုရင် လုံလောက်ပါတယ်။ ကျန်တာ ခင်ဗျားတို့ကို ပေးလိုက်မယ်။ နောင်ကျ ပြန်တွေ့ကြတာပေါ့ ...”
ဖန်းချီက ကျောက်စိမ်းသုံးခုကို လက်ခံထားသော်လည်း မြေပုံကိုတော့ လက်မခံပေ။ ထို့အစား သူက ရုန်ဟယ်နှင့် ရှုန်းရှင်းထန်တို့ကို ကြည့်ကာ
“အခု ငါတို့မှာ ကြယ်တာရာ တိုက်ပွဲသွားဖို့ လိုအပ်ချက် ပြည့်မီပြီ။ ငါတို့တွေ ပျောက်ဆုံး နယ်မြေကို သွားရင် သေဖို့က ၉၉ ရာခိုင်နှုန်း သေချာနေတယ် ဆိုမှတော့ ကြယ်တာရာ တိုက်ပွဲကိုပဲ သွားကြည့်ကြမလား။ ဘယ်ဖြစ်ဖြစ်၊ ညာဖြစ်ဖြစ် အားလုံးက သေဖို့ချည်းပဲ။ ငါတို့တွေ တစ်ခုခု အသုံးဝင်တာ လုပ်နိုင်မှာပါ ...”
***