လခြမ်းကွေးသော့
Vol. 21 Ch. 283
ရှုန်းရှင်းထန်က ချက်ချင်း ပြောလိုက်လေ၏ “ကျုပ်က ကြယ်တာရာ တိုက်ပွဲမှာ ပါချင်တာ ကြာလှပြီ။ အခွင့်အရေး လုံးဝမရခဲ့လို့သာ ... နေရာတိုင်းမှာ ပုန်းလျှိုးကွယ်လျှိုး နေပြီး အရှက်ရသေဖို့က ကျုပ် ရှုန်းရှင်းထန် ဖြစ်ချင်တာ မဟုတ်ဘူး …”
ရုန်ဟယ်က ခေါင်းညိတ်ပြလိုက်ပြီး “ကျွန်မကတော့ စီနီယာအစ်ကိုကြီး စကား နားထောင်ပါ့မယ်။ အစ်ကိုကြီး ဘယ်နေရာ သွားသွား လိုက်ပါ့မယ် ...”
“သွားကြမယ် …” ဖန်းချီက ဆုံးဖြတ်ချက် ပြတ်သားစွာဖြင့် ပြောလိုက်ပြီး မိုဝူကျီဘက် လှည့်ကာ “မိတ်ဆွေ ဒီလိုဆိုမှတော့ ကျုပ်တို့တွေ နှုတ်ဆက်ပါတယ်။ နောင်ကျ ကြယ်တာရာ တိုက်ပွဲမှာ ပြန်တွေ့ဦးမှာပါ ...”
မိုဝူကျီက နားမလည်စွာ ပြောလိုက်သည် “ခင်ဗျားတို့လည်း ကြယ်တာရာ တိုက်ပွဲကို သွားမှာဆိုတော့ ကျုပ်တို့က အတူတူပဲ မဟုတ်ဘူးလား ...”
လက်တွေ့တွင် မိုဝူကျီက ကြယ်တာရာ တိုက်ပွဲနေရာကို မသိသေးပေ။ တစ်ဖက်လူက တည်နေရာတူ သွားမည် ဖြစ်ကာ သူက တခြားသူကို သွား၍ လိုက်မမေးနေတော့ပေ။
“အစ်ကို ကျွန်မတို့က ကျင်းမျိုးနွယ်စုက လူတွေနဲ့ ရန်စရှိထားတာ ဆိုတော့ အတူတူ သွားရင် ပါဝင်ပတ်သက် သွားမှာ စိုးလို့ပါ ...”ရုန်ဟယ်က ဘေးမှ ရှင်းပြလိုက်သည်။
မိုဝူကျီက အားရပါးရ ရယ်မောလိုက်ပြီး “ကျုပ် တာအိုလမ်းစဉ်ကို လျှောက်ကတည်းက ပါဝင်ပတ်သက်တဲ့ ကိစ္စကို ဘယ်တုန်းကမှ မစိုးရိမ်ခဲ့ဖူးဘူး။ ကျုပ်နဲ့ ရန်စရှိတဲ့သူတွေက ကျင်းမျိုးနွယ်စုထက် ပိုအင်အား တောင့်တယ်။ ခင်ဗျားတို့ စိုးရိမ်ရင်တော့ ကျုပ်ကို ကြယ်တာရာတိုက်ပွဲ တည်နေရာကိုပဲ ပြောပြပေးပါ။ ကျုပ်ဘာသာ သွားပါ့မယ် ... ”
ဖန်းချီကလည်း စိတ်လိုလက်ရ ရယ်မောလိုက်ပြီး “အဲလိုဆိုမှတော့ ဘာမှ စိုးရိမ်မနေနဲ့တော့ဗျို့။ အားလုံး အတူတူ သွားကြမယ်။ ဒါနဲ့ ဟုတ်သား ကျုပ်တို့က ဒီကမိတ်ဆွေကို ဘယ်လိုခေါ်ရမလဲ ...”
“ကျုပ်က မိုဝူကျီ ... နယ်လှည့် ကျင့်ကြံသူပါ ...” မိုဝူကျီက လက်နှစ်ဖက် ယှက်လျက် ပြောလိုက်သည်။
“အစ်ကိုမိုက ကျင်းမျိုးနွယ်စုထက် အားကောင်းတဲ့ လူတွေကို ရန်စမိတာ ဆိုတော့ ဘယ်သူများလဲ ...” အပြန်ပြန် အလှန်လှန် မိတ်ဆက်ပြီးနောက် ရှန်ဟယ်က မေးလိုက်သည်။
“ကျုပ်ကြားတာတော့ ကြယ်တာရာ ဘုရင်တောင်က “ရှား” ဆိုတဲ့ နာမည်ပါတယ် ...”
ဖန်းချီနှင့် အခြားလူများက မိုဝူကျီ စကား ကြားသောအခါ တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်မိကြပြီး လေအေးများ မှုတ်ထုတ် လိုက်တော့သည်။ ကျင်းမျိုးနွယ်စု အားကောင်းနေသည့် အကြောင်းအရင်းမှာ သူတို့ အမျိုးသမီး တစ်ယောက်က ကြယ်တာရာ ဘုရင်တောင်ရှိ မျိုးနွယ်ကြီး သုံးခုမှ ဖြစ်သည့် ယန်မျိုးနွယ်စုနှင့် ဆက်စပ် နေသောကြောင့် ဖြစ်သည်။ သူတို့က မိုဝူကျီသည် အဓိက ပင်မမျိုးနွယ်စုကြီး သုံးခုမှ ရှားမျိုးနွယ်စုကို သွားရန်စထားမိမည်ဟု ထင်မထားကြပေ။
ဖန်းချီက ရှုံ့မဲ့စွာ ရယ်လိုက်ပြီး “ညီလေးမိုက တကယ့်လူကို သွားပြီး ရန်စမိတာပဲ။ မိုဝူကျီနဲ့ ယှဉ်ရင်တော့ ကျုပ်က အတော်လေး ရှက်မိပါတယ်ဗျာ။ ကျင်းမျိုးနွယ်စုနဲ့ ရန်ငြိုးရန်စ ဖြစ်ပြီးတော့ ကျုပ်က ပျောက်ဆုံးနယ်မြေကို ထွက်ပြေးချင်ခဲ့တယ်။ ညီလေးမို ကတော့ ရှားမျိုးနွယ်စုနဲ့ ပြဿနာ တက်ထားတာတောင် ကြယ်တာရာ တိုက်ပွဲကို ဝင်ဖို့ ဒီအထိ ရောက်လာတယ် ...”
“အစ်ကိုမိုက ရှားမျိုးနွယ်စုကို ဘယ်လို ရန်စမိတာလဲ ...” အချိန် အတော်ကြာ စကားပြောပြီးသည့် နောက်တွင် အဖွဲ့ကား တစ်ယောက်နှင့် တစ်ယောက် ပိုမို ရင်းနှီးလာကြသည်။ ရှန်ဟယ်က မိုဝူကျီနှင့် ပြောရဆိုရ အဆင်ပြေသည်ကို တွေ့ပြီး သူမ မေးခွန်းများကို ထိန်းချုပ် မထားတော့ပေ။
မိုဝူကျီက သရော်ကာ “ကျုပ်က သူတို့ ရှားမျိုးနွယ်စုက လက်ပါးစေ အချို့ သတ်မိလိုက်လို့ပါ။ အဲဒါကြောင့် ရန်ငြိုးရန်စ ဖြစ်သွားတာ ...”
မိုဝူကျီက လက်ပါးစေ တချို့ကို သတ်လိုက်သည်ကို ကြားပြီး ဖန်းချီနှင့် အခြားလူများက စိတ်ထဲ မထားတော့ပေ။ သူတို့က ရှားမျိုးနွယ်စုသည် လက်ပါးစေအချို အတွက်ဖြင့် မိုဝူကျီကို တသီးတသန့် လိုက်ရှာနေမည် မဟုတ်ကြောင်း ခံစားမိကြသည်။ ရှားမျိုးနွယ်စုကဲ့သို့ မျိုးနွယ်စုကြီး အတွက် လက်ပါးစေအချို့ သေဆုံးမှုကို သတိရမည် မဟုတ်ပေ။
သူတို့အမြင်အရ မိုဝူကျီသည် လူသားနယ်ပယ် အဆင့်မှ လူအချို့ကို သတ်ခဲ့မိပြီး ရှားမျိုးနွယ်စုမှ ဖြစ်နေသော ကြောင့်သာ ကိစ္စများက ကြီးမားလာခြင်း ဖြစ်ရမည်ဟု ထင်နေကြသည်။ သို့သော် သူတို့သာ မိုဝူကျီပြောသည့် လက်ပါးစေထဲတွင် အနိမ့်ဆုံးက စစ်မှန်ခြင်း နတ်ဘုရားအဆင့် ၃ ဖြစ်ပြီး အမြင့်ဆုံးမှာ စစ်မှန်ခြင်း နတ်ဘုရား ပြီးပြည့်စုံခြင်း အဆင့်ထက် ပိုမြင့်သော လောက အင်မော်တယ် ဖြစ်နေကြောင်း သိသွားကြလျှင် သူတို့အကြီးအကျယ် တုန်လှုပ် သွားကြလိမ့်မည်။
ရုန်ဟယ်က သက်ပြင်းချကာ “ကိစ္စမရှိပါဘူး။ လက်ပါးစေ သာသာလေးပဲဟာ ... အစ်ကိုကြီးချီကို ကျင်းမျိုးနွယ်စုက လိုက်ဖမ်းတာက မိန်းမ တစ်ယောက်ကြောင့်ပဲ။ ကျင်းမျိုးနွယ်စု ခေါင်းဆောင်က သတိပေးထားပေမဲ့ ...”
“ဘာလို့ မိန်းမ တစ်ယောက်ကြောင့်လဲ ...” မိုဝူကျီက ဖန်းချီကို ကြည့်လိုက်မိသည်။ ဖန်းချီမှာ သူ့မောင်နှမတွေကို မိန်းမ တစ်ယောက်အတွက် ဆွဲချမည့်သူ မဟုတ်ကြောင်း ခံစားမိသည်။
ရုန်ဟယ်က ဖန်းချီကို ကြည့်ကာ ဆက်မပြောတော့ပေ။
ဖန်းချီက ညည်းညူ လိုက်သည် “အများကြီး ပြောစရာတော့ မရှိပါဘူး။ ကျုပ်က ကျင်းမျိုးနွယ်စုက ကျင်းတန်ဝူကို ချစ်မြတ်နိုး သွားခဲ့တယ်။ ဒါပေမဲ့ သူ့အစ်ကို ကျင်းတန်ဝမ်က ကျင်းမျိုးနွယ်စုရဲ့ လခြမ်းကွေးသော့ကို ခိုးတယ်ဆိုပြီးတော့ ကျင်းမျိုးနွယ်ဆီ တိုင်ကြား လိုက်တယ်။ ကျုပ်တို့ကိုယ်ပိုင် အကြောင်းပြချက် အတွက် ကျင်းတန်ဝူနဲ့ ကျုပ်က လခြမ်းကွေးသော့ အချင်းချင်း လဲလှယ်ထားကြတာ။ အခုတော့ သူမကို ကျင်းမျိုးနွယ်စုက ပိတ်လှောင် ထားတယ်။ အဲဒီနောက်ကျ ကျင်းမျိုးနွယ်စုက ကျုပ် ရှင်းပြချက် နားမထောင်ဘဲ ကျုပ်ကို သတ်ပစ်ချင် နေကြတယ်။ ကျုပ် ကံသာမကောင်းရင် လွတ်လာမှာကို မဟုတ်ဘူး ...”
“လခြမ်းကွေးသော့လား ... ဘာများလဲ …” မိုဝူကျီက ပုံမှန်အတိုင်း မေးလိုက်သည်။
ဖန်းချီက သိုလှောင်အိတ်မှ လခြမ်းကွေး သဏ္ဌာန် သော့ကို ထုတ်ယူကာ မိုဝူကျီဆီ လှမ်းပေးလိုက်သည် “ဒီဟာပါ။ တကယ်တော့ အဲဒါက ဘယ်လို သုံးရမယ်ဆိုတာ ဘယ်သူမှ မသိတော့ အသုံးမတည့်ဘူး။ အနည်းဆုံးတော့ လက်ဆောင် အနေနဲ့ သုံးနိုင်သေးတာပေါ့ …”
မိုဝူကျီက အားရပါးရ ရယ်မောလိုက်ပြီး “ကျင်းမျိုးနွယ်စုက ခင်ဗျားကို သတ်ချင်နေတာ အံ့ဩစရာ မရှိတော့ပါဘူး။ ဒီဟာက သူတို့ အတွက်တော့ အမှန်အသုံးဝင်လို့ နေမှာပေါ့။ ခင်ဗျားက တကယ် ယူလာမှတော့ ဘာလို့ ပြန်မပေးတာလဲ ...”
ဖန်းချီက ခါးသီးစွာ ပြုံးရင်း “လ သွင်ပြင်ရဖို့ လခြမ်းကွေး သော့နှစ်ခု ဆက်ရတယ်။ ကျုပ်ဆီက တစ်ခုက တန်ဝူရဲ့ဟာ။ ကျုပ်အပိုင်က တန်ဝူဆီ ပေးလိုက်ပြီ။ ကျုပ်တို့က ခံစားချက်တွေ လဲလှယ်တဲ့ အနေနနဲ့ ပစ္စည်းတွေ လဲထားတာ ...”
“ခဏနေပါဦး ...” မိုဝူကျီက ဖန်းချီကို ကြည့်ကာ မေးလိုက်သည် “လခြမ်းကွေးသော့က နှစ်ခု ရှိတယ်လို့ ပြောတာနော်။ ဒီဟာက ကျင်းမျိုးနွယ်စုရဲ့ ဟာလား။ ခင်ဗျားရဲ့ ဟာတော့ ကျင်းမျိုးနွယ်စုဆီက ကျင်းတန်ဝူဆီမှာပေါ့ ဟုတ်လား ...”
ဖန်းချီက ခေါင်းညိတ်ပြရင်း “ဟုတ်တယ်လေ။ ကျင်းမျိုးနွယ်စုက အာဏာပြင်းတော့ကျ သူမကို လွတ်မပေးရုံတင် မကဘူး။ သူမကို အမျိုးမျိုး နှိပ်စက် ကြသေးတယ်။ ပြီးတော့ ကျုပ်ကို သတ်ဖို့ လူတွေလည်း လွတ်သေးတယ်။ ကျုပ် ကျင့်ကြံဆင့် နိမ့်နေတော့ကျ ကျင်းတန်ဝူကို မကယ်နိုင်တဲ့အပြင် ရှင်းထန်နဲ့ ရုန်ဟယ်ကိုပါ ဆွဲသွင်းမိ လိုက်သေးတယ် ... ”
မိုဝူကျီက သူ့လက်ထဲမှ သော့ကို လှန်ကြည့်လိုက်ပြီး စစ်ဆေး ကြည့်လိုက်သည်။ ဤလခြမ်းကွေးသော့သည် တစ်မူ ထူးခြားသော်လည်း အမှန်တကယ် နတ်ဘုရား ရွှေနေကြာ သတ္တုနှင့် ပြုလုပ်ထားခြင်း ဖြစ်ရာ ထိလိုက်သည်နှင့် အေးစက်မှုကို ခံစားရစေသည်။
“သတ္တုကောင်းလေးပဲ ...” မိုဝူကျီက အလေးအနက် ပြောလိုက်သည်။
ဖန်းချီက ဝင်ပြောလိုက်သည် “ဟုတ်တယ်ဗျ။ ကျုပ်အဖေ ပြောတာတော့ နတ်ဘုရား ရွှေနေကြာ သတ္တုနဲ့ လုပ်ထားတာတဲ့။ ကျုပ်လည်း ပန်းပဲဆရာတွေကို စစ်ဆေး ကြည့်ခိုင်းတော့ မှန်နေတာ။ နတ်ဘုရား ရွှေနေကြာက အတော်လေး အဖိုးတန်တယ်။ သေးသေးလေး ဆိုပြီးတော့ အထင်မသေးနဲ့ဗျ။ သင်္ဘောပျံမှာ ထည့်ရင် စွမ်းအားက အဆများစွာ တိုးသွားလိမ့်မယ် ...”
မိုဝူကျီက စစ်ဆေးကြည့်လိုက် ပြီးနောက် ဆက်ပြောလိုက်သည် “ခင်ဗျားအဖေက ဘယ်တုန်းက ပေးခဲ့တာလဲ ...”
“လွန်ခဲ့တဲ့ ၃၄ နှစ်လောက်က ... ကျုပ် လေးနှစ်ပဲ ရှိသေးတယ်။ အဲဒီမြင်ကွင်းကို အခုထိ ရှင်းရှင်းလင်းလင်း မှတ်မိသေးတယ်။ ကျုပ်အဖေက ကျုပ်ကို မွေးနေ့လက်ဆောင် အနေနဲ့ လည်ပင်းကို ဆွဲပေးခဲ့တာ။ ပြီးတော့ ကျုပ်အမေက ကျုပ်ရဲ့ တာအိုလက်တွဲဖော်ကို ပေးဖို့ မှာခဲ့တာ ... ပြီးတော့ ကျုပ်တို့ ဖန်းမျိုးနွယ်စုရဲ့ မျိုးဆက်အလိုက် လက်ဆင့်ကမ်း ပေးဖို့ပေါ့ …” ဖန်းချီက တစ်ခါတည်း အားလုံးကို အောက်မေ့တသဖြင့် ပြောလိုက်သည်။
မိုဝူကျီက ပြောလိုက်သည် “ကျုပ်က ခင်ဗျားအပေါ် ကျင်းတန်ဝူ ခံစားချက်တွေက အမှန်တကယ် ဟုတ်လား၊ မဟုတ်လား မပြောနိုင်ပေမဲ့ ခင်ဗျား သူမဆီက လဲလာတဲ့ ဒီလခြမ်းကွေးသော့က အတုကြီးပဲ ...”
ဖန်းချီက ချက်ချင်း ဆိုသလို ဒေါသထိန်းထားရ၍ မျက်နှာကြီး ရဲတက်လာကာ လက်သီး ဆုပ်ထားရင်း ပြောလိုက်သည် “ညီလေးမို .. ခင်ဗျားက ရိုးရှင်းတဲ့ လူမဟုတ်မှန်း သိပါတယ်။ ကျုပ်ကို ဆူဆူဆဲဆဲ ကိစ္စမရှိပါဘူး။ ဒါပေမဲ့ တန်ဝူက ရိုးရိုးတမ်းတမ်း ရိုးသားတဲ့ မိန်းကလေးပါ။ အဲဒါကြောင့် သူမက ခါးသီးတာတွေ ခံစားခဲ့ရတာပေါ့။ ကျေးဇူးပြုပြီး အဲလိုတွေ မပြောပါနဲ့ဗျာ ...”
မိုဝူကျီက ခပ်ယဲ့ယဲ့ ပြုံးကာ “ကျုပ်က သူမ မကောင်းကြောင်း ပြောနေတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီလခြမ်းကွေးက စုံလိုက်ဆိုရင် သူတို့ လုပ်ထားတဲ့ အချိန်ကလည်း တူရမယ်လေ။ ဒီလခြမ်းကွေးက နတ်ဘုရား ရွှေနေကြာက လုပ်ထားပေမဲ့ အထဲက အက္ခရာတွေက ဆယ်နှစ်လောက်တောင် မရှိသေးဘူး။ အဲဒါကြောင့် ဒါက အတုလို့ ပြောတာ ...”
သူက ပြောလိုက်ရင်း မိုဝူကျီက လခြမ်းကွေးသော့ကို ဖန်းချီဆီ ပြန်ပေးလိုက်သည်။ သူက ချူရှင်ကျီ အစီအရင်ကို နှစ်များစွာ လေ့လာထားပြီး အစီအရင်တာအိုအပေါ် လေ့လာသည့် အချိန်က ကျင့်ကြံသည့် အချိန်ထက်ပင် ကျော်လွန် သွားလေပြီ။ သူက ဤလခြမ်းကွေးသော့က အသစ် ဖန်တီးထားကြောင်း မည်သို့ မပြောနိုင်ဘဲ နေမည်နည်း။
ဖန်းချီက လခြမ်းကွေးသော့ကို သိမ်းထားသော်လည်း သူ့မျက်နှာကား မသာယာသေးပေ။ သူက ဘာမှ မပြောသော်လည်း မိုဝူကျီ စကားများကို မကျေနပ်နိုင်ပေ။ သူက ကျင်းတန်ဝူအပေါ် သံသယဝင်မှုများကို လုံးဝ ခွင့်မပြုနိုင်ပေ။
မိုဝူကျီက ပြုံးကာ ဆက်၍ မပြောတော့ပေ။ ဤကိစ္စကား သူနှင့် မသက်ဆိုင်ပေ။ သူက ဖန်းချီနှင့် အခြားလူများအပေါ် အမြင်ကောင်း ရှိသောကြောင့် အကြံပေးခြင်းသာ ဖြစ်၏။
ရုန်ဟယ်က ခေါင်းစဉ်ပြောင်းကာ ပြောလိုက်သည် “အစ်ကိုမိုက မြေကမ္ဘာအဆင့်ဇယား တက်ဖို့ တွေးဖူးလား ...”
“ကျုပ်က မြေကမ္ဘာအဆင့်ဇယားကို ဘယ်လို တက်ရမှာလဲ ...” မိုဝူကျီက တိုတိုတုတ်တုတ် ပြန်မေးလိုက်သည်။
“အလွယ်ဆုံးနည်းက မြေကမ္ဘာအဆင့် ဇယားက လူကို စိန်ခေါ်ပြီးတော့ အနိုင်ယူတာပေါ့။ အဲဒါပြီးရင် သူ့ရဲ့ အဆင့်ကို အစ်ကို ရလိမ့်မယ် ...”
ရုန်ဟယ် ပြောဆိုနေသည့် အကြောင်းအရာက ကျင်းမျိုးနွယ်စု အကြောင်း မပါတော့၍ အားလုံးက စိတ်မပျော်မှုကို မေ့လျော့ သွားကြသည်။ လမ်းတစ်လျှောက်တွင် ဖန်းချီက သားရဲပျံများရန် ကင်းဝေးစေရန် ပျံသန်းရေး သင်္ဘောပျံကို အသုံးမပြုဖို့ အကြံပေးခဲ့သည်။ ထို့ကြောင့် အားလုံးက လမ်းလျှောက်ကာ ခရီးနှင်ခဲ့ကြရသည်။ သူတို့ လျှောက်လာရင်း ကျင့်ကြံခြင်း ခေါင်းစဉ် အမျိုးမျိုးကို ဆွေးနွေးခဲ့ကြသည်။ လေထုကား ပို၍ သက်သောင့်သက်သာ ဖြစ်လာလေသည်။
တစ်လ အကြာတွင် သူတို့အဖွဲ့က ပျောက်ဆုံး ကောင်းကင်မြို့ပျက်မှ ထွက်ခွာနီးပါး ဖြစ်နေသည့်အခါ ပုံရိပ်တစ်ခု ကတိုက်ကရိုက် ပြေးလာသည်ကို တွေ့လိုက်ရသည်။
“အဲဒါ ချူမျိုးနွယ်စုကပဲ ... ကျွန်မတို့ကို အမှတ်အသားပြား ပေးခဲ့တဲ့ အမျိုးသမီးပဲ ...” ရုန်ဟယ်က အံ့ဩတကြီး ရေရွတ် လိုက်သည်။
မိုဝူကျီက ထိုလူမှာ ချူမျိုးနွယ်စုမှ မိန်းမလှလေး ဖြစ်ကြောင်း မှတ်မိလေသည်။ ထိုစဉ် သူမခန္ဓာကိုယ်တွင် သွေးများ ပေပွနေပြီး အသက်ရှူနှုန်းမှာလည်း မမှန်တော့ချေ။ သူမက ဒဏ်ရာ အပြင်းအထန် ခံစားနေရသည်မှာ သိသာလှသည်။
***