အစစ်အမှန်ရေအဆင့် ကျင့်ကြံသူကို တစ်ယောက်တည်း ရင်ဆိုင်ခြင်း
Vol. 21 Ch. 284
အလင်းတန်း တစ်ချက်က မိန်းမလှလေးဆီ ပျံသန်း ရောက်ရှိ လာလေသည်။ မိန်းမလှလေးလည်း မြင်သော်လည်း ဒဏ်ရာ အပြင်းအထန် ရထား၍ မည်သို့ ရှောင်ရှားရမှန်း မသိတော့ပေ။ သို့မဟုတ် ရှောင်ရှားချင်သော်လည်း လုပ်ဆောင်နိုင်စွမ်း မရှိတော့ဟု ဆိုရမလား မသိတော့ပေ။
မိုဝူကျီက လက်ကို မြှောက်ကာ ဓားစွမ်းအား အလင်းတစ်ချက် ပစ်လွှတ်လိုက်သည့်အခါ မိန်းမလှလေးဆီ ဝင်လာသည့် အလင်းတန်းနှင့် ရင်ဆိုင်တွေ့ပြီး ပျောက်ကွယ် သွားစေသည်။
မိုဝူကျီက သူ့ပျောက်ကွယ် ဓားလျှို့ဝှက် ပညာရပ်ကို လေးစားသောကြောင့် လက်ကို ပြန်ကြည့် မိလိုက်သည်။ ထိုအရာက အမှန်ပင် နတ်ဘုရား ဓားခြောက်ချက်နှင့် ဆင်တူပြီး စစ်ဆေး၍ မရသလို နောက်ခံလိုက်၍လည်း မရပေ။ ဤကျင့်ကြံခြင်း လောကတွင် ပျောက်ကွယ်ဓား ပညာရပ်က အလွန် အံ့အားသင့်ဖွယ် ကောင်းသော်လည်း စွမ်းအားမှာမူ သူ့လျှပ်စီး ကျင့်စဉ်ဖြင့် ယှဉ်၍ မရပေ။ သူက လေဟာပြင်ကို ဖြတ်ခွင်း၍ အသုံးပြုနိုင်၍သာ ဖြစ်သည်။
ပျောက်ကွယ်ဓားကို လေဟာပြင်ကို ဖြတ်ခွင့်ပြုလိုက်သည့် အခိုက်အတန့်၌ သူ့စိတ်ထဲတွင် နက်ရှိုင်းသော ဆန္ဒက ဖြစ်တည် လာလေသည်။ သူက တံခါးပိတ် လေ့လာရန် မစောင့်စား နိုင်တော့ပေ။
“ကယ်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ် ...” မိန်းမလှလေးက အနီး ရောက်လာပြီး သူမ အသံမှာ ခပ်ရှရှဖြစ်နေပြီး ခန္ဓာကိုယ်မှာ တုန်ယင် နေလေသည်။ ရုန်ဟယ်က အလျင်အမြန် သွားထိန်းပေး လိုက်ရသည်။
“မင်းတို့က ငါတို့နဲ့ ရင်ဆိုင်ချင်တာလား ...” မိန်းမလှလေးနောက် လိုက်လာသည့် အနက်ဝတ် အမျိုးသားက သူတို့ဆီ ချဉ်းကပ် လာလေသည်။ သူက ချက်ချင်း မတိုက်ခိုက်သေးဘဲ မိုဝူကျီအား ကြည့်၍ သုန်မှုန်စွာ ပြောလိုက်သည်။
အကယ်၍ မိုဝူကျီ၏ ပျောက်ကွယ် ဓားကြောင့်သာ မဟုတ်လျှင် မိုဝူကျီ၏ ကျင့်ကြံဆင့်ကို သံသယ ဖြစ်မိလိမ့်မည်။ သူက အစစ်အမှန်ရေအဆင့် ကျင့်ကြံသူ ဖြစ်၍ ယွမ်ဒန်အဆင့် ကျင့်ကြံသူကို အဘယ်ကြောင့် ကြောက်ရွံ့ နေရမည်နည်း။
မိုဝူကျီက မိန်းမလှလေးကို ချက်ချင်း ဆေးလုံး မပေးသေးဘဲ ဖန်းချီနှင့် ကျန်လူများဆီ လှည့်ကာ မေးလိုက်သည် “အစ်ကိုဖန်း ဘယ်လိုလုပ်မှာလဲ ...”
နောက်မှ လိုက်လာသူမှာ အစစ်အမှန်ရေ အခြေခံ အဆင့် ကျင့်ကြံသူ ဖြစ်၍ မိုဝူကျီက မကြောက်ရွံ့ပေ။ သူက ဖန်းချီနှင့် ကျန်လူများကို မေးသည့် အကြောင်းအရင်းမှာ ဖန်းချီက သူတို့ ဝင်မစွက်ဖက် သင့်ကြောင်း ထင်ကြလျှင် သူက သူတို့နှင့် ချက်ချင်း လမ်းခွဲမည် ဖြစ်၏။
ဤမိန်းမလှလေးမှာ သူတို့ကို ကြယ်တာရာ တိုက်ပွဲအတွက် အမှတ်အသားပြား တစ်ခုစီ ပေးခဲ့ဖူးသည်။ မိုဝူကျီအတွက် ထိုသည်က ကြင်နာမှု လုပ်ရပ် ဖြစ်ပြီး သေးငယ်သည် ဖြစ်စေ၊ ကြီးမားသည် ဖြစ်စေ ကြင်နာမှု အားလုံးကား အတူတူပင် ဖြစ်သည်။
ဖန်းချီက တွေဝေခြင်းမရှိ ရယ်မောကာ ရှေ့တက်လာပြီး “ကျုပ်တို့က ချူသခင်မလေး အကူအညီ လက်ခံထားမှတော့ အစစ်အမှန်ရေအဆင့် ကျင့်ကြံသူကို ဘာလို့ ကြောက်နေရမှာလဲ ... ပြီးတော့ ကျုပ်နောက်ကို လိုက်နေတာ ဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့် ကျင့်ကြံသူတွေပဲလေ …”
အနက်ဝတ် အမျိုးသားမှာ မိန်းမလှလေးကို မြင်ပြီး နောက်မှ လိုက်လာခြင်း ဖြစ်ရမည်။ ဖန်းချီက အတွေ့အကြုံ ရှိသည့်အတွက် တစ်ချက်တည်းဖြင့် ထိုသူက အစစ်အမှန်ရေအဆင့် ဖြစ်ကြောင်း ပြောနိုင်သည်။
ရှုန်းရှင်းထန်နှင့် ဖန်းချီတို့က ရှေ့တက်လာပြီး ရုန်ဟယ်မှာ မိန်းမလှလေးကို ကူညီတွဲကာ နောက်ဆုတ် သွားလေသည်။
မိုဝူကျီက လက်တစ်ချက် ဝှေ့ယမ်း လိုက်သည့်အခါ တျန်းဂျီတုတ် ပေါ်လာလေသည်။ ထို့နောက် ရှေ့ထွက်လာပြီး “အစ်ကိုဖန်း ကျုပ်ကို စောင့်ကြည့်ပေး .. အစစ်အမှန် ရေအဆင့် ... ကျုပ် ဘယ်လောက် တိုးတက်လာလဲ စမ်းကြည့်ချင်တယ် ...”
မိုဝူကျီက အစစ်အမှန်ရေအဆင့် ကျင့်ကြံသူ၊ ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့်နှင့် စစ်မှန်ခြင်း နတ်ဘုရားအဆင့် ကျင့်ကြံသူများကို သတ်ဖူးသော်လည်း ထိုအရာများက သူ့ကိုယ်ပိုင် စွမ်းအားဟု ထည့်တွက်၍ မရချေ။ ယခု သူက ယွမ်ဒန်အဆင့် ၁၂ သို့ ရောက်နေပြီ ဖြစ်ရာ အစစ်အမှန်ရေအဆင့် ရောက်ဖို့ ခြေတစ်လှမ်းသာ လိုအပ်တော့ လေသည်။ သူက ထိုခြေတစ်လှမ်း မည်မျှကွာခြားကြောင်း သိချင်မိသည်။
ဖန်းချိက မိုဝူကျီသည် ရှေ့တစ်ယောက်တည်း တက်သွားသည်ကို မြင်၍ အံ့ဩသွားသော်လည်း သူက ရှင်းထန်ကိုသာ ပြောလိုက်သည် “ရှင်းထန် ... ငါတို့နှစ်ယောက်က ဘေးမှာ စောင့်နေမယ်။ တကယ်လို့ ညီလေးမို အခြေအနေ မကောင်းရင် ငါတို့တွေ ဆက်တိုက် ဝင်တိုက်မယ် ...”
“ဟုတ်ပြီ ...” ရှင်းထတ်က ဧရာမတူကြီးကို ကိုင်ဆွဲရင်း ပြောလိုက်သည်။ သူ့အဆင့်အတန်းကား သေးငယ်သော်လည်း သူ့လက်နက်မှာ အချဲ့ကားထားဆုံး ဖြစ်သည်။
အစစ်အမှန်ရေအဆင့် ကျင့်ကြံသူက မိုဝူကျီနှင့် အခြားလူများကို မခြောက်လှန့် နိုင်သည်ကို တွေ့သောအခါ အဓိပ္ပာယ်မရှိတာတွေ မပြောတော့ဘဲ မိုဝူကျီဆီ အလင်းဓား နှစ်ချက်သာ ပစ်လွှတ် လိုက်သည်။
အစစ်အမှန်ရေအဆင့် ကျင့်ကြံသူအနေနှင့် ကျင့်ကြံသူ ခန္ဓာအတွင်းမှ ရွှေအမြုတေကား ကွဲကြေသွား၍ သဘာဝ စွမ်းအားကန် ဖြစ်ပေါ်လာပြီ ဖြစ်၏။ ယွမ်ဒန်အဆင့် ကျင့်ကြံသူက မည်မျှပင် အားကောင်းစေကာမူ ရွှေအမြူတေ၏ စွမ်းရည်က စွမ်းအားကန်ကိုတော့ မယှဉ်နိုင်ပေ။ ယွမ်ဒန်အဆင့် ကျင့်ကြံသူ၏ သဘာဝစွမ်းအားများက ရွှေအမြုတေ တစ်နေရာတည်းမှ ထွက်ပေါ်လာစဉ် အစစ်အမှန်ရေအဆင့် ကျင့်ကြံသူ၏ သဘာဝ စွမ်းအားများက အဆုံးမရှိ ထွက်ပေါ ်နေလေသည်။
ဤအစစ်အမှန်ရေ အဆင့် ကျင့်ကြံသူ၏ အလင်းဓားနှစ်ချက်က မများသော်လည်း မိုဝူကျီက သူ့ပတ်ဝန်းကျင် နေရာကား တစ်ဖက်လူ၏ သဘာဝ စွမ်းအားကွင်းထဲ ကျရောက်သွားပြီ ဖြစ်ကြောင်း သိလိုက်သည်။
သဘာဝ စွမ်းအားကွင်းမှ ထိန်းချုပ်မှုထဲ ကျရောက်နေစဉ် ယွမ်ဒန်အဆင့် ကျင့်ကြံသူအတွက် သေလုနီးပါး ဖြစ်သွားနိုင်သည်။ ယွမ်ဒန်အဆင့် ကျင့်ကြံသူ၏ သဘာဝ စွမ်းအားများက ကြွယ်ဝသော်လည်း အစစ်အမှန်ရေအဆင့် ကျင့်ကြံသူ၏ သဘာဝစွမ်းအား ကွင်းကိုတော့ အချိန်တိုအတွင်း ဖယ်ရှားနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် အစစ်အမှန်ရေအဆင့် ကျင့်ကြံသူများက ယွမ်ဒန်အဆင့် ကျင့်ကြံသူများကို စက္ကန့်ပိုင်းလေးအတွင်း သတ်ပစ်နိုင်ကြခြင်း ဖြစ်သည်။
အားလုံးက ရိုးရှင်းသော ရှင်းပြချက်နှင့် တူသော်လည်း တစ်ဆင့်လေး ကွာခြားနေခြင်းကို မြင်သာစေသည်။
ကံဆိုးလှစွာ ယွမ်ဒန်အဆင့် ကျင့်ကြံသူက မိုဝူကျီ ဖြစ်နေလေသည်။ မိုဝူကျီက ယွမ်ဒန်အဆင့် ၁၂ ဖြစ်သော်လည်း သူ့ခန္ဓာတွင် ရွှေအမြုတေ မရှိသလို အစစ်အမှန်ရေလည်း မရှိချေ။ ထို့အစား ခရမ်းရောင် ဖြစ်တည်ခြင်းသာ တည်ရှိလေသည်။
အစစ်အမှန်ရေအဆင့် ကျင့်ကြံသူ၏ သဘာဝစွမ်းအားကွင်း ဖိနှိပ်လာသည်ကို ခံစားမိ၍ မိုဝူကျီ၏ ခရမ်းရောင် ဖြစ်တည်မှုက စတင်၍ နှိုးကြားလာကာ သူ့ချီသွေးကြော ၁၀၂ခုလုံးမှ သဘာဝ စွမ်းအားများ ဆက်တိုက် ထွက်ပေါ် လာလေသည်။ ထိုသည်က ယွမ်ဒန်အဆင့် ကျင့်ကြံသူ ရရှိနိုင်သည့် စွမ်းဆောင်ရည် မဟုတ်ချေ။
“ဘမ်း ...” ခရမ်းရောင် ဖြစ်တည်မှုနင့် သဘာဝ စွမ်းအင်ကွင်းတို့ တွေ့ဆုံသွားကြပြီး ကောင်းကင်တစ်ခွင် ပေါက်ကွဲမှုများ ဖြစ်ပေါ်လာသည်။ ဝန်းကျင်ရှိ ကျောက်တုံးများ၊ သဲများလည်း နေရာအနှံ့ လွင့်စဉ် သွားသည်။
“ဒေါင် ...” တျန်းဂျီတုတ်က အလင်းဓား နှစ်ချက်နှင့် တွေ့ဆုံသောအခါ အလင်းတန်းက အရပ်မျက်နှာအနှံ့ ပြန့်သွားလေသည်။
ထိုသည်က အပေါ်ယံသွင်ပြင်မှ ကြည့်လျှင် မိုဝူကျီက ထိုအလင်းဓားများကို ခုခံဖို့ရာ တျန်းဂျီတုတ်ကိုသာ အသုံးပြုခဲ့ခြင်း ဖြစ်၏။ သို့သော် အစစ်အမှန်ရေအဆင့် ကျင့်ကြံသူက အဖြစ်အပျက် အားလုံးကို နားလည်လိုက်သည်။ အကယ်၍ မိုဝူကျီသာ သူ့စွမ်းအင်ကွင်း၌ ထိန်းချုပ်ခံနေရလျှင် သူ့အလင်းဓားကို တားဆီးဖို့ရာက အိပ်မက်သာ ဖြစ်လိမ့်မည်။ ထိုအရာမှာ တျန်းဂျီတုတ်နှင့် အလင်းဓားကြားမှ ယှဉ်ပြိုင်ခြင်း မဟုတ်ဘဲ သဘာဝ စွမ်းအားများ ယှဉ်ပြိုင်ခြင်း ဖြစ်သည်။
သဘာဝစွမ်းအင် ကွင်းက မိုဝူကျီ ၏ ခရမ်းရောင် ဖြစ်တည်ခြင်းကြောင့် အစိတ်စိတ် အမြွှာမြွှာ ကွဲကြေသွားခြင်း ဖြစ်သည်။ မိုဝူကျီ တစ်ကိုယ်လုံးကို ထိန်းချုပ် ကန့်သတ်ထားသည့် အရာများ မရှိတော့၍ သူ့တျန်းဂျီတုတ်မှာ ပိုမြန်ဆန်လာကာ အစစ်အမှန်ရေအဆင့် ကျင့်ကြံသူ၏ ဦးခေါင်းကို ချိန်ရွယ်ရင်း တုတ်အရိပ်များစွာ ထွက်ပေါ် လာလေသည်။
“မင်းလည်း အစစ်အမှန်ရေအဆင့်လား ...” အစစ်အမှန်ရေအဆင့် ကျင့်ကြံသူက မယုံကြည်နိုင်စွာ ရေရွတ်လိုက်သည်။ သူက မိုဝူကျီသည် အစစ်အမှန်ရေအဆင့် ရောက်နေလိမ့်မည်ဟု ထင်မထားပေ။
ကျင့်ကြံသူ၏ ကျင့်ကြံခြင်း၌ အဆင့်အတန်း ရှိပေသည်။ သူ့ရန်သူက အဆင့်နိမ့်နေလျှင် တစ်ဖက်လူ၏ ကျင့်ကြံဆင့်ကို ပြောပြနိုင်လိမ့်မည်။ သို့သော် ကံမကောင်းသည်က သူ့ပြိုင်ဘက်တွင် ကျင့်ကြံဆင့် ဖုံးကွယ်ရေး နည်းစနစ်များ ရှိနေလေရာ တစ်ဖက်လူ၏ ကျင့်ကြံဆင့်ကို မမြင်နိုင်ချေ။ ယခင်က အစစ်အမှန်ရေအဆင့် ကျင့်ကြံသူသည် မိုဝူကျီ၏ ကျင့်ကြံဆင့် အမှန်ကို မပြောနိုင်သော်လည်း အစစ်အမှန်ရေ အဆင့်ထက် နိမ့်မှန်းတော့ ခံစားမိသည်။
သို့သော် မိုဝူကျီက သူ့အစစ်အမှန်ရေ သဘာဝ စွမ်းအင်ကွင်းကို အလွယ်တကူ ချိုးဖျက်နိုင်ရုံသည် သာမက ပြန်လည် တိုက်ခိုက်နိုင်သေးသည်။ သူက ယခင် မှန်းဆချက်များ မှားယွင်း သွားကြောင်း သိလိုက်ရပြီး တစ်ဖက်လူမှာ အစစ်အမှန်ရေအဆင့် ကျင့်ကြံသူ ဖြစ်နေလေသည်။
သူ့ဓားက သက်တံဓားအဖြစ် ပြောင်းလဲသွားပြီး မိုဝူကျီ၏ တျန်းဂျီတုတ်ကို နောက်တဖန် ပြန်ရိုက်ခတ် လိုက်သည်။ “ဘမ်း ...” ဟူသော အသံနှင့်အတူ မြေငလျင်ကဲ့သို့ တုန်ခါ သွားလေသည်။ အားကောင်းသော တုံ့ပြန်အားကြောင့် မိုဝူကျီက ခြေလှမ်း အနည်းငယ် ဆုတ်လိုက်ရသည်။
“မင်းက အစစ်အမှန်ရေ အဆင့်တော့ မဟုတ်သေးဘူး ...” အစစ်အမှန်ရေ အဆင့် ကျင့်ကြံသူမှာလည်း မိုဝူကျီထက် အခြေအနေ မကောင်းလှချေ။ သူလည်း ခြေလှမ်းအတော် ဆုတ်လိုက်ရသည်။ ထိုစဉ် သူ့မျက်နှာတွင် တုန်လှုပ်မှုများ ကြီးစိုးနေပြီး အကယ်၍ မိုဝူကျီသာ အစစ်အမှန်ရေအဆင့် ဖြစ်နေပါက သူက ထိုမျှ အံ့ဩမည် မဟုတ်ပေ။ သို့သော် မိုဝူကျီက အစစ်အမှန်ရေအဆင့် မဟုတ်သေးချေ။ ယွမ်ဒန်အဆင့် ကျင့်ကြံသူက သူနှင့် ထိုမျှအထိ တိုက်ခိုက်နိုင်သည်က မကြားဖူးသော အရာ ဖြစ်၏။
မိုဝူကျီ၏ သဘာဝ စွမ်းအားများက အားကောင်း လှသော်လည်း အစစ်အမှန်ရေ သဘာဝစွမ်းအားများ ကဲ့သို့တော့ မဟုတ်သေးပေ။
သူက ထိုလူကို လုံးဝ အသက်ရှင်ခွင့် မပေးနိုင်ပေ။ အစစ်အမှန်ရေ အဆင့် ကျင့်ကြံသူက တွေးမိသောကြောင့် လှည့်ကာ ထွက်သွားလိုက်သည်။ သူက မိုဝူကျီကို အသက် ဆက်မရှင်စေ သော်လည်း သူက ကိုယ်တိုင် တိုက်ရန် မရည်ရွယ်ထားပေ။ သူက ထိုကိစ္စကို အထက်ကို သတင်းပို့ရန် လိုအပ်ပေသည်။ မိုဝူကျီနှင့် ယှဉ်တိုက် ထားသည့်အတွက် သူက မိုဝူကျီကို မသတ်နိုင်မှန်း သိ၏။ ကောင်းကင်ဘုံကို သွေဖည်မည့် ယွမ်ဒန်အဆင့် ကျင့်ကြံသူ ပေါ်လာလေပြီ။ အကယ်၍ ဤယွမ်ဒန်အဆင့် ကျင့်ကြံသူသာ အရွယ်ရောက်လာပါက သူ့အဖွဲ့အစည်းအတွက် ကျိန်စာတစ်ခု ဖြစ်လာလိမ့်မည်။
ထွက်ပြေးချင်တာလား ...
မိုဝူကျီ၏ တျန်းဂျီတုတ်က နောက်တစ်ဖန် တုတ်အရိပ်များစွာ ထွက်သွားသည့် တစ်ချိန်တည်းတွင် သူက လျှပ်တစ်ပြက် လျှပ်စီး ဆယ်ချက်ကို ထုတ်လွှင့်လိုက်သည်။
“ဘမ်း ဘမ်း ... ” လျှပ်စီးဆယ်ချက်က အစစ်အမှန်ရေအဆင့် ကျင့်ကြံသူ၏ ထွက်ပြေးရာ လမ်းကြောင်းကို ပိတ်ဆို့ ထားလိုက်လေသည်။ အကယ်၍ သူသာ ဆက်လက် ထွက်ပြေးပါက သေချာပေါက် မိုဝူကျီ၏ လျှပ်တစ်ပြက် လျှပ်စီး လက်ချက် မိပေလိမ့်မည်။
ဤအစစ်အမှန်ရေအဆင့် ကျင့်ကြံသူက မိုဝူကျီသည် ထိုမျှ ဇွဲကောင်းလိမ့်မည်ဟု ထင်မထားပေ။ မိုဝူကျီ စွမ်းရည်က သူ့နှင့်ယှဉ်၍ ရရုံသာမက မိုဝူကျီသည် အကြံစည်ချ၍ တွက်ချက်တတ်သည့် လူစားမျိုး ဖြစ်နေပြန်သည်။ ထိုသို့သော လူစားမျိုးက အန္တရာယ် အများဆုံး ဖြစ်၏။
မိုဝူကျီက အဆင့်ယှဉ်နိုင်သော လူစာမျိုး ဖြစ်နေသည့်အပြင် သူ့တွက်ချက် တတ်သည့် လှည့်ကွက်များကို ထည့်ပေါင်း လိုက်ပါက သူ့ခြိမ်းခြောက်နိုင်စွမ်းက အဆများစွာ တိုးသွားနိုင်သည်။
အစစ်အမှန်ရေအဆင့် ကျင့်ကြံသူက ထွက်ပြေးဖို့ရာ ပို၍ လောလာလေသည်။ ထိုသို့သော ယွမ်ဒန်အဆင့်နှင့် ရင်ဆိုင်ဖို့ရာ စစ်မှန်ခြင်း နတ်ဘုရားအဆင့် သို့မဟုတ် ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့်တို့သာ တတ်နိုင်ပေလိမ့်မည်။ သူက အစစ်အမှန်ရေအဆင့် ၂ တွင်သာ ရှိသေးသောကြောင့် အများဆုံးက နံရိုးအကျိုးခံပြီး ထွက်ပြေးရုံသာ တတ်နိုင်ပေလိမ့်မည်။
ကံကောင်းသည်က အစစ်အမှန်ရေအဆင့် ကျင့်ကြံသူက မိုဝူကျီ လှည့်ဖြားမှုကို သိသွားပြီးပြီ ဖြစ်သည့်အတွက် သူ့ထွက်ပြေးမှုကား ထိုမျှမရိုးရှင်းမှန်း သဘောပေါက် လိုက်သည်။ သူက ဆက်၍ မပြေးတော့ဘဲ ဓားကို ထုတ်၍ ဝှေ့ယမ်းလိုက်သည်။
“ဘမ်း ...” သူ ထင်ထားသည့်အတိုင်း သူ့ဓားကို မိုဝူကျီ၏ တျန်းဂျီတုတ်က ကာဆီးထားလိုက်၍ ကမ္ဘာတုန်လှုပ်မတတ် အသံများ ထွက်ပေါ် လာလေသည်။
သူ့ကျင့်ကြံဆင့်က မိုဝူကျီထက် ပိုမြင့်၍ မိုဝူကျီ လှည့်ဖြားမှုကို နှစ်ကြိမ် ကာကွယ်ခဲ့သော်လည်း အစစ်အမှန်ရေအဆင့် ကျင့်ကြံသူမှာ အမှန်ပင် ကြောက်ရွံ့ လာမိသည်။
သူက မိုဝူကျီ၏ တတိယအကြိမ် ရောက်ရှိ လာတော့မည်ကို မသိပေ။ သူက ထိုသို့လှည့်ဖြားတတ်သည့် ပုံစံမျိုး တိုက်ကွက်များကို အမှန်ပင် မုန်းတီး လှပေသည်။
ဘာကြောင့် တည့်တည့် မတိုက်ခိုက်ကြတာလဲ ...
မဟုတ်သေးပေ။ အစပိုင်းတွင် သူတို့က တိုက်ရိုက် တိုက်ခိုက်ခဲ့ကြပြီး သူက အရင်ဦးစွာ နောက်ဆုတ် ခဲ့ရလေသည်။ အစစ်အမှန်ရေအဆင့် ကျင့်ကြံသူ စိတ်ထဲ လေးလံသွား၏။ သူက အခွင့်အရေး ဆုံးရှုံးလိုက်မှန်း သိလိုက်မိသည်။ သူက လုံးဝ ထွက်မပြေးသင့်ပေ။ အကယ်၍ သူက ထွက်ပြေးလိုလျှင်လည်း သူ အရေးသာနေသည့် အချိန်တွင် လုပ်ဆောင်သင့်၏။
ထိုသူက မည်မျှပင် ကြံစည်စေကာမူ သူက လွတ်မြောက်မည် မဟုတ်တော့ပေ။ သူ့စွမ်းဆောင်ရည် အားလုံးကို အသုံးပြု၍ တိုက်ခိုက်ရမည်။ အစစ်အမှန်ရေအဆင့် ကျင့်ကြံသူက ဆုံးဖြတ်ချက် ခိုင်မာစွာ ချမှတ်လိုက်သည်။ သူ့ဓားက ဧရာမ ဓားအလင်းများ ဖြစ်ပေါ်လာပြီး မိုဝူကျီကို တစ်ယောက်ချင်း တိုက်ခိုက်ရန် ဆုံးဖြတ်ထားသည်။ သူက မိုဝူကျီသည် မည်မျှပင် ထူးချွန်စေနေပါစေ သူကို ကျော်လွှားနိုင်မည် မဟုတ်ကြောင်း ယုံကြည်ထားသည်။
သို့သော် သူက ဧရာမဓားအလင်း ဖော်လိုက်သည့် အချိန်တွင် ကြောင်အမိ သွားသည်။ သူ ကြံစည်နေသည့် မိုဝူကျီက ပျောက်ကွယ် သွားလေသည်။
မဟုတ်သေးပေ ... ထိုသည်က ဖုံးကွယ်ရေး နည်းစနစ် ဖြစ်လေ၏။
ဖုံးကွယ်ရေး နည်းစနစ်ကို ချိုးဖျက်ဖို့ရာ လွယ်ကူသည့် အရာကား သဘာဝစွမ်းအားကွင်း ဖြစ်သည်။ ဤအစစ်အမှန်ရေအဆင့် ကျင့်ကြံသူက စိတ်ထဲတွင် နောင်တကြီးစွာ ရသွားလေသည်။ ယခု သူက ထွက်ပြေးဖို့ရာ မပြင်လိုက်သင့်ပေ။ သူ့ထွက်ပြေးမှုကြောင့် သူက သဘာဝ စွမ်းအားကွင်းကို သိမ်းလိုက်မိသည်။ မဟုတ်လျှင် တစ်ဖက်လူက သူ့သဘာဝ စွမ်းအားကွင်းကို မကြောက်သော်လည်း သဘာဝစွမ်းအားကွင်း ရှိနေလျှင် သူ့ပြိုင်ဘက်က ထိုနည်းစနစ်ကို အသုံးပြုနိုင်မည် မဟုတ်ပေ။
သူက သဘာဝ စွမ်းအားများကို အပြည့်အဝ ထုတ်မပြခင် ကြောက်မက်ဖွယ် အငွေ့အသက်တို့က သူ့ခါး ညာဘက်ပိုင်းဆီ ရောက်ရှိ လာလေသည်။
ဤအစစ်အမှန်ရေအဆင့် ကျင့်ကြံသူက သက်ပြင်းချမိလိုက်သည်။ သူ့ပြိုင်ဘက်မှာ နောက်ဆုံး၌ ပေါ်လာလေပြီဖြစ်ရာ သူ့ကျင့်ကြံဆင့်မှာ သူ့ပြိုင်ဘက်ထက် ပိုမြင့်နေသည်က ကံကောင်းလှသည်။ နောက်အခိုက်အတန့်တွင် သူက စိတ်အေးမိတာ စောလွန်းသွားကြောင်း သိလိုက်ရသည်။ ထိုကြောက်မက်ဖွယ် စွမ်းအားက သူ့ခါးဆီ ရောက်မလာခင် သူက ရှောင်လိုက်သောကြောင့် နောက်စွမ်းအား တစ်ခုက သူ့ဒန်တျန်းကို ဖြတ်သွားကာ ပြင်းထန်သော ပေါက်ကွဲမှုကြီး ဖြစ်သွားလေ၏။
လျှပ်စီးပဲ လာပြန်ပြီလား ...
အစစ်အမှန်ရေအဆင့် ကျင့်ကြံသူက စိတ်ထဲတွင် ကျိန်ဆဲ လိုက်တော့သည်။ သူက သဘာဝ စွမ်းအားများကို ခံစားမိသော်လည်း ရုတ်တရက် ပြန်ပျောက်ကွယ် သွားပြန်သည်။ ထိုသို့သော တိုက်ပွဲမျိုးက အရမ်း အန္တရာယ်များလှပြီး သူက လှည့်ဖြားမှု အားလုံးကို အမြဲတမ်း စိုးရိမ်နေရသည်။ ယခုလေးတွင် သူခံစားလိုက်ရသော ခါးနားမှ ကြောက်မက်ဖွယ် စွမ်းအားက အတုအယောင် ဖြစ်နေလေသည်။ အခွင့်အရေးသာ ထပ်ရှိမည်ဆိုလျှင် သူက ထိုကြံစည် လှည့်ဖြားတတ်သည့် ယွမ်ဒန်အဆင့် ကျင့်ကြံသူအစား အစစ်အမှန်ရေ အဆင့်မြင့်မှ ကျင့်ကြံသူနှင့်သာ တိုက်လိုက်ချင် တော့သည်။
ထိုစဉ် လေဟုန်ခွင်း၍ သံမဏိတုတ် ပေါ်လာပြီး သူ့ဦးခေါင်းခွံကို ရိုက်ခွဲ လိုက်လေသည်။
သူ့ပြိုင်ဘက်က ဒဏ်ရာ အပြင်းအထန် ရနေသော်လည်း မိုဝူကျီက အခွင့်အရေးပေးဖို့ရာ စိတ်ကူးမရှိပေ။
“ဖူး ...” သွေးများက နေရာအနှံ့ လွင့်စဉ်သွားပြီး မိုဝူကျီက ဖုံးကွယ်အစီအရင်ကို သိမ်းလိုက်သောကြောင့် သူ့ပုံရိပ်က ပြန်ပေါ် လာလေသည်။
***