← Chapters

ကိုယ် မင်းကို အရမ်းချစ်လို့ပါကွာ

Vol. 21 Ch. 286

ကိုယ် မင်းကို အရမ်းချစ်လို့ပါကွာ

Vol. 21 Ch. 286

မိုဝူကျီက သူ့ခန့်မှန်းချက် မှန်ကန်ကြောင်း ပြဖို့ရာ အချက်ကျကျ ရှင်းလင်း ပြသွားသဖြင့် ရှုန်းရှင်းထန်နှင့် ရုန်ဟယ်တို့က ဖန်းချီကို ကြည့်လိုက်ကြသည်။ သို့သော်လည်း သူတို့ အစ်ကိုကြီးမှာ ကျင်းတန်ဝူကို အလွန်ယုံကြည်၍ မိုဝူကျီ အကြံပေးချက်များကို လုံးဝ လျစ်လျူရှု ထားလေသည်။

ဖန်းချီက ကျင်းမျိုးနွယ်စု အကြောင်းပြောရန် ရည်ရွယ်ချက် မရှိသည်ကို တွေ့သည့်အခါ နှစ်ယောက်သား စိတ်ထဲ၌ သက်ပြင်းချရင်း တိုးတိုး တိတ်တိတ်သာ နေလိုက်ကြသည်။

ချူချင်းလောင်က အဆိပ်မိနေသောကြောင့် မလှုပ်ရှား နိုင်သေးပေ။ ထို့ကြောင့် မိုဝူကျီနှင့် ကျန်လူများက သူမကို အဖော်ပြုပေးနေခြင်း ဖြစ်သည်။

တစ်ရက်အကြာတွင် မိုဝူကျီ ခန့်မှန်း ထားသည့်အတိုင်း ချုချင်းလောင် အဆိပ်က ပျောက်ကွယ်သွား၍ ဖြည်းဖြည်းချင်း အင်အား ပြန်ရလာ၏။

“အစ်မချူလည်း ပြန်ကောင်းလာပြီ ဆိုတော့ ကျုပ်တို့လည်း နှုတ်ဆက်သင့်ပြီပဲ ...” သူမက ပြန်ကောင်း လာသည်ကို တွေ့ပြီး မိုဝူကျီက အရင်ဦးစွာ နှုတ်ဆက် လိုက်သည်။

ထိုသည်က ချူမျိုးနွယ်စု အတွင်းရေး ဖြစ်ကာ မိုဝူကျီက လိုအပ်သည်များ ကူညီပေးပြီးပြီ ဖြစ်၍ နှုတ်ဆက်လိုက်ခြင်း ဖြစ်သည်။ ချူချင်းလောင်က မိုဝူကျီကို နောက်တစ်ကြိမ် ဦးညွှတ်ကာ “ဝူကျီ ... ရှင်က ထူးခြားတဲ့လူဆိုတာ ကျွန်မ သိပါတယ်။ ကျွန်မနဲ့ ချူမျိုးနွယ်စုဆီ လိုက်ပြီးတော့  ကျီဟန်ကို ခေါ်လို့ရအောင် ကူညီပေးနိုင်မလား ...”

မိုဝူကျီက ခဏတာ စဉ်းစား လိုက်လေသည်။ အကြောင်းမှာ သူက ထိုသို့ ကိစ္စရပ်မျိုးတွင် ပါဝင် ပတ်သက်လိုစိတ် မရှိချေ။

ချူချင်းလောင်က မိုဝူကျီ တွေဝေမှုကို သတိပြုမိ၍ အလျင်အမြန် ဆက်ပြောလိုက်သည်။

“ချိုးဟယ် သစ္စာဖောက်တာက ရိုးရှင်းမှာ မဟုတ်ဘူး မျိုးနွယ်စုက တစ်ယောက်ယောက်က အရိုက်အရာ လိုချင်ပြီးတော့ သူ့ကို အဲဒီလိုလုပ်ခိုင်းတာ ဖြစ်လိမ့်မယ်။ သူက ချူမျိုးနွယ်စုကို သစ္စာရှိဦးမယ်လို့ ယုံကြည်တယ် ... ချူမျိုးနွယ်စုရဲ့ အင်အားကို ကျွန်မ ကောင်းကောင်း သိတယ်။ ကျွန်မက အားအကောင်းဆုံးဆိုတော့ ဘယ်သူမှ ကျွန်မတိုကို ခြိမ်းခြောက်ရဲမှာ မဟုတ်ဘူး။ ကျွန်မ ကျီဟန်ကို သွားခေါ်လာရုံပါပဲ။  ရှင်က ကျွန်မထက် အတွေ့အကြုံ ပိုများတယ် ဆိုတော့ ရှင့်ဆုံးဖြတ်ချက်တွေက ကျွန်မထက် ပိုသာမှာပဲ။ ကျွန်မနဲ့ အဖော်လိုက်ဖို့ ခေါ်တာက တိုက်ဖို့ မဟုတ်ပါဘူး  ဒီအတိုင်းလေး   ...”

ချူချင်းလောင်က စကားဆုံးအောင် မပြောသော်လည်း မိုဝူကျီက အဓိပ္ပာယ်ကို နားလည်လေသည်။ မိုဝူကျီက သူမသည် ချူမျိုးနွယ်စုက လှည့်စားမည်ကို စိုးရိမ်နေကြောင်း သိလေ၏။

အမျိုးသမီးချူ မျက်လုံးထဲတွင် သူ့ကို ဉာဏ်နီဉာဏ်နက် များတတ်သူမှန်း သတိထားမိ၍ ပြောစရာမဲ့ သွားလေသည်။ သူက အားနည်းနေသည့်အတွက် မည်သူ့ကို အပြစ်တင် နိုင်မည်နည်း။ အကယ်၍ သူ့တွင် စွမ်းအား အစစ်အမှန်သာ ရှိလျှင် အစစ်အမှန်ရေအဆင့် ကျင့်ကြံသူကို ထိုသို့ သတ်မည် မဟုတ်ပေ။ သူ့ကိုယ်ပိုင် အင်အားကို အသုံးချ၍ သတ်ရသည်က ပိုမကောင်းပေဘူးလား။

မိုဝူကျီက ချူမျိုးနွယ်စုတွင် သူမကို ခြိမ်းခြောက်နိုင်မည့်သူ မရှိမှန်း ယုံကြည်သည်။ အကယ်၍ ချူချင်းလောင်နှင့် တန်းတူယှဉ်နိုင်သည့် ကျင့်ကြံသူ ရှိပါက သူတို့က သူမကို အဆိပ်ခတ်ဖို့ ကြိုးစားနေမည် မဟုတ်ပေ။

မိုဝူကျီက သူမသည် ချိုးဟယ်က ချူမျိုးနွယ်စုကို သစ္စာရှိနေဦးမည်ဟု ပြောသောအခါ အသာ  ရယ်မိလိုက်သည်။ ထိုလူ ချိုးဟယ်က ချူချင်းလောင်ကို သစ္စာဖောက်သော်လည်း ချူမျိုးနွယ်စုဝင် တစ်ယောက်မှ သူ့ကို မတားဆီးခဲ့ကြပေ။ ထိုသူ့ကို မည်သို့ သစ္စာရှိသည်ဟု ယူဆနိုင်မည်နည်း။  သို့သော်လည်း မိုဝူကျီက သူ သစ္စာဖောက်သည့် အကြောင်းအရင်းကို‌တော့ ရှာဖွေ မဖော်ထုတ်နိုင်သေးပေ။

“ဒီကိစ္စတွေ ပြီးသွားရင် ဘယ်လိုပဲ ဖြစ်လာပါစေ မင်းတို့နဲ့အတူ  ကြယ်တာရာ တိုက်ပွဲကို လိုက်ခဲ့မယ်။ ပြီးရင် လောက အမှတ်အသားပြားကို ရယူပေးနိုင်တဲ့လူကို ရှာပေးမယ် ...” ချူချင်းလောင်က လေးလေးနက်နက် ပြောလိုက်သည်။

မိုဝူကျီက သံသယရှိစွာ မေးလိုက်သည် “လောက အမှတ်အသားပြားကို လုပ်ဖို့လား။ အဲဒါက လောက အဆင့်ဇယားအတွက် အမှတ်အသားပြားလား ကျုပ်တို့တွေက ကြယ်တာရာ တိုက်ပွဲကို သွားမှာဆို‌တော့ ရမှာပဲ မဟုတ်ဘူးလား ...”

“အစ်ကိုမို ... လောက အမှတ်အသားပြားကို လုပ်ရတာ ဖြစ်နိုင်ပေမဲ့ အတော်လေး ပြဿနာများတယ်။ အရင်ဆုံး ခင်ဗျားရဲ့ ဇာစ်မြစ်ကို စုံစမ်းမယ်။ ပြီးရင် ခင်ဗျားရဲ့ ကျင့်ကြံဆင့်ရယ် အမှတ်အသားပြား တစ်ခု မရခင် မေးခွန်းများစွာ ဖြေရဦးမှာ  ... အစ်မချူကို နမူနာပြရရင် သူမက လောက အမှတ်အသားပြား လုပ်မယ်ဆိုရင် ကျန်းမို ဘာဘာဘာ နေရာ  ချူမျိုးနွယ်စု၊ ချုချင်းလောင်ဆို ပြီးပြီ။ ကျုပ်တို့လို ကိုယ့်ဘာသာ ပြောပြလို့ မရတဲ့သူတွေကျတော့ တိုက်ပွဲ ရောက်တာတောင် အမှတ်အသားပြား လုပ်ဖို့က အလုပ်ရှုပ် မခံကြတော့ဘူး  ...” ဖန်းချီက အသေးစိတ် ရှင်းပြလိုက်သည်။

လောက အမှတ်အသားပြားသည် လောက အဆင့်ဇယားအတွက် ဖြစ်သောကြောင့် လောက အမှတ်အသားပြား မပြုလုပ်ဘဲ ကြယ်တာရာတိုက်ပွဲ သွားသည့်သူကား လူအနည်းငယ်သာ ရှိလေသည်။ အမှတ်အသားပြား မပါရှိဘဲ သူတို့က အမှတ်များ မစုဆောင်းနိုင်ချေ။ အပိုဆုလေး၊ အတွေ့အကြုံနှင့် ယာယီ ခံစားခွင့်အချို့သာ ရရှိကြလေသည်။

မိုဝူကျီက သူ့နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ အကြောင်း ပြန်အမှတ်ရသောအခါ သက်ပြင်းသာ ချမိလိုက်သည်။ သူက လောက အမှတ်အသားပြား မပါဘဲ မည်သို့ ဖြစ်နိုင်မည်နည်း။ အမှတ်အသားပြား မပါလျှင် သူက မည်သို့ လောကအဆင့် ဇယားသို့ တက်နိုင်မည်နည်း။ သူ မလုပ်နိုင်လျှင် ငါးဖမ်း အကြီးအကဲနှင့် သဘောတူညီချက်ကို ပြီးမြောက်အောင် လုပ်ဆောင် နိုင်တော့မည် မဟုတ်ပေ။

သူက အကြီးအကဲကို လျစ်လျူရှုထားပြီး သူ့ညွှန်ကြားချက်များကို မေ့ထားပါက သူ့ဦးနှောက်လေး  ငါးဖမ်းကြိုးဆီ ပါသွာမည့် အချိန်ကား ကြာတော့မည် မဟုတ်ချေ။

သို့သော်လည်း သူက ဇာစ်မြစ်ကိုတော့ ထုတ်ပြော၍ မရသေးပေ။ အကြောင်းမှာ ကြယ်တာရာ ဘုရင်တောင်က သူ‌ ရောက်ရှိနေသည်ကို သိလျှင် သူ့ဦးနှောက်လေးက ရှားမျိုးနွယ်စုတွင် အဆုံးသတ် သွားပေလိမ့်မည်။

“အစ်မချူ ... ကျုပ်က တစ်ယောက်ယောက်နဲ့ ရန်စရှိထားတာ ဆိုတော့ လောက အမှတ်အသား ထုတ်ရင် ကျုပ်ဇာစ်မြစ်ကို ပြောလို့ မရဘူး။ အစ်မကိုပဲ အပူကပ်ရတော့မှာပဲ ...” မိုဝူကျီက လက်နှစ်ဖက် ယှက်လျက် ကျေးဇူးတင်လိုက်သည်။

သူ ပြောပုံအရ သူသည် ချူချင်းလောင် တောင်းဆိုသည့် အချက်ကို သဘောတူလိုက်ပြီး ချူမျိုးနွယ်စုဆီ လိုက်ပါရန် ဆုံးဖြတ်လိုက်ခြင်းဟု ယူဆ၍ ရလေသည်။

ချူချင်းလောင်က အားနာစွာ ပြောလိုက်သည်  “ကျွန်မက ရှင့်ကို လောက အမှတ်အသားပြား ချက်ချင်းရအောင် ကူညီပေးနိုင်ပေမဲ့ ကျီဟန်ကိုတော့ ဒီအတိုင်း လျစ်လျူမရှုနိုင်ဘူး ...”

ဖန်းချီက မိုဝူကျီသည် သူ့ကို ကြည့်နေသည်ကို တွေ့သောအခါ  “အစ်ကိုမို  ... ကျုပ်တို့က ကြယ်တာရာ တိုက်ပွဲကို အတူတူ သွားမယ်လို့ ဆုံးဖြတ်ထားမှတော့ ခင်ဗျားနဲ့အတူတူ ချူမျိုးနွယ်စုဆီ လိုက်ခဲ့ပါ့မယ် ... ”

***

ချူမျိုးနွယ်စု

ချူကျိုးမှာ ချူမျိုးနွယ်စု အင်အား စတင်လာသော နေရာ ဖြစ်တာကြောင့် ကျော်ကြား လေသည်။ ယခင်တုန်းက ချူမျိုးနွယ်စုတွင် လောက အင်မော်တယ် အဆင့်နှင့် စစ်မှန်ခြင်း နတ်ဘုရား အဆင့်များစွာ ရှိဖူးသည်ဟု ကောလာဟလ သတင်းများ ထွက်ခဲ့ဖူးသည်။

သို့သော်လည်း လွန်ခဲ့သည့် နှစ်တစ်ရာ နီးပါးခန့်က ချူမျိုးနွယ်စုမှ ကျော်ကြားလှသော စစ်မှန်ခြင်း နတ်ဘုရားအဆင့် ကျင့်ကြံသူ အားလုံးမှာ ကြယ်တာရာ တိုက်ပွဲမြေ၌ တိုက်ပွဲကြီး တစ်ခုအတွင်း ကျဆုံး သွားကုန်ကြသည်။ ထို့နောက် ချူမျိုးနွယ်စုမှာ နိမ့်ကျလာခြင်း ဖြစ်သည်။ လွန်ခဲ့သည့် ရှစ်နှစ်က ချူမျိုးနွယ်စု ခေါင်းဆောင် ချူလင်းက ချူကျိုး အပြင်ဘက်တွင် အသတ်ခဲ့ရ၏။ ချူလင်း၏ တစ်ဦးတည်းသော သားဖြစ်သည့် ချူကျီယွမ်က သူ့ဖခင်အတွက် လက်စားချေရန် ကြယ်တာရာ တိုက်ပွဲသို့ ထွက်သွားခဲ့သည်။ သို့သော်လည်း လက်တွေ့ကား ဆိုးရွား လှချေသည်။ ချူကျီယွမ်သည် ကြယ်တာရာ တိုက်ပွဲ၌ တစ်နှစ်ပင် အသက်မရှင်ခဲ့ကြောင်း ပြန်ကြား သိခဲ့ရသည်။

ချူကျီယွမ် သေဆုံးမှုကြောင့် မည်သူကမျှ ချူမျိုးနွယ်စုကို ပဲ့တင် ထိန်းသိမ်း မလိုချင်ကြပေ။ ကံကောင်းသည်က ချူမျိုးနွယ်စု၏ မုဆိုးမ အဖြစ် ကျန်ရစ်နေသည့် ချူချင်းလောင်က နိမ့်ပါးလာသော ချူမျိုးနွယ်စုကို ထောက်ပံ့ပေးခဲ့ပြီး ဆယ်စုနှစ် ကြိုးစားလာပြီး နောက်တွင် သူမက ချူမျိုးနွယ်စု နိမ့်ပါးလာမှုကို တားဆီး နိုင်ခဲ့သည်။

မိုဝူကျီနှင့် အပေါင်းအပါများ ချူကျိုး အပြင်ဘက် ရောက်လာပြီး နောက်တွင် တစ်ယောက်က ချူချင်းလောင်ကို ချက်ချင်း အမှတ်ရ လိုက်သည်။

သူမကို မှတ်မိလိုက်သည့် ကျင့်ကြံသူကို မြင်လိုက်ပြီးနောက် ချူကျိုးဆီ အမြန်ဝင်လိုက်ကာ ချူချင်းလောင်က ဂုဏ်ယူသည့် အပြုံးမျိုး ပြုံးလိုက်သည်။ ပုံမှန်အားဖြင့် ချူမျိုးနွယ်စုက မည်မျှပင် နိမ့်ဆင်းလာစေကာမူ ထိုသူက သူမဆီ လာရောက်၍ အရိုအသေပြုမည် ဖြစ်သည်။ ထို့အပြင် သူမ ချူချင်းလောင်မှာ ချူမျိုးနွယ်စု၏ ယာယီ တာဝန်ရှိသူ ဖြစ်နေဆဲ ဖြစ်သည်။

ယခု သူမ နားလည် သွားသည်က သူမနာမည်တွင် ချူမျိုးနွယ်စု ပါဝင်နေပြီး ချူခေါင်းဆောင်၏ ချွေးမ ဖြစ်နေလျှင်ပင် မည်သူကမျှ သူမအား ချူမျိုးနွယ်စုဝင်ဟု မသတ်မှတ်ကြပေ။

ချူကျိုးကို ဝင်လာပြီး နောက်တွင် မိုဝူကျီက သူ ရောက်ရှိခဲ့ဖူးသော ကျင့်ကြံခြင်း မြို့များတွင် ချူကျိုးကား ချာတူးလံဆုံး ဖြစ်နေသည့် အတွက် ခေါင်းအသာ ယမ်းမိလိုက်သည်။

အနီးအနားမှ စွမ်းအင် စုစည်းခြင်း အစီအရင်သည် ချူကျိုးအတွင်း ဝိညာဉ် စွမ်းအားများကို သိသိသာသာ တိုးပွား မလာစေပေ။ မြို့အတွင်းမှ လမ်းများနှင့် ဆိုင်များက အိုဟောင်း ကျိုးပျက် နေလေပြီ။ သူ တည်ဆောက်ခဲ့သော ကောင်းကင် ဂိတ်မြို့တော်ကို တွေးမိလိုက်သောကြောင့် သူက ဤချူကျိုးမြို့ကို အလွယ်တကူ ဖျက်ဆီး ပစ်နိုင်လိမ့်မည်။

ဖန်းချီက မြို့ဆီ ကျင့်ကြံသူများ ရုတ်တရက် ပြေးလာသည်ကို တွေ့လိုက်ရ၍ သူက မှော်ရတနာကို ထုတ်ယူ လိုက်တော့သည်။

ချူချင်းလောင်က ခေါင်းယမ်းကာ  “အခု အဆင်ပြေ သွားပါပြီ။ တစ်ယောက်ကမှ ဘာမှ လုပ်ရဲမှာ မဟုတ်ပါဘူး။ သူတို့က ချူမျိုးနွယ်စုရဲ့ အင်အားကို လိုချင်တာ ဆိုတော့ သူတို့ကို ပေးလိုက်မယ်။ ချူမျိုးနွယ်စုဆီ သွားပြီးတော့ အဲဒီကိစ္စ ဆွေးနွေးကြတာပေါ့  ...”

ချူကျိုးမြို့က အလွန် စုတ်ပြတ်နေသော်လည်း ချူမျိုးနွယ်စုမှာမူ အလွန် သားနားလှသည်။

သူတို့က ချူချင်းလောင် ပြန်လာတာကို သိသည့်အလား ဂိတ်ကြီးကို ဖွင့်ထားလေသည်။ အစောင့်နှစ်ယောက်မှလွဲ၍ သူမကို လာကြိုရန် တစ်ယောက်မျှ မရှိပေ။

မိုဝူကျီက သူ့စိတ်စွမ်းအားဖြင့် နေရာကို စစ်ဆေး ကြည့်လိုက်သောအခါ ချူမျိုးနွယ်စု၏ အကာအကွယ် အစီအရင်မှာ အလယ်အလတ်အဆင့် အစီအရင်ဖြစ်ကြောင်း သိလိုက်သည်။ ဤအလယ်အလတ် အဆင့် အစီအရင်မှာ မကြာသေးခင်က တပ်ဆင်ထားခြင်း ဖြစ်ရာ သုံးနှစ်ပင် မရှိသေးချေ။ အစီအရင်တွင် သေမင်း ထောင်ချောက်များ ထည့်သွင်း ထားသော်လည်း မိုဝူကျီက များစွာတော့ ထင်မထားပေ။

ချူချင်းလောင်က တွေဝေမနေဘဲ ချူမျိုးနွယ်စုမှ ဂိတ်တံခါးကို ဖြတ်၍ အရင်ဦးစွာ ဝင်သွားလိုက်သည်။

ချူမျိုးနွယ်စု၏ အဓိကခန်းမကား လူများနှင့် ပြည့်နေလေသည်။ လက်ရှိတွင် ချူမျိုးနွယ်စု ခေါင်းဆောင် နေရာကို ထိုင်နေသာ အကြီးအကဲ တစ်ယောက်ရှိသည်။ ထိုသူ့ဘေးတွင် မိုဝူကျီ မှတ်မိသည့် လူလတ်အမျိုးသား ရှိလေသည်။ ထိုသူမှာ ချူချင်းလောင်နှင့် ယခင်က အတူ ရှိနေခဲ့သော  ဘဏ္ဍာစိုးချိုး ဖြစ်၏။

ချူချင်းလောင်က သူမအပိုင်ဖြစ်သည့် ထိုင်ခုံနေရာကို ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်  “ချူကျီ ... ရှင်က ချူမျိုးနွယ်စုရဲ့ ခေါင်းဆောင် ဖြစ်ချင်မှတော့ ထုတ်ပြော လိုက်သင့်တယ်။ ဘာလို့ ဒီလိုအောက်တန်းကျတဲ့ နည်းလမ်းတွေ သုံးနေရတာလဲ …”

အစကတည်းမှ အခုချိန်အထိ သူမက ဘဏ္ဍာစိုးချိုးကို တစ်ကြိမ်မျှပင် မကြည့်ပေ။

“ချူချင်းလောင် ... မင်းက တော်တော်ကို အရှက်မဲ့တာပဲ။ မင်းနာမည်မှာ ချူမျိုးရိုး ပါတာနဲ့ မင်းကိုယ်မင်း ချူမျိုးနွယ်စုဝင် မှတ်နေတာလား ... ချူမျိုးနွယ်စုက နိမ့်ပါး သွားရင်တောင် ငါတို့က အမျိုးသမီး တစ်ယောက်ကို ထိပ်တင် ထားပြီးတော့ ဘာလုပ်၊ ညာလုပ် ညွှန်ကြားတာကို လက်ခံနေရတဲ့အထိ မနိမ့်ကျဘူး။  ဒီကနေ ထွက်သွားစမ်း  ...  ချူမျိုးနွယ်စုမှာ မင်းလိုမျိုး အမျိုးသားတွေ လျှောက်ခေါ် လာတဲ့သူကို မလိုဘူး  ...” အကြီးအကဲက စကားမပြောခင် မျောက်ဝံလို မျက်နှာဖြင့် လူကြီးက ထပြော လိုက်လေသည်။

ချူချင်းလောင်က ဒေါသထွက်လွန်း၍ သူမတစ်ကိုယ်လုံးပင် တုန်ယင် နေလေသည်။ ထို့နောက် သူမက လက်ကို မြှောက်ကာ အလင်းတန်း ပစ်လွှတ် လိုက်သည်။ ထိုအလင်းတန်းကား လူလတ်အမျိုးသား မျက်ခုံးအလယ်ကို ထိုးဖောက်သွားပြီး သွေးအိုင် ထွန်းသွားလေသည်။

ထိုင်နေသည့် အကြီးအကဲ ချူကျီက မတ်တတ်ရပ်ကာ ဒေါသတကြီးဖြင့် လက်ညှိုးငေါက်ငေါက် ထိုးကာ “ချုချင်းလောင်  ... ငါ့ ချုမျိုးနွယ်စုက မင်းဘာသာ အပြင်ဘက်မှာ ဘယ်ယောက်ျားနဲ့ ဘာလုပ်လုပ် ကိစ္စမရှိဘူး။ မင်းနာမည် ချူကလည်း ငါတို့ ချူမျိုးနွယ်ကနေ ဖြစ်လာတာ မဟုတ်ဘူး။ အဲဒါကို မင်းက ဒီနေရာမှာ တစ်ယောက်ယောက်ကို သတ်ရဲတယ် ဆိုတော့  ... ”

သူက ပြောလိုက်ရင်း ချူကျီက သူ့ရှေ့မှ စားပွဲကို ထုချ လိုက်လေသည်။ ထို့နောက်တွင် မိုဝူကျီနှင့် ကျန်လူများက “ဂျစ်ဂျစ် ...” အသံကြားလိုက်ရ၍ လက်နက်ကိုယ်စီ ဆွဲကိုင် ထားလိုက်တော့သည်။

ထိုသည်က ထောင်ချောက် အစီအရင် အသက် ဝင်လာခြင်း ဖြစ်လေ၏။

ချူမျိုးနွယ်စု၏ အစီအရင် အသက် ဝင်လာသည်ကို သတိပြုမိပြီး ချူကျီ မျက်နှာက တည်ငြိမ်လာကာ ဘဏ္ဍာစိုးချိုးဘက် လှည့်၍ မေးလိုက်သည် “ဘဏ္ဍာစိုးချိုး စောစောက ချူချင်းလောင်က ကျုပ် ချူမျိုးနွယ်စုဝင်ကို သတ်လိုက်တာ ... ခင်ဗျား တစ်ယောက်တည်းပဲ တတ်နိုင်တာကို ဘာလို့ ဘာမှ ဝင်မလုပ်ရတာလဲ ...”

ဘဏ္ဍာစိုးချိုးက ချူကျီ စကားများကို လျစ်လျူရှုထားရင်း ချူချင်းလောင်ကို နူးနူးညံ့ညံ့ ပြောလိုက်သည်  “မနေ့က ကျဲရှင်းက မင်းကို ပြန်ခေါ် မလာကတည်းက ကိုယ့်လက်ချက်မှန်း မင်း သိပြီးလောက်ပါပြီ။ ချင်းလောင် ... ကိုယ် တောင်းပန်ပါတယ် မင်းကို အရမ်း ချစ်လွန်းလို့ပါကွာ ... ကိုယ့်ဘာသာ မင်းကို ချစ်တာ မထိန်းချုပ် နိုင်တော့ဘူး။ ပြီးတော့ မင်းကို ကိုယ့်ဘေးရှိဖို့ စိတ်ကူးနေတာကိုလည်း မရပ်တန့်နိုင်တော့ဘူး   ...”

ချူချင်းလောင်က နောက်ဆုတ်ကာ ဘဏ္ဍာစိုးချိုးအား လက်ညှိုးထိုးရင်း အံ့ဩတကြီး ပြောလိုက်သည်  “ချိုးဟယ် ရှင် ဘာလို့ ဒီလောက်တောင် အရှက်မရှိရတာလဲ ...”

ချိုးဟယ်က ညင်သာစွာ ကြည့်ကာ  “ချူကျီယွမ်မှာ လူကျင့်ဝတ်ရော စွမ်းဆောင်ရည်ရော ဘာဆို ဘာမှမရှိဘဲနဲ့ မင်းလို အံ့ဩစရာ ကောင်းတဲ့ အမျိုးသမီနဲ့ ဘယ်လိုလုပ် ထိုက်တန်မှာလဲ ... ကိုယ့်နောက်ကို လိုက်ခဲ့ပါ ... ချုမျိုးနွယ်စုက သေဆုံးသွားမှာပဲကို ဘာလို့ ဒီလိုနေရာမှာ  အချိန်ဖြုန်းချင် နေတာလဲ  ...”

ချူချင်းလောင်က ချိုးဟယ်ကို တအံ့တဩ ကြည့်လိုက်ပြီး ဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့် ကျင့်ကြံသူက အဘယ်ကြောင့် ချူမျိုးနွယ်စုတွင် ဘဏ္ဍာစိုးအဖြစ် နေလိုသည်ကို နားလည် သွားလေသည်။ သူက သူမကို နှစ်သက်နေသည်မှာ ကြာမြင့်လောက် လေပြီ။ သို့သော် ကံဆိုးသည်က သူမက သူ့ထက် ကျင့်ကြံဆင့် မနိမ့်ကျ၍ သူ့တွင် အခွင့်အရေး မရခဲ့ခြင်း ဖြစ်လိမ့်မည်။

ချူချင်းလောင်က ကြောင်အနေသည့် ချူကျီကိုသာ သနားစွာ ကြည့်လိုက် မိတော့သည်။ ချိုးဟယ်ကဲ့သို့ အားကောင်းသည့် လူမျိုး၏ အထောက်အပံ့ မပါရှိသည့်အပြင် သူက ချူမျိုးနွယ်စု၏ မျိုးဆက်သာ မဟုတ်လျှင် ချူမျိုးနွယ်စု ခေါင်းဆောင် နေရာမည်သို့ ထိုက်တန်မည်နည်း။ အခြားလူများက ချူချင်းလောင်သည် အရိုက်အရာမက်၍ ထွက်မသွားလိုခြင်း ဖြစ်မည်ဟု တွေးထင် ကြသော်လည်း အမှန်တကယ်မှာမူ သူမက အရိုက်အရာ မလိုချင်ပေ။ ဖြစ်နိုင်ပါက သူမက ကျီဟန်ကို ခေါ်၍ ချူမျိုးနွယ်စုမှ ချက်ချင်း ထွက်သွား ချင်မိသည်။

“ကျီဟန် ဘယ်မှာလဲ ...” ချူချင်းလောင်က ချိုးဟယ် စကားများကို လျစ်လျူရှုထားပြီး အေးစက်စွာ မေးလိုက်သည်။

***

All Chapters