← Chapters

ပထမဆုံးလက်ဆောင်

Vol. 9 Ch. 126

ပထမဆုံးလက်ဆောင်

Vol. 9 Ch. 126

လည်ဆွဲကို မြင်သည်နှင့် တစ်ခန်းလုံး ဆူညံ ပွက်လော ရိုက်သွားလေသည်။ ဧည့်သည်များ အားလုံး မျက်နှာ နီမြန်းလာကာ အံ့အားသင့် နေကြသည်။

"အိုး … ဘုရားရေ … ဒါ… ဘုရင်မ နှလုံးသားပဲ၊ ကမ္ဘာပေါ်မှာ အကြီးဆုံး စိန်နီပဲ၊ ဒါက ဆမ်ရဲ့လ် အနီရောင် စိန်ထက် သုံးဆလောက် ပိုကြီးတယ်"

"ဟုတ်တယ်၊ ငါ သတင်းထဲမှာ မြင်လိုက်သေးတယ်၊ ဒီ ဘုရင်မ နှလုံးသားက အမေရိကားက လေလံပွဲမှာ အမေရိကန် ဒေါ်လာ ၂၀၀ မီလီယံနဲ့ ရောင်းလိုက်တယ်လို့ သတင်း ပါလာသေးတယ်"

"ဘုရား … ဘုရား အမေရိကန် ဒေါလာ ၂၀၀ မီလီယံက တရုတ် ယွမ်နဲ့ဆို ၁ ဘီလီယံတောင် ဖြစ်နေပြီ … ဒါ အရမ်း များတဲ့ ငွေပမာဏပါလား"

….

ဘေးမှ လူများအားလုံး အလွန် အံ့အားသင့်နေကြ၏။

မော့ထောင်က လင်းလန်ကို လက်ဆောင်ပေးရန် ယွမ် ၁ ဘီလီယံလောက်ကို သည်လောက် ဖောဖောသီသီ  သုံးလိမ့်မည်ဟု သူတို့ ထင်မထားခဲ့မိပါ။

*မယုံနိုင်စရာပါပဲလား*

အခန်းထဲရှိ သူဌေးသမီး ချောချောလေးများ အားလုံး လင်းလန်ကို အလွန် မနာလို အားကျစိတ်ဖြင့် ကြည့်ကာ ရူးမတတ် ဖြစ်နေကြသည်။

အကယ်၍ ကိုလူချော တစ်ယောက်ကသာ သူတို့ကို ယွမ် ၁ ဘီလီယံကျော် ပေးရသည့် အနီရောင်စိန် မပြောနှင့် ယွမ် ၁၀ မီလီယံ ကျော်သည့် လည်ဆွဲမျိုး လက်ဆောင် ပေးမည် ဆိုချင် သူတို့ သေတောင် သေသွားလောက်သည်။

ထို့နောက် အားလုံးက လင်းလန်ကို ဝိုင်းကြည့်နေကြသည်။ မင်းသားတစ်ပါးနှင့် နတ်သမီးလေး၏ အချစ်ဇာတ်လမ်းဟု သတ်မှတ် နေကြလေသည်။

"သူ့ကို လက်ထပ်လိုက်"

"သူ့ကို လက်ထပ်လိုက်"

"သူ့ကို လက်ထပ်လိုက်"

အားလုံးက စည်းချက်ညီညီနှင့် လက်ခုပ်တီးကာ အားပေးနေသဖြင့် မော့ထောင် စိတ်လှုပ်ရှားလာသည်။ သူ လင်းလန်၏ နှလုံးသားကို မောင်ပိုင်စီးနိုင်မည်ဟု ယုံကြည်လို့ ထား၏။

ထို့နောက် မိသားစု အသိုင်းအဝိုင်း၊ ရာထူး၊ အရည်အချင်းနှင့် ရုပ်ရည်အရ သူကသာ လင်းလန် အကောင်းဆုံး ရွေးချယ်မည့် သူသာ ဖြစ်ပေသည်။

သို့သော် လင်းလန်က အေးစက်စက်ဖြင့် ပြန်ဖြေလိုက်သည်။

"လက်မခံနိုင်ဘူး"

အခန်းထဲရှိ လူတိုင်းက ပါးစပ် အဟောင်းသား ဖြစ်နေကာ အချို့ဆို ရေနွေးပူတောင် ဖိတ်သည်။

*ဘာ*

မည်သူမျှ ကိုယ့်မျက်လုံးနှင့် ကိုယ့်နားကို မယုံသလို ဖြစ်သွားကြ၏။

*သူမ…. သူ့ကို ငြင်းလိုက်တာလား?*

…..

ပွဲရှိ သူများ အားလုံး ပွက်လောရိုက်သွားကြသည်။ မိန်းမတစ်ယောက်က ယွမ် ၁ ဘီလီယံတန် လည်ဆွဲနှင့် ဆွဲဆောင်ခြင်းကို တောင့်ခံနိုင်လိမ့်မည်ဟု သူတို့ ထင်မထားခဲ့မိပါ၊ ထို့ပြင် လည်ဆွဲကို လက်ဆောင်ပေးသည့်သူကလည်း ရုပ်ချော၍ အရည်အချင်း ရှိသည့် သခင်လေး တစ်ယောက် မဟုတ်ပါလော။

*အံ့ဩစရာပါလား*

မော့ထောင်တောင်မှ အံ့ဩသင့်သွားရသည်။ နားဝေတိမ်တောင် ဖြစ်နေသော အကြည့်ဖြင့် သူက လင်းလန်ကို မေးလိုက်သည်။

"လန်လန် … ဘာကြောင့်လဲ? ဒါ… ဒါက ဘုရင်မ နှလုံးသားလေ … ကမ္ဘာပေါ်က ဘယ်မိန်းမဆို သေမတတ် လိုချင်နေတဲ့ လည်ဆွဲလေကွာ … ဒါကို မင်းက …"

လင်းလန်က အေးတိအေးစက် လေသံဖြင့်သာ ထပ်ပြောလာသည်။

"စိတ်မကောင်းပါဘူး၊ ကျွန်မမှာ ချစ်ရမယ့် ချစ်သူ ရှိပြီးသားပါ"

ထို့သို့ပြောပြီး လင်းလန်က ယဲ့ဖန်၏ လက်မောင်းကို ဖက်ကာ ချိုသာစွာ ပြုံးလိုက်သည်။ သူမ ထိုကမ်းလှမ်းမှုကို စိတ်ကူးထဲတောင် မထည့်ပါ။

လင်းလန်၏ အဖြေက မော့ထောင် အတွက်တော့ ဗုံးတစ်လုံးလိုပင်၊ သူ့စိတ်များပါ ငေးငိုင်လို့ သွားရသည်။

"ဟ … မင်းက ငါနဲ့ ငါ့ရဲ့ ဘုရင်မ နှလုံးသားကို ဒီလူလိမ်ကောင်ကြောင့် ငြင်းတာလား?"

မော့ထောင် ပေါက်ကွဲလာသည်။ လူကြားထဲ အငြင်းခံလိုက်ရသဖြင့် မော့ထောင် အရှက်ကွဲသလို ခံစားလာရသည်။ ယဲ့ဖန် ရင်ခွင်ထဲ လင်းလန် ကိုယ်တိုင် ခိုဝင်သွားသည်ကို ကြည့်ပြီး မော့ထောင် တစ်ယောက် ပို၍ ဒေါသူပုန် ထလာသည်။

ထို့ကြောင့် မော့ထောင်က လင်းလန်ကို အော်လိုက်သည်။

"လင်းလန် သူက လူလိမ် သက်သက်ပဲ၊ ဒီကောင်က ရှေးဟောင်း ပစ္စည်းဆိုင်တန်းမှာ ငါ့ဆီကနေ ရှားပါး ပစ္စည်းတွေ အများကြီး လိမ်ယူ သွားပြီးတော့ ပိုက်ဆံ ယွမ် မီလီယံ ၁၀၀ ကျော်လောက်လည်း အမြတ်ထုတ် သွားသေးတာ၊ ဒါကို … ဒါကို မင်းက ဘယ်လိုလုပ် သူနဲ့ အတူနေရတာလဲ?"

မော့ထောင်၏ စကားကြောင့် လင်းလန်၏ မျက်နှာက မည်းနက်လာသည်။ ထို့နောက် သူမက သူ့အား အလွန် ဒေါသထွက်သော အသံဖြင့် "ကျေးဇူးပြုပြီး အပြောအဆို ဆင်ခြင်ပါ၊ ယဲ့ဖန်က လူလိမ်မဟုတ်ဘူး၊ သူက ကျွန်မလူ"

မော့ထောင် အမြှီး တက်နင်း ခံလိုက်ရသလို ဒေါသ ထွက်လာသည်။ သူက ယဲ့ဖန်၏ မျက်လုံးကို တည့်တည့် ကြည့်ကာ မလိုမုန်းထားသံဖြင့် ပြောလာသည်။

"ဟေ့ကောင် မင်းက တစ်ခုခုတော့ တစ်ခုခုပဲ၊ မင်းက ငါ့ပိုက်ဆံကို လိမ်ယူသွား ရုံမကဘဲ လင်းလန်ကိုပါ လှည့်စားနေတယ်၊ ပြီးတော့ အခြားသူတွေကိုရောပဲ"

"ငါက လင်းလန်ကို ဘုရင်မ နှလုံးသားကို လက်ဆောင် ပေးနိုင်တယ်၊ မင်းကကော ဘာပေးနိုင်လဲ?"

လူတိုင်းက ယဲ့ဖန်ကို ဝိုင်းကြည့်နေကြသည်။ သူ ဘာကိုပဲ လက်ဆောင် ပေးပေး ဘုရင်မ နှလုံးသားကြောင့် မှေးမှိန်သွားမည်သာ ဖြစ်သည်။

လင်းလန်၏ မျက်နှာလေးက ဒေါသကြောင့် ရှုံ့တွလာသည်။ မော့ထောင်က ယဲ့ဖန်ကို ဆွဲထည့်မြင်ဟု သူမ တွက်မထားလိုက်မိခဲ့။

လင်းလန်က မော့ထောင်အား မာန်မဲတော့မည့် အချိန်တွင် ယဲ့ဖန်က သူမကို ချက်ချင်း ဟန့်တားလိုက်သည်။

ယဲ့ဖန်က မော့ထောင်ကို တစ်ချက်ကလေးမှပင် မကြည့်ဘဲ သူ့အိတ်ထဲမှ ပစ္စည်းတစ်ခုကို ထုတ်၍ လင်းလန်ကို ပေးလိုက်သည်။

"တကယ်တော့ ကိုယ်က ဒါကို နေ့အချိန်ကျမှ လက်ဆောင် ပေးချင်တာ"

ယဲ့ဖန် လက်ဖြန့်ကာ လင်းလန်ကို ကမ်းပေးလိုက်သည်။ ကျောက်တုံးများဖြင့် ပြုလုပ်ထားသည့် လည်ဆွဲလေး ဖြစ်သည်။

မညီညာသော ကျောက်တုံး အသေးလေး ဆယ့်သုံးခု ပါဝင်ပြီး ဓားဖြင့် ထွင်းထားပုံ ပေါက်သည်။ ကျောက်တုံး၏ မျက်နှာပြင်က ဖားလောင်းပုံစံ အရာများနှင့် ဖုံးလွှမ်းနေသည်။

….

လူတိုင်း မြင်လိုက်ရသည့် အရာကြောင့် အံ့အားသင့်သွားကြသည်။ သည်လောက် အကြမ်းထည် ဆန်ပြီး အရည်အသွေး နိမ့်ကျသည့် လည်ဆွဲမျိုး သူတို့ တစ်ခါမှ မမြင်ဖူးပါ။

*ယဲ့ဖန်က ဒီလို စောက်အမှိုက်လို ဟာမျိုးကို နတ်ဘုရားမလေး လင်းလန်ကို လက်ဆောင်ပေးချင်နေတာလား? သူ ရူးနေတာပဲ ဖြစ်မယ်*

…

ခန်းမအတွင်း တစ်ဖန် ပြန်၍ ဆူညံသွားလေတော့သည်။ ထိုလည်ဆွဲကို မြင်ပြီး မော့ထောင်က အားရပါးရ ရယ်မောလေ၏။

"ဟဟ … ကျောက်တုံးတွေနဲ့ လုပ်ထားတဲ့ လည်ဆွဲတဲ့လား … ရယ်ရတယ်ကွာ … ငါ မှတ်မိပြီ ... ဒီလည်ဆွဲမှာပါတဲ့ မူလ ကျောက်တုံးကို ငါ မှတ်မိပြီ၊ ဒါ မာစတာကူး အလကား ပေးလိုက်တဲ့ ကျောက်တုံးပဲ၊ ဟားဟား .. ဒါကို ဒီကောင်က လည်ဆွဲလုပ်ပြီး လင်းလန်ကို လက်ဆောင် ပေးတာ …"

မော့ထောင်၏ စကားများက ပွက်ပွက်ဆူနေသော ဆီထဲ ရေတစ်စက် ချလိုက်သလိုပင်၊ ခန်းမ တစ်ခုလုံး ရယ်မောသံများဖြင့် ဆူညံသွားသည်။

ယဲ့ဖန် သည်လောက် ကပ်စီးနည်းလိမ့်မည်ဟု သူတို့ ထင်မထားခဲ့မိပါ။

*သူ ရူးနေလို့ပဲ ဖြစ်မယ်*

"မာစတာကူး … ဒီကို ကြွပါဦးဗျ၊ ဒါ ခင်ဗျား သူ့ကို လက်ဆောင် ပေးလိုက်တဲ့ ကျောက်တုံး မလား?"

မာစတာကူး ယဲ့ဖန်ကို သတိထားမိသည်မှာ ကြာလှပြီ ဖြစ်သော်လည်း သူ့ထံ သွား၍ စကားစမြည် ပြောရန် အခွင့်အရေး မရခဲ့။

ယခုအခါမှသာ ကျန်သူများက မာစတာကူး ယဲ့ဖန်ထံ သွားလို့ ရရန် လမ်းဖယ်ပေး ကြလေ၏။

"မိတ်ဆွေလေး ပြန်တွေ့ရတာ ဝမ်းသာပါတယ်"

မာစတာကူးက ယဲ့ဖန်ကို ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။ သို့သော် လည်ဆွဲကို မြင်သည်နှင့် သူက မျက်မှောင်ကြုတ်၍ မေးလိုက်သည်။

"မိတ်ဆွေလေး မင်း အဲ့ကျောက်တုံးကို လည်ဆွဲ လုပ်လိုက်တာလား?"

မာစတာကူးက ယဲ့ဖန်အပေါ် အထင်ကြီးထား မိသော်လည်း ယဲ့ဖန်၏ ကျေးဇူးမသိတတ်သော အပြုအမူကြောင့် သူ့အပေါ် အနည်းငယ် စက်ဆုပ်သလို ဖြစ်သွားသည်။

မာစတာကူး၏ အမေးကြောင့် အားလုံးက ဝါးလုံးကွဲ ရယ်မောလိုက်ကြ၏။ အားလုံးက ယဲ့ဖန်အား အရူးကို ကြည့်သလို ကြည့်နေကြသည်။ သူက အလွန် ကပ်စေးနည်းသော အူကြောင်ကြောင်ကောင်ဟု ထင်လိုက်ကြသည်။

ထိုစဉ် လင်းလန်က ထိုလည်ဆွဲကို လှမ်းယူ၍ တောက်ပစွာ ပြုံးပြီး ပြောလိုက်သည်။

"ယဲ့ဖန် အခြားသူတွေ ဘယ်လိုပဲ ပြောပါစေ၊ ဒီလည်ဆွဲက ရှင် ကျွန်မကို ပေးတဲ့ ပထမဆုံး လက်ဆောင် ဖြစ်ပြီး ကျွန်မ တစ်သက်တာလုံးမှာ အကောင်းဆုံး လက်ဆောင်ပါပဲ"

ထို့နောက် လင်းလန်က ယဲ့ဖန်ပါးနားကပ်ကာ အနမ်းပေးလိုက်သည်။ သူမ၏ လှပသော မျက်နှာလေးတွင်လည်း ချိုသာသော အပြုံးတစ်ပွင့်က ပွင့်လန်းလို့ နေသည်။

…

လူတိုင်း ကြောင်အသွားကြသည်။ လင်းလန်က ယဲ့ဖန် ပေးသော လည်ဆွဲကို မကျေမနပ် မဖြစ်ဘဲ လက်ခံလိုက်မည်ဟု သူတို့ ထင်မထားခဲ့ကြပါ။ သူမက လည်ဆွဲကို မဖျက်ဆီးသည့် အပြင် နတ်ဘုရားများက ချီးမြှင့်သည့် လက်ဆောင်အလား သေချာ ကိုင်၍ လည်ပင်းမှာ ဆွဲလိုက်သည်။

သူမ အမြင်တွင်တော့ ဤလည်ဆွဲသည် ဘုရင်မ နှလုံးသား လည်ဆွဲထက် အဆ ၁၀,၀၀၀ မက သာလွန်၏။

ဤမြင်ကွင်းကို လူတိုင်းက ငေးမော ကြည့်နေပြီး မော့ထောင်၏ မျက်နှာကတော့ ဒေါသကြောင့် နီမြန်းလာသည်။

…

ထိုစဉ် ဝှစ်ခနဲ အသံနှင့်အတူ လူအုပ်ကြားထဲမှ လူစိမ်း တစ်ယောက်က  သူ့လက်ဖဝါးကို မြှောက်၍ အလင်းတန်းသဖွယ် လင်းလန်၏ လည်ပင်းကို ခုတ်ပိုင်းလာသည်။

…

သူ၏ ဓားက ကျည်ဆံကဲ့သို့ ထက်ရှလှသည်။ တိုက်ခိုက်မှုကလည်း ရူးမတတ် မြန်လှ၏။

လုပ်ကြံသတ်ဖြတ်သူ တစ်ယောက် ပါလား။

စက္ကန့်ပိုင်း အတွင်းမှာပင် လူတိုင်း၏ မျက်နှာတွင် ကြောက်လန့်ဟန်များ ပေါ်လွင်လာသည်။

တစ်ယောက်ယောက်က လင်းလန်က လူကြားထဲ လုပ်ကြံရဲလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့မိကြပါ။

သို့သော်လည်း သူတို့ သူမကို ကူညီရန် အချိန်နှောင်းသွားချေပြီ။

ရေခဲတမျှ အေးစက်သော ဓားသွားက လင်းလန်၏ လည်ပင်းနားကို နီးကပ်လာသည်။

*သူမတော့ သေပြီထင်တယ်*

ထိုအချိန်မှာပင် အားလုံးက လင်းလန်တော့ သေရှာပြီဟု ထင်ကာ မျက်လုံး မှိတ်ထားလိုက်ကြသည်။

အသေသတ်သော လုပ်ကြံမှုပင် မဟုတ်ပါလား။ သို့သော်လည်း ထို့နောက်မှာတော့ အားလုံး အံ့အားသင့်သွားကြသည်။

…

ဓားသွားက လင်းလန်၏ အရေပြားကို ဟက်တပ် ခွဲတော့မည့် အချိန်တွင် အလွန် တောက်ပသော အလင်းရောင်က ကျောက်တုံး လည်ဆွဲထံမှ ထွက်ပေါ်လာပြီး ပျက်စီးစေသော အားတစ်ခုက လုပ်ကြံသူကို ထိမှန်သွားသည်။

ဝှီး!

လုပ်ကြံသူ ခမျာမှာတော့ ကြိုးပြတ်သွားသော စွန်ကဲ့သို့ လွင့်ထွက် သွားလေတော့သည်။

All Chapters