ငါ… မင်းအသက်ကို လိုချင်တယ်!
Vol. 9 Ch. 128
*ဒါပေမယ့် မင်းက ဘာလို့ သေမင်းကို လိုက်ရှာနေရတာလဲ*
ထိုအသံကြောင့် အမျိုးသမီးဟာ လိပ်ပြာ လွင့်မတတ် ကြောက်လန့် လာရသည်။ ထို့နောက် သူမ ထိတ်လန့်တကြား ပြန်မေးလိုက်သည်။
"ဘယ်သူလဲ"
သန့်စင်ခန်းထ မည်သူမျှ မရှိမှန်း သူမ သေချာသိပါသည်။ ထို့အပြင် သူမ ဒီထဲ ဝင်လာသည်နှင့် တံခါးအားလုံးကို ပိတ်လိုက်တာပဲလေ။
*သူ ဘယ်က ရောက်လာတာလဲ*
အမျိုးသမီးက ဘေးဘီဝဲယာကို ရုတ်တရက် ဝေ့ကြည့်လိုက်ပြီး သူမနောက်၌ ရပ်နေသော လူငယ်တစ်ယောက်ကို သတိထားလိုက်မိသည်။
တင်းမာသော မျက်နှာထားနှင့် နတ်ဆိုးဆန်လှ၏။
ထိုလူငယ်သည် ငရဲမှ နတ်ဆိုးတစ်ကောင်နှင့် ဆင်တူလှသည်။
"နင် … နင်ကိုး … ဒီကို ဘယ်လို ဝင်လာတဲ? ဒီနေရာက ချက်ချင်းထွက်သွား၊ နင် အမျိုးသမီး သန့်စင်ခန်းထဲ ဝင်လာတာလေ"
ထိုအမျိုးသမီးကတော့ မော့လီဟုန်ပင်။ သူမနောက်မှာ ရှိနေသည့်သူကတော့ ယဲ့ဖန်ပင် ဖြစ်ပေသည်။
မော့လီဟုန်၏ ကြောက်လန့်နေသော မျက်နှာပေးကြောင့် ယဲ့ဖန်က နတ်ဆိုးဆန်စွာ ပြုံး၍ နှုတ်ခမ်းကို တွန့်၍ မေးလိုက်သည်။
"လုပ်ကြံရေး သမားကို ခိုင်းတဲ့သူက မင်းမလား?"
*ဘာ*
မော့လီဟုန်၏ ကလူမြှူဆွယ် တတ်သော မျက်နှာက ကြောက်လန့်တကြား ဖြစ်သွားသည်။ ကြီးမားသော အန္တရာယ်ကို သူမ သတိထားမိသဖြင့် ယဲ့ဖန်ကို ဒေါသတကြီး ပြန်အော်လိုက်သည်။
"အဓိပ္ပာယ် မရှိတာတွေ … ငါ ဘယ်တုန်းက လုပ်ကြံရေး သမားကို အလုပ် အပ်လို့လဲ? ငါ့ကို သားပုပ်လေလွင့် လာမပြောနဲ့"
*သားပုပ်လေလွင့် ပြောတယ်*
ယဲ့ဖန်က အသာပြုံး၍ ပြောလာသည်။
"မင်းမျက်လုံးတွေက တဖျပ်ဖျပ် လှုပ်နေတယ်၊ ပြီးတော့ ဟိုကြည့်လိုက် ဒီကြည့်လိုက်နဲ့၊ မင်း လိမ်နေတာ အသိသာကြီးပဲ"
"မင်း လင်းလန်ကို ကြည့်နေတုန်းက မင်းမျက်လုံးထဲမှာ မနှစ်မြို့တဲ့ဟန်၊ မကျေမချမ်း ဖြစ်နေတဲ့ဟန် အပြည့်ပဲ၊ မင်း အဲ့အချိန်ထဲက သူမကို သတ်ချင်နေမှန်း သိသာနေတာ"
"မင်း လုပ်ကြံသူကို နားဝေတိမ်တောင်နဲ့ မယုံနိုင်တဲ့ အကြည့်တွေနဲ့ ကြည့်နေခဲ့တာ၊ မင်း လုပ်ကြံသူ အရေးနိမ့်သွားတာကို မကျေနပ်ဘူး ဆိုတာလည်း သိသာနေတယ်"
ယဲ့ဖန်၏ မျက်လုံးက အနည်းငယ် အေးစက်လာကာ ထပ်ပြောလိုက်သည်။
"မင်းက လက်သည် တရားခံပဲ"
…
ယဲ့ဖန် ပြောလို့ပြီးသွားသည်နှင့် မော့လီဟုန် ကြောင်အသွားသည်။
သူမ ကြိုးစား၍ ဟန်ဆောင် ဖုံးကွယ်ထားသော်လည်း ယဲ့ဖန်က သူမ အမူအရာကို အသာလေး ဖတ်နိုင်လိမ့်မည်ဟု သူမ ထင်မထားခဲ့မိပါ။
"နင် … နင် ဘာလိုချင်တာလဲ?"
မော့လီဟုန်က အလွန် ပျာယာခတ်နေသော အမူအရာဖြင့် မေးလိုက်သည်။ ထို့နောက် သူမက ယဲ့ဖန်ကို စိုက်ကြည့်ကာ ပြောလိုက်သည်။
"ယဲ့ဖန် နင်က သရဖူအဖွဲ့ရဲ့ ဥက္ကဋ္ဌမှန်းလည်း ငါသိသလို နင့်မှာ ပိုက်ဆံ အများကြီး ရှိမှန်းလည်း ငါ သိတယ်၊ ဒါပေမယ့် နင် လိုချင်တာ ဘာမဆို ငါပေးနိုင်တယ်၊ အာဏာလား၊ အုပ်စိုးနိုင်စွမ်းလား၊ ရာထူး အဆင့်အတန်းလား ကြိုက်တာပြော"
မော့လီဟုန်က ပို၍ ပို၍ စိတ်လှုပ်ရှားနေပြီး ထပ်ပြောလိုက်သည်။
"နင် လင်းလန်ကို ထားခဲ့ပြီး ငါနဲ့ အတူနေတာနဲ့ နင် မော့အုပ်စုနဲ့ လင်းအုပ်စုကို အပိုင်သိမ်းနိုင်အောင် ငါ ကူညီပေးနိုင်တယ်၊ ငါတို့နှစ်ယောက် ရွှေလက်တွဲလိုက်တာနဲ့ ငါတို့ တရုတ်ပြည် တောင်ပိုင်းက စီးပွားရေး နယ်ပယ်တစ်ခုလုံးကို လက်ဝါးကြီး အုပ်နိုင်ပြီ။ နင် ဘယ်လို သဘောရလဲ?"
ယဲ့ဖန်သည် မော့လီဟုန် တစ်သက်တာလုံး၌ ကြုံဆုံဖူးသည့် အထူးဆန်းဆုံးသူ ဖြစ်ပေသည်။
ယဲ့ဖန်သည် နိုင်ငံတကာ အမျိုးသား မော်ဒယ်လ်များနှင့် စူပါစတားများထက် သာလွန် ချောမောသည်ဟု သူမ ထင်နေမိသည်။
ယဲ့ဖန်၏ ချစ်မြတ်နိုးမှုကိုသာ ရမည်ဆိုလျင် သူမ မော့ကလန်ကိုတောင် သစ္စာဖောက် ရဲသည်။
မော့လီဟုန်၏ စကားကြောင့် ယဲ့ဖန်က မထိတထိ ပြောလိုက်သည်။
"ငါ ဘာလိုချင်လဲ ဟုတ်လား?"
ခဏမျှ ငြိမ်ကျနေပြီးမှ ယဲ့ဖန်က သက်ပြင်းရှည်ကြီး ချကာ ပြောလိုက်သည်။
"ငါ မင်းအသက်ကို လိုချင်တယ်"
*ဘာ*
မော့လီဟုန် ကြောင်အနေပြီးမှ ချက်ချင်း မျက်နှာပျက်သွားသည်။ ထို့နောက် ယဲ့ဖန်က လက်တစ်ချက် လှုပ်လိုက်သည်။
…
ဓားကျိုးတစ်လက်က သူ့လက်ထဲ ပေါ်လာသည်။ ယဲ့ဖန်က ထိုဓားကျိုးကို မော့လီဟုန်ထံသို့ အသာအယာလေး ဝှေ့ယမ်းလိုက်သည်။
ထို့နောက် သူက နောက်လှည့်ကာ သန့်စင်ခန်းအတွင်းမှ ထွက်သွားလေသည်။
"နောင်ဘဝမှာ လူမှားပြီး ရန်မစမိဖို့ သတိရဦး"
*ဟမ်*
မော့လီဟုန် တောင့်ခနဲ ဖြစ်သွားသည်။
*သူ ငါ့အသက်ကို လိုချင်တာ မဟုတ်ဘူးလား*
*ဘာလို့ အဲ့ဓားကျိုးကို ဝှေ့ယုံလေးဝှေ့ပြီး ထွက်သွားတာလဲ*
မော့လီဟုန် ဇဝေဇဝါ ဖြစ်နေသည်။ သို့သော် ခဏအကြာတွင် သူမလည်ပင်းမှ ခပ်နွေးနွေး အရာတစ်ခု စီးကျလာသ်။
သူမ လည်ပင်းကို လက်ဖြင့် ထိကြည့်ပြီးနောက် အကြီးအကျယ် ထိတ်လန့်သွားသည်။ သူမ လည်ပင်းမှ သွေးများ ဒလဟော စီးကျနေလေ၏။
ထို့နောက် သူမ ဦးခေါင်းသည် လည်ပင်းမှ နေ၍ တဖြည်းဖြည်း ပြတ်ထွက်သွားသည်။
"မ…မဖြစ်နိုင်ဘူး…"
ဗလုံးဗထွေး အသံနှင့်အတူ သူမအလောင်းက ပုံလျက်သား လဲကျ သွားလေတော့သည်။
မော့လီဟုန်သည် သေသည်အထိ ယဲ့ဖန်၏ တိုက်ခိုက်မှုကို သတိမထားမိခဲ့။ ထိုစဉ် အနက်ရောင် ချီမျှင်စုက သန့်စင်ခန်းအတွင်းသို့ ဝင်ရောက်လာပြီး မော့လီဟုန်၏ အလောင်းထဲသို့ တိတ်တဆိတ် ဝင်ရောက်သွားသည်။
မျက်တောင် တစ်ခတ်အတွင်းမှာပင် အလောင်းကနေ ပြာအဖြစ်သို့ ကူးပြောင်းသွားပြီး ပျောက်ကွယ်သွားလေတော့သည်။
သန့်စင်ခန်းသည် ယခင်အတိုင်း သန့်ရှင်းနေပြီး သွေးတစ်စက်တောင် ကျန်ရှိမနေပါ။ဘာမှ မဖြစ်ခဲ့သည့်အတိုင်းပင်၊ သို့သော်လည်း ကျန်းရှီမြို့ရှိ မော့အုပ်စု လုပ်ငန်းခွဲ၏ ဥက္ကဋ္ဌကတော့ ကမ္ဘာမြေပေါ်မှ လုံးဝ ပျောက်ကွယ် သွားလေပြီ။
…
ယဲ့ဖန် ခန်းမထဲ ပြန်ရောက်လာသောအခါ၌ ရဲများက လုပ်ကြံသူ၏ အလောင်းကို စစ်ဆေးနေပြီ ဖြစ်သည်။
သူတို့ မေးမြန်းစရာ ရှိသည်များကို မေးမြန်းပြီးနောက် ပါတီက ပြန်လည် စတင်လာသည်။
ပါတီရှိ လူတိုင်းနီးပါး လိမ္မာပါးနပ်ကျသည်။ မည်သူမှ လုပ်ကြံမှုအကြောင်း မဟတော့။
သူတို့က ဘာမှ မဖြစ်ခဲ့သလို ခွက်ချင်းတိုက်၍ ဝိုင်ဆက်သောက်နေကြသည်။
ယဲ့ဖန် အခန်းထဲ ပြန်ဝင်လာသည်နှင့် အားလုံးက သူ့ထံ ဝိုင်းလာကြသည်။
"မစ္စတာယဲ့၊ ခင်ဗျား ဘယ်တွေ ရောက်နေတာလဲဗျ? ကျွန်တော် ခင်ဗျားနဲ့ တိုစ့်လုပ်ချင်လို့ပါ"
"မစ္စတာယဲ့၊ ကျုပ်က ချန်ဟုန် ကုန်သွယ်ရေး ကုမ္ပဏီရဲ့ ဥက္ကဋ္ဌပါ၊ ခင်ဗျား အားတဲ့အချိန်လေး ကျုပ်တို့ ညစာ စားဖို့ စီစဉ်လို့ ရမလားဗျ?"
"မစ္စတာယဲ့၊ ခင်ဗျားမှာ မှော်ဝင်ပစ္စည်း ထပ်ရှိသေးလားခင်ဗျ? ကျွန်တော် တစ်ခုလောက် ဝယ်ချင်လို့ပါ"
…
ထိုအချိန်တွင်းတွင် ခန်းမထဲရှိ ပထမတန်းစား ပုဂ္ဂိုလ်များက ယဲ့ဖန်အား ဝမ်းသာအားရ ကပ်ကာ မျက်နှာလုပ်နေကြသည်။
မော့ထောင်ကတော့ ထောင့်တစ်နေရာ၌ သုန်မှုန်နေသော မျက်နှာနှင့် ထိုင်နေသည်။
"ဒီ ကြားနေကောင်တွေ သေကို သေသင့်တယ်"
မော့ထောင် အလွန် ဒေါသထွက်နေသော်လည်း မျိုသိပ်ထားရသည်။ သူ၏ ဘုရင်မ နှလုံးသားက ယွမ် ၁ ဘီလီယံသာ တန်သော်လည်း ယဲ့ဖန်၏ လည်ဆွဲက ယွမ် ၁၀ ဘီလီယံ မက တန်ဖိုး ရှိနေသည်လေ။
သည်နှစ်ခုကို မည်သို့မှ မနှိုင်းကောင်းပါ။
"ဟွန့် … နေမင်းကလန်သားတွေ ရောက်လာတဲ့ အခါကျရင် ဘယ်သူက အဆုံးထိ အနိုင်ရသူ ဖြစ်မလဲ ကြည့်ကြသေးတာပေါ့"
မော့ထောင်က ယဲ့ဖန်နှင့် လင်းလန်တို့ကို ဒေါသတကြီး ကြည့်လို့နေသည်။ ထိုစဉ် သူ့ဖုန်း မြည်လာသည်။
ဖုန်းပြောပြီးနောက် မော့ထောင်က အလွန် ညစ်ပတ်သော အပြုံးမျိုးနှင့် ပြုံးလိုက်သည်။
"သူတို့ လာပါပြီဗျာ"
မော့ထောင်က ချက်ချင်း မတ်တပ်ထရပ်ကာ လက်ခုပ် တီးလိုက်သဖြင့် ခန်းမတစ်ခုလုံး တိတ်လို့သွားသည်။
"တိတ်တိတ်နေစမ်း၊ ဒီဝိုင်ပါတီရဲ့ အဓိက လူက လာနေပြီလို့ ကျုပ် အခုပဲ သတင်းရလာတယ်"
*ဘာ*
ဧည့်သည်များ အားလုံး အံ့ဩသွားကြသည်။
*ဒီဝိုင်ပါတီရဲ့ အဓိကလူ*
လူတိုင်း တွေဝေသွားကြသည်။ သူတို့၏ မသေချာ မရေရာသော အကြည့်များကြောင့် မော့ထောင်က အားရပါးရ ပြုံး၍ ရှင်းပြလာသည်။
"အရမ်းကြီး တွေးမနေကြပါနဲ့၊ ဒီပွဲရဲ့ အဓိကလူဆိုတာက နေမင်းကလန်ပါပဲ"
…
ထိုစကားလုံး နှစ်လုံးကို ကြားသည်နှင့် ခန်းမအတွင်းရှိ လူတိုင်း လက်မှိုင်ကျသွားသည်။
"နေမင်းကလန်လား? တရုတ်ပြည် တောင်ပိုင်းက လူ ၆၀ % လောက်ကို မတည်ပေးတဲ့ ထိပ်တန်း ဘဏ္ဍာရေးဆိုင်ရာ စီးပွားရေး လုပ်ငန်းကြီးမလား? ဘုရားရေ"
"နေမင်းကလန်က အမေရိကားက အထူးဆန်းဆုံး ထိပ်တန်း စီးပွားရေး လုပ်ငန်းစုထဲက တစ်ခုပဲ၊ တရုတ်ပြည် တောင်ပိုင်းက ကုမ္ပဏီတွေရဲ့ ၆၀ ရာခိုင်နှုန်းလောက်က သူတို့နဲ့ တိုက်ရိုက် ကုန်သွယ်မှု ပြုကြတယ်လို့ ပြောကြတယ်"
"ဘုရားရေ အဲ့ဒါ နေမင်းကလန်ပဲ၊ ကျုပ် နေမင်းကလန်နဲ့ ဆယ်နှစ်လောက် အတူတူ လုပ်ငန်းလုပ်လာတာတောင် နေမင်းကလန်ရဲ့ အဖွဲ့သားတွေကို မမြင်ဖူးသေးဘူး"
"သခင်လေးမော့က အတော်လေး ထူးဆန်းတာပဲ၊ သူက နေမင်းကလန်ရဲ့ ကိုယ်စားလှယ်ကိုတောင် ဖိတ်ကြားနိုင်တယ်"
စက္ကန့်ပိုင်း အတွင်းမှာပင် ခန်းမ တစ်ခုလုံး ဆူညံလာကာ လူတိုင်း အံ့အားသင့် နေကြသည်။
နေမင်းကလန်သည် အထက်မြက်ဆုံး ထိပ်တန်းကလန်တစ်ခု အဖြစ် နာမည် ကျော်ကြားလေသည်။
သူတို့သည် နိုင်ငံရေး ဆိုင်ရာ၊ စစ်တပ်ဆိုင်ရာ ကိစ္စများကို ဝင်ပါခြင်း မပြုဘဲ စီးပွားရေး တစ်ခုတည်းကိုသာ အာရုံထားကြသည်။
သူတို့၏ စီးပွားရေး စီမံခန့်ခွဲမှုက စက်မှုလုပ်ငန်းပေါင်း ဒါဇင်နှင့် ချီ၍ အုပ်စိုးထားနိုင်၏။ သူတို့က တရုတ်ပြည် တောင်ပိုင်းရှိ ၆၀ ရာခိုင်နှုန်းသော ကုမ္ပဏီတို့နှင့်လည်း တိုက်ရိုက် ကုန်သွယ်ကြသည်။
နေမင်းကလန်လည် စီးပွားရေးတွင် ထိပ်တန်း လုပ်ငန်းကြီးဟု ဆိုထိုက်ပေသည်။
လင်းလန်တောင်မှ မှင်တက်သွားသည်။ နေမင်းကလန်သည် တရုတ်ပြည် တောင်ပိုင်းရှိ လင်းကလန်နှင့် လင်းအုပ်စုတို့၏ အကြီးဆုံး စီးပွားဖက်လည်း ဖြစ်သည်။
နေမင်းကလန်က ဒီပါတီကို တက်ရောက်ရန် ကိုယ်စားလှယ် စေလွှတ် လိမ့်မည်ဟု သူမ ထင်မထားမိပါ။
ခန်းမအတွင်း တည်ငြိမ်နေသည့်သူ ဟူ၍ ယဲ့ဖန် တစ်ယောက်တည်းသာ ရှိသည်။
"နေမင်း…"
ယဲ့ဖန်က မထိတထိ ပြုံးကာ သူ့လက်ကောက်ဝတ်မှာ အနက်ရောင် လက်ကောက်လေးကို မသိမသာ ပွတ်လိုက်သည်။
ထိုစဉ် ခန်းမ တံခါးကို ရုတ်တရက် အပြင်မှ တွန်းဖွင့်လာသည်။