← Chapters

တမလွန်ကို သွားတဲ့ခရီးက စိတ်မချရဘူး၊ ငါ လိုက်ပို့ ပေးပါရစေ

Vol. 9 Ch. 132

တမလွန်ကို သွားတဲ့ခရီးက စိတ်မချရဘူး၊ ငါ လိုက်ပို့ ပေးပါရစေ

Vol. 9 Ch. 132

ဘန်း!

ကျယ်လောင်သော သေနတ်သံ နှင့်အတူ ကျည်ဆံက ယဲ့ဖန်၏ နဖူးအလယ် တည့်တည့်သို့ ဥက္ကာပျံ ကဲ့သို့ တိုးဝင်လာသည်။

သာမန်လူ တစ်ယောက်အတွက် ဤကျည်ဆံကို ရှောင်ရှားရန် မလွယ်ကူပါ။

တစ်ချိန်တည်းမှာပင် ပြတ်သားသော မျက်နှာထားနှင့် သက်လတ်ပိုင်း အရွယ် လူတစ်ယောက်က ဆောက်လက်စ အဆောက်အဦး ပေါ်၌ စနိုက်ပါ သေနတ်ကို ကိုင်၍ ဝပ်နေသည်။

သေနတ်သံကို ကြားသည်နှင့် သူက သွေးဆာ၍ မနှစ်မြို့ဖွယ် ကောင်းသော မျက်နှာပေး ဖြစ်ပေါ်လာသည်။

ထို့နောက် သူက ဖုန်းကို ထုတ်၍ နံပါတ်တစ်ခုကို ဆက်လိုက်သည်။

"သခင်လေး … တာဝန် ပြီး…"

"အမ်?"

သူ စကားပြောနေစဉ်မှာပဲ သက်လတ်ပိုင်း အရွယ် လူ၏ မျက်နှာက အေးစက်သွားကာ သူ့ပစ်မှတ်ကို မှန်ပြောင်းကနေ ပြန်ကြည့်လိုက်သည်။

သူ ထင်ထားသလို ယဲ့ဖန်က မြေကြီးပေါ် လဲမနေပါ၊ ထိုအစား ယဲ့ဖန်က သက်လတ်ပိုင်း အရွယ် လူရှိရာ ဆောက်လက်စ အဆောက်အဦးဆီသို့ ခပ်ဖြည်းဖြည်း လျှောက်လာနေသည်။

*ဒါ ... လုံးဝ မဖြစ်နိုင်ဘူး*

ဤ သက်လတ်ပိုင်း အရွယ် လူသည် တရုတ်ပြည် တောင်ပိုင်းတွင် နာမည်ကြီး စနိုက်ပါ သမား ဖြစ်သည်။

သူ၏ လက်ဖြောင့် စွမ်းရည်နှင့် ပတ်သက်၍ သူ့ကိုယ်သူ အလွန် ယုံကြည်မှု ရှိသည်။

သူ ပစ်မှတ်ထားသည့် မည်သည့် သားကောင်မဆို တစ်ချက်တည်းနှင့်‌ သေသွားကြတာ ချည်းပင်။

"ီးပဲ … ဒီကောင်က ကံကောင်းသွားတဲ့ ခွေးတစ်ကောင် သာသာပါပဲ"

သက်လတ်ပိုင်းအရွယ်လူက သူ့ကျည်ဆံကို ယဲ့ဖန် ကံကောင်း ထောက်မ၍သာ ရှောင်လိုက်နိုင်သည်ဟု ထင်နေသည်။

"သိမ်းငှက် ဘာဖြစ်တာလဲ? ဟိုကောင် မသေသေးဘူးလား?"

လူငယ် တစ်ယောက်၏ အသံက သူ့ဖုန်းထဲမှ ထွက်လာသည်။

လူငယ်၏ အမေးကြောင့် သိမ်းငှက်က ဆိုးယုတ်သော မျက်နှာထားနှင့် ပြန်ဖြေလိုက်သည်။

"စိတ်မပူပါနဲ့ သခင်လေး"

ထိုသို့ပြောပြီး သိမ်းငှက်က ယဲ့ဖန်၏ ခေါင်းကို နောက်တစ်ခါ ပြန်ချိန် လိုက်သည်။

ဘန်း!

ဘန်း!

ဘန်း!

သူက ယဲ့ဖန်၏ အဓိက နေရာများကို သုံးချက် ဆက်တိုက် ပစ်လိုက်သည်။

"တစ်ခါတည်းနဲ့ သုံးချက် ပစ်လိုက်ပြီ၊ နောက်မှ တွေ့ကြတာပေါ့"

သိမ်းငှက်က အလွန် အထင်သေးဟန်ဖြင့် ရယ်လိုက်သည်။

တစ်ခါတည်းနှင့် သုံးချက်ပစ်ခြင်းသည် သူ၏ ထူးခြားသော လူသတ် စွမ်းရည်ပင်။

ထိုသုံးချက်နှင့် ပြေးပေါက် အားလုံးကို ပိတ်လိုက်ခြင်း ဖြစ်သည်။

ယဲ့ဖန်က ပေါ့ပါး ဖျတ်လတ်နေရင်တောင်မှ သူ သေကို သေလိမ့်မည်။

ဤလူသတ်စွမ်းရည်နှင့် သိမ်းငှက်သည် ကြေးစား ၇၁ ယောက်နှင့် စစ်သားဘုရင် ၁၃ ယောက်ကို သတ်ပြီး စံချိန်တင်နိုင်ခဲ့သည်။

ယဲ့ဖန်က သူ့မျက်လုံးထဲတွင်တော့ သေကို သေပြီးသားပင်။

သို့သော် နောက်ဖြစ်လာသည့် အဖြစ်အပျက်ကြောင့် သူ မျက်လုံးပြူး လာသည်။

ယဲ့ဖန်က မြွေတစ်ကောင်ကဲ့သို့ ပေါ့ပါး လျင်မြန်စွာ လှစ်ခနဲ ပြေးလာနေ၏။

ရွှစ်! ရွှစ်! ရွှစ်!

ကျည်ဆံ သုံးခုလုံးက မြေကြီးကိုသာ မှန်သွားသဖြင့် ဖုန်ထလာသည်။

*ဒါ … မဖြစ်နိုင်ဘူး*

သိမ်းငှက် လက်မှိုင်ချသွားသည်၊ ထို့ပြင် သူက မယုံနိုင်သည့်ဟန်ဖြင့် မျက်လုံးကို ပွတ်၍ ကြည့်နေသည်။

ယဲ့ဖန်က ဆောက်လက်စ အဆောက်အဦး၏ အပေါ်ဆုံးကို ဒေါသတကြီး ကြည့်နေသည်ကို သူ မြင်လိုက် ရသည်။ သူ့မျက်လုံးများက ညတာ၏ အဆုံးမရှိသော မှောင်မိုက်မှုကို မြင်လိုက်ရသလိုပင်။

"သေစမ်း … သူ ငါ့ကို မြင်သွားတာပဲ"

သိမ်းငှက် ကြောက်လန့်လာကာ ယဲ့ဖန်ကို ချက်ချင်း ပြန်ချိန်၍ သေနတ်မောင်းကို ဆက်တိုက် ဖိထားလိုက်သည်။

ဘန်း! ဘန်း! ဘန်း!

ကျည်ကုန်သွားလျင် ကျည်ပြန် ဖြည့်ပြီး သူ့ပစ်မှတ်ကို ဆက်တိုက် ပစ်ခတ်နေသည်။

သူ ချိန်၍ ပစ်လိုက်သည့် နေရာတိုင်းက ယဲ့ဖန်၏ သေကွင်းသေကွက် နေရာများပင်။

သို့သော် တစ်ခါ ပစ်လိုက်တိုင်း သိမ်းငှက်၏ နဖူးတွင် ချွေးဒီးဒီးကျလာသည်။

အဘယ်ကြောင့်ဆိုသော် ယဲ့ဖန်က ဆောက်လက်စ အဆောက်အဦးဆီသို့ အေးအေးလူလူနှင့် လမ်းဆက်လျှောက် လာသောကြောင့်ပင်။

ယဲ့ဖန်က ပျော်နေသည့်ဟန်ဖြင့် အေးအေးဆေးဆေး လမ်းလျှောက်နေသည်။

သို့သော် သူ တစ်ခါ ခြေလှမ်း လှမ်းလိုက်တိုင်း သိမ်းငှက် တစ်ကြိမ် ပစ်မှတ် လွဲသွားလေသည်။ ယဲ့ဖန်က ကျည်ဆံတိုင်း၏ လမ်းကြောင်းကို ကြိုသိ နေသည့် ဟန်ပင်။

"ဒါ … လုံးဝ မဖြစ်နိုင်ဘူး … ကျည်ဆံ တစ်ခုနဲ့ တစ်ခုက စင်တီမီတာ လောက်လေးပဲ ကွာတဲ့ဟာကို … ဒါ လုံးဝ ဖြစ်နိုင်ချေ မရှိဘူး"

သိမ်းငှက် နောက်တစ်ခါ ပြန်ကြည့်လိုက်သောအခါ ယဲ့ဖန်ကို ရှာလို့ မတွေ့တော့ချေ။

"သူ … ဘယ်ရောက်သွားတာလဲ? သူ ပျောက်နေတယ်၊ သူ … ဟင်းလင်းပြင် ထဲကို ပျောက်သွားသလိုကြီး"

သိမ်းငှက် မျက်ခုံးလှုပ်လာသည်။ သူ စိတ်ချောက်ချား နေသည်ဟုသာ ထင်လိုက်မိ၏။

*ဘယ်လိုလုပ် အသက်ရှင်နေတဲ့ လူက ဘယ်ကမ္ဘာ ရောက်လို့ ရောက်မှန်း မသိဘဲ ပျောက်သွားရတာလဲ*

*အံ့ဩစရာ ကောင်းလှချည်လား*

သိမ်းငှက် ချက်ချင်း သူ့မြင်ကွင်းကနေ ချက်ချင်း ပြန်ကြည့်နေသည်။ သူ ယဲ့ဖန်ကို မြန်နိုင်သမျှ မြန်မြန် ရှာတွေ့ချင်နေသည်။

ထိုစဉ် သူ အသံတစ်သံကို ကြားလိုက်ရသည်။

"ခင်ဗျား ကျုပ်ကို လိုက်ရှာနေတာလား?"

*ဘာ*

သူ့စကားကြောင့် သိမ်းငှက် တစ်ကိုယ်လုံး ကြက်သီးမွှေးညှင်း ထလာကာ သေရေးရှင်ရေး ကိစ္စနှင့် ကြုံလာရသလို ခံစားလာရသည်။

ထို့နောက် သူက အဆောက်အဦး၏ မှောင်ရိပ်ကျသော ထောင့်ထဲသို့ လှည့်ကြည့် လိုက်သည်။

ခြေသံများနှင့်အတူ လူတစ်ယောက်က မှောင်ရိပ်ထဲမှ ဖြည်းဖြည်းချင်း ထွက်လာသည်။

ထိုသူကား ယဲ့ဖန်ပင်။

ယဲ့ဖန်သည် အမှောင်ထဲမှ သရဲသဘက်ကဲ့သို့ လွန်စွာ ကြောက်လန့် စိုးရွံ့ဖွယ် ကောင်းလှသည်။

"မင်း … မင်း"

သိမ်းငှက်ခမျာ ထိတ်လန့်လွန်းသဖြင့် စကားတောင် ဆုံးအောင် မပြောနိုင်ချေ။

လွန်ခဲ့သည့် တစ်မိနစ်ခန့်က တိုက်အောက်ခြေမှာသာ ရှိနေသည့် ယဲ့ဖန်က တိုက် အပေါ်ဆုံးကို ဘယ်လိုလုပ် ရောက်လာသလဲ သူ ဘယ်လိုမှ စဉ်းစား၍ မရပါ။

*သူက လူ ဟုတ်မှ ဟုတ်ရဲ့လား*

သိမ်းငှက် ကြာကြာ စဉ်းစားမနေတော့ဘဲ သူ့စနိုက်ပါ သေနတ်ကို ယဲ့ဖန်ထံသို့ ချိန်၍ ဆက်တိုက် ပစ်လိုက်သည်။

ဘန်း! ဘန်း! ဘန်း!

သေနတ်သံများက ဆောက်လက်စ အဆောက်အဦး၏ အပေါ်မှ ဆက်တိုက် ထွက်ပေါ်လာသည်။

ကျည်ဆံ ကုန်သွားသည်နှင့် သိမ်းငှက်က အမှောင်ထဲမှ လူကို ကြည့်၍ တီးတိုး ရေရွတ်လိုက်သည်။

"သူ … သေသွားပြီလား?"

သိမ်းငှက် ရင်တုန်ပန်းတုန် ဖြစ်နေ၏။ ထိုစဉ် ထိတ်လန့်ဖွယ်ကောင်းသော အသံတစ်သံကြောင့် သူ့မျက်နှာက ပြာနှမ်းလာသည်။

"ဘာလဲ? ခင်ဗျား ကျည်ကုန်သွားတာလား?"

ယဲ့ဖန်က မှောင်ရိပ်ထဲမှ အေးအေးဆေးဆေး ထွက်လာပြီး သိမ်းငှက်ကို လက်ဝှေ့ယမ်းပြကာ အားရပါးရကြီးကို ပြုံးနေလေသည်။

တချွင်ချွင် အသံနှင့်အတူ ယဲ့ဖန်က သူ့ရှေ့မှာပင် ကျည်ခွံများကို ပစ်ချလိုက်သည်။

….

သိမ်းငှက်တစ်ယောက် မှင်တက်သွားသည်။

*ဒါ T-238 ကျည်ဆံလေ*

*ငါ အကြိုက်ဆုံး ကျည်ဆံလေးတွေ*

*ဘယ်လိုလုပ် … သူက ... ကျည်ဆံတွေကို လက်နဲ့ ဖမ်းနိုင်တာလဲ*

ထိုစဉ် သိမ်းငှက် ကြောက်လန့်ကာ အေးခဲလာမတတ် ခံစားလာရပြီး လိပ်ပြာလွင့်မတတ် ဖြစ်လာသည်။

ဤကဲ့သို့ သူမျိုး သူ တစ်ခါမှ မမြင်ဖူးပါ။ ဒါ လူလုံးဝ မဖြစ်နိုင်။

သူ၏ ထိတ်လန့်နေသော အကြည့်အောက်မှာပင် ယဲ့ဖန် လက်ဖဝါးထဲ၌ ဓားကျိုး တစ်ချောင်း ပေါ်လာသည်ကို သူ တွေ့လိုက်ရသည်။

"ကျည်ဆံ ၃၅ ခု"

ယဲ့ဖန်က သိမ်းငှက်အား နတ်ဆိုးဆန်သော အကြည့်များဖြင့် ကြည့်ကာ ပြောလိုက်သည်။

"အမှန်အတိုင်း ပြောရရင် မင်းရဲ့ သေနတ်ပစ် စွမ်းရည်က တော်တော် ညံ့တာပဲ"

….

ယဲ့ဖန်စကားကြောင့် သိမ်းငှက် မျက်နှာတစ်ပြင်လုံး မယုံသင်္ကာဟန်များဖြင့် မည်းမှောင်လာသည်။ မဆိုင်းမတွပင် သူ ချက်ချင်း တစ်ဘက်လှည့်၍ ထွက်ပြေးရန် ကြံလိုက်သည်။

*နတ်ဆိုး*

*သူက နတ်ဆိုးပဲ*

သိမ်းငှက် မြန်နိုင်သမျှ မြန်မြန်ပြေးနေသည်။ သူ့မိဘများက သူ့ကို ခြေထောက် နှစ်ချောင်းထက် ပိုမပေးခဲ့သဖြင့် သူ မုန်းချင်သလိုတောင် ဖြစ်လာသည်။

ထိုစဉ် အေးစက်စက် အလင်းများက တစ်ခုပြီးတစ်ခု ဖြတ်သန်းလာသည်။ အလင်းတစ်ခုချင်းစီက သိမ်းငှက်၏ ကိုယ်ကို တစ်စစီ ဖြစ်အောင် ဆွဲဖြဲ သွားသဖြင့် သူ့မျက်နှာက အလွန် ဆိုးရွားလာသည်။

အဆုံးတွင် သိမ်းငှက်၏ မျက်လုံးများက အလွန် ထိတ်လန့် တုန်လှုပ်မှုများဖြင့် ပြည့်နှက်လို့လာသည်။

ထို့နောက် ယဲ့ဖန်က ဆောင့်ကြောင့်ထိုင်ချကာ ဖုန်းကို ကောက်ယူလိုက်သည်။

"သိမ်းငှက် ဘာဖြစ်တာလဲ? အဲ့ကောင် သေပြီလား?"

"ခွေးကောင် ပြန်ဖြေဦးလေ၊ ဘာဖြစ်နေတာလဲ"

"သေစမ်း သိမ်းငှက် … မင်း ပြန်မဖြေဘဲ နေမယ်ဆိုရင် မင်းကို ငါတစ်စစီ ဖြစ်အောင် ခုတ်ထစ်ပစ်မယ်"

ဗျာများနေသော အသံက ဖုန်းတစ်ဘက်မှ ပဲ့တင်ထပ်၍ ထွက်လာသည်။

ယဲ့ဖန်က အားပါးတရ ပြုံး၍ "သခင်လေးမော့၊ ခင်ဗျား သူ့ကို ဘယ်နှစ်ပိုင်းလောက် ခုတ်ထစ်ချင်လဲ? ကျုပ် ကူညီပေးပါရစေ"

…

ယဲ့ဖန်၏ စကားကြောင့် ဖုန်းထဲမှ အသံက ချက်ချင်း တိတ်သွားသည်။

ထို့နောက် မော့ထောင်က အံ့ဩနေသော လေသံဖြင့် "ယဲ့ … ယဲ့ဖန်၊ မင်း မသေသေးဘူးလား?"

"သေတယ်?"

ခေါင်းကိုခါ၍ အသာပြုံးနေသော ယဲ့ဖန်သည် ပို၍ သွေးဆာကာ ရက်စက်သော ပုံ ပေါက်လာသည်။

"ကျုပ်သာ သေသွားရင် ခင်ဗျားအလောင်းကို ဘယ်သူလာသိမ်းပေးမှာလဲ?"

*ဘာ*

ယဲ့ဖန်၏ အပြောကြောင့် မော့ထောင်၏ အသံက တုန်ယင်လာသည်။

"သိမ်းငှက် ဘယ်မှာလဲ?"

မော့ထောင်၏ လေသံက အလွန် စိုးရိမ်သည့်ဟန် ပေါက်သည်။

မော့ထောင်၏ အမေးကြောင့် ယဲ့ဖန်က သိမ်းငှက်၏ ခေါင်းကို ဆတ်ခနဲ ကောက်ယူကာ တောက်ပစွာ ပြုံးလိုက်သည်။

"သိမ်းငှက်လား? သူက နေရာတိုင်းမှာ ရှိတယ်လေ၊ သခင်လေးမော့က သူ့ရဲ့ ဘယ်အစိတ်အပိုင်းကို မေးတာလဲ?"

…

ယဲ့ဖန်၏ အပြောကြောင့် မော့ထောင် ကြောက်လန့်လာကာ ဘောင်းဘီထဲ သေးထွက်ကျမတတ် ဖြစ်လာရသည်။

ထို့နောက် သူ ဖုန်းကို အလျင်အမြန် ချလိုက်သည်။ ခပ်ဖွဖွ ပြုံး၍ ယဲ့ဖန်က ဖုန်းကို မြေကြီးပေါ် လွှတ်ချ၍ ခြေဖြင့် တစ်စစီဖြစ်အောင် နင်းချေလိုက်သည်။

ထို့နောက် ယဲ့ဖန်က ကျန်းရှီမြို့၏ မြို့လယ်ခေါင်ကို လှမ်းကြည့်ကာ နတ်ဆိုးဆန်သော မထိတထိ အပြုံးမျိုးနှင့် ခပ်တိုးတိုး ရေရွတ်လိုက်သည်။

"ငရဲကို သွားရမယ့် လမ်းက ဝေးလွန်းတယ်၊ တမလွန်ကို သွားမယ့်လမ်း ကလည်း စိတ်မချရဘူး၊ ဆိုတော့ကာ ကျုပ် မင်းကို လိုက်ပို့ပေးပါရစေ"

ထိုသို့ ပြောပြီး ယဲ့ဖန်သည် ညအမှောင်ထဲမှ လှစ်ခနဲ ပျောက်ကွယ် သွားလေတော့သည်။

All Chapters