ယောကျ်ားဆိုတာ ပေးထားတဲ့ ကတိတည်ရတယ်!
Vol. 9 Ch. 133
ကျန်းရှီမြို့တွင် ဝံပုလွေရိုင်း၏ အဖွဲ့အစည်းသည် မြောက်ဘက်ခြမ်း၌ အင်အား အကြီးဆုံး မြေအောက်ဂိုဏ်း တစ်ခု ဖြစ်ပြီး တောင်ဘက်ခြမ်း တွင်တော့ ကျားခေါင်းအဖွဲ့က အင်အား အကြီးဆုံး ဖြစ်သည်။
သို့သော် ကျားခေါင်းအဖွဲ့ကို ထောက်ပံ့ပေးနေသည့်သူက တရုတ်ပြည် တောင်ပိုင်းမှ မော့ကလန် ဖြစ်သည်ဆိုတာကို သိသူ နည်းလှပေသည်။
ညနေခင်းနှောင်းပိုင်းလောက်တွင် ကျားခေါင်းအဖွဲ့၏ ဌာနချုပ်ရှိ ခန်းမထဲတွင် သွေးသံတရဲရဲနှင့် လူတစ်ယောက်ကို သံတိုင်၌ ချည်နှောင်လို့ထားသည်။
ထိပ်ပြောင်ပြောင်နှင့် လူသန်တစ်ယောက်က ထိုသွေးသံ တရဲရဲနှင့် လူကို အညှာအတာမဲ့စွာ ရိုက်နှက်နေသည်။
ဖြောင်း! ဖြောင်း! ဖြောင်း!
ထို ထိပ်ပြောင်သောသူသည် အလွန် ရက်စက်လှ၏။ သူ တစ်ချက် ရိုက်လိုက်တိုင်း သံတိုင်၌ အချည်ခံထားရသောသူ သွေးအန်ပြီး သနားစဖွယ် ကောင်းလောက်အောင် အော်ဟစ်ရသည်။ သူ့အသံကို ကြားသည့် သူတိုင်း ကြက်သီး တဖြန်းဖြန်း ထသွားရသည်။
"ကျားနက်၊ မင်း ယောကျ်ားဆိုရင် ငါ့ကို သတ်ပစ်လိုက်စမ်းပါ"
သံတိုင်၌ အချည်ခံ ထားရသော သက်လတ်ပိုင်း အရွယ် လူကြီးသည် အလွန် ဖြူရော်နေကာ တစ် noလုံး ဒဏ်ရာ ဒဏ်ချက်တွေ ကလည်း ဆိုးဆိုး ရွားရွားပင်။
သူက ထိပ်ပြောင်နေသော သူကို ကြုံးဝါးလို့နေ၏။
ထိုထိပ်ပြောင်နေသော သူသည် ကျားနက် ဖြစ်ပြီး ကျန်းရှီမြို့ တောင်ဘက်ခြမ်းရှိ မြေအောက်ဂိုဏ်းများကို ထိန်းချုပ်ထားသည့် သူပင် ဖြစ်ပေသည်။
သူ၏ ပြောင်နေသော ခေါင်းပေါ်တွင် ကြမ်းတမ်းသော ကျားနက်တစ်ကောင်၏ ပုံကို တက်တူး ထိုးထားသဖြင့် သူ့အား ပို၍ ရက်စက်ကာ မိစ္ဆာအသွင် ပေါက်လာစေသည်။
သက်လတ်ပိုင်းအရွယ် လူကြီး၏ အပြောကြောင့် ကျားနက်က အားပါးတရ ပြုံးကာ ပြောလိုက်သည်။
"ဟီးဟီး လင်းတရာ မင်းက မြောက်ပိုင်းက တကယ့်ကို သန်မာတဲ့ ကောင်ပဲကွ၊ တော်တော် တောင့်ခံနိုင်တာပဲ"
ကျားနက်က ပြုံး၍ ဆက်ပြောလိုက်သည်။
"ဒါပေမယ့် မင်းက မြောက်ပိုင်းမှာ နဂါးတစ်ကောင် ဖြစ်ခဲ့ရင်တောင် ကျန်းရှီမြို့မှာတော့ လိမ်မာရမယ်လေ၊ မင်း သေချင်နေတာလား? စိတ်တောင် မကူးနဲ့"
ထိုသို့ပြောပြီး ကျားနက်က လင်းတအား ဆက်၍ ပြင်းထန်စွာ ရိုက်နှက် လိုက်သည်။
လင်းတ၏ မျက်လုံးတွင် အလွန် နောင်တရဟန်များ ပျော်ဝင်နေသည်။
မြောက်ပိုင်း၏ အင်အားကြီးသူများထဲမှ တစ်ယောက် ဖြစ်သည့်အတွက် လင်းတသည် သည်လောက် သူ့ အခြေအနေ ဆိုးရွားလိမ့်မည်ဟု သူ ထင်မထားမိပါ။
သူ ဆက်၍ နာကျင်စွာ အော်ဟစ်နေရသည်။
ကျားနက်က သူ ပင်ပန်းလာသည့် အခါမှ လည်သာ ကျာပွတ်ကို ပစ်ချကာ ထိုင်ခုံမှာ ထိုင်ချလိုက်သည်။ ထို့နောက် သူက အရက်ခွက်ကို ကောက်ကိုင်၍ မော့ထောင်အား ပြောလိုက်သည်။
"ဟားဟား… သခင်လေးမော့ … ခင်ဗျား အဲ့လူကို မြင်ဖူးလား? သူက မြောက်ပိုင်းက အင်အားကြီးတစ်ယောက် ဖြစ်တဲ့ လင်းတလေ၊ သူက အခု ကျုပ် အကျဉ်းသား ဖြစ်နေပြီ"
ကျားနက်က အလွန် ကျေနပ်နေဟန်ဖြင့် အားပါးတရ အော်ရယ်လိုက်သည်။
ကျားနက်၏ မျက်နှာချင်းဆိုင်တွင် လူငယ်လေး တစ်ယောက် ထိုင်နေသည်။ ထိုသူကတော့ မော့ထောင်ပင်။
ကျားနက်၏ စကားကြောင့် မော့ထောင်က အင်တင်တင် ဖြစ်နေသော အပြုံးမျိုး ပြုံးလိုက်သည်။ သို့သော် တစ်ခုခုကို စိတ်ပူနေသည့်ဟန်ဖြင့် မျက်မှောင်ကြုတ်လိုက်သည်။
မော့ထောင်၏ အမူအရာကြောင့် ကျားနက်က ဒဲ့ဒိုး မေးလိုက်သည်။
"သခင်လေးမော့၊ ခင်ဗျား အဲ့ကောင်လေးကို စိုးရိမ်နေတုန်းလား? ဟက် .. နားထောင်ဗျာ.. ကျန်းရှီမြို့က ဘယ်သူမဆို တောင်ဘက်ခြမ်းက ကျုပ်နယ်မြေမှာ အကြမ်းပတမ်း မလုပ်ရဲဘူး။ အဲ့ကောင် လာရဲရင်တော့ သူ သေတာထက် အခြေအနေ ဆိုးသွားစေရမယ်"
ထိုအခါမှသာ မော့ထောင် စိတ်ချလက်ချ ဖြစ်သွားသည်။ ထို့နောက် သူက ဆက်ပြောလိုက်သည်။
"ကျားနက် မင်းလူအားလုံးက လူမိုက်တွေမှန်း ငါ သိပါတယ်၊ ဒါပေမယ့် အဲ့ကောင်က နည်းနည်းတော့ ထူးဆန်းတယ်၊ သူ ဗုံးထောင်တာကနေ လွတ်မယ်လို့တောင် ကျုပ် မထင်ထားခဲ့ဘူး၊ သူက သိမ်းငှက်ကိုတောင် သတ်လိုက်တာ"
သိမ်းငှက်သည် ထိပ်တန်း စနိုက်ပါ သမားဖြစ်၏။ သူက လူတိုင်းကို တစ်ချက်တည်းဖြင့် အသေသတ်နိုင်သည်။
သိမ်းငှက်၏ သေဆုံးမှုက မော့ထောင်ကို ချောက်လှန့်လို့နေသည်။
မော့ထောင်၏ စကားကြောင့် ကျားနက်က အနည်းငယ် အထင်သေးသော ဟန်ဖြင့် "သခင်လေးမော့၊ နားထောင်ပါ၊ တကယ် သန်မာတဲ့သူတွေက ဘယ်တော့မှ သေနတ်မသုံးဘူး၊ ကျုပ်မှာ ကင်းကောင် ၄ ယောက်နဲ့ သူတော်စင် ၁၀ ယောက် ရှိတယ်၊ သူတို့အကုန်လုံး ကျည်ဆန်ကို ရှောင်နိုင်တယ်၊ ကျုပ်တို့ဆိုရင်တော့ ဆဠမ အာရုံတစ်ခုတည်းနဲ့တင် ကျည်ဆံ လာမယ့် လမ်းကြောင်းကို ရှောင်ပြီး ပစ်တဲ့ကောင်ကို တစ်ချက်တည်းနဲ့ သတ်လိုက်လို့ ရတယ်"
ကျားနက်က ပြုံးစစနှင့် ထပ်ပြောလိုက်သည်။
"ပြီးတော့ ကင်းကောင် ၄ ယောက်နဲ့ သူတောင်စင် ၁၀ ယောက်အပြင် ကျုပ်မှာ ဒီအိမ်ကြီးကို ကာကွယ်ပေးတဲ့ ညီအစ်ကို အယောက် ၁၀၀ ကျော်တောင် ရှိသေးတယ်၊ သူက နတ်ဘုရား ဖြစ်နေရင်တောင် ဒီနေရာမှာ သေရမှာပဲ"
ကျားနက်၏ အာမခံသော စကားကြောင့် မော့ထောင်၏ မျက်လုံးများက တောက်ပလာသည်။
မော့ထောင်သည် ကျားနက်အကြောင်း ခရေစေ့တွင်းကျ သိသည်။
*ကင်းကောင် ၄ ယောက်နဲ့ သူတောင်စင် ၁၀ယောက်သည် တောင်ပိုင်း၏ လူရမ်းကားများပင် ဖြစ်ပြီး သူတို့ တစ်ယောက်ချင်းစီတိုင်းက အလွန် ရက်စက်ကာ လူသေတွေ ကြားထဲ နေရတောင် ဖြုံမည့်သူတွေ မဟုတ်။*
*ပြီးတော့ ကျားခေါင်းအဖွဲ့ရဲ့ လူ ၁၀၀ ကျော်တောင် ရှိတာ ယဲ့ဖန် အလွန် သန်မာတဲ့သူဆိုရင်တောင်မှ သေချာပေါက် သေမှာပဲ*
…
တစ်ချိန်တည်းမှာပင် …
ကျားခေါင်းအဖွဲ့ ခြေကုပ်ယူထားသော အပြင်ဘက် မှောင်မိုက်၍ ရှင်းလင်းနေသော လမ်းမကြီးတွင် လူငယ်တစ်ယောက်က အေးအေးလူလူနှင့် လမ်းလျှောက်လို့ လာနေသည်။
အနက်ရောင်ဝတ်စုံနှင့် ထိုသူသည် အမှောင်ထဲမှ ထွက်ပေါ်လာသော မိစ္ဆာ တစ်ကောင်လိုပင်။
"ဘယ်သူလဲ?"
ကျားခေါင်းအဖွဲ့သား တစ်ယောက်က ရုတ်တရက် ယဲ့ဖန်အား သတိထားမိ သောအခါ ခပ်တည်တည်နှင့် အော်ပြောလိုက်သည်။
"ဒီနေရာက ကျားခေါင်းအဖွဲ့ရဲ့ တားမြစ် ပိုင်နက်ပဲ၊ မင်း လာလို့ မရဘူး၊ ဒီနေရာက မြန်မြန် ထွက်သွားစမ်း"
သူက သံမဏိဓား တစ်လက်ကို ကိုင်ထားပြီး မလိုလားသော အကြည့်တို့ဖြင့် ကြည့်နေသည်။
သို့သော် အနက်ရောင် ဝတ်စုံနှင့် လူငယ်လေးက သူ့ကို လျစ်လျူရှုကာ ရှေ့သို့ တစ်လှမ်းပြီး တစ်လှမ်းတိုးလာသည်။
"ချီးပဲ သူ့ကို သတ်ကွာ"
ယဲ့ဖန်က သူတို့ ပြောတာကု နားမထောင်မှန်း သိလိုက်သည်နှင့် အဖွဲ့ခေါင်းဆောင်က အချက်ပြ၍ အမိန့်ပေးလိုက်သည်။
…
ရုတ်တရက် သန်မာသော လူတစ်စုက ယဲ့ဖန်ထံသို့ ပြေးဝင်လာကာ သူ့ဦးခေါင်းကို ဓားများဖြင့် ဝိုင်းခုတ်လေသည်။
…
ထိုစဉ် ယဲ့ဖန်က ရုတ်တရက် အနက်ရောင် ချီဓာတ်များကို ထုတ်လိုက် သောကြောင့် ထိုချီဓာတ်များက သန်မာသောသူများ၏ ကိုယ်ထဲသို့ တိုးဝင်သွားသည်။
အား!
စူးရှသော အော်သံများက အချက်ပြသံအလား ထွက်ပေါ်လာ၏။ အဖွဲ့ခေါင်းဆောင်၏ ထိတ်လန့်နေသော အကြည့် အောက်မှာပင် ရှေ့သို့ ပြေးတက်သွားသောလူများက အေးခဲလာကာ သနားစဖွယ် ဟစ်အော် နေသည်။
ထို့နောက် လေတိုက်လာသည်နှင့် အဖွဲ့ထဲမှ လူတိုင်းက တစ်စစီ ဖြစ်ကာ ပြာဖြစ်ပြီး ပျောက်ကွယ်သွားသည်။
အဖွဲ့ခေါင်းဆောင် ကြောက်လန့်တကြား လဲကျသွားလေသည်။ ဤမျှ ကြောက်ဖို့ကောင်းသည့် အရာကို သူ တစ်ခါမှ မမြင်ဖူးပါ။
*အံ့ … အံ့ဩဖို့ ကောင်းလိုက်တာ*
"မင်း … မင်း ဘယ်လိုလူလဲ?"
အဖွဲ့ခေါင်းဆောင်က ယဲ့ဖန်အား ထိတ်လန့်တကြား ကြည့်နေသည်။
"ငါ ဘယ်သူလဲ ဟုတ်လား?"
ယဲ့ဖန်က နှုတ်ခမ်းတွန့်ရုံ ပြုံး၍ ရှေ့သို့ ဖြည်းဖြည်းချင်း လျှောက်လာကာ ပြောလိုက်သည်။
"လူသတ်သမားလေ"
ထို့နောက် ယဲ့ဖန်က နတ်ဆိုးချီမျှင်စုကို ထပ်ထုတ်လိုက်ပြီး ထိုချီဓာတ်က အဖွဲ့ခေါင်းဆောင်ကိုယ်ထဲသို့ ဝင်သွားသည်။
စူးရှသော အော်သံနှင့်အတူ သန်မာသော လူ၏ ပျာယာခတ်နေသော မျက်လုံးများက ငြိမ်သက်လာကာ သူ့ကိုယ်တစ်ခုလုံး ပြာဖြစ်သွားကာ လေနှင့်အတူ လွင့်ပါသွားသည်။
"အလစ် ဝင်တိုက်တယ်၊ အလစ် ဝင်တိုက်တယ်"
အပြင်ဘက်မှ စူးရှသောအော်သံများက အိမ်ထဲက မကြားမည်ကို စိုးရိမ်စရာတောင် မလိုပါ။
ခြေသံများနှင့်အတူ အနက်ရောင် ဝတ်စုံနှင့် စစ်သားများစွာက အိမ်တော်ထဲမှ ထွက်လာကြသည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် ခြံဝန်းတစ်ခုလုံးကို ကျားခေါင်းအဖွဲ့ဝင် ၁၀၀ ကျော်တို့နှင့် ပြည့်နှက်သွားသည်။
ထိုအဖွဲ့၏ ချီဓာတ်က အလွန် ချောက်ချားဖွယ် ကောင်းလှသည်။ ထို့အပြင် သူတို့က ကျားနက်နှင့် မော့ထောင်တို့ ဦးဆောင်သော ကင်းကောင် ၄ ယောက်နှင့် သူတော်စင် ၁၀ ယောက်အတွက် လမ်းဖယ်ပေးလိုက်ကြသည်။
ယဲ့ဖန်ကို မြင်သည်နှင့် မော့ထောင်က အလွန် ကြမ်းတမ်းသော စိတ်တို့ဖြင့် အော်ဟစ်လိုက်သည်။
"ခွေးကောင်လေး ... မင်း တကယ်လာရဲမယ်လို့ ငါ ထင်မထားခဲ့ဘူး"
မော့ထောင်သည် ယဲ့ဖန်က အကြောက်အလန့် ကင်းကင်းနှင့် ကျားခေါင်းအဖွဲ့သို့ တစ်ယောက်တည်း လာရဲလိမ့်မည်ဟု ထင်ကို ထင်မထားမိပါ။
မော့ထောင်၏ ပြင်းထန်သော သဘောထားကို ခံစားမိပြီး ယဲ့ဖန်က ပြောင်စပ်စပ် မျက်နှာပေးနှင့် "ယောကျာ်းတစ်ယောက်အနေနဲ့ ငါက ကိုယ့်ကတိကိုယ် တည်ရမယ်လေ၊ ငါ မင်းအလောင်းကို လာကောက်မယ်လို့ ငါ မင်းကို ပြောခဲ့သားပဲ၊ အခု ငါရောက်လာပြီလေ"
…
ယဲ့ဖန်၏ စကားကြောင့် မော့ထောင်က အားပါးတရ ရယ်ချလိုက်သည်။
သူ့ကို ကာကွယ်ပေးနေသည့် ကျားခေါင်းအဖွဲ့ဝင်များကို တစ်ချက်ကြည့်ပြီး ယဲ့ဖန်ကို မေးလိုက်သည်။
"မင်း သေချာလို့လား?"
"ယဲ့ဖန် … သေသေချာချာလည်း ကြည့်ပါဦးကွ၊ ဘေးမှာ ရှိနေတဲ့ လူအယောက် ၁၀၀ ကျော်က ငါ့လူတွေပဲ၊ မင်းက ငါ့ကို သတ်ချင်နေတာလား? ဟဟ…"
ကမ္ဘာပေါ်ရှိ အရယ်ရဆုံး ဟာသကို ကြားလိုက်ရသည်ဟု မော့ထောင် ခံစားနေရသည်။
ကျားခေါင်းအဖွဲ့၏ နယ်မြေဒေသထဲသို့ ယဲ့ဖန်သည် သူ့အမြင်တွင်တော့ သေလူတစ်ယောက်သာ ဖြစ်ပေသည်။
ကျားခေါင်း အဖွဲ့သားများ အားလုံး ရယ်မောလိုက်ကြသည်။ ဤကဲ့သို့သော အရူးမျိုးကို သူတို့ တစ်ခါမှ မမြင်ဖူးပါ။
*ကျားခေါင်း တစ်ဖွဲ့လုံးကို သူ တစ်ယောက်တည်းနဲ့ ဖျက်ဆီးလို့ ရတယ်လို့ သူ ထင်နေတာလား*
တိုင်မှာ ချည်နှောင်ခံထားရသော လင်းတတောင်မှ ခေါင်းတခါခါနှင့် ရေရွတ်လိုက်သည်။
"သူ ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ"
သူတို့၏ အကျဉ်းသား ဖြစ်နေသောကြောင့် ကျားခေါင်းအဖွဲ့၏ အင်အား အကြောင်းကို သူ ကောင်းကောင်း သိသည်။
အင်မတန် ထိတ်လန့်ဖွယ်ကောင်းသော အဖွဲ့အစည်းပင် ဖြစ်သည်။
သူတို့ ပိုင်နက်ထဲသို့ လူ တစ်ယောက်ဖြစ်စေ၊ ဆယ်ယောက်ဖြစ်စေ ကျူးကျော် လာပါက သေပွဲဝင်ရတာချည်းပင်။
လင်းတက ယဲ့ဖန်ကို သနားသလို ကြည့်နေသည်။ အနှေးနဲ့အမြန် ဆိုသလို ယဲ့ဖန်က သူတို့၏ အကျဉ်းသား ဖြစ်လာလိမ့်မည်ဟု သူ ထင်နေမိသည်။
သို့သော် ယဲ့ဖန်က ပြုံး၍ ဆက်ပြောလာသည်။
"ဘာလဲ? မင်းက ငါ့ထက် လူများတယ်ဆိုပြီး ငါ့ကို နိုင်နိုင်မယ်လို့ ထင်နေတာလား?"
"ဒါပေါ့၊ ငါတို့က မင်းထက် ငါတို့က လူပိုများတယ်၊ အဲ့ဒါကြောင့် ငါတို့ မင်းကို အနိုင်ယူနိုင်တယ်" မော့ထောင်က လှောင်၍ ပြန်ပြောလိုက်သည်။
သို့သော် ယဲ့ဖန် ထပ်ပြောလာသည့် စကားကြောင့် သူ့အပြုံးဝေတွက အေးခဲလာရသည်။
"ပြီးရောလေ … ဒါဆိုလည်း ဘယ်သူ့မှာ လူပိုများလဲ ကြည့်ကြသေးတာပေါ့"
ယဲ့ဖန်က လက်ဖျောက် တစ်ချက် တီးလိုက်သည်။
ဖျောက်!
…
လက်ဖျောက်သံ ပေါ်လာပြီးသည်နှင့် အနက်ရောင် ဝတ်စုံနှင့် လူတစ်စုက အလင်းတန်းသဖွယ် ခြံဝန်းထဲသို့ လှစ်ခနဲ ဝင်ရောက်လာသည်။