← Chapters

အပြတ်အသတ် စီးနင်းတိုက်ခိုက်ခြင်း

Vol. 9 Ch. 134

အပြတ်အသတ် စီးနင်းတိုက်ခိုက်ခြင်း

Vol. 9 Ch. 134

…..

ယဲ့ဖန် လက်ဖျောက် တီးလိုက်ပြီးနောက် ခြံဝန်းအတွင်းသို့ အနက်ရောင် ဝတ်စုံနှင့် လူများ လှစ်ခနဲ ဝင်ရောက်လာသည်။

၁ယောက်!

၂ ယောက်!

၁၀ ယောက်!

အယောက် ၅၀!

အယောက် ၁၀၀!

မျက်စိတစ်မှိတ်အတွင်းမှာပင် အနက်ရောင် ဝတ်စုံနှင့် လူများ စုစုပေါင်း အယောက် ၂၀၀ ကျော်အထိ ဖြစ်လာသည်။

ထိုသူများ အားလုံး အလွန် ထွားကြိုင်းလွန်းလှကာ သူတို့၏ ကြွက်သားများနှင့် သွေးကြောများက နဂါးများ ရစ်ခွေနေသကဲ့သို့ ဖြစ်နေ၏။

မသေဆုံးနိုင်သော စစ်တပ်ကြီးကဲ့သို့ ထိုသူတို့က ထိတ်လန့်ဖွယ်ကောင်းသော ချီဓာတ်များကို ထုတ်လွှတ်နေသည်။

ပို၍ ထိတ်လန့်စရာ ကောင်းသည်က ရှေ့ဆုံး၌ ရပ်နေသည် လူ အယောက် ၂၀ ပင်။

သူတို့၏ ဝတ်စုံက အခြားသူများနှင့် အနည်းငယ် ကွဲပြားသည်။ သူတို့က အနက်ရောင် မျက်နှာဖုံးများ၊ အင်္ကျီများနှင့် ဘောင်းဘီတို့ကို ဝတ်ဆင် ထားသည်။

အခြားသူများနှင့် မတူတာက သူတို့၏ မျက်နှာကို ဖုံးအုပ်ထားခြင်းပင်။ ထိုသို့ ဖုံးအုပ်ထားသော်လည်း သူတို့၏ အေးစက်စက် မျက်လုံးများအရ သူတို့သည် သွေးပင်လယ်ထဲမှ ယခုလေးတင် ထွက်လာသည့် သွေးအေး စစ်သားများနှင့် ဆင်တူလှသည်။ ထိုသူတို့အားလုံးထံမှ ကြောက်မက်ဖွယ်ကောင်းသော ချီဓာတ်များမှ ပျံ့လွင့်လာသည်။

ထိုလူ အယောက် ၂၀ ရှေ့တွင် လူ သုံးယောက် ရှိသည်၊ ထိုသူတို့က သံလက် ဝံပုလွေရိုင်း၊ မိုရို သွေးစွန်းတစ္ဆေနှင့် ခါးကုန်းတစ္ဆေခေါင်းဆောင် တို့ပင် ဖြစ်သည်။

ထိုလူ အယောက် ၂၀၀ ကျော်တို့က ခြံဝန်းအတွင်းသို့ ရောက်လာပြီးသည်နှင့် ယဲ့ဖန်ရှေ့ ဒူးတစ်ဘက် ထောက်ကာ ရင်ဘတ်ပေါ် လက်တင်လိုက်ပြီး

"အရိုအသေ ပေးပါတယ် သခင်ကြီး"

…

နှုတ်ဆက်သံက နားကွဲမတတ် ကျယ်လောင်လှသည်။

လူအယောက် ၂၀၀ ကျော် ဒူးထောက်နေသည့် မြင်ကွင်းကား အလွန် ထိတ်လန့်ဖွယ် ကောင်းလှသည်။

ဤမြင်ကွင်းကြောင့် မော့ထောင်၊ ကျားနက်နှင့် ကျားခေါင်းအဖွဲ့သားများ အားလုံး ကြက်သီး တဖြန်းဖြန်းထကာ မျက်ခုံး လှုပ်လာသည်။

…

ဤမြင်ကွင်းကား အလွန် ထိတ်လန့်ဖွယ်ကောင်းလှသည်။

ဤအနက်ရောင် ဝတ်စုံနှင့် ထူးဆန်းသော လူစုက မည်သည့်နေရာမှ ရောက်လာမှန်း မည်သူမျှ မသိပါ။

"ဝံပုလွေရိုင်း"

သံလက် ဝံပုလွေရိုင်းက ယဲ့ဖန်ရှေ့ ဒူးထောက်နေသည်ကို မြင်ပြီး ကျားနက် ထိတ်လန့်တကြား မျက်ခုံးပင့်မိသွားသည်။

*ဝံပုလွေရိုင်းက မြောက်ပိုင်းဆို ကျားနက်က တောင်ပိုင်းမှာ*

*သံလက် ဝံပုလွေရိုင်းက ငါ့လိုပဲ နာမည်ကျော်ကြားတာပဲကို*

*ဒါပေမယ့် သူက ယဲ့ဖန်ကို သခင်လို့ သတ်မှတ်နေတယ်*

ထို့ကြောင့် ကျားနက်က တုန်ယင်လာကာ သက်ပြင်းရှည်ကြီး ချလိုက်ရသည်။

တစ်ချိန်တည်းမှာပင် မော့ထောင်က အခြားလူမိုက် တစ်ယောက်ကို ကြည့်ပြီး သူ့ပါးစပ်ထဲကနေ နှလုံးက ခုန်ထွက်လာတော့မည် ဟုတောင် ထင်လိုက်မိသည်။

"သွေးစွန်း … သွေးစွန်းတစ္ဆေ! ခင်ဗျား … ခင်ဗျားက စန်းပျောင်ရဲ့ ဆရာ မဟုတ်လား ပြီးတော့ ရှုကလန်ရဲ့ ကာကွယ်သူလေ"

မော့ကလန်နှင့် ရှုကလန်သည် တရုတ်ပြည် တောင်ပိုင်းရှိ အဓိက ကလန်များပင် ဖြစ်သည်။

သွေးစွန်း တစ္ဆေက ရှုကလန်နှင့် နီးကပ်နေသည့် အတွက် မော့ထောင် သူ့ကို သိသည်။

သို့သော် တရုတ်ပြည် တောင်ပိုင်းတွင် ဤမျှ အင်အားကြီးသည့် သွေးစွန်း တစ္ဆေက ယဲ့ဖန်၏ လက်ပါးစေဟု သူ ထင်မထားမိပါ။

တိုင်တွင် အချည်ခံထားရသည့် လင်းတသည်လည်း ထိတ်လန့်တကြား ရေရွတ်လိုက်မိသည်။

"အနက်ရောင်အင်္ကျီ၊ အနက်ရောင်ဘောင်းဘီနဲ့ အနက်ရောင် မျက်နှာဖုံးတွေ … ဒါ ဘယ်လို အဖွဲ့အစည်းများလဲ?"

လင်းတ တစ်ကိုယ်လုံး တုန်ယင်လာသည်။ အနက်ရောင် ဝတ်စုံနှင့် လူတစ်ယောက် အရှေ့မှာ ဒူးထောက်နေသည်ကို မြင်ပြီး လင်းတ မျက်ခုံးတလှုပ်လှုပ် ဖြစ်လာပြီး သေမတတ် လန့်လာသည်။

"၁.၉ မီတာ မြင့်တယ်၊ ဒါတစ္ဆေ မျက်နှာပဲ ဖြစ်ရမယ်၊ သန်မာ ကြမ်းတမ်းတဲ့ ချီဓာတ်နဲ့ သူဖုန်းစား! သူက … သူဖုန်းစား တစ္ဆေခေါင်းဆောင်ပဲ!"

….

လင်းတ တစ်ယောက် ဗုံးမှန်သွားသလို ခေါင်းထဲ ဝီခေါ်နေတော့သည်။ ယဲ့ဖန်က ညအဖွဲ့၏ သခင်ဖြစ်နေမည်ဟု သူ ထင်မထားမိသည့်အတွက် ကြောက်လန့်တကြားနှင့် တုန်ယင်လို့လာသည်။

အလွန် ဆန်းကြယ်သော ညအဖွဲ့၏ သခင်ကို သူ မျက်မြင်ကိုယ်တွေ့ တွေ့နေရမှန်း သေချာသည်နှင့် ယဲ့ဖန်အား စိတ်လှုပ်ရှားနေသော အကြည့်များဖြင့် ကြည့်နေပြီး လင်းတ၏ မျက်နှာမှာလည်း စိတ်လှုပ်ရှားမှုကြောင့် နီမြန်းနေသည်။

မော့ထောင်၊ လင်းတနှင့် ကျားခေါင်းအဖွဲ့သားများ အားလုံး အလွန် အံ့အားသင့်နေစဉ် ယဲ့ဖန်က မော့ထောင်က စူးစူးဝါးဝါး စိုက်ကြည့်ကာ အော်ပြောလိုက်သည်။

"မင်းက ငါတို့အဖွဲ့တွေရဲ့ လူဦးရေကို ယှဉ်ချင်တာလား? ကဲ.. အခု ပြောပါဦး .. ဘယ်သူက အနိုင်ရတဲ့သူလဲ"

*သေစမ်း*

ယဲ့ဖန်၏ စကားကြောင့် မော့ထောင်၏ မျက်နှာက ဖြူဖတ်ဖြူရော် ဖြစ်လာလေသည်။

ယခင်က နေမင်းကလန်‌ ခေါင်းဆောင်က ယဲ့ဖန်ကို ဘာလို့ ဒီလောက် ကြောက်နေရသလဲ ဆိုတာကို သူ နားမလည်ခဲ့ပါ၊ ယခုမှသာ နားလည်သွား လေတော့သည်။

*ကြည့်ရတာ ဒီအညတရကောင်မှာ ထူးဆန်းတဲ့ နောက်ခံရှိတဲ့ပုံပဲ*

မော့ထောင် တစ်ကိုယ်လုံး ကြက်သီးမွှေးညှင်းထကာ အေးစိမ့်လာသည်။ သူ ချက်ချင်း နောက်လှည့်ကာ ထွက်ပြေးရန်ကြံလိုက်သည်။ တစ်ချိန်တည်းမှာပင် သူက အမိန့်ပေးလိုက်ပြန်သည်။

"ကျားနက်၊ သူတို့ကို တားထား"

မော့ထောင်က ကျားနက်ကို လုံးလုံးလျားလျား ဂရုမစိုက်ပါ။ သူ့စိတ်ထဲတွင် ကျားခေါင်းအဖွဲ့ သုတ်သင်ခံလိုက်ရ လျင်တောင်မှ သူ အသက်ရှင်မှ ဖြစ်မည်ဟူ၍ တွေးထားသည်။

ဤအဖြစ်အပျက်ကြောင့် ကျားနက်၏ မျက်နှာက အလွန်သုန်မှုန်လာသည်။ သို့သော် မော့ကလန်က သူတို့ကို အလုပ်ခန့်ပေးထားတာ ဖြစ်သည့်အတွက် သူ့အတွက် ရွေးချယ်စရာ မရှိပါ။

ကျားနက်က ချက်ချင်း လက်ဖြင့် အချက်ပြ၍ ရက်စက် ကြမ်းတမ်းသော မျက်နှာထားဖြင့် ဟစ်အော်လိုက်သည်။

"ကျားခေါင်းအဖွဲ့ နားထောင်စမ်း … သူတို့အားလုံးကို သတ်ပစ်ကြ"

ကျားခေါင်းအဖွဲ့သားတိုင်း အကြောက်အလန့် ကင်းကြ၏။ ယဲ့ဖန်၏ လူများက သူတို့ထက် လူပိုများသည် ဆိုထားပါစေ၊ သူတို့အားလုံးထဲတွင်‌ သွေးကြောင်သည့်သူ တစ်ယောက်မှ မပါပါ။ သူတို့အားလုံး ဒေါသဖြင့် ဓားကို ဝင့်ကာ ယဲ့ဖန်နှင့် သူ၏ လက်ပါးစေများကို ခုတ်ပိုင်းလိုက်ကြသည်။

…

ဓားရောင်များက ယဲ့ဖန်ထံသို့ အားလပ်ရက် ပျော်ပွဲရွှင်ပွဲ ကျင်းပသကဲ့သို့ ကျရောက်လာသည်။

သို့သော် သူတို့၏ အပြုအမူကို ကြည့်ပြီး အနက်ရောင် ဝတ်စုံနှင့် လူတိုင်းက အသာလှောင်ရယ်၍ နေမြဲအတိုင်း‌ နေနေကြသည်။

အဖွဲ့၏ ရှေ့ဆုံး၌ ရှိနေသော ညအဖွဲ့ဝင် အယောက် ၂၀ က ပြေးပေါက် ပိတ်အောင် တားဆီးလိုက်ကြသည်။

ရွှစ်! ရွှစ်! ရွှစ်!

တစ်ယောက်ချင်းစီက သေမင်းကဲ့သို့ လူတစ်ယောက်ကို တစ်ချက်တည်းနှင့် စာရင်းရှင်းလိုက်ကြသည်။

ထို့ကြောင့် ကျားခေါင်းအဖွဲ့ဝင်များ အားလုံး အပြတ်အသတ် စီးနင်း တိုက်ခိုက်ခြင်း အောက်တွင် တစ်ယောက်ပြီး တစ်ယောက် အတုံးအရုံး သေဆုံးသွားကြသည်။ သွေးစွန်းသော လမ်းကို ခွန်အားဖြင့်သာ လမ်းခင်းလေ့ ရှိပေသည်။

သူတို့အတွက် လူအယောက် ၂၀နှင့် ရင်ဆိုင်နေရသည်နှင့် မတူဘဲ နတ်ဆိုး အကောင် ၂၀ နှင့် ရင်ဆိုင်ရသကဲ့သို့ ဖြစ်နေသည်။

သူတို့ ဖြတ်သွားသည့် နေရာတိုင်း အလောင်းများနှင့် ပြည့်နှက်နေလေသည်။

သူ့အဖွဲ့ဝင်များ၏ တိုက်ပွဲဝင် ခွန်အားနှင့် ပတ်သက်၍ ယဲ့ဖန်သည် အလွန် ယုံကြည်မှု ရှိပုံရသည်။ သူတို့ နိုင်သလားတောင် သူ စောင့်ကြည့်မနေပါ၊ ထိုအစား သူက မော့ထောင် ထွက်ပြေးသွားသည့် ဘက်သို့သာ အေးအေးဆေးဆေး လိုက်သွားသည်။

လေတိုးသံနှင့်အတူ ကင်းကောင် ၄ယောက်ထဲမှ တစ်ယောက်က ယဲ့ဖန်ကို ဖျတ်ခနဲ ပိတ်ဆို့လာသည်။

"သေပေတော့"

"ခေါင်းဆောင်ကို သတ်လိုက် ဒါဆို အဖွဲ့လည်း ပြိုကွဲသွားလိမ့်မယ်"

ကင်းကောင်က ယဲ့ဖန်ကို သတ်လိုက်ခြင်းဖြင့် ညအဖွဲ့ကို ပြိုကွဲအောင် လုပ်ချင်နေသည့် ပုံပင်။

ထို့နောက် သူက သူ၏ ထက်ရှနေသော ဓားကို ယဲ့ဖန်၏ လည်ပင်းထံသို့ အားနှင့် ပိုင်းချလိုက်သည်။

ထိုစဉ် အေးစက်စက် အလင်းတစ်ချက် လှစ်ခနဲ ဖြတ်သွားပြီး သူ တောင့်ခနဲ ဖြစ်သွားစဉ် သူ့ခန္ဓာကိုယ် တစ်ဝက်ကလည်း ပြတ်ကျသွား၏။

သူ့ကိုယ်ကို နှစ်ပိုင်း ပိုင်းခံလိုက်ရပြီ။ ယဲ့ဖန်၏ တိုက်ခိုက်မှုကို သူ မြင်တောင် မမြင်လိုက်ပါ။

"အစ်ကိုကြီး"

ကျန် ကင်းကောင် သုံးယောက်၏ မျက်နှာတွင် စိုးရိမ် ထိတ်လန့်ဟန်များနှင့် ပြည့်နှက်လို့လာသည်။

သူတို့ ဒေါသထွက်လာကာ မျက်လုံးကလည်း ပြူးကျယ်လာသည်။

"မင်း ငါတို့ အစ်ကိုကြီးကို သတ်လိုက်မှတော့ နောင်ဘဝထိသွားပြီး မင်း ငါ့အစ်ကိုကြီးကို အဖော်လိုက်ပြုပေးပေတော့"

ကင်းကောင် သုံးယောက်နှင့် သူတော်စင် ဆယ်ယောက်က ချက်ချင်း ယဲ့ဖန်ကို ဝိုင်း၍ သေစေနိုင်သော အစွမ်းများနှင့် ပူးပေါင်းတိုက်ခိုက်ကြသည်။

အားလုံးက ယဲ့ဖန်ကို သတ်ရန် သူတို့ရှိသမျှ အစွမ်းအားလုံးကို ထုတ်သုံး ထားကြသည်။

သူဖုန်းစား တစ္ဆေခေါင်းဆောင်နှင့် သွေးစွန်းတစ္ဆေတို့က တုပ်တုပ်မလှုပ်ဘဲ ဘေးကနေသာ ကြည့်နေသည်။

သူတို့က နတ်ဆိုးကို စိန်ခေါ်နေသော ပုရွတ်ဆိတ်တစ်သိုက်ကို ကြည့်နေသကဲ့သို့ အထင်သေးစွာ ပြုံးရယ်နေကြသည်။

ယဲ့ဖန်ကတော့ ခပ်အေးအေးနှင့် ဆက်လျှောက်နေဆဲပင်။

ခြေတစ်လှမ်း လှမ်းလိုက်တိုင်း အလင်းတန်းတစ်ခု ဖျတ်ခနဲ ထွက်လာသည်။

ရွှစ်! ရွှစ်! ရွှစ်!

အလင်းတန်းတစ်ခုတိုင်းက အသက်တစ်ခုကို နုတ်ယူသွားသည်။ ဒုတိယ ကင်းကောင် သေသွားလေသည်။

ပထမ သူတော်စင် တစ်ယောက် သေသွား၏။ လေးယောက်မြောက် ကင်းကောင် သေသွားချေပြီ။

ကင်းကောင် တစ်ယောက်ချင်းစီနှင့် သူတော်စင် အားလုံး မြေကြီးပေါ်သို့ တစ်ယောက်ပြီး တစ်ယောက် လဲကျသွားသည်။

ခြေတစ်လှမ်းကို အသက်တစ်ချောင်း။

မြေကြီးပေါ်တွင် သွေးများ ပတ်ဖျန်းထားသလိုပင်။

…

အခြား ကျားခေါင်းအဖွဲ့ဝင်များ ထိတ်လန့်သွားကြသည်။ ကျားခေါင်းအဖွဲ့တွင် ကင်းကောင် လေးယောက်နှင့် သူတော်စင် ဆယ်ယောက်သည် ကျားနက် ပြီးလျင် စွမ်းအားအကြီးဆုံး ဖြစ်သည်။

သို့သော် သူတို့အားလုံး ကြက်ကလေး ငှက်ကလေးလို အသတ်ခံလိုက်ရချေပြီ။

မည်မျှ သွေးပျက်ဖွယ်ကောင်းသည့် မြင်ကွင်းပါလိမ့်။

ကျားနက်၊ လင်းတနှင့် ဘေးမှ ကျားခေါင်းအဖွဲ့ဝင်များက ယဲ့ဖန်အား နတ်ဆိုးတစ်ကောင်ကို မြင်နေရသကဲ့သို့ ကြည့်နေကြသည်။

သူက ကြောက်မက်ဖွယ် အကောင်းဆုံး ခွန်အားကို ပိုင်ဆိုင်ထားသည့် ပုံပင်။

ရွှစ်!

နောက်ဆုံး သူတော်စင်တစ်ယောက် နှစ်ခြမ်း အပိုင်းခံလိုက်ရပေပြီ။ သူ၏ ပူနွေးနေသော သွေးများက ကျားနက်၏ မျက်နှာကို လာစင်သောကြောင့် ကျားနက် တုန်လှုပ်လာသည်။ သူ အကြောက်လွန့်ကာ ဘောင်းဘီထဲ သေးပေါက်ချမတတ် ဖြစ်လို့နေပေသည်။

"နောင်ဘဝတော့ သခင်ကောင်းကောင်း ရွေးပေါ့ကွာ"

အေးတိအေးစက်အသံနှင့် ယဲ့ဖန်က ကျားနက်ဘေးမှ ဖြတ်လို့သွားသည်။

ရွှစ်!

ကျားနက်၏ လည်ပင်းမှ သွေးများ ပန်းထွက်လို့လာသည်။

ထို့နောက် မယုံနိုင်လောက်အောင်‌‌ ကြောက်လန့်နေသော ဟန်ဖြင့် ကျားနက်သည် မြေကြီးပေါ်သို့ လဲကျသွားလေတော့၏။

"နတ်… နတ်ဆိုး"

ကျားနက် သေသွားလေပြီ။

All Chapters