စူးရှလေမြို့
Vol. 21 Ch. 289
မိုဝူကျီက ရှားမူကို တွေးမိလိုက်သောအခါ လူသတ်ချင်စိတ် ပြင်းထန် လာလေသည်။
ရှားမူ ... မင်း က သေချင်နေတာပဲ ...
ချိန်စုယင်မှာ သူ့တာအိုလက်တွဲဖော် မဟုတ်သော်လည်း ချိန်စုယင်က သူ့အသက်ကို တစ်ခါ ကယ်တင်ခဲ့ဖူးသည်။ တစ်ချိန်တည်းတွင် မိုဝူကျီက သူမကို လေးစားသည့် အကြောင်းမှာ သူမက ပျောက်ဆုံးနယ်မြေမှ နံပါတ်တစ် အလှလေး ဖြစ်သော်ငြား သူမက ကိုယ်ပိုင် ကြိုးစားမှုကြောင့် ထိုက်ထိုက်တန်တန် နေရာရလာခြင်း ဖြစ်သည်။
အကယ်၍ ချိန်စုယင်သာ ချိန်ဟောင်ယီ၏ အလင်းချက်များကို ဝင်မခံပေးခဲ့လျှင် လူအများက သူ့အုတ်ဂူကို လာရောက် တွေ့ဆုံ နေရလောက်လေပြီ။
သူက သူမ သေခါနီးတွင် သူမမျက်ဝန်းမှ တောင်းပန်သည့် အကြည့်တို့ကို မေ့မရနိုင်ပေ။ ချိန်စုယင်က သူ့လက်ထဲတွင် သေဆုံး သွားပြီးနောက် သူ့ဒေါသများက အဆုံးအစွန်အထိ ရောက်ရှိ သွားလေသည်။
ချိန်စုယင်က မုတ်ဆိတ်ဖြူ ငါးဖမ်းသမား အကြီးအကဲကြောင့်သာ အသက်ပြန်ရှင် လာခဲ့သော်လည်း ကမ္ဘာပေါ်တွင် ထိုသို့ လုပ်ပေးနိုင်သည့်သူ မည်မျှ ရှိမည်နည်။ သူ လုပ်သကဲ့သို့ လောက အင်မော်တယ်ကို အလွယ်လေး သတ်လိုက်နိုင်သည့် ကျင့်ကြံသူက ပျောက်ဆုံး နယ်မြေတွင် ထိုသို့သော အဆင့်မြင့် ကျင့်ကြံသူ ရှိမည် မဟုတ်ချေ။ ချိန်စုယင်သည် ထိုသူနှင့် တွေ့ဆုံသည့် ကံတရားကြောင့်သာ အသက်ပြန်ရှင်ခွင့် ရခဲ့ခြင်း ဖြစ်လေသည်။
ထို့ကြောင့် မည်သို့ပင် ဖြစ်လာပါစေ ချိန်စုယင်က သူမ အသက်နှင့် အလဲအလှယ် လုပ်ခဲ့ရလေသည်။
မိုဝူကျီက ကိုယ်ပိုင်ဘဝ နိယာမတို့ ရှိလေသည်။ သူ့အပေါ်တွင် တင်ရှိနေသော ကျေးဇူးတရားများကို အားလုံး ပြန်ပေးဆပ်ရန် ဖြစ်သည်။ ချိန်စုယင်က သူ့ကို တစ်ခါ ကယ်တင်ဖူးသည့်အတွက် အသာလွန်ဆုံး နယ်ပယ် ဖြစ်နေလျှင်ပင် သူ ရောက်အောင် သွားလည်မည် ဖြစ်၏။
ချိန်စုယင်သည် သူက သူမလက်တွဲဖော် မဟုတ်ကြောင်းကို အဘယ်ကြောင့် မရှင်းပြမှန်း မသိသော်လည်း သူက သူမ ကျေးဇူးတရားကို ထိုကိစ္စလေး အတွက်ဖြင့် မမေ့ပစ်နိုင်ပေ။ အကယ်၍ သူသာ ချိန်ဟောင်ယီ လက်ချက်ဖြင့် သေသွားပါက နောက်ဖြစ်လာသည့် ကိစ္စအားလုံးက ပုံရိပ်ယောင် စိတ်ကူးယဉ်မှု သက်သက်သာ ဖြစ်သွားလိမ့်မည်။ ထို့ကြောင့် ကျေးဇူးတရားက မည်သို့ပင် ဖြစ်ဖြစ် ကျေးဇူးတရားသာ ဖြစ်လေသည်။ သူက ချိန်စုယင် ပတ်သက်ဖူး၍ ချိန်စုယင်သည် သူ့အား ဒိုင်းအဖြစ် အသုံးချမည့် လူစားမျိုး မဟုတ်ကြောင်း သိ၏။
သူက သွားပြီးတော့ ချိန်စုယင်ကို မကယ်တင် နိုင်လျှင်ပင် သူ အသက်ရှိနေသရွေ့ သူက ထိုကိစ္စကို ဤအတိုင်း ထားမည် မဟုတ်ပေ။ နှမြောစရာ ကောင်းသည်က သူက ရှားမူကို မသတ်နိုင်ခြင်း ဖြစ်လေ၏။ အကယ်၍ သူက သတ်နိုင်လျှင် ကြယ်တာရာ တိုက်ပွဲ မသွားခင် အရင် သတ်ပစ်ရမည်။
“ဝူကျီ ... အဆင်ပြေရဲ့လား ...” မိုဝူကျီ၏ မလှုပ်မယှက် အမူအရာကို တွေ့ပြီး ချူချင်းလောင်က အမြန်အဆန် မေးလိုက်သည်။
မိုဝူကျီက လက်သီးဆုပ်ထားရင်း ပြောလိုက်သည် “အဲဒီရှားမူက တကယ်ကို အရှက်မဲ့လွန်းတယ်။ ကျုပ်သာ တတ်နိုင်ရင် သူ့ကို သေချာပေါက် သတ် ...”
ရနံ့သင်းသင်းလေး လက်တစ်ဖက်က မိုဝူကျီ နှုတ်ခမ်းပါးဆီ ရောက်လာကာ ပြောမည့် စကားကို တားဆီး လိုက်လေသည် “ဝူကျီ … ရှင် အသက် ဆက်မရှင်ချင်တော့ ဘူးလား။ ဒီလိုနေရာမှာ ကြယ်တာရာ ဘုရင်တောင်က ရှားမူကို သတ်မယ်ဆိုပြီး ဘယ်လို ပြောနိုင်တာလဲ။ အခြားလူတွေသာ ကြားသွားရင် ကျွန်မတို့တွေ သေကုန်လိမ့်မယ် ...”
မိုဝူကျီက သူ့ကိုယ်သူ ထိန်းလိုက်ပြီး ချူချင်းလောင် လက်ကို ဖယ်ကာ “ကျုပ် တောင်းပန်ပါတယ်။ ကျုပ် ဒေါသကြီးမိ သွားတယ် ...”
ချူချင်းလောင် မျက်နှာကား အနည်းငယ် နီရဲလာလေသည်။ မည်သူမျှ ဘာမှ မပြောသော်လည်း သူမ လက်ကို မိုဝူကျီနှုတ်ခမ်းပေါ် တင်လိုက်သည့် ကိစ္စကား အနည်းငယ် အလောကြီးလွန်း လေသည်။
“ထားလိုက်ပါတော့။ အဲဆို အခု သင်္ဘောပျံဆီ သွားရအောင် ...” ဖန်းချီက ချူချင်းလောင် နေရခက်မှုကို တွေ့၍ ပြောလိုက်သည်။
မိုဝူကျီက နားမလည်စွာ မေးလိုက်သည် “ကျုပ်တို့တွေက ဘာလို့ သင်္ဘောပျံနဲ့ သွားမှာတုန်း။ ကူးပြောင်းရေး အစီအရင် ရှိတယ် မဟုတ်ဘူးလား ...”
ချူချင်းလောင်က ရှင်းပြလိုက်သည် “သေချာတဲ့ အဆင့်အတန်းနဲ့ လူတွေပဲ ကူးပြောင်းရေး အစီအရင်ကို အသုံးပြုလို့ ရတာ။ ကျွန်မ အဖေက ဒီမှာ အရင်တုန်းက လူသိများတယ် ဆိုတော့ ကျွန်မတို့ ကူးပြောင်းရေး အစီအရင် သုံးလို့ရ၊ မရကို သွားပြီး စုံစမ်း ကြည့်လိုက်ဦးမယ်။ နည်းလမ်း မရှိရင်တော့ သင်္ဘောပျံနဲ့ သွားကြတာပေါ့ ...”
ကိုးမိုမြို့၏ ကူးပြောင်းရေး မျှော်စင်မှာ အထပ်တစ်ရာ မက ရှိပြီး ချူချင်းလောင် စကားအရ စူးရှလေမြို့သို့ ဆက်သွယ်ထားသည့် ကူးပြောင်းရေး အစီအရင်မှာ အထပ် ၇၀ မြောက်တွင် ရှိလေသည်။ အဓိက ရည်ရွယ်ချက်ကား အရေးတကြီး ကိစ္စများအတွက် ဖြစ်ကာ စူးရှလေမြို့နှင့် ကြယ်တာရာ တိုက်ပွဲကို ကျင့်ကြံသူများစွာ သွားလာနိုင်ရန် စီစဉ်ပေးထားခြင်း ဖြစ်သည်။
ကူးပြောင်းရေး မျှော်စင်ကို ရောက်ရှိပြီး နောက်တွင် ချူချင်းလောင်က ကိစ္စများကို ဆွေးနွေးရန် အထဲသို့ ဝင်သွားလေသည်။ မိုဝူကျီက ဝင်လာသူတို့မှာ ခေါင်းငိုက်စိုက်ဖြင့် ပြန်ထွက်သွား ရသည်ကို မြင်သောအခါ ကူးပြောင်းရေး အစီအရင်ကို အသုံးပြုရန် မလွယ်ကူကြောင်း သိလိုက်ရသည်။
သူက ချူချင်းလောင် ဖခင်၏ အဆင့်အတန်းကို မသိသော်လည်း အချိန်ခဏတာ အတွင်း သူမက ကူးပြောင်း အမှတ်အသားပြား ခြောက်ခုနှင့်အတူ ပြန်ထွက် လာလေသည်။
ချူချင်းလောင်က တစ်ယောက်ချင်းစီ ပေးလိုက်ပြီး “ဝူကျီ၊ ဖန်းချီ ရှင်တို့တွေ နာမည်အသစ် စဉ်းစားတာ ကောင်းမယ်။ ဘာလို့လဲဆိုတော့ ကျွန်မတို့ ကြယ်တာရာ တိုက်ပွဲကို ရောက်တာနဲ့ အားလုံးက လောက အမှတ်အသားပြား လုပ်ရမယ်။ ကျွန်မတို့တွေက လောကအဆင့် ဇယားမှာ ကျမတို့ နာမည်ကို ချန်မထား နိုင်ရင်တောင် ရမှတ်အတွက် အရေးကြီးသေးတယ်။ အားလုံးက ဇာစ်မြစ်ကို စိုးရိမ်နေစရာ မလိုတော့ဘူး ...”
“ကျုပ်က ဖန်းပုဝမ်လို့ ပြောင်းမယ် ...” ဖန်းချီက ရုတ်တရက် ထပြောလိုက်သည့် အတွက် မိုဝူကျီက ထိုနာမည် နောက်ကွယ်မှ အဓိပ္ပာယ်ကို နားလည်လိုက်သည်။ ထိုသည်မှာ ကျင်းတန်ဝူကို မမေ့နိုင်သည့် အကြောင်း ဖြစ်၏။
(ပုဝမ် ဟူသော အမည်မှာ အင်္ဂလိပ်လို အဓိပ္ပာယ်အရ ‘မမေ့နိုင်ဘူး’ ဟု ဖြစ်သည်။ ဆိုလိုသည်မှာ ကျင်းတန်ဝူကို ဘယ်တော့မှ မမေ့ဘူးဟူ၍ ဖြစ်သည် )
ရုန်ဟယ်က ဖန်းချီ နာမည်ကို ကြားသောအခါ သက်ပြင်းချရင်း ပြောလိုက်သည် “အဲဒါဆို ကျွန်မက ဟယ်ယွီလို့ ပြောင်းမယ် ...”
“ကျုပ်က ထန်ရှင်းလို့ ပြောင်းမယ် ... ” ရှုန်းရှင်းထန်က ရိုးရှင်းစွာ ဝင်ပြော လိုက်သည်။
အချိန်များစွာ အတူတူ ကုန်ဆုံးလာပြီး နောက်တွင် မိုဝူကျီက ရုန်ဟယ်မှာ ဖန်းချီကို စိတ်ဝင်စား နေကြောင်း ပြောနိုင်လေသည်။ သို့သော်လည်း ဤမိန်းကလေးမှာ အရမ်းကို ခံနိုင်ရည် ရှိလေ၏။ ဖန်းချီ နှလုံးသားတွင် ကျင်းတန်ဝူ တစ်ယောက်တည်း ရှိသော်လည်း သူမက ကျင်းတန်ဝူအကြောင်း မကောင်းကြောင်း တစ်ချက်လေးမျှ မပြောခဲ့ဖူးပေ။ ထို့အပြင် ဖန်းချီကြောင့် ကျင်းမျိုးနွယ်စု လိုက်ဖမ်းခြင်းကိုပါ ခံနေရသေး၏။ ဖန်းချီသည် သူက ကျင်းတန်ဝူကို သံသယဝင်မိ၍ ဒေါသတကြီး ဖြစ်လာစဉ်က သူမက ဝင်၍ စကားကြောင်းလွှဲ ပေးခဲ့လေသည်။
နှမြောစရာ ကောင်းသည်က ဖန်းချီ နှလုံးသားတွင် “ကျင်း” အမည်ရှိ မိန်းကလေးသာ အပိုင်စိုးထား၍ သူ့ဘေးမှ ရုန်ဟယ်သည် သူ့အပေါ် ခံစားချက် ရှိနေသည်ကို သိနေသည်လား ဒါမှမဟုတ် မသိဟန်ဆောင် နေသည်လားတော့ မပြောတတ်ပေ။
“ဝူကျီ ... ရှင်ရော ... ဘယ်နာမည် သုံးမှာလဲ ...” ချူချင်းလောင်က မိုဝူကျီက ဘာမှ မပြောသောအခါ အရင်ဦးစွာ မေးလိုက်သည်။
မိုဝူကျီက နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ကို နောက်တစ်ကြိမ် အသုံးပြုချင် သော်လည်း ထိုနာမည်ကို အသုံးပြုလိုက်သည်နှင့် ရှားမျိုးနွယ်စုက ကြယ်တာရာ တိုက်ပွဲတစ်ခုလုံးထိ ရောက်လာပြီး သူ့ကို ရှာကာ အဆုံးသတ် ပစ်လိမ့်မည်။
“ကျုပ်က မိုဝူကျီပဲ လုပ်တော့မယ် ...” မိုဝူကျီက တည်ငြိမ်စွာ ပြောလိုက်သည်။
သူက သူ့ဇာစ်မြစ် သိသွားမည်ကို စိုးရိမ်စရာ မလိုတော့ပေ။ အကြောင်းမှာ ပျောက်ဆုံး နယ်မြေမှ လူများသာ မိုဝူကျီသည် နယ်လှည့်ကျင့်ကြံသူ ၂၇၀၅ ဖြစ်ကြောင်း သိကြခြင်း ဖြစ်ရာ ကျန်းမိုနယ်မြေမှ တစ်ယောက်မှ မသိကြပေ။ သိသူများလည်း ပျောက်ဆုံး နယ်မြေတွင် မုတ်ဆိတ်ဖြူ အကြီးအကဲကြောင့် ကိစ္စတုံးသွားပြီ ဖြစ်ရာ စိုးရိမ်စရာ မလိုတော့ပေ။
တစ်ယောက်ယောက်က ပျောက်ဆုံး နယ်မြေဆီ ရောက်သွား၍ မိုဝူကျီက နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ ဖြစ်ကြောင်း သိသွားသည့်အခါ မိုဝူကျီသည် ထိုအချိန်သာ ရောက်နေပါက သူ့ကိုယ်သူ ကာကွယ်ဖို့ရာ လုံလောက်သည့်အထိ အားကောင်း နေလောက်လေပြီ။
သူက ကြယ်တာရာ ဘုရင်တောင်မှ ရှားမျိုးနွယ်စုကို သိချင်စေသည်။ သူက မိုဝူကျီ ဟူသော နာမည်နှင့် ရှားမူကို သတ်ပစ်မယ် ဖြစ်သည်။
ကူးပြောင်း အမှတ်အသားပြားဖြင့် ခြောက်ယောက်သား အစီအရင်ထဲ ဝင်ကာ စူးရှလေမြို့သို့ ချီတက်ခဲ့ကြသည်။
ကူးပြောင်းသည့် အကွာအဝေးမှာ သူ့တျန်းဂျီဂိုဏ်းနှင့် ကောင်းကင်ဖွေရှာ နန်းတော်ကို သွားရသည်ထက် ပိုကြာလေသည်။ သို့သော်လည်း အာကာသ ကူးပြောင်းရေး အစီအရင်မှာ ပျောက်ဆုံး နယ်မြေထက် အဆင့်မြင့်လေသည်။ အကွာအဝေးက ပိုမိုဝေးကွာသော်လည်း မိုဝူကျီနှင့် ကျန်လူများက ခေါင်းခဏတာသာ မူးဝေ လိုက်ပြီးနောက် ခဏအကြာတွင် စူးရှလေမြို့သို့ ရောက်ရှိ လာလေသည်။
တျန်းဂျီဂိုဏ်းနှင့် ကောင်းကင်ဖွေရှာ နန်းတော်ကြား ကူးပြောင်းသည့် အခါနှင့် ယှဉ်လျှင် သူက မရောက်မချင်း နေ့တစ်ဝက်လောက် အထိ မူးဝေသွားရသည်။ သူ့အစီအရင် တာအိုမှာ အဆင့်တစ်ခုအထိ ရောက်နေပြီ ဖြစ်ရာ အာကာသ ဆက်သွယ်ချက် တချို့ ထည့်ပေါင်း လိုက်လျှင် သူသည် တျန်းဂျီဂိုဏ်း၏ ကူးပြောင်းရေး အစီအရင်မှ တျန်းဂျီဂိုဏ်းကို ပြန်သွား နိုင်ပေလိမ့်မည်။
စူးရှလေမြို့၏ ကူးပြောင်းရေး အစီအရင်မှာ ကိုးမိုမြို့မှ အစီအရင်နှင့် ခြားနား လှပေသည်။ အကြောင်းမှာ ကိုးမိုမြို့၏ အစီအရင်မှာ ကူးပြောင်း မျှော်စင်ပေါ် ဆောက်ထားခြင်း ဖြစ်ရာ စူးရှလေမြို့တွင်ကား နေရကွက်လပ်၍ ဆောက်လုပ်ထားခြင်း ဖြစ်သည်။ အစီအရင်ဘေးတွင် အဆောက်အဦ တချို့သာ ရှိလေသည်။ နေရာမှာ ကျယ်ဝန်းလွန်း၍ လူများစွာတော့ မရှိချေ။ လူအုပ်စုများ ရှိသော်လည်း အားလုံးက အစီအရင်ဆီ သွားသည် ဖြစ်စေ၊ အစီအရင်မှ ထွက်လာသည် ဖြစ်စေ တစ်သမတ်တည်း သွားလာနေကြသည်။
သို့သော်လည်း လူအုပ်ကြီးက နေရာ အစွန်အဖျားသို့ သွားလာ နေကြလေသည်။ ဤနေရာတွင် ချိတ်ဆွဲထားသော ကန့်သတ်ချက်များကြောင့် လူများစွာက အစီအရင်ပေါ်တွင် ကြာကြာနေ၍ မရပေ။
နေရာကွက်လပ်တွင် ရပ်နေရင်း မိုဝူကျီက ကိုးမိုမြို့နှင့် ဤနေရာကြားရှိ ကွာခြားချက်ကို နားလည် သွားလေသည်။ ကိုးမိုမြို့တွင် သူက ခေတ်ဟောင်း အငွေ့အသက်များကို ခံစားမိ၏။ ကိုးမိုမြို့တွင် ခမ်းနား ကြီးကျယ်သော ခံစားချက်မျိုး ပေးစွမ်း နိုင်သော်လည်း ထိုကျင့်ကြံသူ ပြောသည့်အတိုင်း ဤနေရာကား လုံးဝခံစားချက် ကွဲပြားလှသည်။
မိုဝူကျီက မြို့အပြင်ဘက်ကို မမြင်တွေ့ဖူးကာ မြို့အတွင်း လမ်းမလျှောက်ဖူးသေး သော်လည်း သူက မြို့၏ ခံ့ညား ကြီးကျယ်မှုကို ခံစားမိလေသည်။
ဤခံစားချက်မျိုးကို ပြောပြရန် အလွန် ခက်ခဲလှပေသည်။ သို့သော် မိုဝူကျီက ခံစားမိလေ၏။ ကန့်သတ်ချက်များ၏ အစွန်းတစ်ဖက်နှင့် တူကာ စိတ်လွတ် လက်လွတ် နေရသည့် ခံစားချက်မျိုး ဖြစ်လေသည်။
စူးရှလေမြို့သည် အမှန်ပင် “လေပြည်အေးလေးနှင့် အေးမြမြ ယီမြစ်ဘေးတွင် သူရဲကောင်းက ထွက်သွားမည် ဖြစ်ကာ ဘယ်တော့မှ ပြန်ရောက် မလာတော့ပေ ...” ဟူသော ခံစားချက်မျိုး ပေးစွမ်းသည်။
ကြယ်တာရာ တိုက်ပွဲသို မသွားဖူးသော်လည်း မိုဝူကျီ အန္တရာယ်များကြောင်း သိလေသည်။ သူ့အတွက်ပင် တိုက်ပွဲ ဝင်သွားပြီးနောက်တွင် အသက်ရှင်လျက် ပြန်လာနိုင်မည့် အခွင့်အရေး မည်မျှရှိမည်နည်း။
“လောက အမှတ်အသားပြားက ဒီမှာ မဟုတ်ဘူးလား ...” မိုဝူကျီက နေရာတစ်ခုလုံးကို စစ်ဆေးကြည့်လိုက် သော်လည်း လောကအဆင့် ဇယားကို မမြင်မိပေ။
ချူချင်းလောင်က ပြန်ဖြေလိုက်သည် “ဒီနေရာမှာ မဟုတ်ဘူး။ လောကအဆင့် ဇယားက ကျန်းမိုနယ်မြေ တစ်ခုလုံးမှာ နံပါတ်တစ် အဆင့်ဇယားပဲ။ အဲဒါက ကြယ်တာရာ တိုက်ပွဲ အပြင်ဘက် လောကခန်းမမှာ ထောင်ထားတယ် ...”
“အဲဒါဆို ကျုပ်တို့တွေ အမှတ်အသားပြား ဘယ်လိုလုပ်ကြမလဲ …” မိုဝူကျီက ထပ်မေး လိုက်လေသည်။
“အဲဒါကလည်း လောက ခန်းမမှာပဲ လုပ်ရမှာ။ စူးရှလေမြို့က အားလုံး ကြယ်တာရာ တိုက်ပွဲ မသွားခင် ဖြတ်ကို ဖြတ်ရမဲ့ မြို့ပဲ။ ကျွန်မတို့တွေ လောကခန်းမကို ဒီကနေ ဝင်ပြီးတော့ လောက အမှတ်အသားပြား လုပ်ရမယ် ...” ချူချင်းလောင်က ဤနေရာကို ရောက်ဖူးသည့် အတွက် မေးခွန်းများကို ကောင်းကောင်း ဖြေနိုင်လေသည်။
“အစ်မချူက ဒီနေရာကို ရောက်ဖူးလား ...” ရုန်ဟယ်က မေးလိုက်သည်။
ချူချင်းလောင်က ခေါင်းညိတ်ပြကာ ပို၍ စိတ်အားငယ်သည့်ဟန်ဖြင့် “ကျွန်မ ချူမျိုးနွယ်စုမှာ လက်ထပ် လိုက်ရတုန်းက ချူကျီယွမ်က ကြယ်တာရာ တိုက်ပွဲမှာ ကျဆုံး သွားတာလေ။ အဲဒါကြောင့် တစ်ခါ ရောက်ဖူးတယ် ...”
ချူချင်းလောင်က ထပ်မပြောချင်တော့မှန်း သိ၍ ရုန်ဟယ်က မမေးတော့ပေ။ ထို့အစား သူက ချူချင်းလောင်ဘေးတွင် ရှိနေသည့် ကျီဟန်ကိုသာ ကြည့်လိုက်တော့သည်။ ဤမိန်းကလေးအတွက် ပထမဆုံး အမြင်မှာ နန့်နန့်တက် လုပ်တတ်သည့် မိန်းမငယ်လေးဟု ထင်ထားသော်လည်း သူတို့ ခရီးတစ်လျှောက်တွင် သူမက စကားတစ်ခွန်းမျှ မပြောသေးပေ။
“စူးရှလေမြို့မှာ ပစ္စည်းကောင်းတွေ အများကြီး ရှိပေမဲ့ ဒီနေရာက ဘောင်ခတ် ထားတယ်လို့ ခံစားမိတယ်။ ကျွန်မတို့တွေ ကြယ်တာရာ တိုက်ပွဲကို သွားဖို့ ပြင်ကြတာပေါ့ …” ချူချင်းလောင်က လူအုပ်ကြား တိုးရင်း ကူးပြောင်း အစီအရင်ထဲမှ ထွက်လာကာ ပြောလိုက်သည်။
“ကျုပ်တို့တွေ ဒီနေရာမှာ ကူးပြောင်းနိုင်ဖို့ရော ကန့်သတ် ထားတာတွေ ရှိသေးလား …” ဖန်းချီက မေးမြန်းလိုက်သည်။
“မလိုပါဘူး။ ရှင်တို့က ကြယ်တာရာ တိုက်ပွဲ သွားမဲ့ အမှတ်အသားပြားကို ကမ်းပေးရုံနဲ့ အစီအရင်ထဲကို ဘာအခကြေးမှ ပေးစရာ မလိုတော့ဘူး ...” ချူချင်းလောင်က လမ်းလျှောက်ရင်း ပြောလိုက်သည်။
မိုဝူကျီဘေးမှ ဖြတ်၍ ကြယ်တာရာ တိုက်ပွဲဆီသို့ သွားမည့် အစီအရင်ဆီ ဝင်သွားသည့် ရင်းနှီးသော ပုံရိပ်လေးက ရန်တျန်းရှင်းလား ...
သူက အလှမ်း ကွာနေသော်လည်း မိုဝူကျီက ထိုလူမှာ ရန်တျန်းရှင်း ဖြစ်ကြောင်း သတိပြုမိ လိုက်သည်။ မိုဝူကျီက အံ့ဩသွား၍ အလျင်အမြန် လိုက်လိုက်သည်။ ကျန်းမိုနယ်မြေ၌ မိတ်ဆွေနှင့် ပြန်လည် ဆုံစည်းခြင်းမှာ အမှန်ပင် ကောင်းလှသည်။
“ဘမ်း …” သူ အစီအရင်ထဲ ဝင်လုနီးပါးတွင် အားတစ်ခုက သူ့ကို ဆန့်ကျင်လျက် သက်ရောက် လာသည်။ သူက မြန်မြန် ရှောင်ရှား လိုက်သော်လည်း မိုဝူကျီက ခန္ဓာ တစ်ပတ်လှည့်ကာ ဘေးသို့ ကျစေလိုက်သည်။
ထိုအခါ သူ ဝင်တိုက်မိသည့်သူကို သေချာ မြင်လိုက်ရသည်။ သူက ၂ မီတာ လောက်မြင့်မားပြီး ကြောက်မက်ဖွယ် သွေးဆာသည့် အငွေ့အသက်များက ဖုံးလွှမ်း နေလေသည်။
“မင်း ကန်းနေလား ... ငါ့ကို ဘယ်လိုများ ဝင်တိုက်ရဲတာလဲ ...” မိုဝူကျီက ဘာမှမပြောနိုင်ခင် ထိုလူက လက်ညှိုးငေါက်ငေါက် ထိုးကာ မိုဝူကျီကို ကျိန်ဆဲ နေလေ၏။
မိုဝူကျီက ထိုလူမှာ ထိုမျှ အရှက်မဲ့လှမည်ဟု ထင်မထားပေ။ အကြောင်းမှာ သူက မြန်မြန် ရှောင်လိုက်ပြီး သူက တမင်သက်သက် ပြေးသွားခြင်း မဟုတ်ပေ။ အကြောင်းမှာ သူက အစီအရင်ဆီ ပြေးသွားစဉ် ထိုလူက သူ့အား ဝင်တိုက်ခဲ့ခြင်း ဖြစ်လေသည်။
***