← Chapters

ကျန်းပေမြို့သို့ သွားခြင်း!

Vol. 10 Ch. 136

ကျန်းပေမြို့သို့ သွားခြင်း!

Vol. 10 Ch. 136

နောက်ထပ် နှစ်ရက် တိုင်အောင် အန်းရှီအနား၌ ယဲ့ဖန် ကော်ကဲ့သို့ ကပ်ကာ အဖော်ပြုပေးခဲ့သည်။

နှစ်ရက်လုံးလုံး သူ မနားရသေးပါ၊ ပင်ပန်းနွမ်းလျနေသော မျက်နှာနှင့် သူက အန်းရှီကို ကြည့်လို့နေခဲ့သည်။

ရေခဲထုအတွင်းရှိ အန်းရှီ၏ အသက်ရှူသံသည် ပို၍ အားနည်းလို့ လာသည်။

သူမ၏ လှပသော မျက်နှာလေးက ဖြူရော်လို့လာနေ၏။

သူမ၏ ရဲရဲနီနေသော နှုတ်ခမ်းသားလေးက အစိမ်းရောင်သို့ ပြောင်းနေကာ အနက်ဘက်သို့ ပြောင်းချင်ချင် ဖြစ်နေပြန်သည်။

ထို့ပြင် ဆန်းကြယ် ရေခဲ ချီဓာတ်က သဲကြီးမဲကြီး ဆက်လက် ထွက်ပေါ် နေသောကြောင့် ရေခဲထုက ပိုမို၍ ထူထပ်လာသည်။

သူမ၏ ကုတင်တစ်လျှောက် ရေခဲများ ရောက်ရှိလို့လာပြီး နံရံ၊ ပြတင်းပေါက်နှင့် ထုပ်တန်းများကို ပြင်းထန်သော ရေခဲများနှင့် ဖုံးလွှမ်းလို့ သွားလေသည်။ မျက်နှာကြက်၌ ရေခဲပန်းဆွဲများတောင် ဖြစ်ပေါ် လာနေသေးသည်။

အခန်းတစ်ခုလုံး နှစ်တစ်သောင်းလောက် ကြာမြင့်နေသည့် ရေခဲအိမ်နှင့်တောင် ဆင်တူနေသေးသည်။ တစ်ယောက်ယောက်သာ ဤအခန်းထဲ ဝင်လာပါက အသက်ရှူ ကျပ်သွားလောက်သည်။

"ရူးမိုက်လွန်းတဲ့ ကောင်မလေး၊ ငါ့အသက် ပေးရရင်တောင် ငါ မင်းကို ရအောင် ကုမယ်"

ရေခဲထုကို အသာကိုင်၍ ရေခဲထု အတွင်း၌ လှဲလျောင်းနေသော အန်းရှီကို ယဲ့ဖန် စိုက်ကြည့်နေသည်။

ထိုအချိန်တွင် ယဲ့ဖန်သည် 'ဖန်' ဟူသော စကားတစ်ခွန်းကိုသာ အမှတ်ရလို့နေသည်။

ကျွိခနဲ မြည်သံနှင့်အတူ အခန်းတံခါး ပွင့်လာပြီး ခါးကုန်းတစ္ဆေခေါင်းဆောင် ဝင်လာသည်။

အခန်းထဲ ဝင်လာသည်နှင့် သူ ထိတ်လန့်ကာ ကတုန်ကယင် ဖြစ်လာသည်။ သူကိုယ်တိုင်က စွမ်းအား ကြီးသော်လည်း ဆန်းကြယ်ရေခဲ ချီဓာတ်ကြောင့် သူ အေးခဲမတတ် ခံစားနေရဆဲပင်။

ဤအခန်းသည် ကမ္ဘာ့အအေးဆုံး အာတိတ်ဒေသထက်တောင် အဆပေါင်းများစွာ ပိုအေးလို့ နေသေးသည်။

"ဘယ်လိုလဲ? မင်း ဘာသတင်းတွေ ရသေးလဲ?"

ယဲ့ဖန်က ပင်ပန်းနွမ်းလျနေသော မျက်နှာနှင့် သူ့ကို မေးလိုက်သည်။

ခါးကုန်းတစ္ဆေခေါင်းဆောင်က အနည်းငယ် ဦးညွှတ် အရိုအသေပေးပြီး အလျင်အမြန် ပြန်ဖြေလိုက်သည်။

"သခင်၊ ကျွန်တော့်လူတွေ သန့်စင်သော ယန်မြက်ပင် အကြောင်း သတင်းရပြီးပါပြီ၊ ဒီလိုမြက်က မီးတောင်ဟောင်းတွေရဲ့ အောက်ခြေမှာပဲ ရှင်သန်တာပါ၊ ဟွာရှနိုင်ငံရဲ့ မြို့အားလုံးထဲမှာမှ ကျန်းပေမြို့ တစ်မြို့ထဲမှာပဲ မီးတောင်ဟောင်း တစ်ခု ရှိတာပါ၊ သန့်စင်သော ယန်မြက်ပင်က ကျန်းပေမြို့ရဲ့ ပြိုင်ဘက်ကင်း ဆေးနွယ်ပင်ပါ"

*ကျန်းပေမြို့*

*စစ်ခုန်ကလန်က ကျန်းပေစီရင်စုဒေသရဲ့ ကျန်းပေမြို့တော်မှာ ရှိတာပဲ*

"ဒါပေမယ့်..."

*ဟမ်*

ယဲ့ဖန် မျက်မှောင်ကြုတ်၍ မေးလိုက်သည်။

"ဘာလဲ?"

ယဲ့ဖန်၏ အကြည့်ကြောင့် ခါးကုန်းတစ္ဆေ ခေါင်းဆောင်၏ မျက်နှာက သုန်မှုန်လာပြီး မတတ်သာသဖြင့် အမှန်အတိုင်း ပြောလိုက်ရလေသည်။

"သခင်၊ ကျွန်တော်တို့ သန့်စင်သော ယန်မြက်ပင် ဝယ်ဖို့ ကျန်းပေမြို့ကို လူလွှတ်တာ ၁၁ ဖွဲ့ ရှိပါပြီ။ ၁၀ ဖွဲ့လုံးက ဝယ်ပြီး ပြန်လာတဲ့လမ်းမှာ အသတ်ခံလိုက်ရပါတယ်"

*ဘာ*

ယဲ့ဖန် ချက်ချင်း မျက်နှာပျက်လာသည်။

"ပြီးတော့ ၁၁ ဖွဲ့မြောက်က ကျန်းပေမြို့ကို ရောက်တဲ့အခါမှာတော့ ကျန်းပေဒေသမှာရှိတဲ့ ဆေးဆိုင်တိုင်းမှာ သန့်စင်သော ယန်မြက်ပင် အားလုံးကို အခြားသူ ဝယ်သွားပြီလို့ သတင်းပို့လာပါတယ်"

"ကျွန်တော်တို့ လက်သည်ကို စုံစမ်းနေတုန်းပါ"

…

သူ့စကားကြောင့် ယဲ့ဖန် ဒေါသတကြီး ဖြစ်သွားသည်။

လက်အောက်ငယ်သား အဖွဲ့ ဆယ်ဖွဲ့တောင် သန့်စင်သော ယန်မြက်ပင် ဝယ်ပြီး အပြန်လမ်းတွင် အသတ်ခံလိုက်ရသည်တဲ့လား။

ထို့အပြင် သန့်စင်သော ယန်မြက်ပင် အားလုံးကို အခြားသူများက အကုန် ဝယ်သွားကြသတဲ့လား။

ယဲ့ဖန်ကို တစ်ယောက်ယောက်က ပစ်မှတ်ထားနေမှန်း သိလာနေလှပြီ။

"ဘယ်သောက်ကောင်က ငါတို့နဲ့လာပြိုင်နေတာလဲ?"

ယဲ့ဖန် မျက်မှောင်ကို ကြုတ်နေကာ သူ့မျက်နှာကလည်း အရိုးအေးမတတ် အေးစက်နေလှသည်။

"ကျန်းပေမြို့ကို ငါကိုယ်တိုင်သွားမယ်"

အချိန် ဘယ်လောက်မှ မကျန်တော့သည့်အတွက် သန့်စင်သော ယန်မြက်ပင်ကို ယဲ့ဖန် မြန်နိုင်သမျှ မြန်မြန် ရမှဖြစ်မည်။ သို့မဟုတ်ပါက အန်းရှီအတွက် ပို၍ အန္တရာယ် ရှိလာလိမ့်မည်။

ယဲ့ဖန်၏ အပြောကြောင့် ခါးကုန်းတစ္ဆေခေါင်းဆောင်က သတိပေးလာသည်။

"သခင်၊ ကျန်းပေမြို့က စီရင်စုမြို့ကြီး တစ်ခုနော်၊ ကျန်းရှီမြို့ ဘယ်လိုမှ လိုက်မမှီနိုင်တဲ့ ရှုပ်ထွေးတဲ့ အင်အားစုတွေ ရှိတဲ့နေရာပဲ၊ သခင်၊ ကျေးဇူးပြုပြီး ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ"

ခါးကုန်းတစ္ဆေခေါင်းဆောင်က ပို၍ စိုးရိမ်လာသဖြင့် ထပ်သတိပေးလာသည်။

"အရင်တုန်းက ကျွန်တော်က စစ်ခုန်ကလန်ရဲ့ ကာကွယ်သူ ဖြစ်ခဲ့ပင်မယ့် ကျန်းပေမြို့မှာဆိုရင် စစ်ခုန်ကလန်က အဓိက ကလန်တစ်ခုဖြစ်ပင်မယ့် ဒုတိယတန်းစား ကလန်တစ်ခု အဆင့်ပဲ ရှိပါသေးတယ်၊ ပထမတန်းစား ကလန်တိုင်းကို ကြယ်သုံးလုံး အဆင့် စွမ်းအားရှိတဲ့ သူတွေကပဲ ကာကွယ်ပေးကြတာပါ"

ကြယ်သုံးလုံး အဆင့် စွမ်းအားရှိတဲ့ သူတွေ!

ကမ္ဘာမြေပေါ်က စွမ်းအားအဆင့်များ အကြောင်းကို တစ်ခါမှ မကြားဖူးသဖြင့် ယဲ့ဖန် ကြောင်သွားရသည်။

"ကြယ်သုံးလုံး အဆင့် စွမ်းအားရှိတယ်ဆိုတာ ဘာကို ပြောတာလဲ?" ယဲ့ဖန် မျက်မှောင်ကြုတ်၍ မေးလိုက်သည်။

ယဲ့ဖန်၏ အမေးကြောင့် ခါးကုန်းတစ္ဆေခေါင်းဆောင် အံ့ဩသွားရသည်။ ယဲ့ဖန်က စွမ်းအား အဆင့်အကြောင်းကို မသိဘဲ နေလိမ့်မည်ဟု သူ ထင်မထားခဲ့။ ထို့ကြောင့် သူ ယဲ့ဖန်ကို ခပ်သွက်သွက် ရှင်းပြလိုက်သည်။

"သခင်၊ စွမ်းအားတွေကို အဆင့် ခြောက်ဆင့်နဲ့ ခွဲခြားထားတာပါ၊ ပထမတန်းစား စွမ်းအား၊ ထိပ်တန်း စွမ်းအား၊ ကြယ်တစ်လုံး အဆင့် စွမ်းအား၊ ကြယ်နှစ်လုံး အဆင့် စွမ်းအား၊ ကြယ်သုံးလုံး အဆင့် စွမ်းအားနဲ့ ဆရာသခင်အဆင့် ထိပ်သီးပုဂ္ဂိုလ်တွေဆိုပြီး ခွဲခြားထားတာပါ၊ ဆရာသခင် အဆင့် ရောက်ပြီးတဲ့ ထိပ်သီးပုဂ္ဂိုလ်တွေကို မကောင်းဆိုးဝါးအိုကြီးတွေလို့လည်း ပြောကြသေးတယ်"

ခါးကုန်းတစ္ဆေ ခေါင်းဆောင်၏ ရှင်းပြချက်ကြောင့် ကမ္ဘာမြေပေါ်က စွမ်းအားအဆင့်များ အကြောင်းကို ယဲ့ဖန် နားလည်လို့သွားသည်။

ကမ္ဘာမြေပေါ်က စွမ်းအားအဆင့်များသည် စကြဝဠာအတွင်းရှိ အခြားဂြိုလ်များနှင့် အနည်းငယ် ကွဲပြားသည်။

ပုံမှန်အားဖြင့် စကြဝဠာအတွင်းရှိ စွမ်းအားများကို သူတို့၏ သဘာဝဓာတ် များ၏ သန်မာမှုနှင့် နတ်ဆိုးချီဓာတ်ပေါ် မူတည်၍ ခွဲခြားလေ့ရှိသည်။

သို့သော် ကမ္ဘာပေါ်တွင်တော့ သူတို့၏ အတွင်းအားများအပေါ် လိုက်၍ ခွဲခြားကြသည်။

အတွင်းအား သာလွန်၍ ချီဓာတ် များပြားသူများသာ ဤကမ္ဘာတွင် ခွန်အား အကြီးဆုံး ဖြစ်သည်။

ဥပမာပြောရလျင် ရိုစ့်၏ လက်ပါးစေဖြစ်သော ကျားဘုရင်သည် တရားမဝင် ဂိုဏ်းများတွင် ပြိုင်ဘက်ကင်း ဖြစ်သည်။ သူ့တွင်လည်း သာလွန်သော စွမ်းအားများ ရှိသည်။

ဝံပုလွေရိုင်းနှင့် ကျားနက်တို့ကို ကျန်းရှီမြို့၏ အခြားသော မြေအောက်ဂိုဏ်းများက ကြောက်လန့်ကြသည်၊ သူတို့နှစ်ယောက်သည် ပထမတန်းစားအဆင့် စွမ်းအားပိုင်ရှင်များ ဖြစ်ကြသည်။

ကုန်းယွင်ဖေး၏ လက်ပါးစေ ဖြစ်ခဲ့သော လက်ခြောက်ချောင်းမြွေ သည်လည်း ကျန်းရှီမြို့တစ်ဝိုက်ရှိ မြေအောက်ဂိုဏ်းအားလုံးကို တစ်ယောက်တည်း သိမ်းပိုက်နိုင်ပြီး ဝံပုလွေရိုင်းကိုတောင် တစ်ချက်တည်းနှင့် သတ်နိုင်တော့မလို ဖြစ်ခဲ့သေးသည်။ သူက ထိပ်တန်း စွမ်းအားပိုင်ရှင် ဖြစ်သည်။

သွေးစွန်းတစ္ဆေနှင့် ရှစ်ခြမ်းခွဲ အဘိုးကြီးတို့သည် ကြယ်တစ်လုံးအဆင့် စွမ်းအား ပိုင်ရှင်များ ဖြစ်သည်။

"မင်းက ဘယ်အဆင့်လဲ?"

ယဲ့ဖန်က ခါးကုန်းတစ္ဆေခေါင်းဆောင်ကို သိချင်စိတ်ဖြင့် မေးလိုက်သည်။

ခါးကုန်းတစ္ဆေခေါင်းဆောင်က မချိတင်ကဲ ပြုံးကာ "သခင် ညအဖွဲ့ရဲ့ တစ္ဆေငါးကောင်လုံးက ကြယ်နှစ်လုံး အဆင့်ပဲ ရှိပါတယ်၊ ညအဖွဲ့ရဲ့ အရှင်သခင် သုံးယောက်သာ ကြယ်သုံးလုံး အဆင့် ရှိတာပါ"

ထိုသို့ပြောပြီး ခါးကုန်းတစ္ဆေက ယဲ့ဖန်ကို ကြည့်ကာ စိတ်ဝင်တစား ပြန်မေးလိုက်မိသည်။

"သခင်၊ သခင်က မှော်ဝင်ပစ္စည်းတောင် လုပ်နိုင်တယ်ဆိုတော့ ... သခင်က … ဆရာသခင် အဆင့်များလား"

ခါးကုန်းတစ္ဆေ ရင်တုန်လာသလို ဖြစ်လာသည်။ ငယ်ရွယ်သော ဆရာသခင် အဆင့် သူသာဆိုပါက အလွန် အံ့ဩဖွယ်ရာပင်။

သူ့စကားကြောင့် ယဲ့ဖန်က မျက်မှောင်ကြုတ်မိသွားသည်။ သူသည် ကမ္ဘာပေါ်ရှိ အတွင်းအားများ၊ ချီသဘောသဘာဝများနှင့် မတူညီသော သေမင်း နတ်ဆိုး ဆုဒြာကို ကျင့်ကြံထားခြင်း ဖြစ်သည်။

ချီနှင့် အတွင်းအားအဆင့်များနှင့် သတ်မှတ်ရပါက သူသည်…

"ချီနဲ့ အတွင်းအားအရဆိုရင် ကျုပ်က ထိပ်တန်း စွမ်းအားအဆင့်လောက်ပဲ ရှိဦးမယ်"

*ဘာ*

ခါးကုန်းတစ္ဆေ ခေါင်းဆောင် မှင်တက်သွားရသည်။

*ထိပ်တန်း စွမ်းအားအဆင့်*

"မဖြစ်နိုင်ဘူး"

စစ်ခုန်ကလန်၏ ရှစ်ခြမ်းခွဲ အဘိုးကြီး အပါအဝင် ကြယ်တစ်လုံး အဆင့်ရှိသော သူ ခြောက်ယောက်ထဲမှ ငါးယောက်ကို ယဲ့ဖန် တစ်ခဏလေးနှင့် သတ်လိုက်သည်ကို သူ သိထားသည်လေ။

တကယ်က ယဲ့ဖန်က သူတို့ကို တစ်ယောက်ကို တစ်ချက်တည်းနှုန်းနှင့် သတ်လိုက်ခြင်းဖြစ်ပြီး ထိုသူတို့ ပြန်ခုခံဖို့ပင် အချိန် မရခဲ့။

ယဲ့ဖန်၏ တိုက်ကွက်ကို သူကိုယ်တိုင်တောင် ခုခံနိုင်ပါ့မလား ဆိုတာကို ခါးကုန်းတစ္ဆေ ခေါင်းဆောင် သေချာမပြောနိုင်ပါ။

*ယဲ့ဖန်ကို ကြယ်သုံးလုံး အဆင့် စွမ်းအားပိုင်ရှင်တွေပဲ ယှဉ်တိုက်နိုင်မယ် ထင်ပါရဲ့*

*ဒါပေမယ့် သူက ထိပ်တန်းစွမ်းအား အဆင့်ပဲ ရှိတယ်တဲ့*

*ပိုကြောက်စရာကောင်းတာက ထိပ်တန်းအဆင့် စွမ်းအားပဲ ရှိတဲ့သူက မှော်ဝင်ပစ္စည်းကို လုပ်နိုင်တယ်တဲ့*

*အံ့ဩစရာပါပဲလား*

သို့သော် လွန်ခဲ့သည့် တစ်လလောက်က ယဲ့ဖန်သည် ကြက်ကလေး တစ်ကောင်ကိုပင် မဖမ်းနိုင်ခဲ့သည် သာမန်လူ ဖြစ်ခဲ့တာကိုတော့ ခါးကုန်းတစ္ဆေ လုံးဝ မသိပါ။

ထို့ပြင် ယဲ့ဖန်က အတွင်းအားကို မှီခိုရမည့်အစား နတ်ဆိုးသေမင်း ဆုဒြာကို ကျင့်ကြံထားခြင်း ဖြစ်သည်။

သူ၏ အတွင်းအားအား တိုးမြှင့်ချင်လျင် သူ၏ သန်မာသော ခန္ဓာကိုယ်ကို သုံး၍ ထိပ်တန်းအဆင့် စွမ်းအားဖြင့် မြှင့်လိုက်လို့ရသည်။

သာမန်လူများ ဆယ်နှစ်ကျော်သည်အထိ ထိုသို့ မလုပ်နိုင်သော်လည်း ယဲ့ဖန်က သူ၏ အတွင်းအားကို ကျင့်ကြံခြင်း မပြုဘဲ တစ်လတည်းနှင့် အခြေခံအဆင့်ကို ကျော်လွန်သွားခြင်း ဖြစ်သည်။

ဤသည်ကပင် အလွန် သွေးပျက်ဖွယ်‌ ကောင်းနေလှပြီ။ ဤသည်ကိုသာ လူအများ သိသွားကြလျင် ဟွာရှတစ်နိုင်ငံလုံး ထိတ်လန့်သွားလောက်သည်။

"ငါ ဒီကနေ ထွက်သွားတာနဲ့ ညအဖွဲ့ကို အန်းရှီနဲ့ လင်းလန်ကို ကာကွယ်ခိုင်းလိုက်"

ယဲ့ဖန်က ခါးကုန်းတစ္ဆေခေါင်းဆောင်ကို လေးနက်သော မျက်နှာထားနှင့် မှာလိုက်သည်။

ခါးကုန်းတစ္ဆေခေါင်းဆောင်က ဒူးတစ်ဘက်ထောက်၍ ပြန်ဖြေလိုက်သည်။

"ဟုတ်ကဲ့ပါ သခင်"

…

ထိုညနေခင်းတွင် ပြည်တွင်းလေယာဉ်ပျံတစ်စင်း ကျန်းရှီ မြူနီစီပယ် လေဆိပ်မှ ထွက်ခွာသွား၏။

ထိုလေယာဉ်သည် တစ်နာရီပင် မပြည့်သေးခင်မှာပင် ကျန်းပေ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆိုက်ရောက်သွားသည်။

ယဲ့ဖန် ကျန်းပေမြို့သို့ ရောက်သည်နှင့် ထိုမြို့မှ အဓိကကလန်များက မကြာခင် သွေးမိုး ရွာတော့မည်ကို မသိလိုက်ကြ။

All Chapters