← Chapters

အချောင်သမား

Vol. 21 Ch. 290

အချောင်သမား

Vol. 21 Ch. 290

“သူ့အကွက်ထဲ ရောက်မသွားနဲ့။ သူက တမင် လုပ်နေတာ  ...” ချူချင်းလောင်က ဝင်ပြောလိုက်သည်။

မိုဝူကျီကို သင်ခန်းစာ လာပေးချင်သည့် ရန်လာစသူက ချူချင်းလောင် လျှောက်လှမ်း လာသည်ကို မြင်သောအခါ နောက်ဆုတ် လိုက်လေသည်။ သူက ချူချင်းလောင်ကို မကြောက်သော်လည်း သူမက ဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့် ဖြစ်နေမှန်း သိလိုက်သည်။ အကယ်၍ သူကဲ့သို့ ယွမ်ဒန်အဆင့် ကျင့်ကြံသူက ရှေ့တက် သွားပါက သူ့အတွက် သေခြင်း တရားသာ စောင့်ကြို နေလိမ့်မည်။

“တမင် လုပ်တာလား ...” မိုဝူကျီက ချူချင်းလောင်ကို နားမလည်စွာ ကြည့်လိုက်မိသည်။ သူက ယွမ်ဒန်အဆင့် ကျင့်ကြံသူ တစ်ယောက်သည် ထိုသို့ ကလေးဆန်သည့် အပြုအမူများ ကျူးလွန် ရဲလိမ့်မည်ဟု မယုံကြည်နိုင်ပေ။

ချူချင်းလောင်က အသံနိမ့်၍ ပြောလိုက်သည်  “အဲဒီလူတွေက ဒီနေရာမှာ မျက်နှာသစ်တွေကို ရှာပြီးတော့ ပြဿနာ ရှာလေ့ရှိတယ်။ ပြီးရင် သူတို့က စိတ်စွမ်းအင် ကျောက်တုံးတွေ ဒါမှမဟုတ် အခြား ပစ္စည်းတွေကို ရိုက်စား လုပ်တတ်ကြတယ်။ အဲဒီလူမျိုးတွေက တစ်ယောက်တည်း မဟုတ်ဘူး။ အမြဲ အဖွဲ့လိုက် လှုပ်ရှားကြတာ ...”

မိုဝူကျီက ဤနေရာတွင် ထိုသို့ အချောင်သမားကို မြင်လိုက်ရ၍  မယုံကြည်နိုင်ကာ  ပြောစရာ မဲ့သွားလေသည်။

“တောင်းပန်ရင် တောင်းပန် မဟုတ်ရင် ဒီအတိုင်း သွားလို့ရမယ် ထင်မနေနဲ့ ...” အနိုင်ကျင့်သူကြီးက လူသတ်သမား လေသံဖြင့် ပြောလိုက်သည်။

သူတို့ဝန်းကျင်မှ ကျင့်ကြံသူများက ထိုလူ၏ လုပ်ရပ်ကို မြင်ကြသော်လည်း ထူးထူးဆန်းဆန်း မတွေးကြဘဲ သူတို့လမ်းသာ ဆက်သွား ကြလေသည်။

မိုဝူကျီက မျက်မှောင်ကြုတ်ကာ ချူချင်းလောင်ကို ထပ်မေးလိုက်သည် “အစ်မချူ ... ဒီနေရာမှာ စည်းမျဉ်း စည်းကမ်းတွေ မရှိဘူးလား။ ဒီနေရာမှာ တစ်ယောက်နဲ့ တစ်ယောက် သတ်သတ် ရိုက်ရိုက် ခွင့်ပြုထားတာလား ...”

ချူချင်းလောင်က သက်ပြင်းချကာ   “သတ်တာတော့ ခွင့်မပြုပေမဲ့ တိုက်ခိုက်တာတွေ ကတော့ ဒီနေရာမှာ ပုံမှန်လိုပဲ။ ရှင့်ကို လာတိုက်တဲ့သူက ယွမ်ဒန်အဆင့် ကျင့်ကြံသူ ဆိုတာ သိတယ်မလား ...

အဲဒါက အဆင့်မြင့် ကျင့်ကြံသူတွေကို အဆင့်နိမ့် ကျင့်ကြံသူတွေဆီ လာမတိုက်အောင် ကာကွယ်ထားတဲ့ စည်းမျဉ်းကြောင့်ပဲ။ အဆင့်တူ ကျင့်ကြံသူတွေကို တိုက်ဖို့ ခွင့်ပြုထားတယ်။ ရှင်သာ သူ့ကို လုံလုံလောက်လောက် အလျော် မပေးဘူးဆိုရင် သူက ခဏနေ လှုပ်ရှားလိမ့်မယ် ... ကြည့်နေလိုက် ...

သူတို့က မျက်နှာသစ်တွေကို ရှာပြီးတော့ အနိုင်ကျင့်ကြလေ့ ရှိကြတယ်။ သူက ရှင့်ကို တောင်းပန်စေချင်တယ် ဆိုတာ အမှန်တော့ သူ့ကို လျော်ကြေး ပေးခိုင်းနေတာပဲ  ...”

“အဆင့်တူ ကျင့်ကြံသူတွေ အတွက် တစ်ဖက်လူ မသေသရွေ့ အဆင်ပြေတယ် မလား ...” မိုဝူကျီက ထိုစနစ်ကို ကောင်းစွာ နားလည်သွား၍ ရယ်ရယ်မောမော ပြောလိုက်သည်။ ကျင့်ကြံခြင်း လောကတွင် အားကောင်းသူများ လိုအပ်သည့်အတွက် အဆင့်တူ နှစ်ယောက်တွင် အားကောင်းသူကို ကြယ်တာရာ တိုက်ပွဲက ပို၍ စောင့်ကြိုနေမည် ဖြစ်သည်။

ချုချင်းလောင်က မိုဝူကျီ စကားများကို နားလည်သွားပြီး မြန်မြန် ထပ်ပြော လိုက်ရသည်။

“ရှင် သူတို့ကို ဘာမှလုပ်လို့ မရဘူးနော်။ အပေါ်ယံကသာ ဒီလိုဖြစ်နေပေမဲ့ ရှင် သူတို့ကို ရန်စမိတာနဲ့ သူတို့က ကြယ်တာရာ တိုက်ပွဲအထိ ရှင့်နောက် လိုက်လာ ကြလိမ့်မယ် ...  အရင် ပျောက်ဆုံး နယ်မြေက ရောက်လာတဲ့  အစစ်အမှန်ရေအဆင့် ကျင့်ကြံသူက ဒီနေရာက စည်းမျဉ်းတွေကို မသိတော့ သူက လျော်ကြေး မပေးချင်ဘူး။ ပြီးတော့ကျ သူ့ဝိညာဉ်ကြော ဖယ်ရှား ခံလိုက်ရတယ်တဲ့။ သူက စူးရှလေမြို့ အပြင်ဘက်မှာ ကိုယ့်ဘာသာ သတ်သေ သွားတယ်ဆိုပြီး ကောလာဟလလည်း ရှိသေးတယ် ...”

မိုဝူကျီ မျက်လုံးထဲမှ လူသတ်ငွေ့ ဖျတ်ခနဲ ပေါ်လာပြီးနောက်  သူက ချူချင်းလောင်ကို ပြောလိုက်သည် “အားလုံး အရင် သွားနှင့်ကြပါ။ ကျုပ် မကြာခင် လိုက်လာမယ် ...”

ချူချင်းလောင်၊ ဖန်းချီနှင့် ကျန်လူများက သက်ပြင်းသာ ချလိုက် ကြရသည်။ အကြောင်းမှာ သူတို့ ဘာပြောပြော မိုဝူကျီကို လက်လျှော့အောင် လုပ်နိုင်မည် မဟုတ်ကြောင်း သိနေ၍ ဖြစ်သည်။ သူတိုက မိုဝူကျီ စရိုက်ကို ကောင်းစွာ နားလည်၍ ဤသို့ ခြိမ်းခြောက် ခံရပြီးနောက်တွင် သူက စိတ်စွမ်းအင် ကျောက်တုံးများကို အသာတကြည် ထုတ်ပေးမည် မဟုတ်ကြောင်း သေချာသည်။

ချူချင်းလောင်နှင့် ကျန်လူများ အားလုံး မိုဝူကျီ ဘေးမှ ထွက်သွားသည်ကို မြင်သောအခါ အနိုင်ကျင့်သူကြီးက အေးစက်စွာ ပြောလိုက်သည်  “မင်းက အဲလိုဆိုမှတော့ စိတ်စွမ်းအင် ကျောက်တုံး ၁၀၀ ၀၀၀ ထားခဲ့ ... မင်းကို လွှတ်ပေးလိုက်မယ် ...”

လူများစွာက ကြယ်တာရာ တိုက်ပွဲသို့ ပထမဆုံးအကြိမ် သွားကြသော ကျင့်ကြံသူတိုင်းသည် ဆေးလုံးများနှင့် စိတ်စွမ်းအင် ကျောက်တုံများစွာ ဆောင်ထားသင့်ကြောင်း သိကြ၏။ ပြောရလျှင် သူတို့က တစ်ခါမျှ အာကာသထဲ မရောက်ဖူးသေးကြောင်း ဆိုလိုရပေသည်။

သူတို့၏ တိကျသည့် ခန့်မှန်းချက်အတိုင်း ထိုသို့ အပြုအမူမျိုးကို ဂိုဏ်းကြီးမှ တပည့်တစ်ယောက် အပေါ် သွားသုံး၍ မဖြစ်ပေ။

မိုဝူကျီက ပြောဖို့ရာပင် ပျင်းရိ လာသည့်အတွက် ရှေ့တိုးလာကာ လက်သီး တစ်ချက် ပစ်ကျွေးလိုက်သည်။

အနိုင်ကျင့်သူက ယွမ်ဒန်အဆင့် ၉ သာ ရှိသေးပြီး မိုဝူကျီထက် အနည်းငယ် အဆင့်နိမ့်ပေသည်။ ထို့အပြင် သူက မိုဝူကျီသည် သူ့အား လာရင်ဆိုင် လိမ့်မည်ဟု ထင်မထားပေ။

“ဘမ်း ...” မိုဝူကျီ လက်သီးချက်ဖြင့် အနိုင်ကျင့်သူကြီး၏ အရိုးကျိုးသံပါ ကြားရလေသည်။

မိုဝူကျီက ရှေ့တစ်လှမ်း တိုးလာရင်း အနိုင်ကျင့်သူကြီး၏ ပေါင်ပေါ်တွင် ခြေထောက် တင်ထားလိုက်၏။

“ဂျွတ်  ...” ပေါင်ရိုး ကျိုးကြေသွားသည့် အသံကိုပင် ကြားလိုက် ရပြန်သည်။

“မင်း ဘာလုပ်ရမယ်ဆိုတာ သိလား ...” မိုဝူကျီက ခေါင်းအသာ ငုံ့လိုက်ရင်း သူ့ခြေထောက်အောက်မှ အနိုင်ကျင့်သူကြီးကို မေးလိုက်သည်။

အကယ်၍ မိုဝူကျီသာ ဤနေရာသို့ ရောက်ရောက်ချင်း လျော်ကြေး ပေးချေရမည့် အရှက်တကွဲ ဖြစ်မှုကို ကြုံတွေ့ရမည် ဆိုလျှင် သူက ကြယ်တာရာ တိုက်ပွဲသို့ မသွားသင့်တော့ပေ။

“ကျုပ် လျော်ကြေး ပေးပါ့မယ် ...” အနိုင်ကျင့်သူကြီးက ထိုစကား ခြောက်လုံးကို အားယူ ပြောလိုက်ရသည်။

မိုဝူကျီဆီ အားကောင်းသည့် အရှိန်အဝါ ရောက်ရှိလာ၍ ထိုသူမှာ ဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့် ဖြစ်ကြောင်း ခံစားမိ လိုက်သည်။ ထိုအရှိန်အဝါ တစ်ခုတည်းက မိုဝူကျီကို မထိန်းချုပ် ထားနိုင်ပေ။ သို့သော်လည်း မိုဝူကျီက ထိုဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့် ကျင့်ကြံသူက သူ့အား လာရင်ဆိုင်မည် ကိုတော့ နည်းနည်း စိုးရိမ်မိလေသည်။ သူ မျှော်လင့်မိသည်က ချူချင်းလောင် ပြောခဲ့သည့် စည်းမျဉ်းများ တင်းကျပ် ပါစေဟုသာ ဖြစ်သည်။

ထိုအနိုင်ကျင့်သူကြီးက မိုဝူကျီဘေးမှ လူများကို မြင်သောအခါ  သက်ပြင်း ချလိုက်သည်။ သူက ခံစားရသော်လည်း လအနည်းငယ် အတွင်း ပြန်ကောင်း လာနိုင်ပေသည်။ အကယ်၍ သူတို့သာ ဤကောင်လေး၏ ဝိညာဉ်ကြောကို အမှုန့်အဖြစ် မခြေမွှနိုင်ပါက ဤနေရာတွင် နေဖို့ ကိစ္စကား မေ့ပစ်လိုက်ရမည် ဖြစ်သည်။

ထိုသို့ တွေးနေစဉ် သူ့ဝိညာဉ် လမ်းကြောင်းများမှ ပြင်းထန်လှသည့် သဘာဝ စွမ်းအားများကို ခံစားမိလိုက်သည်။

သူက သွေးတစ်ပွက် အန်လိုက်သောကြောင့် မိုဝူကျီကို မယုံကြည်နိုင်စွာ ကြည့်ကာ  “ငါ့ ဝိညာဉ် လမ်းကြောင်းတွေကို ဘယ်လို ဖျက်ရဲတာလဲ ...”

အနိုင်ကျင့်သူကြီးက ဤနေရာတွင် အချိန် အတော်ကြာ ကျက်စား လာသည့်အတွက် သူတို့က ထိုသို့ ရက်စက်သော သူများနှင့် မတွေ့ဖူးသည်တော့ မဟုတ်ချေ။ ထိုသူက မည်မျှပင် ရက်စက်စေကာမူ သူတို့က အဆများစွာ ပြန်ခံစားစေပြီး စိတ်စွမ်းအင် ကျောက်တုံးများကို လျော်ကြေးအဖြစ် ရယူထားနိုင်ရုံသာမက သူ့ဝိညာဉ် လမ်းကြောင်းများလည်း ဖျက်ဆီး ပစ်ဦးမည် ဖြစ်သည်။

သို့သော်လည်း တစ်ယောက်ယောက်ကြောင့် သူ့ဝိညာဉ်ကြော ပျက်စီး သွားသည်မှာ ပထမဆုံး အကြိမ် ဖြစ်လေသည်။ သူ့တစ်ကိုယ်လုံးက ပျက်စီးသွားသော ဝိညာဉ် လမ်းကြောင်းများနှင့် အသုံး မဝင်တော့သည်ကို တွေးမိသည့်အခါ အနိုင်ကျင့်သူကြီးက ဒေါသူပုန် ထွက်လာလေသည်။

“ယွမ်ဒန်အဆင့် ကျင့်ကြံသူရဲ့ ဝိညာဉ် လမ်းကြောင်းတွေကို ဒီနေရာမှာ ဘယ်လိုများ ဖျက်ဆီး ရဲတာလဲ ...” ဒေါသထွက်နေသည့် အသံကို ကြားလိုက်ရပြီး ရူးလောက်သည့် အရှိန်အဝါက မိုဝူကျီဆီ ဆင်းသက် လာလေသည်။

မိုဝူကျီက ထိုသဘာဝ စွမ်းအားများကြောင့် စက္ကူရွက်လေးပမာ  လွင့်စဉ်သွားပြီး  အစီအရင် တံခါးရှေ့မှ ကျောက်တိုင်ကို ဝင်တိုက်မိသောကြောင့် နှုတ်ခမ်းထောင့်မှ သွေးများ စီးကျ လာလေသည်။

“ခင်ဗျားက ဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့် ဖြစ်ပြီးတော့ ကျုပ်လို ယွမ်ဒန် အဆင့်လေးကို ဘယ်လိုများ တိုက်ရဲတာလဲ …” မိုဝူကျီက ဒေါသတကြီး ဖြစ်လွန်း၍ တစ်ကိုယ်လုံးပင် တုန်ခါနေကာ  ဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့် ကျင့်ကြံသူကို လက်ညှိုးထိုးကာ ပြောလိုက်သည်။

ထိုဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့် ကျင့်ကြံသူက သူ့ဘာသာ ပြန်တွေး မိလိုက်သည်။

ငါ ဘယ်အချိန်က ဒီလောက် အားကောင်း သွားရတာလဲ ... သူ့အရှိန်အဝါမှာ လွှမ်းမိုးမှု အနည်းငယ် ရှိရုံမျှ ဖြစ်ပြီး ယွမ်ဒန်အဆင့် ကျင့်ကြံသူကို လွင့်ထွက်သွားစေပြီး သွေးအန် သွားသည့့်အထိ ဖြစ်စေဖို့ရာ အားမကောင်းသေးပေ။ အကယ်၍ သူသာ ထိုမျှ အားကောင်းနေပါက ဤနေရာတွင် အချိန်ဖြုန်း နေမည့်အစား စစ်မှန်ခြင်း နတ်ဘုရား အဆင့်သာ တက်လှမ်းဖို့ရာ ပြင်ဆင် နေတော့မည်။

ဘေးနား ပတ်ဝန်းကျင်က တိတ်ဆိတ်သွားပြီး အားလုံးက ဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့် ကျင့်ကြံသူကို ဝိုင်းကြည့် လိုက်ကြသည်။ မကြာခင်တွင် ဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့် ကျင့်ကြံသူက အဖြစ်အပျက်ကို နားလည်သွား၍ မျက်နှာဖြူဖျော့ သွားလေသည်။ သူက ယွမ်ဒန်အဆင့် ကျင့်ကြံသူ၏ လှည့်ကွက်ကို ခံခဲ့ရပြီး သူသာ မိုဝူကျီအပေါ် စောစောစီးစီး မပြုမူခဲ့ပါက သူသည် မိုဝူကျီ ထောင်ချောက်အတွင်း ရောက်သွားမည် မဟုတ်ပေ။

သူက အရှိန်အဝါကို အသုံးပြု လိုက်သော်လည်း တစ်ဖက်လူ ဒဏ်ရာ မရသွားသရွေ့ လက်ခံနိုင်သော အပြုအမူ ဖြစ်လေသည်။ သို့သော်လည်း သူ့အရှိန်အဝါက ယွမ်ဒန်အဆင့် ကျင့်ကြံသူကို လွင့်စဉ်သွားစေပြီး သွေးအန် သွားစေသည်။ ထိုကိစ္စက အများ မျက်မြင်ကိုယ်တွေ့ ဖြစ်နေပြီး သိသာနေသော သက်သေပါ ရှိမနေပေဘူးလား ...။

“မင်း ...” ဤတစ်ကြိမ်တွင် သွေးအန်မည့်သူက မိုဝူကျီ မဟုတ်ဘဲ ဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့် ကျင့်ကြံသူသာ ဖြစ်၏။ သူက မိုဝူကျီကို အထိတ်တလန့် လက်ညှိုးငေါက်ငေါက် ထိုးလိုက်သည်။

ဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့် ဘာမှ မပြောနိုင်ခင်တွင် စစ်မှန်ခြင်း နတ်ဘုရားအဆင့် ကျင့်ကြံသူက ကောင်းကင်မှ ဆင်းသက်လာပြီး ထိုကျင့်ကြံသူကို ဆွဲကာ တခြားဘက်သို့ ထွက်သွားလေသည်။ စစ်မှန်ခြင်း နတ်ဘုရားအဆင့် ကျင့်ကြံသူက အစီအရင်မှ ထွက်မသွားခင် လူအုပ်ကြီးက ဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့် ကျင့်ကြံသူ၏ ငိုကြွေးသံကို ကြားလိုက်ရသည်။ ထိုစဉ် အားလုံးက ဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့် ကျင့်ကြံသူအတွက် ပြီးဆုံးသွားပြီ ဖြစ်ကြောင်း သိလိုက်ကြသည်။ ထိုငိုကြွေးမှုက အားလုံးကို စည်းမျဉ်း လိုက်နာရန် သတိပေးနေသည့်အလား ဖြစ်၏။ အကယ်၍ အဆင့်မြင့် ကျင့်ကြံသူတိုင်းက အဆင့်နိမ့် ကျင့်ကြံသူလေးများ အပေါ်တွင် အနိုင်ကျင့်နေပါက ကြယ်တာရာ တိုက်ပွဲတွင် ပါရမီရှင်များ၊ အဆင့်မြင့် ကျင့်ကြံသူများ ပို၍ ပို၍ နည်းပါး လာပေလိမ့်မည်။

မိုဝူကျီက နှုတ်ခမ်းမှ သွေးများကို သုတ်ကာ ဖြည်းဖြည်းချင်း မတ်တတ် ရပ်လိုက်သည်။ သူက ဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့် ကျင့်ကြံသူနှင့် ပါလာသော ယွမ်ဒန်အဆင့် ကျင့်ကြံသူများကို ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်  “မင်းတို့တွေက ငါ့ဆီက လျော်ကြေး လိုချင်သေးတာလား မင်းတို့ လိုချင်တယ်ဆိုရင် ရှေ့ထွက်လာပြီး ပြောလှည့် ...”

ယွမ်ဒန်အဆင့် ကျင့်ကြံသူများက မိုဝူကျီကို တစ္ဆေတစ်ကောင် မြင်သည့်အလား နောက်ဆုတ် ကုန်ကြသည်။ သူတို့အတွက် ထိုသို့ အကွက်ကျကျ ရက်စက်တတ်သော  မျက်နှာသစ်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်ရာ ဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့် ကျင့်ကြံသူပင် လှည့်ဖြား ခံလိုက်ရသည်။ သူတို့က ဤနေရာတွင် ဆက်နေနေပါက သူတို့ဘက် လှည့်မလာဘူးဟု မည်သူက ဆိုနိုင်မည်နည်း။ ထိုလူများက ဤနေရာတွင် ဘယ်တော့မှ ဝင်မရှုပ်ရန် ဆုံးဖြတ် လိုက်ကြတော့သည်။ သူတို့ ဝိညာဉ်ကြောများကို တခြား တစ်ယောက်စီ ဖျက်ဆီး ခံလိုက်ရမည့်အစား ကြယ်တာရာ တိုက်ပွဲဆီသာ သွား၍ စိတ်ကြိုက် သတ်တော့မည်။

မိုဝူကျီက မြေပြင်ပေါ်တွင် လဲလျောင်းနေသည့် အနိုင်ကျင့်သူကြီးကို ကြည့်လိုက်သည်။ သူက ထိုလူ၏ သိုလှောင်လက်စွပ်ကိုပင် မထိဘဲ ချူချင်းလောင်ဆီသာ ပြန်သွား လိုက်တော့သည်။

ချူချင်းလောင်က အလောတကြီး ပြေးထွက်လာပြီး သူမက မိုဝူကျီသည် ထိုသူ့ သိုလှောင်လက်စွပ်ကို မထိခဲ့သည့် အတွက် စိတ်အေးသွားဟန် ပေါ်သည်။ အကယ်၍ သူသာ ထိုလက်စွပ်ကို ယူလိုက်ပါက မိုဝူကျီအတွက် ကမ္ဘာပျက်သည့်နေ့ ဖြစ်သွားပေလိမ့်မည်။ ကိုယ်တိုင် သိုလှောင်လက်စွပ်ကို မထိသရွေ့ စိတ်စွမ်းအင် ကျောက်တုံးများကိုတော့ လျော်ကြေးအဖြစ် လက်ခံ၍ ရပေသည်။ တစ်ဖက်လူက ပစ္စည်းများကို ထုတ်ပေးပြီး မင်းလက်ထဲ ပေးရမည် ဖြစ်သည်။ လက်စွပ်ကို ခွင့်ပြုချက်မရှိ သွားထိပါက ခိုးယူခြင်းဟု ယူဆပြီး ဤနေရာတွင် ခိုးယူခြင်းကို သေဒဏ်အဖြစ် သတ်မှတ် ထားလေသည်။

“ရှင် အဲဒီလူ လက်စွပ်ကို မထိခဲ့တာ ကံကောင်းလို့ပေပဲ ...” ချူချင်းလောင်က မိုဝူကျီဆီ လျှောက်လာရင်း ပြောလိုက်သည်။

မိုဝူကျီက ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့် ကျင့်ကြံသူကို ကိုင်တွယ်လိုက်သည့် ကိစ္စကို သူမက ထူးဆန်းသည်ဟု မထင်မြင်ပေ။ သူမက မိုဝူကျီ၏ ယွမ်ဒန်အဆင့်လေးဖြင့် အစစ်အမှန်ရေ အဆင့်ကို အင်အားနှင့် ဉာဏ်ပညာ ပေါင်းတိုက်ခဲ့မှန်း မျက်မြင်ကိုယ်တွေ့ ကြုံပြီးလေပြီ။ ထိုအတွက် သိပ်၍ ထူးဆန်းမနေတော့ချေ။

မိုဝူကျီက ရယ်မောကာ  “ကျုပ်က ယွမ်ဒန်အဆင့် ကျင့်ကြံသူ လက်စွပ်ကို မျက်လုံးထဲကို မထည့်ပါဘူးဗျာ …”

သူက ပစ္စည်းခိုးယူခြင်း စည်းမျည်းများကို သိသည့်အတွက် မဟုတ်ဘဲ သူက ယွမ်ဒန်အဆင့် ကျင့်ကြံသူ၏ ပစ္စည်းများကို စိတ်မဝင်စား၍ ဖြစ်သည်။ သူ့တွင် ရှိနေသော သိုလှောင် လက်စွပ်များမှာ စစ်မှန်ခြင်း နတ်ဘုရား အဆင့်များမှ ဖြစ်ကာ ယွမ်ဒန်အဆင့် ကျင့်ကြံသူ လက်စွပ်လေးတွင် ဘာကောင်းတာများ ရှိမည်နည်း။ သူက ယွမ်ဒန် အဆင့်ကျင့်ကြံသူနှင့် အသေအကြေ တိုက်ခိုက်သည်ဆိုလျှင် သူက လက်စွပ်ကို ယူကောင်း ယူမိလိမ့်မည်။ သို့သော်  ဤသို့သော နေရာမျိုးတွင် တိုက်ခိုက်နိုင်စွမ်းပင် မရှိတော့သည့် ကျင့်ကြံသူဆီမှ လက်စွပ်ကို ယူဖို့ စိတ်ထဲမထားပေ။

“သွားကြစို့  ... ကျွန်မတို့တွေ ကြယ်တာရာ တိုက်ပွဲကို မြန်မြန် သွားကြမယ်။ ပြီးရင် ကျမတို့တွေ တိုက်ပွဲကို ရောက်တဲ့အခါကျ သတိထားရမယ်။ သူတို့က အားမကောင်းပေမဲ့ သူတို့က နယ်ခံတွေ ဖြစ်နေကြပြီ ...” ချူချင်းလောင်က အသာအယာ ရှင်းပြလိုက်သည်။

“ကျုပ်သိပါပြီ။ သွားကြစို့ ...” မိုဝူကျီက ဘေးပတ်လည်ကို ကြည့်သော်လည်း ရန်တျန်းရှင်းကို မတွေ့သည့်အတွက် အနည်းငယ် စိတ်ပျက် သွားလေသည်။ သို့သော်လည်း ရန်တျန်းရှင်းသည်လည်း ကြယ်တာရာ တိုက်ပွဲသို့ သွားသည်သာ ဖြစ်မည်မှန်း မှန်းဆမိသည်။

ချူချင်းလောင်က မှန်ကန်ပေသည်။ သူတို့က ကူးပြောင်းရေး အစီအရင်အတွက် စိတ်စွမ်းအင် ကျောက်တုံများ ပေးချေစရာ မလိုအပ်ပေ။ သူတို့လုပ်ဖို့ရန် လိုအပ်သည်က ကူးပြောင်း အစီအရင်ထဲ ရောက်လာရုံ ဖြစ်၏။

***

All Chapters