မင်း ဒီအရက်ခွက်ကို ယူသွားလို့ရတယ်၊ ဒါပေမယ့် မင်းခေါင်းကိုတော့ ဒီမှာ ထားခဲ့!
Vol. 10 Ch. 138
*သူ သောက်လိုက်တယ်*
ယဲ့ဖန် တစ်ကျိုက်တည်း ကောက်မော့လိုက်သည်ကို ကြည့်ပြီး စားပွဲထိုးများနှင့် အခြားသူများ တွေဝေသွားကြသည်။
တစ်ခွက်လုံးကို ယဲ့ဖန် ခဏလေးအတွင်း သောက်လိုက်နိုင်မည်ဟု သူတို့ ထင်မထားမိကြ။
သူ သောက်လိုက်သော အရက်ပြင်းက ဆင်တစ်ကောင်လုံးကိုတောင် မူးဝေ သွားစေလောက်သည်။
လူတိုင်းက ယဲ့ဖန်ကို စိတ်ဝင်တစားကြည့်နေကြသည်။ သူ ဘယ်တော့ သတိလစ်သွားမလဲကို သိချင်နေကြ၏။
"ငါးမိနစ်ပဲ၊ ငါ လောင်းရဲတယ် သူ ငါးမိနစ်အတွင်း ပြိုလဲသွားလိမ့်မယ်"
"အဓိပ္ပာယ် မရှိလိုက်တာ၊ သုံးမိနစ်က အလွန်ဆုံးပဲ၊ အဲ့အရက်ပြင်းက ဆင်ကိုတောင် မှောက်သွားနိုင်စေတဲ့ဟာကို"
"ဟွန့် … အလွန်ဆုံး တစ်မိနစ်လောက်ပဲ၊ သူက အရမ်းငယ်လွန်းသေးတယ်၊ သူ ကြာကြာ တောင့်ခံနိုင်မယ် မထင်ဘူး"
…
စားပွဲထိုးနှင့် ဘေးရှိဖောက်သည်များက ယဲ့ဖန် ဘယ်လောက် ခံနိုင်ရည်ရှိမလဲကို ဆွေးနွေးနေကြသည်။
သို့သော်လည်း ယဲ့ဖန်က သူတို့ကို လျစ်လျူရှုလို့ထားသည်။ အနည်းငယ် တွေဝေနေဟန်နှင့် သူ့မျက်လုံးများတွင် အတိတ်ကို ပြန်လည် အမှတ်ရနေသည့် ပုံများ ပေါ်လွင်နေသည်၊ ဤအရက်ပြင်း၏ ပျစ်ပျစ်နှစ်နှစ်ရှိလှသော အရသာကြောင့် ယဲ့ဖန်သည် နတ်ဆိုးဂြိုလ်သို့ ပြန်လည်ရောက်ရှိသွားသည်ဟု ခံစားလိုက်ရသည်။
နတ်ဆိုးဂြိုလ်သည် သူ၏ အိမ်။
ထိုနေရာရှိ နတ်ဆိုးများသည် သူ၏ ညီအစ်ကိုများ ဖြစ်သည်။
နတ်ဆိုးနှင့် နတ်ဘုရားများကြား ဖြစ်ပွားသည့် စစ်ပွဲသည် နှစ်ပေါင်း ၁၀,၀၀၀ တောင် ကြာခဲ့ပြီ။
တိုက်ပွဲတစ်ခါ ပြီးသွားတိုင်း နတ်ဆိုးများက သူတို့၏ ဒဏ်ရာများကို ကုသခြင်း မပြုဘဲ အရက်ပြင်းများကိုသာ သောက်ကြသည်။
အပြင်းဆုံးသော အရက်များကို သောက်ပြီး ပူနွေးနေသော သွေးများကို ပက်ဖြန်းခြင်းက နတ်ဆိုးဂြိုလ်၏ ဓလေ့အဖြစ် သတ်မှတ်ထားသည်။
*လွှမ်းမိုးနိုင်တဲ့ နတ်ဘုရားတွေနဲ့ အင်မော်တယ်တွေကို သတ်ပြီး မိုးပြာရောင် ကောင်းကင်ကို နတ်ဆိုးသွေးတွေနဲ့ အလှဆင်မယ်*
ဤသည်ကား နတ်ဆိုးများ၏ တိုက်ပွဲခေါ်သံပင်။
"နတ်ဆိုးအဖြစ်နဲ့ မွေးဖွားလာပြီး နတ်ဆိုးအဖြစ်နဲ့ပဲ သေဆုံးမယ်၊ နတ်ဆိုး ဝိညာဉ်နဲ့ ငါက အမြဲ နတ်ဆိုးတစ်ကောင်ပဲ"
ဤသည်ကလည်း နတ်ဆိုးများ၏ အူလှိုက်သည်းလှိုက် တောင်းသော ဆုတောင်းပင် ဖြစ်သည်။ ထိုအရာများက ယဲ့ဖန်၏ နှလုံးသားတွင် ပြန်လည် အမှတ်ရလာသည်။
သူ့လက်ထဲက ဖန်ခွက်ကို ကြည့်ရင်း ယဲ့ဖန် အလွန် ပူဆွေးသောက ရောက်နေပုံ ရသည်။
*တစ်နေ့ ငါ ထိပ်ဆုံးကို ရောက်လာတဲ့ အချိန်ရောက်ရင် ဒီကမ္ဘာပေါ်မှာ ဘာအင်မော်တယ်မှ မရှိစေရဘူး*
*ကျဆုံးသွားတဲ့ နတ်ဆိုးတွေအတွက်*
ထိုသို့ ရေရွတ်ရင်း ယဲ့ဖန်က သူ့ခွက်ကို နောက်တစ်ခါ ထပ်ဖြည့်လိုက်သည်။ သူ ဖြည်းဖြည်းချင်း သောက်နေသော်လည်း အရက်က လျင်မြန်စွာ ကုန်ကုန်သွားသည်။
တစ်ခွက်ပြီး တစ်ခွက် ဆက်တိုက်သောက်နေမိသည်။
အချိန်တိုလေး အတွင်းမှာပင် shaker ဘူးထဲတွင် ကုန်သလောက် ရှိနေပြီ ဖြစ်သည်။
…
ယဲ့ဖန်ကို စောင့်ကြည့်နေသည့်သူတိုင်း မှင်တက်သွားရသည်။
ဂလု!
လူတိုင်း မယုံသင်္ကာဟန်ဖြင့် မနည်း တံတွေးမျိုချလိုက်ကြသည်။
"သူ အကုန်သောက်လို့ ပြီးတော့မယ်၊ သူ ကုန်အောင် သောက်မလို့လား?"
"စောက်ကျိုးနည်း … ဒါ အရက်ပြင်း အခွက် ၃၀ လောက်နဲ့ ညီတယ်လေကွာ၊ အဲ့ကောင်က အရက်ဂျိုးကြီးများလား?"
"ဒီကောင် အကြောက်တရား ကင်းတာပဲ၊ ဒီကောင် တကယ် မကြောက်တတ်ဘူးဟ"
စားပွဲထိုးများနှင့် ဖောက်သည်များက ထိတ်လန့်တကြား ဖြစ်နေကြသည်။ ထိုစဉ် ထိပ်ပြောင်ပြောင်နှင့် လူတစ်ယောက်က တလှုပ်လှုပ်နဲ့ ယဲ့ဖန်နားသို့ ရောက်လာသည်။
"မင်းတို့က ဘာကြည့်နေတာလဲ? မင်းတို့က အရူးတွေလား?"
ထိုလူသည် အလွန် ကိုယ်ကာယ ကြံခိုင်သည်၊ သူ၏ ခပ်ကောက်ကောက် နှုတ်ခမ်းမွှေးတွေကြောင့် သူ့ကို ပို၍ ကြမ်းကြုတ်ပုံ ပေါက်သွားစေသည်။
ထိုသူကို မြင်သည်နှင့် စားပွဲထိုးလေး တုန်ယင်လာကာ ခပ်သွက်သွက် ရှင်းပြလာသည်။
"ဘုန်းတော်ကြီး ခင်ဗျား ရောက်လာပြီးကိုး၊ ကျွန်တော်တို့ အကြောက်အလန့် မရှိတဲ့ သူတစ်ယောက်ကို ကြည့်နေတာ"
*အကြောက်အလန့် ကင်းတဲ့သူ*
ထိုလူ ကြောင်သွားပြီးမှ လှောင်ရယ်၍ "အဓိပ္ပာယ် မရှိတာတွေ၊ ဘယ်သူက ငါ့ထက် ပိုအကြောက်အလန့် ကင်းလို့လဲ?"
စားပွဲထိုးလေးက သူ့ကို ပြန်မငြင်းရဲသဖြင့် ယဲ့ဖန်၏ နောက်ကျောကိုသာ လက်ညှိုးထိုးပြ၍
"ဘုန်းတော်ကြီး အဲ့လူက အခြားအရက်တွေထက် အဆ သုံးဆယ်လောက် ပြင်းတဲ့ အရက်ပြင်း သုံးမျိုးကို ရောပြီး သောက်နေတာဗျ၊ သူ သောက်တာ … ကုန်တောင်ကုန်တော့မယ်"
*ဘာ*
ထိပ်ပြောင်ပြောင်နှင့် လူ ခဏလောက် အံ့အားသင့်သွားသည်။
ထို့နောက် သူက မျက်လုံးကို မှေး၍ ယဲ့ဖန်ကို ကြည့်ကာ ပြောလိုက်သည်။
"အဓိပ္ပာယ် မရှိတာတွေ၊ ခွေးကလေးခုန်လို့ ဖုန်ထရုံပဲ ရှိတာ၊ ငါ စမ်းကြည့်မယ်"
ထိုလူက ယဲ့ဖန်နားသို့ အထင်သေးသည့် ဟန်ဖြင့် သွားလိုက်သည်။ ထို့နောက် သူက ဖန်ခွက် အလွတ်တစ်ခုကို ယူ၍ ယဲ့ဖန်ရှေ့ ချလိုက်သည်။
"ဟေ့ကောင် ငါ့ကိုလည်း တစ်ခွက်လောက် ငှဲ့ပေး"
ထိုလူ၏ လေသံသည် အလွန်ရန်စသည့် အသံ ဖြစ်နေသည်။ ယဲ့ဖန်က တည်တည်ငြိမ်ငြိမ်နှင့် နောက်လှည့်ကာ သူ့အား ပုရွက်ဆိတ်လေးကို ကြည့်သလို အကြည့်မျိုးနှင့် ကြည့်နေသည်။
ထို့နောက် ပြန်လှည့်၍ အရက် ဆက်သောက်နေသည်။ ထိပ်ပြောင်ပြောင်နှင့် လူ ဒေါသထွက်လာသည်။
ဤပိန်ပါးပါးနှင့်လူက သူ့ကို လျစ်လျူရှုရဲလိမ့်မည်ဟု သူ တွက်မထားမိပါ။
"ီးပဲ ... ဟေ့ကောင် မင်း ငါပြောတာ မကြားဘူးလား? တစ်ခွက် ငှဲ့ပေးစမ်း"
ထိုထိပ်ပြောင်ပြောင်နှင့်လူသည် အလွန် ကြမ်းတမ်းသည်။ သူ့အသံကြောင့် ဘားတစ်ခုလုံး တောင့်ခနဲ ဖြစ်သွားကြသည်။
ယဲ့ဖန်က အေးဆေးဆေးဆေး နောက်လှည့်၍ ခနဲ့တဲ့တဲ့ အပြုံးနှင့် မေးလိုက်သည်။
"တစ်ခွက်ဆို ဦးခေါင်းတစ်လုံးပဲ၊ ခင်ဗျား သဘောတူလား?"
*ဘာ*
ထိပ်ပြောင်ပြောင်နှင့် အလွန်တုန်လှုပ်သွားသည်၊ ယဲ့ဖန်၏ မျက်လုံးများက သူ့ကိုယ်ကို ဖောက်ထွင်းမြင်နေရသကဲ့သို့ ကြောက်မက်ဖွယ် ကောင်းလှသည်။
ထို့အပြင် ထိုသူသည် သူ့အား ပြင်းထန်သော ချီဓာတ်များ၏ လွှမ်းမိုးထားခြင်းကို ခံလိုက်ရသည်။
အိပ်ပျော်နေသော ရှေးဟောင်းသားရဲကြီးကို သူ သွားနှိုးမိလိုက်သကဲ့သို့ တစ်ကိုယ်လုံး ကြက်သီးတဖြန်းဖြန်း ဖြစ်လာသည်။
'သဘောတူတယ်' ဟု သူပြောလိုက်လျင် သူ ချက်ချင်း ခေါင်းဖြတ်ခံရမည်ကို သူ သိနေခဲ့သည်။
သူ၏ နဖူးမှ ချွေးများ စို့တက်လာသည်။
"ဟေ့ကောင် … မင်း … မင်းက အလာကြီးပါလား၊ ကြည့်ကြသေးတာပေါ့ကွာ"
အပြင်ဘက်၌ ကြမ်းချင်ရမ်းချင်ယောင ်ဆောင်ထားသော်လည်း စိတ်ထဲတွင်တော့ တွန့်ဆုတ်နေမိသည်။ ထိုသို့ပြောပြီး ထိပ်ပြောင်ပြောင်နှင့်လူက ပျာယာခတ်နေသော ယုန်တစ်ကောင်ကဲ့သို့ ထွက်ပြေးသွားသည်။
စားပွဲထိုးလေးနှင့် အခြားသူများ မယုံနိုင်သလို ဖြစ်သွားကြသည်။ သို့သော် သိပ်မကြာခင်မှာပင် ဘားထဲရှိ သီချင်းသံက ရုတ်တရက် ရပ်သွားသည်။
ထို့နောက် မျက်နှာပေါ်တွင် အမာရွတ်တစ်ခု ရှိနေသော သူတစ်ယောက်က အဘိုးအိုတစ်ယောက်ကို ကြိုးတုပ်၍ ဘားထဲ ဝင်လာသည်။
"တိတ်တိတ်နေစမ်း"
အမာရွတ်နှင့်လူက ဘားထဲရှိ စတိတ်စင် အသေးလေးပေါ်သို့ တက်၍ အော်ဟစ် ပြောဆိုလိုက်သည်။
"ဟီးဟီး … ဒီနေ့က တော်တော် ကျက်သရေရှိတဲ့ နေ့လေးပါလား၊ ငါ မင်းတို့ကို ငါ့ရဲ့ တိရိစ္ဆာန် အသစ်လေးကို ပြမလို့"
ထို့နောက် သူက ကြမ်းပြင်ပေါ်မှ အဘိုးအိုကို လက်ညှိုးထိုး၍
"သူ့ကို မြင်တယ်မလား? သူက အရင်တုန်းက စစ်ခုန်ကလန်ရဲ့ အင်အားကြီးတဲ့သူ တစ်ယောက်ပဲ၊ သူ့လက်နဲ့ ခြေထောက်တွေက ကြွက်သားတွေက ပျက်စီးသွားပြီ၊ ပြီးတော့ သူ့ရဲ့ ဒန်တန်ကလည်း ပျက်စီးသွားပြီ၊ အခု သူက ငါ့ရဲ့ခွေးပဲ"
…
ဘားတစ်ခုလုံး ဆူညံ ပွက်လောရိုက်သွားသည်။
*စစ်ခုန်ကလန်*
*အဲ့ဒါ ကျန်းပေမြို့ရဲ့ အဓိက ကလန်တစ်ခုမလား*
*ဒီလောက် အင်အားကြီးသူက ယိုယွင်း ပျက်စီးသွားပြီး ဘယ်လိုလုပ် ဒီလူရဲ့ အိမ်မွေးတိရိစ္ဆာန် ဖြစ်သွားရတာပါ့လိမ့်*
လူတိုင်းက အဘိုးအိုကို ဝိုင်းကြည့်နေကြသည်။ သွေးများနှင့် ပေရေနေသော အဘိုးအို၏ အဝတ်အစားများသည် စုတ်ပြတ်လို့နေ၏။
သူ၏ လက်နှင့် ခြေထောက်များရှိ ကြွက်သားများက လုံးဝ ပျက်စီးနေပြီး သူက တော်တော်လေးကို အခြေအနေ ဆိုးရွားနေသည်။
"ကူးယွီ မလား? ငါ သူ့ကို သိတယ်၊ သူက စစ်ခုန်ကလန်ရဲ့ အင်အားကြီးတဲ့သူ ခြောက်ယောက်ထဲက တစ်ယောက်လေ၊ ဘယ်လိုလုပ်…"
"ဘုရားရေ အဲ့ဒါ သူပဲ၊ စစ်ခုန်ကလန်ခေါင်းဆောင်က ကျန်းရှီမြို့ကို သူ့အကြီးအကဲ ခြောက်ယောက်နဲ့ သွားခဲ့တယ်လို့ ပြောကြတယ်၊ ကူးယုတစ်ယောက်တည်း ပြန်လာနိုင်ခဲ့တာ၊ သူ ဘယ်လိုလုပ် ဒီပုံစံ ဖြစ်သွားရတာလဲ?"
"အဓိက ကလန်တစ်ခုရဲ့ အကြီးအကဲက ဒုက္ခိတဖြစ်သွားပြီးတော့ အိမ်မွေးတိရိစ္ဆာန် သာသာ ဘဝကို ရောက်သွားတယ်၊ လက်မခံနိုင်စရာ အခြေအနေပဲ"
ဘားထဲတွင် ရှိနေသော သူတော်တော်များများ အဘိုးအိုကို သတိထားမိသွားကြသည်။ သူတို့က စိတ်ပျက်သည့်ဟန်ဖြင့် ခေါင်းတခါခါ ဖြစ်နေကြသည်။
ကူးယုသည် ကြမ်းပြင်ပေါ်တွင် တံတောင်ဆစ်နှင့် ဒူးခေါင်းတို့ကို သုံး၍ ဝပ်တွားနေရပြီး တစ်ကိုယ်လုံး တုန်ယင်နေသည်။
သူ့ဘဝ၏ အမည်းစက်အဖြစ် သတိထားမိပြီး မျက်နှာတစ်ပြင်လုံး မျက်ရည်များနှင့် ပြည့်နှက်လာသည်။
အင်အားကြီးသူ တစ်ယောက်က အာဏာမရှိတော့ဘဲ တိရိစ္ဆာန်သာသာ ဖြစ်လို့လာသည်။ ဤအဖြစ်သည် သူ့တစ်ဘဝလုံးတွင် အရှက်အရဆုံး ကိစ္စပင် ဖြစ်ပေ၏။
ထိုစဉ် အမာရွတ်နှင့်လူက လှောင်ရယ်၍ ကြိုးကို တင်းနေအောင် အားဖြင့် ဆောင့်ဆွဲလိုက်သဖြင့် ကူးယွီ လဲကျသွားသည်။
"ဟီးဟီး … အကြီးအကဲ ကူးယွီ ... ခင်ဗျားက သုံးစားမရတဲ့သူ တစ်ယောက်ကို စစ်ခုန်ကလန်ရဲ့ သခင်ကြီးအဖြစ် အသိအမှတ်ပြုခဲ့တယ်လို့ ပြောနေကြတယ်၊ အဲ့ဒါ အမှန်ပဲလား?"
*သုံးစားမရဘူး*
သူ့စကားကြောင့် ကူးယွီ ဖြည်းဖြည်းချင်း ခေါင်းမော့လာသည်။ ဆံပင်က ဖိုသီဖတ်သီ ဖြစ်နေသော်လည်း သူ၏ မျက်လုံးများက မီးဝင်းဝင်းတောက်နေ၏။
"အသုံးမကျတဲ့သူ ဟုတ်လား? ဟားဟား… အကန်းတွေ၊ မင်းတို့အားလုံး အကန်းတွေချည်းပဲ"
ကူးယွီ စိတ်အား တက်ကြွလာကာ ပြန်အော်လိုက်သည်။
"နားထောင် … အဲ့လူက သူ့ရန်သူတွေအတွက် နတ်ဆိုးတစ်ကောင် ဖြစ်သလို သူ့မိတ်ဆွေတွေ အတွက်ကတော့ သူက နတ်ဘုရားတစ်ပါးပဲ"
"တစ်နေ့မှာ ကျန်းပေမြို့က အဓိကကလန်အားလုံး သူ့ကို ဖိမ့်ဖိမ့်တုန်အောင် ကြောက်လာကြလိမ့်မယ်၊ အဲ့အခါကျမှ စစ်ခုန်ကလန်ကလည်း သူ့ကို အရူးအမူး ဖြစ်လာလိမ့်မယ်"
"သူ ဘယ်လောက် ကြောက်စရာ ကောင်းလဲ မင်းတို့ မသိလို့ … မင်းတို့ မသိကြလို့ပါကွာ"
…
သူ့စကားကြောင့် ဘားတစ်ခုလုံး ပွက်လောရိုက်သွားသည်။ ကူးယွီကို စိတ်ဖောက် သွားအောင် ဘယ်လိုလူက လုပ်လိုက်မှန်း သူတို့ နားမလည်ကြ။
အမာရွတ်နှင့်လူက အထင်သေးသည့်ဟန်ဖြင့် ပြောလိုက်သည်။
"နတ်ဘုရား? နတ်ဆိုး? ဟီးဟီး … ကူးယွီ ခင်ဗျား ရူးသွားပြီပဲ"
ထိုသို့ပြောပြီး အမာရွတ်နှင့်လူက ကျာပွတ်နှင့် လှမ်းရိုက်ကာ အားရပါးရ ပြုံး၍ ပြောလာသည်။
"ဟီးဟီး … ခင်ဗျား သူ့ကို အဲ့လောက်လေးစားနေမှတော့ ကျုပ် ခင်ဗျားကို သူက အသုံးမကျတဲ့သူပါလို့ ပြောလာအောင် လုပ်ပေးရမှာပေါ့၊ ပြောစမ်း"
"ပြောစမ်း ... သူက အသုံးမကျဘူးလို့ … သူက သုံးစားမရတဲ့ကောင်လို့ ပြောလိုက်စမ်း"
သူ့စကားကြောင့် ကူးယွီက လှောင်ရယ်၍ အမာရွတ်နှင့်လူအား အရူးကို ကြည့်သလို ကြည့်ကာ စိတ်ထက်သန် ပြင်းပြသော ဟန်ဖြင့် "သူက ငါ့စိတ်ထဲမှာ နတ်ဘုရားသဖွယ် ဖြစ်ပြီး အခြားသူ တော်တော်များများရဲ့ ရင်ထဲမှာလည်း သူက နတ်ဘုရားပဲ။ မင်း နားမလည်နိုင်ဘူး၊ မင်း နားလည်နိုင်မှာလည်း မဟုတ်ဘူး"
"ချီးပဲ … ခင်ဗျားက ခေါင်းမာရဲသေးတယ်ပေါ့လေ"
အမာရွတ်နှင့်လူက ဒေါသပေါက်ကွဲကာ ကူးယွီ၏ ခေါင်းကို ကျာပွတ်နှင့် ရိုက်နှက်ရန် ပြင်လိုက်သည်။
ကူးယွီသည်လည်း မျက်လုံးမှိတ်ထားလိုက်ရင်း သူ့မျက်နှာပေါ်သို့ အရှက်ရနေသော မျက်ရည်တစ်စက်က ကျဆင်းလာသည်။ ကျန်းရှီမြို့မှာ နေခဲ့ရမည့်အစား ကျန်းပေမြို့ရှိ စစ်ခုန်ကလန် ရှိရာသို့ ပြန်လာခဲ့မိသဖြင့် သူ နောင်တရနေခဲ့သည်။
ယဲ့ဖန်၏ ကျေးကျွန် ဖြစ်ရမည်ဆိုလျင် သူ ကျွန်ခံဖို့ အဆင်သင့်ဖြစ်လို့နေခဲ့သည်။
ဖြောင်း!
ကျာပွတ်က ကြမ်းပြင်ပေါ်သို့ ကျရောက်သွားသော်လည်း ကူးယွီ မည်သည့်နာကျင်မှုမှ မခံစားရသည့်အတွက် အံ့အားသင့်သွားသည်။
ထို့နောက် သူ မျက်လုံး ဖွင့်ကြည့်လိုက်သောအခါ ကျာပွတ်ကြိုးကို ဆွဲ၍ ဟန့်ထားထားသော ပိန်ပါးပါး ကိုယ်တစ်ခုကို မြင်လိုက်ရသည်။
"ခင်ဗျား ... ခင်ဗျားက"
ကူးယွီ သူ မြင်နေရသည်ကိုတောင် ယုံမှားသံသယ ဝင်လာသည်။
*သူလာ?*
*မဖြစ်နိုင်လောက်ပါဘူး*
ကူးယွီ ထိတ်လန့်လာကာ စိတ်လှုပ်ရှားမှုကြောင့် မျက်နှာ နီမြန်းလာသည်။
သူ မြင်နေရသည့်သူက သူ အရူးအမူး ကြည်ညိုရပါသော သူဖြစ်မှန်း သေချာ သိသွားသည့်နှင့် သူ့မျက်နှာတစ်ပြင်လုံး မျက်ရည်များဖြင့် စိုရွှဲလာသည်။
"ဟေ့ကောင် … မင်းက ဘယ်က ခွေးမသားလေးလဲ?"
အမာရွတ်နှင့် သူတောင်မှ ကြောင်သွားသည်။ ထို့နောက် သူ ချက်ချင်း ပြန်မာန်မဲလိုက်လေသည်။
ယဲ့ဖန် ပါးစပ်တောင် မဟရသေးခင်တွင် အစောပိုင်းတုန်းက ထိပ်ပြောင်ပြောင်နှင့်လူက အမာရွတ်နှင့်လူထံ ဒေါသထွက်နေသော မျက်နှာနှင့် လှစ်ခနဲ ပြေးလာကာ အော်ပြောလိုက်သည်။
"အစ်ကိုကြီး အဲ့ကောင်ပဲ၊ အဲ့ခွေးမသားက အခုလေးတင် ကျွန်တော့်ကို ခြောက်လှန့်လိုက်တာ"
*ဘာ*
သူ့ညီ၏ စကားကြောင့် အမာရွတ်နှင့်လူ အံ့အားသင့်သွားသည်။ သူပိုင်သော နယ်မြေထဲတွင် တစ်စုံတစ်ယောက်က သူ့ညီကို ခြောက်လှန့်ရဲလိမ့်မည်ဟု သူ ထင်မထားမိပါ။
အမာရွတ်နှင့်လူက သူ့ညီကို ရယ်၍ မေးလိုက်သည်။
"ဘုန်းတော်ကြီး သူက မင်းကို ဘယ်လိုခြောက်လှန့်တာလဲ?"
"အစ်ကိုကြီး အဲ့ခွေးမသားက အရက်ပြင်းတွေကို ရောစပ်ပြီး အရက်ပြင်း အသစ်လုပ်ထားတာလေ၊ ကျွန်တော်လည်း ယူသောက်ချင်လို့ တောင်းတာကို သူက တစ်ခွက်ကို ဦးခေါင်းတစ်လုံး ပေးရမယ်တဲ့လေ"
*တစ်ခွက်ကို ဦးခေါင်းတစ်လုံး*
အမာရွတ်နှင့်လူက အားပါးတရ အော်ရယ်ကာ "ဟားဟား … ဒီမြေနိုးလေးက တော်တော်ရယ်ရတာပဲ၊ စောက်ရမ်းလည်း တုံးသေးတယ်၊ သိပ်ကို ဘဝင်မြင့်နေတာပါလား"
ထို့နောက် အမာရွတ်နှင့်လူက ယဲ့ဖန်အား စိုက်ကြည့်ကာ လှောင်ရယ်၍ "ခွေးမသားလေး .. မင်းက တော်တော် အကြောက်အလန့် ကင်းတာပဲ၊ တစ်ခွက်ကို ဦးခေါင်းတစ်လုံး ဟုတ်လား? ငါ သောက်မယ်ကွာ၊ ငါ့ခေါင်းက ဒီမှာလေ၊ လာ.. လာယူလှည့်.. ဟားဟား"
သူ့စကားကြောင့် ကူးယွီက သူ့အား အရူးကို ကြည့်သလို ကြည့်နေလေ၏။
*သူတော့ သေတော့မှာပဲ*
အမာရွတ်နှင့်လူ သေတော့မည်ကို ကူးယွီ သိလို့နေသည်။ သို့သော်လည်း ယဲ့ဖန်က သူ့စကားကြောင့် အားပါးတရ ပြုံး၍ ပြန်ပြောလိုက်သည်။
"ကောင်းပြီလေ၊ မင်းခွက်ကို ယူပြီး ခေါင်းကိုတော့ ဒီမှာထားခဲ့"
*ဘာ*
အမာရွတ်နှင့်လူ ကြောင်သွားပြီး နောက်တစ်ခါ ထပ်ရယ်ရန် ပြင်လိုက်သည်။ သို့သော် ထိုအချိန်တွင် သူညီ ဘုန်းတော်ကြီးက သူ့အား သွေးပျက်နေသော အကြည့်များဖြင့် ကြည့်လို့နေသည်။
"ဘုန်းတော်ကြီး … မင်း ဘာကြည့်နေတာလဲ?"
အမာရွတ်နှင့်လူက သူ့ညီကို ဇဝေဇဝါဖြင့် မေးလိုက်လေသည်။ ဘုန်းတော်ကြီးက တုန်ယင်ကာ အမာရွတ်နှင့် လူ၏ လည်ပင်းကို မျက်လုံးပြူး မျက်ဆံပြူးနှင့် ကြည့်ကာ လက်ညှိုးထိုးပြီး
"အစ်ကိုကြီး … အစ်ကိုကြီး ..ခင်ဗျား .. ခင်ဗျားလည်ပင်း.."
*လည်ပင်း*
အမာရွတ်နှင့်လူက သူ့လည်ပင်းကို အလျင်အမြန် ကိုင်ကြည့်လိုက်သည်။ ထိုစဉ် သွေးပျက်ဖွယ်ကောင်းသော အဖြစ်အပျက်တစ်ခု ဖြစ်ပေါ်လာပြီး ဘေးလူများ အသက်ရှူရပ်မတတ် ဖြစ်သွားကြလေ၏။
ထိုအဖြစ်အပျက်ကား အမာရွတ်နှင့်လူ၏ လည်ပင်းက သူ့ကိုယ်မှ တဖြည်းဖြည်း ပြတ်ကျလာခြင်းပင်။