သွေးကြွေးကို သွေးကြွေးနဲ့ပဲ ပြန်ဆပ်မယ်!
Vol. 10 Ch. 142
"ပါ့! ကျိုး!"
လူမမာပုံစံနှင့် လူငယ်လေး၏ ချွန်ထက်သော လက်သည်းများဖြင့် သူ့ညီအစ်ကိုများ အသတ်ခံလိုက်ရသည်ကို မြင်ပြီး ထိပ်ပြောင် အားဆန် ဒေါသထွက်လာသည်။
သူ့ညီအစ်ကိုများ တစ်ယောက်ပြီးတစ်ယောက် သွေးအန်ကာ သေဆုံးသွားကြသည်။ သူတို့၏ အသက်ကို သူ့အတွက်နှင့် သူတို့တာဝန်အတွက် စတေးခံသွားကြခြင်း ဖြစ်သည်။
သူတို့၏ အသက်ကို အားဆန်၏ အသက်နှင့် အလဲအလှယ် လုပ်နေကြခြင်းပင်။ ထို့ကြောင် အားဆန် ရူးမတတ် ဖြစ်လို့နေသည်။
"အားဆန် မြန်မြန်ပြေးတော့၊ ငါတို့ သခင်ကြီးကို လိုက်ရှာ"
အနက်ရောင် ဝတ်စုံနှင့် လူတစ်ယောက်က နှလုံးစားအဘိုးကြီး၏ ပေါင်ကို သူ့လက်မောင်းဖြင့် ဖမ်းဆုပ်ထားရင်း ခပ်အဲ့အဲ့အသံဖြင့် အော်ဟစ်လိုက်သည်။
ရွှစ်!
သူ့နှလုံးသား အဖောက်ခံလိုက်ရပြီးနောက် သူ ငြိမ်ကျသွားသည်။ သို့သော် သူက ဖမ်းဆုပ်ထားခြင်းကို ဖြေလျော့လိုက်ခြင်း မရှိ။
"သေစမ်း"
အလွန် သုန်မှုန်နေသော မျက်နှာထားနှင့် ထိုလူငယ်လေးသည် ဤကဲ့သို့ ပုရွတ်ဆိတ်လို လူများ၌ အနိုင်မခံ အရှုံးမပေးသော စိတ်ဓာတ်မျိုး ရှိနေလိမ့်မည်ဟု သူ မထင်ထားမိပါ။ သူတို့က သူတို့၏ အသက်ကို စတေး၍ သူ့အား တားဆီးနိုင်မည်ဟု ထင်နေကြသည်။
"ဒီလိုဆိုမှတော့ ငါက မင်းတို့ဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့"
လူမမာပုံစံနှင့် လူငယ်လေးသည် ဒေါသထွက်လွန်းသဖြင့် တစ်ကိုယ်လုံး အသား တဆတ်ဆတ် တုန်နေသည်။
ဘန်း! ဘန်း! ဘန်း!
သူက အားပြင်းသော ချီဓာတ်များကို ဆက်၍ ထုတ်ဖော်လိုက်သည်။ အနက်ရောင် ဝတ်စုံနှင့်သူများ အားလုံး လွင့်ထွက်သွားကြသည်။ သွေးအန်ကာ အကုန်လုံး တစ်စစီ ဖြစ်သွားကြ၏။
*သေကုန်ပြီ*
*သူတို့ အားလုံး သေကုန်ပြီ*
အားဆန် ပြာနှမ်းနေသော မျက်နှာနှင့် ဖင်ထိုင်ရက် လဲကျသွားသည်။ သေသွားသည့်သူ ကိုးယောက်လုံးသည် သူ၏ မိတ်ဆွေများ ဖြစ်သည်။
သူတို့အတူတူ လူတွေကို သတ်ဖြတ်၍ အတူတူ ဒဏ်ရာရခဲ့ကြသည်။ သူတို့ တစ်ချိန်တည်းမှာ အတူတူ မွေးခဲ့ခြင်း မဟုတ်သော်လည်း သူတို့က သေလျင်တော့ အတူတူ သေချင်စိတ် ရှိကြသည်။
သို့သော် သူတို့အားလုံး အလွန်ဆိုးရွားသော နည်းလမ်းများဖြင့် အားဆန်ထက် အရင် သေသွားခဲ့ကြလေပြီ။ ထို့ကြောင့် အားဆန် ရူးမတတ် ဒေါသထွက်လာသည်။
သူ့အသက်ကို ရင်း၍ ဤလူမမာပုံစံနှင့် လူငယ်လေးကို တိုက်ခိုက်ချင်သော်လည်း သူ့လက်ထဲမှ အထုပ်ကို ထိမိသည်နှင့် သူ့တွင် မပြီးပြတ်သေးသည့် တာဝန်ရှိသေးကြောင်း သတိရလိုက်သည်။
"ညီအစ်ကိုတို့ … ငါ့ကို စောင့်နေပါ၊ ငါတို့ သခင်ကြီးကို ငါ ရှာတွေ့တာနဲ့ မင်းတို့အတွက် ငါ လက်စားချေပေးပါ့မယ်"
သူ့မျက်လုံးမှာ မျက်ရည်များကို သုတ်ပြီး ထိပ်ပြောင်အားဆန် ရှေ့သို့ မြန်နိုင်သမျှ မြန်မြန် ထွက်ပြေးသွားသည်။
နာကျည်းစိတ်ကြောင့် သူ၏ အမြန်နှုန်းက ယခင်ကထက် ပို၍ မြန်နေသည်။
"ဟီးဟီး … မင်းလို ပုရွတ်ဆိတ်တစ်ကောင်က ဘယ်လောက် မြန်မြန် ပြေးပြေး သေမှာက သေမှာပါပဲကွာ"
လူမမာပုံစံနှင့် လူငယ်လေးက ကြောက်မက်ဖွယ် ကောင်းသော မျက်နှာထားဖြင့် ရေရွတ် လိုက်သည်။ သူ ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် ထိပ်ပြောင် အားဆန်နှင့် ဆယ်မီတာ လောက်သာ ကွာတော့သည်။
ထို့နောက် သူက မြေကြီးကို အားနှင့် ဆောင့်နင်းလိုက်ပြီးနောက် အားဆန်၏ အနောက်နား၌ ပြန်ပေါ်လာသည်။
ထို့နောက် သူက သူ၏ ရှုံ့တွနေသော လက်ကို ဆန့်ထုတ်လိုက်သည်။
ဝှစ်!
သူ၏ ချွန်ထက်နေသော လက်ချောင်းများကြောင့် အားဆန်၏ နောက်ကျောတွင် သွေးစီးကြောင်းများ ဖြစ်ပေါ်လာသည်။ နာကျင်မှုကြောင့် အားဆန် တုန်ယင်လာကာ ပို၍ အရှိန်မြှင့်ကာ ပြေးလိုက်သည်။
ထို့အတူ လူမမာပုံစံနှင့် လူငယ်လေးကလည်း အရှိန်မြှင့်၍ နောက်ကလိုက်လာသည်။
သူက အားဆန် အနောက်ကနေ တစ်လှမ်းပြီးတစ်လှမ်း လိုက်လာကာ အားဆန်၏ အရေပြားနှင့် အသားများကို နွှာလွှတ်နေသည်။
…
လူမမာပုံစံနှင့် လူငယ်လေးက အားဆန်ကို ညှင်းပန်းနှိပ်စက်လို့နေ၏။ တစ်ခဏ အတွင်းမှာပင် ထိပ်ပြောင်အားဆန်သည် သွေးများဖြင့် ပေကျံလို့လာ၏။
အလွန်ဆိုးရွားစွာ ညှင်းပန်းခြင်း ခံထားရသဖြင့် သူသည် ပုံပျက်ပန်းပျက် ဖြစ်နေသော မကောင်းဆိုးဝါးနှင့်တောင် ဆင်တူနေသည်။
ဘန်းခနဲ မြည်သံကျယ်ကြီးနှင့်အတူ အားဆန် လဲကျသွားသည်။ သူ ဆက်၍ မပြေးနိုင်တော့ပါ။ သွေးများ ဆုံးရှုံးထားရသဖြင့် သူ သတိလစ်မတတ် ဖြစ်နေသည်။
"ခင်ဗျား … ခင်ဗျားက ဘယ်လိုလူမျိုးလဲ?"
သူ့စကားကြောင့် လူမမာပုံစံနှင့် လူငယ်လေးက နှုတ်ခမ်းတွန့်ရုံ ပြုံး၍ ပြောလိုက်သည်။
"ဟီးဟီး … ငါက ဝိညာဉ်နှုတ်တဲ့သူလေ၊ မင်းတို့ သခင်ကြီးက ငါတို့ သခင်လေးကို သတ်လိုက်တော့ ငါတို့ရဲ့ သခင်မကြီးက မင်းတို့အားလုံးကို သတ်ပစ်ဖို့ ငါ့ကို အမိန့်ပေးလိုက်တာ"
*သခင်လေး*
*သခင်မကြီး*
ထိပ်ပြောင် အားဆန် တွေဝေသွားသည်။ ထို့နောက် သူ အချို့သောအရာများကို သတိရမိပြီး ကတုန်ကယ် ဖြစ်လာသည်။
"ခင်…ခင်ဗျားက ကျန်းနန်မြို့က လော့ကလန်ကလား?"
"ဟီးဟီး … မင်းသိသွားပြီပဲ၊ မှန်တယ်၊ ကုန်းယွင်ဖေးက ငါ့သခင်လေးပဲ၊ လော့ဟန်ရွှမ်းက ငါ့ရဲ့ သခင်မကြီးပဲ"
လူမမာပုံစံနှင့် လူငယ်လေးက သွေးဆာနေသော မျက်နှာထားဖြင့် ပြောလာသည်။ သူ့စကားကြောင့် ထိပ်ပြောင် အားဆန် ထိတ်လန့်ကာ တုန်ယင်လာလေသည်။
*လော့ဟန်ရွှမ်းက ကျန်းနန်မြို့က ကြောက်စရာ အကောင်းဆုံး မိန်းမတစ်ယောက်ပဲ*
*သူက ငါတို့ကို ပြန်လက်စားချေနေပြီပဲ*
ထိပ်ပြောင် အားဆန် ကတုန်ကယင် ဖြစ်လာသည်။ ထိုစဉ် လူမမာပုံစံနှင့် လူငယ်လေးက သူ၏ ရှုံ့တွနေသော လက်တစ်ဘက်ကို ဆန့်ကာ အားဆန်အား လည်ပင်းညှစ်၍ ဆွဲမလိုက်သည်။
"ဟီးဟီး … ဟေ့ကောင် မင်းက သိတာတွေ အရမ်းများနေပြီ၊ မင်း ငရဲကို သွားဖို့ အချိန်ကျပြီ"
"မင်းကို နှလုံးစား အဘိုးကြီးက ငရဲရောက်လည်း လာသတ်မယ်ဆိုတာကို သတိရလိုက်"
ထိုသို့ပြောပြီး လူမမာပုံစံနှင့် လူငယ်လေးက အားရပါးရ ပြုံးကာ သူ၏ ချွန်ထက်နေသော လက်သည်းများကို အားဆန်၏ ရင်ဘတ်သို့ ဦးတည်လိုက်သည်။
ထိပ်ပြောင်အားဆန် အလွန် စိတ်ဓာတ်ကျလာသည်။
*ငါသေတော့မှာပါလား*
အနက်ရောင် ဝတ်စုံနှင့် လူငယ်တစ်ယောက်က သူ့စိတ်ထဲ ဆက်တိုက်ဆိုသလို ဝင်ရောက်လာသည်။ ထိုလူငယ်လေးနောက် သူ လိုက်ကာ လက်ခြောက်ချောင်းမြွေနှင့် ကုန်းဝူတို့ကို သူ သတ်ခဲ့သည်။
ထိုလူငယ်လေးနောက် သူ လိုက်၍ ကျန်းရှီမြို့၏ အဓိကကလန်များနှင့် အခြားသော မြေအောက်ဂိုဏ်းတိုင်းကို လက်ဝါးကြီးအုပ်လာနိုင်ခဲ့သည်။
သူက နတ်ဆိုးတစ်ကောင် ဖြစ်သလို နတ်ဘုရားတစ်ပါးလည်း ဖြစ်ပေသည်။
"သခင်ကြီး … အားဆန် အသုံးမကျခဲ့ဘူး၊ ကျွန်တော် သခင့်နောက်လိုက်ပြီး ကမ္ဘာကြီးကို ထပ်ပြီး မစိုးမိုးနိုင်တော့ပါဘူး"
သူ့မျက်နှာပေါ်တွင် ပူနွေးသော မျက်ရည်တစ်စက် ကျဆင်းလာပြီးနောက် မျက်လုံးကို မှိတ်ကာ သေခြင်းတရားကို စောင့်မျှော်နေလိုက်သည်။
ဖွီ!
ဗလုံးဗထွေးအသံနှင့်အတူ သွေးစက်များးက အားဆန်မျက်နှာကို လာစင်သည်။ ထိပ်ပြောင်အားဆန် တွေဝေသွားသည်။ သူ့နှလုံးသားထံမှ မည်သည့်နာကျင်မှုမှ မခံစားရ။
…
ထိပ်ပြောင်အားဆန် မျက်လုံး ဖွင့်ကြည့်လိုက် သောအခါ လုံးဝကို နားဝေတိမ်တောင် ဖြစ်သွားရသည်။
နှလုံးစား အဘိုးကြီး၏ ချွန်ထက်နေသော လက်သည်းသည် သူ့နှလုံးသားနှင့် သုံးစင်တီမီတာလောက်သာ ကွာတော့သည်။
သို့သော် ဤအကွာအဝေးသည် အလွန် ဝေးကွာသော အကွာအဝေးသဖွယ် ဖြစ်နေသည်။ ထို့ပြင် သူ၏ ရှုံ့တွနေသော လက်ဖဝါးများ သွေးတစက်စက် ကျနေသည်။
အားဆန်၏ နားဝေတိမ်တောင် ဖြစ်နေသော အကြည့်အောက်မှာပင် နှလုံးစား အဘိုးကြီး၏ လက်ဖဝါးက အောက်သို့ လျှောကျသွားသည်။
…
*မဖြစ်နိုင်ဘူး*
နှလုံးစား အဘိုးကြီး မျက်လုံးပြူး မျက်ဆန်ပြူး ဖြစ်သွားသည်။ မကြာခင်မှာပင် သူ၏ စုတ်ပြတ်သွားသော လက်ကောက်ဝတ်မှ နာကျင်မှုက တစ်ကိုယ်လုံးသို့ ပျံ့နှံ့လာသည်။
"ဘယ်သူလဲ?"
နှလုံးစားအဘိုးကြီးသည် အားဆန်ကို ပစ်ချ၍ သူ့နောက်မှ ပုံရိပ်တစ်ခုကို လှမ်းကြည့် လိုက်သည်။
သူ၏ ချွန်ထက်နေသော လက်သည်းကို တစ်စုံတစ်ယောက်က တစ်ချက်တည်းနှင့် ပိုင်းဖြတ်နိုင်လိမ့်မည်ဟု သူ မမျှော်လင့်ထားမိပါ။
ထိုစဉ် အနက်ရောင်ဝတ်စုံနှင့်လူငယ်တစ်ယောက် မလှမ်းမကမ်းတွင် ရပ်နေသည်ကို သူ တွေ့လိုက်ရသည်။
ထိုလူငယ်လေးသည် ငရဲဝမှ တန်း၍ ထွက်ပေါ်လာပုံရပြီး ဓားကျိုးတစ်ချောင်းကို ကိုင်ဆွဲထားသည်။
ထိုဓားထိပ်တွင် သွေးများက တတောက်တောက် ကျနေသေးသည်။
"သခင်ကြီး"
ထိုလူငယ်လေးကို မြင်သည်နှင့် ထိပ်ပြောင် အားဆန် အားတက်ကာ မျက်ရည်များ ကျဆင်းလာသည်။
အစောပိုင်းလေးတင် သူ့ကိုယ်သူ သေတော့မည်ဟု သူ ထင်လိုက်မိသည်။ မထင်မှတ်ထားဘဲ ယဲ့ဖန်က အချိန်မှီ ရောက်လို့လာခဲ့သည်။
ဆိုးဆိုးဝါးဝါး ထိခိုက်ထားသော ထိပ်ပြောင်အားဆန်နှင့် လမ်းပေါ်မှ အလောင်းများကို မြင်ပြီး ယဲ့ဖန်သည် ရက်စက်သော ချီဓာတ်များကို ထုတ်လွှတ်ရင်း ပြောလိုက်သည်။
"သွေးကြွေးကို သွေးကြွေးနဲ့ပဲ ပြန်ဆပ်မယ်၊ ခင်ဗျား သေကို သေရမယ်"
သူ၏ ရိုးစင်းလှသော စကားများကြောင့် နှလုံးစား အဘိုးကြီး ချက်ချင်းဆိုသလို အေးစက်လာသည်။
မျက်လုံးအပြူးသားနှင့် သူက ယဲ့ဖန်ကို စိုက်ကြည့်ကာ မေးလိုက်သည်။
"သခင်ကြီး? မင်းက ယဲ့ဖန်လား?"
"မဖြစ်နိုင်ဘူး! ဒါ လုံးဝ မဖြစ်နိုင်ဘူး!"
နှလုံးစား အဘိုးကြီးက မယုံသင်္ကာ အကြည့်များဖြင့် ပြောလာသည်။
"မင်းရဲ့ အတွင်းအားအရဆို မင်းက ထိပ်တန်းအဆင့် စွမ်းအားပဲ ရှိသေးတယ်၊ ဘယ်လိုလုပ် မင်းက လက်ခြောက်ချောင်းမြွေကို သတ်ပြီး၊ လူအိုကြီးရဲ့ လက်မောင်းကို ချိုးလိုက်တဲ့အပြင် ငါ့ရဲ့ လက်ကိုပါ ဖြတ်နိုင်ရတာလဲ?"
ယဲ့ဖန်ကို ကြယ်နှစ်လုံးအဆင့် သို့မဟုတ် ကြယ်သုံးလုံးအဆင့် စွမ်းအားပိုင်ရှင်ဟု သူ အမြဲထင်ထားမိသည်။ သို့သော် ယဲ့ဖန်က ထိပ်တန်းအဆင့် စွမ်းအားပိုင်ရှင်သာ ဖြစ်နေလိမ့်မည်ဟု သူ ထင်မထားခဲ့မိပါ။
*ကြယ်သုံးလုံးအဆင့် စွမ်းအားပိုင်ရှင် ဖြစ်တဲ့ ငါတောင်မှ၊ သူ အားနည်းနည်လေး သုံးထားတောင် ငါ့လက်က ပြတ်သွားသေးတယ်၊ မယုံနိုင်စရာပဲ*
ယဲ့ဖန်က သူမေးတာကို မဖြေဘဲ နှလုံးစားအဘိုးကြီးထံသို့ ဖြည်းဖြည်းချင်း လျှောက်လာသည်။ ခြေတစ်လှမ်းလှမ်းလိုက်တိုင်း သူ့မျက်လုံးများက ပို၍ စူးရှ ကြမ်းတမ်းလာသည်။
"မင်းက နှလုံးစားရတာကို ကြိုက်တာလား? ဒါဆို ကိုယ့်နှလုံးကိုယ် စားကြည့်ပါလား?"