သူ လာနေပြီ!
Vol. 10 Ch. 145
*ဒါ… ဒါ နှလုံးစားအဘိုးကြီးလား*
မြေကြီးပေါ်မှ ပုံပျက်ပန်းပျက် ဖြစ်နေသော အဘိုးကြီးကို ကြည့်ပြီး ဝေ့ကလန်၏ အင်အားကြီးသူများ နားဝေတိမ်တောင် ဖြစ်သွားကြသည်။
သူ၏ ခြေလက်များက အကြီးအကျယ် ထိခိုက်ပျက်စီးနေသည်။ ထို့ပြင် သူ့ဘယ်ဘက်ရင်အုံတွင်လည်း အပေါက်ကြီးတစ်ပေါက် ရှိနေပြီး သူ့နှလုံးက ဆွဲထုတ်ခံထားရသည်။
သူ၏ တင်းမာသော မျက်နှာက အေးခဲလို့နေသည်။ သူ့ပါးစပ်ထဲတွင်လည်း သွေးစသွေးနများနှင့် နှလုံး၏ အစိတ်အပိုင်းအချို့ ကပ်ညိနေသည်။
"သူ သေသွားပြီ၊ နှလုံးစား အဘိုးကြီး သေသွားပြီ၊ ဒါ … လုံးဝ မဖြစ်နိုင်ဘူး"
ဝေ့ကလန်သားများအားလုံး ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။
*နှလုံးစား အဘိုးကြီးက ကြယ်သုံးလုံးအဆင့် စွမ်းအားပိုင်ရှင် မကောင်းဆိုးဝါးလေ၊ ဘယ်သူက သူ့ကို သတ်နိုင်တာလဲ*
*သူ့ကို သတ်လိုက်တဲ့သူက ဘယ်သူဖြစ်ဖြစ် အဲ့လူက ရက်ရက်စက်စက် နည်းကို သုံးသွားတာပဲ*
*သူ့ကို ကျန်းရှီမြို့က အဲ့ပုရွတ်ဆိတ်လိုကောင်တွေ သတ်လိုက်တာလား*
ဝေ့ကျန့်သည်လည်း အလွန်အမင်း ထိတ်လန့်နေသည်။ ထို့နောက် သူက ခေါင်းခါ၍ အတွေးတွေကို မောင်းထုတ်ပစ်လိုက်သည်။
ကျန်းရှီမြို့မှ အဖွဲ့သည် လွန်စွာအားနည်းလှသည်ဟု သူ ထင်မိသည်။ သူတို့ကို နှလုံးစား အဘိုးကြီးက လက်တစ်ဘက်တည်းဖြင့်တောင် သတ်လို့ရသည်။
ဝေ့ကလန်သားများအားလုံး မှင်တက်နေကြသည်။
"ဟိုကို ကြည့်ပါဦး၊ ဘာကြီးလဲမသိဘူး?"
ထိုစဉ် အနက်ရောင် ကဒ်များက ကောင်းကင်မှ အနက်ရောင် ဆီးနှင်းပွင့်များလို ကျဆင်းလာသည်။
ဝေ့ကလန်သားတိုင်းက တစ်ယောက် တစ်ကဒ်ဆီ ကောက်ယူလိုက်သည်။ ထိုကဒ်ပေါ်တွင် ကြောက်မက်ဖွယ် စကားလုံး ခြောက်လုံးကို သွေးဖြင့် ရေးသားလို့ထားသည်။
"ကလန်တစ်ခုလုံး ဒီည သုတ်သင်ခံရမယ်"
…
အိမ်တော်တစ်ခုလုံး ချက်ချင်း ဆူညံပွက်လောရိုက်သွားသည်။
*ကလန်တစ်ခုလုံး သုတ်သင်ခံရမယ်*
*တစ်ယောက် … တစ်ယောက်ယောက်က ဝေ့ကလန်ကို ဒီည လာအမြစ်ဖြုတ် သုတ်သင် လာတော့မှာပဲ*
ဤစာကို အလောင်းကို ရှာမတွေ့ခင်က တွေ့ခဲ့မည်ဆိုပါက သူတို့ တစ်လုံးတစ်လေမှကို ယုံကြည်မည်မဟုတ်ပါ။
သို့သော် နှလုံးစားအဘိုးကြီး၏ သေဆုံးမှုက သူတို့အားလုံးကို သတိရှိကြဖို့ အသိပေးလို့နေသည်။
"သေစမ်း … ဘယ်စောက်ကောင် လုပ်တာလဲ"
ဝေ့ကျန့်၏ မျက်နှာက အလွန်အမင်း သုန်မှုန်လို့နေ၏။ နှလုံးစား အဘိုးကြီး၏ ဝမ်းနည်းနေသော မျက်နှာကြောင့် သူ့တစ်ကိုယ်လုံး ကြက်သီးမွေးညင်း ထလာသည်။
"ဝေ့ကလန်သားတိုင်း ငါ့အမိန့်ကို နာခံကြစမ်း"
ထိုစဉ် ဝေ့ကျန့်က ဝေ့ကလန်သားတိုင်းကို ကျယ်လောင်စွာ အမိန့်ပေးလိုက်သည်။
"မင်းတို့အားလုံး ငါနဲ့အတူ ထူကလန်ကို လိုက်ခဲ့၊ ငါတို့ ဒီညကို ထူကလန်နဲ့အတူ ကျော်လွန်ကြမယ်၊ တစ်ယောက်မှ မကျန်ခဲ့စေနဲ့"
စစ်ခုန်အိမ်တော်နှင့် ရှန့်အိမ်တော်တို့တွင်လည်း တူညီသော အဖြစ်အပျက်များ ဖြစ်ပျက်လျက် ရှိသည်။
နှလုံးစားအဘိုးကြီး၏ သေဆုံးမှုက အဓိကကလန်သုံးခု၏ အာရုံကို ဖမ်းစားသွားသည်။ သူတို့အားလုံး ထူအိမ်တော်တွင် စုစည်းလိုက်ကြသည်။
…
ညအချိန်သို့ ကျရောက်လာလေပြီ။
စားသောက်ဆိုင်တစ်ဆိုင်တွင် ဆိုင်ရှင်က သူ၏ ဧည့်သည်များကို ပျော်ရွှင်စွာ ဧည့်ခံလို့နေသည်။ သူ၏ တည်ကြည် ခိုင်မာသော မျက်နှာထားအရ ဆိုင်ရှင်သည် အသက် သုံးဆယ်ကျော်လောက်သာ ရှိဦးမည်။
စားပွဲခုံတစ်လုံးကို သန့်ရှင်းရေး လုပ်နေစဉ် သူသည် အနက်ရောင်ကဒ်တစ်ကဒ်ကို သတိပြုမိသွားသည်။
သူ ကြောက်လန့်တကြား ခေါင်းငုံ့လိုက်သည်။ ထိုကဒ်ကို ကောက်ပြီးနောက် သူ့အခန်းထဲသို့ ဝင်သွားသည်။
သူ ထွက်လာသည်နှင့် ဆိုင်၏ နောက်ဖေးလမ်းကြားထဲသို့ ရောက်ရှိနေပြီး အနက်ရောင် ဝတ်စုံနှင့် မျက်နှာဖုံးတို့ကို တပ်ဆင်ပြီးသား ဖြစ်လို့နေသည်။
သူက ဘေးပတ်ဝန်းကျင်သို့ အေးစက် ကြမ်းကြုတ်သော ချီဓာတ်များကို ထုတ်လွှတ်လိုက်သည်။
ထိုအချိန်တွင် လမ်းဘေး စားသောက်ဆိုင် ပိုင်ရှင်တစ်ယောက် ဆိုင်ထဲမှ ထွက်လာသည်ထက် ငရဲမှ သေမင်းနတ်ဘုရား ထွက်ပေါ်လာသည်နှင့် ပို၍ ဆင်တူ နေသည်။
ညအချိန်၏ မိုးကောင်းကင်ကို မော့ကြည့်ရင်း သက်လတ်ပိုင်းအရွယ် လူကြီးက တင်းမာသော မျက်နှာထားဖြင့် တီးတိုးရေရွတ်လိုက်သည်။
"သွေးသိမ်းငှက်သခင် ညအဖွဲ့ကို ပြန်လာပါပြီ"
ထို့နောက် သူသည် မှောင်ရိပ်ထဲသို့ လှစ်ခနဲ ဝင်ရောက်ပျောက်ကွယ်သွားသည်။ ယခုမှ ပွဲက စတင်လေပြီ။
…
ခံတပ်ပိုက်ကွန်ဘားအတွင်း၌!
ကွန်ရက်အုပ်ချုပ်ရေးမှူက သူ့ကွန်ပျူတာထံသို့ လျှောက်လာနေပြီး ဧည့်သည် ချန်ထားခဲ့သည့် ယမကာ ပုလင်းလွတ်ကို ရှင်းလင်းလို့နေသည်။
ထိုစဉ် သူသည် စားပွဲပေါ်မှ အနက်ရောင် ကဒ်တစ်ကဒ်ကို သတိထားမိသွားသည်။ ကွန်ရက် အုပ်ချုပ်ရေးမှူး တစ်ခဏမျှ မှင်တက်သွားသည်။ ထို့နောက် သူက ထိုကဒ်ကို အိတ်ကပ်ထဲသို့ ကောက်ထည့်လိုက်သည်။
"ကျုပ် ခဏလောက် အပြင်ထွက်ဖို့ လိုအပ်တယ်"
ကွန်ရက်အုပ်ချုပ်ရေးမှူးက သူ့သူဌေးအား သူ့ကသာ ဤဘား၏ တကယ့် သူဌေးအစစ်သဖွယ် ခပ်တည်တည်ဖြင့် ပြောလိုက်သည်။
ထိုဘားမှ ထွက်လာပြီးနောက် ကွန်ရက် အုပ်ချုပ်ရေးမှူးက မှောင်ရိပ်ကျနေသော ထောင့်တစ်ထောင့်ထဲသို့ ဝင်ရောက်သွားသည်။
သူ မှောင်ရိပ်ထဲမှ ပြန်ထွက်လာသည့်အချိန်တွင် လုံးဝ အဝတ်အစားက ပြောင်းလို့နေ၏။ သူသည် အနက်ရောင်ဝတ်စုံနှင့် မျက်နှာဖုံးတို့ကို တပ်ဆင်လို့ထားသည်။
ငရဲမှ စစ်နတ်ဘုရားကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ချီဓာတ်ကို ထုတ်လွှင့် လို့နေသည်။
"ကျားငါးမန်းသခင် ညအဖွဲ့ကို ပြန်လာပါပြီ"
ထို့နောက် သူက အမှောင်ထုထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။
ကျန်းပေမြို့ တောင်ဘက်ရှိ မိုးပျံတံတား တစ်စင်းပေါ်တွင် အလွန် ညစ်ပတ် ပေရေနေသော သူတောင်းစား တစ်ယောက်က ကြက်ပေါင်တစ်ချောင်းကို ကိုက်ဝါးနေသည်။ မျက်နှာတစ်ဝိုက်တွင် ဆီများ ပေရေနေပြီး ဖြတ်သွားဖြတ်လာများ၏ ရွံရှာသော အကြည့်များကို မသိချင်ယောင်ဆောင်လို့ထား၏။
သူ့ဘေးတွင် ခွက်ပဲ့တစ်ခုကို ချထားပြီး အကြွေများဖြင့် ပြည့်နှက်နေသည်။ သို့သော် အနက်ရောင်ဝတ်စုံနှင့် လူတစ်ယောက် ဖြတ်လာပြီး ခွက်ပဲ့ထဲသို့ အနက်ရောင် ကဒ်တစ်ကဒ်ကို ပစ်ထည့်သွားသည်။
*ဟမ်*
ထိုကဒ်ကို ကြည့်ပြီး သူတောင်းစားသည် တွေဝေနေပြီးမှ စိတ်လှုပ်ရှားမှုကြောင့် မျက်လုံးများ ဝင်းပလာသည်။
"နောက်ဆုံးတော့ ငါ့သခင်နဲ့ ငါ ဆုံခွင့်ရပြီပဲ"
သူတောင်းစားက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ ထို့နောက် သူသည် ထိုကဒ်ကို ကိုင်၍ မိုးပျံတံတားပေါ်မှ ခုန်ဆင်းသွားသည်။
ထိုသူတောင်းစားကို မြင်လိုက်သည့် ဖြတ်သွားဖြတ်လာလူများက ပြိုင်တူအော်ဟစ် လိုက်မိကြသည်။ သူတောင်းစားက သူ့ကိုယ်သူ သတ်သေမည်ဟု သူတို့ ထင်မထားခဲ့မိပါ။
ထို့ကြောင့် သူတို့ တံတားလက်ရန်းနားသို့ အသည်းအသန် ပြေးလာပြီး အောက်သို့ ငုံ့ကြည့်လိုက်ကြသည်။ သို့သော် သူတို့ သူတောင်းစား၏ အလောင်းကို ရှာလို့မတွေ့ကြ။
သူ ခုန်ချသွားသည်နှင့် ပျောက်ကွယ်သွားသလိုပင်။ တံတား၏ အခြားတစ်ဘက်စွန်းတွင် အနက်ရောင်ဝတ်စုံနှင့် ထူးခြားသော လူတစ်ယောက် အေးအေးဆေးဆေး လမ်းလျှောက်လို့ သွားနေသည်ကို မည်သူမှ သတိမထားမိလိုက်ကြချေ။
ငရဲမှ နိုးထလာသော ဘုရင်တစ်ပါးကဲ့သို့ ထိုသူက ထိတ်လန့်ဖွယ်ကောင်းသော ချီဓာတ်ကို ထုတ်လွှတ်လို့နေသည်။
"အဆိပ်ပြင်း နဂါးသခင်က ညအဖွဲ့ကို ပြန်လာနေပါပြီ"
တူညီသော အဖြစ်အပျက်များ ကျန်းပေမြို့တစ်ဝိုက်တွင် ဖြစ်ပျက်လို့နေ၏။
လမ်းဘေးသူတောင်းစားများ၊ ကွန်ရက်အုပ်ချုပ်ရေးမှူးများ၊ ရုံးဝန်ထမ်းများ၊ ဇိမ်ခံကားကြီးများထဲမှ သူဌေးများ၊ သူတို့အားလုံး အနက်ရောင် ကဒ်တစ်ကဒ်ကို မြင်လိုက်သည်နှင့် သူတို့၌ ထင်ရှားသော အမှတ်အသားတစ်ခုသာ ရှိလာသည်။
ဤသည်ကား ညအဖွဲ့သားဟူသော အမှတ်အသားပင်။
…
ကျန်းပေမြို့၏ အနာဂတ်သည် အတော်လေး ပရမ်းပတာ ဖြစ်လို့နေတော့သည်။
ကျန်းပေမြို့၏ ပထမတန်းစား ကလန်ဖြစ်သည့် ထူကလန်တွင် ကြယ်သုံးလုံးအဆင့် စွမ်းအားပိုင်ရှင် ကာကွယ်စောင့်ရှောက်သူ တစ်ယောက်၊ ကြယ်နှစ်လုံး အဆင့် စွမ်းအားပိုင်ရှင် နှစ်ယောက်၊ ကြယ်တစ်လုံးအဆင့် စွမ်းအားပိုင်ရှင် ဆယ်ယောက်နှင့် ထိပ်ထန်းအဆင့် စွမ်းအားပိုင်ရှင်များ များစွာရှိသည်။
နောက်ထပ် ကြယ်သုံးလုံးအဆင့် စွမ်းအားပိုင်ရှင်တစ်ယောက် ဖြစ်သည့် အသွင်မဲ့ အဘိုးကြီးသည် မကြာသေးမီကမှ ထူကလန်သို့ လာရောက် ပူးပေါင်းခြင်း ဖြစ်သည်။
ညအချိန်သို့ ရောက်လာသော အခါတွင် ထူအိမ်တော်တွင် မီးထိန်ထိန်လင်း၍ လှုပ်ရှား သွားလာနေကြသည်။
ရှန့်ကလန်၊ ဝေ့ကလန်နှင့် စစ်ခုန်ကလန်က သူများအားလုံး ရောက်လို့နေကြသည်။ ထို့ကြောင့် ထူအိမ်တော်တွင် ကြောက်မက်ဖွယ် ကောင်းသော သူများနှင့် ပြည့်နှက်လို့နေသည်။
ကောင်းကင်ကံကြမ္မာ အဘိုးကြီး၊ မြေဝိညာဉ် အဘိုးကြီး၊ လော့ကလန်မှ အသွင်မဲ့ အဘိုးကြီး၊ ရှန့်ကလန်နှင့် ထူကလန်တို့၏ ကာကွယ်စောင့်ရှောက်သူ နှစ်ယောက်၊ ကြယ်သုံးလုံးအဆင့် စွမ်းအားပိုင်ရှင် ငါးယောက်လို့ ရောက်ရှိနေကြသည်။
ထို့ပြင် ကြယ်နှစ်လုံးအဆင့် စွမ်းအားပိုင်ရှင် ဆယ်ယောက်၊ ကြယ်တစ်လုံးအဆင့် စွမ်းအားပိုင်ရှင် သုံးဆယ့်ခြောက်ယောက်နှင့် အခြား ထိပ်တန်းအဆင့် စွမ်းအားပိုင်ရှင် များစွာပါ ခြံဝန်းအတွင်း ရှိနေကြသည်။
မည်မျှ ကြောက်ဖို့ကောင်းလိုက်သည့် အင်အားပါလိမ့်။ သူတို့၏ ကြီးမားသော စုပေါင်း အင်အားကြီးက ကျန်းပေ စီရင်စုတစ်ခုလုံးကိုတောင် မြှေလှန်ပစ်လိုက်လို့ရသည်။
ခန်းမထဲတွင် နှလုံးစား အဘိုးကြီး၏ အလောင်းကို ကြည့်ပြီး ကောင်းကင်ကံကြမ္မာ အဘိုးကြီး၊ မြေဝိညာဉ် အဘိုးကြီးနှင့် အသွင်မဲ့ အဘိုးကြီးတို့၏ အကြည့်များက အလွန် ရက်စက်လာကြသည်။
"ဘယ်လောက်တောင် ရက်စက်လိုက်တဲ့ နည်းလမ်းလဲ၊ အဲ့ခွေးမသားလေး သေကို သေရမယ်"
ကောင်းကင်ကံကြမ္မာ အဘိုးကြီးသည် အလွန်ခက်ထန်သော မျက်နှာနှင့် ယဲ့ဖန်၏ အရွတ်တွေကို ဆွဲထုတ်ပြီး သူ့အရိုးတွေကို ချိုးပစ်ရန် မစောင့်နိုင်တော့သည့်ပုံပင်။
မြေဝိညာဉ် အဘိုးကြီးသည်လည်း အခန်းကို ဝေ့ကြည့်ကာ ပြောလိုက်သည်။
"ကျုပ်တို့ သတင်းအသစ် ရထားတယ်၊ အဲ့ခွေးမသားလေးက ကျန်းပေမြို့ကို ရောက်နေပြီးတော့ နှလုံးစားအဘိုးကြီးကို သတ်သွားတယ်ဆိုတာပဲ"
မြေဝိညာဉ် အဘိုးကြီးက ကြမ်းကြုတ်သော ချီဓာတ်တို့နှင့် ထပ်ပြောလိုက်သည်။
"အခု သူက ကလန်လေးခုလုံးကို သုတ်သင်ပစ်မယ်လို့ ကြေညာထားပြီးတော့ သူက ကျုပ်တို့နဲ့ ရက်စက်တဲ့ စစ်ပွဲကို စတင်မှာ သေချာပေါက်ပဲ။ သူ အဲ့လို ကြိုးစားကြည့်ရဲတာနဲ့ သူ့ကို ကျုပ်တို့ သတ်ပစ်မယ်လို့ ကတိပေးတယ်"
အခြားသူများကလည်း မြေဝိညာဉ် အဘိုးကြီး၏ စကားအား သူတို့၏ ချီဓာတ်များကို ထုတ်ဖော်၍ တုံ့ပြန်လိုက်ကြသည်။
ထိုစဉ် တိတ်တိတ်နေတတ်သည်ဟု လူသိများသော အသွင်မဲ့အဘိုးကြီးက ရုတ်တရက် မျက်လုံးပွင့်လာကာ အခြားသူများကို လှောင်ရယ်၍ သတိပေးလိုက်သည်။
"သူ လာနေပြီ"