← Chapters

ဝင်္ကပါတိုက်ကွက်ရဲ့နာမည်က သွေးစွန်းသတ်ကွင်းလို့ ခေါ်တယ်!

Vol. 10 Ch. 146

ဝင်္ကပါတိုက်ကွက်ရဲ့နာမည်က သွေးစွန်းသတ်ကွင်းလို့ ခေါ်တယ်!

Vol. 10 Ch. 146

*သူ လာနေပြီ*

အသွင်မဲ့ အဘိုးကြီး၏ စကားအဆုံးတွင် အဓိကကလန်ကြီး လေးခုလုံး၏ အင်အားကြီးသူများက အပြင်သို့ လှမ်းကြည့်လိုက်ကြသည်။

ကျယ်လောင်သော       ခြေသံများနှင့်အတူ အဓိကကလန်ကြီး လေးခုလုံး၏ အင်အားကြီးသူများက မဖိတ်ခေါ်ထားသည့် ဧည့်သည်ကို ဧည့်ခံရန် အပြင်သို့ ထွက်လာကြသည်။

အနက်ရောင်ဝတ်စုံနှင့် လူငယ်လေး တစ်ယောက်က ထူအိမ်တော်ဆီသို့ အေးအေးလူလူဖြင့် လမ်းလျှောက်လာသည်။ သူ့နောက်တွင် အနက်ရောင်ဝတ်စုံနှင့် လူများ လိုက်ပါလာကြသည်။

အားလုံးက အနက်ရောင်ဝတ်စုံနှင့် မျက်နှာဖုံးများကို ဝတ်ဆင် ထားကြပြီး စုစုပေါင်း လူလေးဆယ်ခန့် ပါသည်။

သူတို့တစ်ကိုယ်လုံးတွင် လှစ်ဟထားသည့်နေရာဟူ၍ မျက်လုံး နေရာသာ ရှိသည်။ ထိုမျက်လုံးများကလည်း အသည်း အေးမတတ် အေးစိမ့်လှ၏။

ကြောက်မက်ဖွယ်ကောင်းသော ချီဓာတ်များနှင့်အတူ သူတို့ အားလုံးသည် ငရဲမှ နိုးထလာသော နတ်ဆိုးစစ်တပ်ကြီးနှင့် ဆင်တူ လှပေသည်။

"ညအဖွဲ့"

သူတို့၏ ဝတ်စုံများကို မြင်သည်နှင့် အဓိက ကလန်ကြီး လေးခုလုံး၏ အင်အားကြီးသူများရဲ့ မျက်နှာက အလွန်သုန်မှုန် လာသည်။ ထူးဆန်းသော အဖွဲ့အစည်းနှင့် ဆုံတွေ့ရလိမ့်မည်ဟု သူတို့ မမျှော်မှန်းထားမိပါ။

"သွားသေလိုက်တော့"

ထိုစဉ် ခြံဝန်းအတွင်းရှိ ကြယ်တစ်လုံးအဆင့် စွမ်းအားပိုင်ရှင် တစ်ယောက်က ရှေ့သို့ ပြေးတက် သွားသည်။

ယဲ့ဖန် ဖြတ်သွားသည်ကို မြင်သည်နှင့် သူက ဒေါသတကြီးနှင့် ယဲ့ဖန်၏ လည်ပင်းကို ဓားနှင့် ပိုင်းလိုက်သည်။

"သေပေတော့"

လေတိုးသံနှင့်အတူ သူက လှစ်ခနဲ လှုပ်ရှားလိုက်သည်။ သို့သော် ယဲ့ဖန်က သူ၏ အလစ်ဝင်တိုက်ခိုက်မှုကို လျစ်လျူရှုကာ ဆက်၍ ရှေ့ဆက်လျှောက်လာသည်။

သူ ဆက်၍ လျှောက်လာသည်ကို မြင်ပြီး ထို ကြယ်တစ်လုံးအဆင့် စွမ်းအားပိုင်ရှင်က ပို၍ အားတက်လာကာ သူ၏ ဓားကလည်း ပို၍ ကြမ်းတမ်းလာသည်။

သူ့ဓားက ယဲ့ဖန်၏ လည်ပင်းနှင့် သုံးစင်တီမီတာခန့် ကွာဝေးတော့သည့်အချိန်တွင် အေးစက်စက် အလင်းတန်းတစ်ခု ဖြတ်ခနဲ ပေါ်ပေါက်လာသည်။

ထို့နောက် ထို ကြယ်တစ်လုံးအဆင့် စွမ်းအားပိုင်ရှင် ရုတ်တရက် တောင့်ခနဲ ဖြစ်သွားသည်။

သူ ဖြည်းဖြည်းချင်း နောက်လှည့်ကာ ယဲ့ဖန်၏ အနောက်နားတွင် ရှိနေသည့် အနက်ရောင်ဝတ်စုံနှင့် လူကို မယုံနိုင်သည့်ဟန်ဖြင့် ကြည့်လိုက်မိသည်။

ထိုစဉ် သူ့နဖူးမှ သွေးစွန်းနေသော လိုင်းတစ်ခု ပေါ်ပေါက်လာပြီး သူ့ခန္ဓာကိုယ် နှစ်ခြမ်းကွဲသွားလေသည်။

သူ သေသွားသည့်အချိန်ထိ သူ့ကို တိုက်ခိုက်လိုက်သည့်သူကို မမြင်လိုက်ရ။

…

ခြံဝန်းအတွင်းရှိ အဓိကကလန်ကြီးလေးခုလုံးမှ လူများအားလုံး မှင်တက်သွားကြသည်။

မြန်တယ်! တိကျတယ်! ရက်စက်တယ်!

သူတို့အားလုံး အနက်ရောင်ဝတ်စုံနှင့်လူကို ကြောက်လန့်တကြား ကြည့်နေမိကြသည်။

ကြယ်တစ်လုံးအဆင့် စွမ်းအားပိုင်ရှင် တစ်ယောက်က ကိုယ်နှစ်ခြမ်းကွဲ၍ လွယ်ကူစွာ သေဆုံးသွား လိမ့်မည်ဟု သူတို့ ထင်မထားမိပါ။

သို့သော် ထိုအနက်ရောင်ဝတ်စုံနှင့်လူက အခြားသူများ၏ အမူအရာများကို လျစ်လျူရှုကာ ရှေ့သို့ ဆက်လျှောက်လာသည်။

သူ့ဓားကို ပြန်သိမ်းပြီး သူက ယဲ့ဖန်နောက်သို့ ငြိမ်သက်၍ ဘာမှမဖြစ်ခဲ့သလို ဆက်လိုက်လာသည်။

ထို့နောက် ယဲ့ဖန်နှင့် အခြားသော ညအဖွဲ့ဝင်များ အားလုံး ခြံဝန်းအလယ်သို့ ရောက်ရှိလာချိန်တွင် အဓိကကလန်လေးခုလုံး၏ အင်အားကြီးသူများအားလုံးလည်း ခန်းမထဲမှ ထွက်လာပြီးဖြစ်သည်။

"ဟီးဟီး… အဲ့ခွေးမသားလေး တကယ်လာမယ်လို့ ငါ ထင်မထားခဲ့မိဘူး"

ကောင်းကင်ကံကြမ္မာအဘိုးကြီးက ထိုသို့ရေရွတ်ရင်း ယဲ့ဖန်အား စိုက်ကြည့်ကာ လှောင်ရယ်လိုက်သည်။

"ယဲ့ဖန် ကြည့်ရတာ မင်းက ညအဖွဲ့သား ဖြစ်ပုံရတယ်၊ မင်း နှလုံးစားအဘိုးကြီးကို သတ်နိုင်တယ်ဆိုတာကို မအံ့ဩတော့ပါဘူး"

"ဒါပေမယ့် အဲ့လိုလုပ်နိုင်တော့ကော ဘာထူးမှာမို့လို့လဲ"

ကောင်းကင်ကံကြမ္မာ အဘိုးကြီးက ခြံဝန်းအတွင်းရှိ အင်အားကြီးသူတိုင်းကို လက်ညှိုးထိုးပြ၍ လှောင်လိုက်သည်။

"မင်း ဘေးပတ်ပတ်လည်ကို ကြည့်လိုက်စမ်း၊ ငါတို့မှာ ကြယ်သုံးလုံးအဆင့် စွမ်းအားပိုင်ရှင် ငါးယောက်၊ ကြယ်နှစ်လုံးအဆင့် စွမ်းအားပိုင်ရှင် ဆယ်ယောက်နဲ့ ကြယ်တစ်လုံးအဆင့် စွမ်းအားပိုင်ရှင် ဒါဇင်နဲ့ချီပြီး ရှိတယ်။ ပြီးတော့ ငါတို့မှာ ထိပ်တန်းအဆင့်နဲ့ ပထမတန်းစားအဆင့် စွမ်းအားပိုင်ရှင် ရာနဲ့ချီပြီး ရှိတယ်"

"ဒါပေမယ့် မင်းမှာက လူ လေးဆယ်ပဲရှိတာလေ၊ မင်းက ကိုယ့်သေတွင်း ကိုယ် တူးနေတာလား?"

ကောင်းကင်ကံကြမ္မာအဘိုးကြီး၏ စကားကြောင့် အဓိကကလန်ကြီးလေးခုလုံးမှ လူများက ဝါးလုံးကွဲ ရယ်မောလိုက်ကြသည်။

သူတို့၏ တိုက်ပွဲဝင် ပုံစံနှင့် အင်အားအရ အဓိကကလန်ကြီး လေးခုသည် ညအဖွဲ့ကို အပြတ်အသတ် သာနေသည်။

ယဲ့ဖန်နှင့် သူ့လူများ ယနေ့ မုချသေမည်ဟု အခိုင်အမာ ယုံကြည်ထားကြသည်။

"ခင်ဗျားက တအားလေကျယ်တာပဲ"

ယဲ့ဖန်က အလေးမထားသည့်ဟန်ဖြင့် ပြောလိုက်သဖြင့် ကလန်လေးခုလုံးမှ လူများ အံ့အားသင့်သွားကြသည်။

"ခင်ဗျား သူတို့ကို ထွက်လာခိုင်းလိုက်လို့ရတယ်"

*ဘာ*

ယဲ့ဖန်စကားကြောင့် ကလန်လေးခုလုံး၏ အင်အားကြီးသူများက အံ့ဩသွားကြသည်။

"အာ? မင်း သတိထားမိသားပဲ" ကောင်းကင်ကံကြမ္မာ အဘိုးကြီးက အားရပါးရ ပြုံး၍ ဆက်ပြောလိုက်သည်။

"ကောင်းပြီလေ ... မင်းတောင်းဆိုချက်ကို ငါ ဖြည့်ဆည်းပေးရမှာပေါ့"

ထိုသို့ပြောပြီး ကောင်းကင်ကံကြမ္မာအဘိုးကြီးက လက်ဖျောက်တီးလိုက်သည်။ ထို့နောက် အိမ်တော်၏ ထောင့်တိုင်းမှ လူတစ်ရာနီးပါးခန့် ထွက်လာသည်။

သူတို့ တစ်ယောက်ချင်း စီတိုင်းသည် အလွန်အားကောင်းသော ချီဓာတ်များကို ပိုင်ဆိုင်ထားကြသည်။

ယဲ့ဖန်ဘေး၌ ရှိနေသည့် ကူးယွီက ထိုသူများကို မြင်သည်နှင့် တစ်ကိုယ်လုံး ကြက်သီးမွေးညင်း ထသွားသည်။

"ပထမတန်းစား ကလန်ဖြစ်တဲ့ ရှစ်ကလန်နဲ့ ကျန်းကလန်၊ ဒုတိယတန်းစား ကလန်ဖြစ်တဲ့ ခုန်းကလန်နဲ့ ဖေးကလန်"

*ကျန်းပေမြို့က အဓိကကလန် အားလုံးနီးပါးက အင်အားကြီးသူအားလုံးတွေကို ဒီ… ဒီကို လွှတ်လိုက်တာပါလား*

ကူးယွီ အလွန်အမင်း သုန်မှုန်လာသည်။

*ကျန်းပေမြို့မှာ ပထမတန်းစား ကလန် သုံးခု၊ ပထမအဆင့် ကလန် တစ်ခုနဲ့ ဒုတိယတန်းစားကလန် လေးခု ရှိတာ*

*ဒါပေမယ့် သူတို့အားလုံး နီးပါး ဒီကို ရောက်နေတာပါလား*

*ဒါဆို လူလေးဆယ်ပဲ ရှိတဲ့ ညအဖွဲ့က ကျန်းပေမြို့က အဓိကကလန်အကုန်လုံးနဲ့ တိုက်ခိုက်ရတော့မှာပေါ့*

*ဒါ… လုံးဝ မဖြစ်နိုင်ဘူး*

အဓိကကလန်လေးခု၏ အင်အားကြီးသူများစွာ ရောက်လာပြီးနောက် ခြံဝန်းတွင်းရှိ အင်အားများသည် ချက်ချင်း အထွတ်အထိပ်သို့ ရောက်ရှိသွားလေတော့သည်။

ကြယ်သုံးလုံးအဆင့် စွမ်းအားပိုင်ရှင် ရှစ်ယောက်!

ကြယ်နှစ်လုံးအဆင့် စွမ်းအားပိုင်ရှင် ဆယ့်ငါးယောက်!

ကြယ်တစ်လုံးအဆင့် စွမ်းအားပိုင်ရှင် အယောက် တစ်ရာနီးပါး!

ထို့ပြင် ထိပ်တန်းအဆင့် စွမ်းအားပိုင်ရှင်နှင့် ပထမတန်းစားအဆင့် စွမ်းအားပိုင်ရှင်များစွာ ရှိနေသေးသည်။

သူတို့အားလုံးသည် ကျန်းပေမြို့၏ ထိပ်တန်း အင်အားကြီးသူများ ဖြစ်သည်။ ညအဖွဲ့ဝင်များပင် ရင်တုန်လာကြသည်။

ကျန်းပေမြို့၏ အဓိကကလန်အားလုံး စုစည်းနေလိမ့်မည်ဟု သူတို့ ထင်မထားခဲ့မိပါ။

"ဟဟ … ယဲ့ဖန် မင်းမြင်လား? ဒါလုံးဝ ပြေးပေါက်မရှိဘူးကွ။ မင်း ဒီနေ့ သေမယ့်ကံ ပါလာတာကိုး"

ကောင်းကင်ကံကြမ္မာ အဘိုးကြီးနှင့် သူ့ဘေးမှ လူများက အားပါးတရ လှောင်ရယ်နေကြသည်။

တကယ့်ကို တစ်ဖတ်သတ် အခြေအနေကြီးပင်။ သူတို့က ကျန်းပေမြို့က ထိပ်တန်း အင်အားကြီးသူတွေ အကုန်လုံးကို စုထားမှတော့ သူတို့ ညအဖွဲ့ကို အပြတ်ရှင်းနိုင်ပြီဟု ယုံကြည်ချက်ရှိနေမည်ပေါ့။

ချက်ချင်းပင် ကူးယွီနှင့် ညအဖွဲ့သားများ ပြင်းထန်သော ဖိနှိပ်ချုပ်ချယ်မှုကို ခံစားလိုက်ရသည်။

*ငါတို့တော့ ရှုံးဖို့ ကံပါလာပြီနဲ့ တူတယ်*

ကူးယွီနှင့် ညအဖွဲ့သားများ စိတ်ဓာတ်ကျလာကျသည်။ ထိုစဉ် ယဲ့ဖန်က ခြံဝန်းတစ်ခုလုံးကို ဝေ့ကြည့်ကာ ပြောလိုက်သည်။

"အဓိကကလန် ရှစ်ခု၊ စုစုပေါင်း လူ ၈၄၂ ယောက်၊ ကောင်းတာပေါ့၊ သိပ်ကောင်း"

ယဲ့ဖန်၏ မျက်လုံးများက ပို၍ အေးစက်လာကာ ထပ်ပြောလိုက်သည်။

"မင်းတို့က ငါ့ညီအစ်ကို အယောက် ၁၀၉ ယောက်ကို သတ်ခဲ့မှတော့ ငါက မင်းတို့အားလုံးကို ယဇ်ပူဇော်ရတော့မှာပေါ့"

*ဘာ*       

ယဲ့ဖန်၏ စကားကြောင့် ကောင်းကင်ကံကြမ္မာအဘိုးကြီးနှင့် အခြားသူများ တစ်ခဏမျှ ကြောင်အသွားပြီးနောက် အားပါးတရ လှောင်ရယ်နေကြသည်။

*သူ ရူးနေပြီ*

သူတို့အားလုံး ယဲ့ဖန်ကို သွက်သွက်ခါအောင် ရူးနေပြီဟု ထင်လိုက်ကြသည်။

*သူက လူအယောက်လေးနဲ့ လူအယောက် ၈၄၂ယောက်ကို သတ်ချင်နေတာလား၊ တစ်ဖတ်ပိတ် တိုက်ပွဲကြီးကိုလေ၊ အိပ်မက်မက်မနေနဲ့*

အဓိကကလန်ရှစ်ခုလုံး၏ အဖွဲ့သားများက ယဲ့ဖန်အား အရူးတစ်ယောက်ကို ကြည့်သလို ကြည့်နေကြသည်။

ကူးယွီနှင့် ညအဖွဲ့သားများတောင် မယုံကြည်သလို ဖြစ်နေကြသည်။ ထိုစဉ် ယဲ့ဖန်က သူ့အိတ်ကပ်ထဲမှ အလုံးတစ်လုံးကို ထုတ်လိုက်သည်။

ထိုအလုံးသည် ကျောက်သားများဖြင့် ပြုလုပ်ထားခြင်း ဖြစ်ပြီး မှော်စာများကို သိပ်သည်းစွာ ရေးထွင်းထားသည်။

"အဲ့…အဲ့ဒါ မှော်ဝင်ပစ္စည်းမလား?"

ထိုအလုံးကို မြင်သည်နှင့် ကောင်းကင်ကံကြမ္မာ အဘိုးကြီးနှင့် အခြားသူများ မှင်တက်နေပြီးမှ အကြီးအကျယ် မျက်နှာပျက်သွားကြသည်။

"မဖြစ်ဘူး၊ သူ့ကို တားကြစမ်း"

ကောင်းကင် ကံကြမ္မာ အဘိုးကြီးနှင့် အခြားသူများ ရှေ့သို့ အလျင်အမြန် ပြေးတက်လာကာ ယဲ့ဖန်ကို တားဆီးရန် ပြင်လိုက်ကြသည်။

ထိုစဉ် ယဲ့ဖန်က လှောင်ရယ်၍ ပြောလိုက်သည်။

"မင်းတို့ဘာသာမင်းတို့ ကလန် တစ်ခုပဲ ဖြစ်ဖြစ်၊ ရှစ်ခုဖြစ်ဖြစ်။ ဘယ်လိုပဲ ဖြစ်နေပါစေ ငါက မင်းတို့အားလုံးကို သတ်ပစ်မှာပဲ"

ထိုသို့ပြောပြီး ယဲ့ဖန်က ထိုအလုံးလေးကို လေထဲသို့ ပစ်တင်လိုက်သည်။ လေတိုးသံနှင့်အတူ ထိုအလုံးလေးထံမှ သွေးဆာနေပုံရသည့် အလင်းတန်းတစ်ခု ဖြာထွက်လာသည်။

ထို့နောက် ထိုအလင်းတန်းသည် တဖြည်းဖြည်း ပိုက်ကွန်သဖွယ် ကြီးမားလာကာ ခြံဝန်းတစ်ခုလုံးကို ဖုံးလွှမ်းလာသည်။

မှော်ဝင်ဝင်္ကပါတိုက်ကွက်!

ဤအရာသည် သွေးစွန်းသတ်ကွင်းဟုခေါ်သည့် ကောင်းကင်ဘုံ တားမြစ်ကျောက်တုံးဖြင့် ပြုလုပ်ထားသည့် မှော်ဝင်ဝင်္ကပါတိုက်ကွက် ဖြစ်သည်။

"ငါ့ရဲ့ ကျဆုံးသွားတဲ့ ညီအစ်ကိုတွေရဲ့ ဝိညာဉ်တွေကို မင်းတို့ရဲ့ အသက်နဲ့ ယစ်ပူဇော်ရမယ်၊ သေပေတော့"

ထိုသို့ပြောပြီး ယဲ့ဖန်က လေထဲမှ အလုံးလေးကို လက်ညှိုးညွှန်လိုက်သည်။

အုန်း!

သွေးစွန်းပိုက်ကွန်တစ်ခုလုံးမှ တောက်ပသော အလင်းတန်းများ ထွက်ပေါ်လာသည်။ ထို့နောက် သွေးဆာနေသော ဓားများသည် ကောင်းကင်ပေါ်မှ မိုးစက်များကဲ့သို့ ကန့်လန့်ဖြတ်၍ ကျဆင်းလာသည်။

All Chapters