တစ်ဖတ်သတ်တိုက်ပွဲ!
Vol. 10 Ch. 147
ဝှစ်! ဝှစ်! ဝှစ်!
သွေးဆာနေသေ အလင်းတန်းများသော ဖြတ်သွားသည်နှင့် သေမင်းနတ်ဘုရားက သူ၏ တံစဉ်ဖြင့် အသက်များကို နုတ်ယူသွားသကဲ့သို့ သွေးအိုင်ကွက်များ ပေါ်ပေါက်လာသည်။
"အား…အား…အား"
ထိပ်တန်းအဆင့်နှင့် ပထမတန်းစားအဆင့် စွမ်းအားပိုင်ရှင်များ ကြက်သွန်မြိတ်ကဲ့သို့ နုတ်နုတ်စင်းခံလာရကာ မြေကြီးပေါ်၌ သွေးစီးကြောင်းများက မြစ်တစ်စင်းသဖွယ် ဖြစ်ပေါ်လာ၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် လူအယောက်တစ်ရာနီးပါး သေဆုံးသွားလေသည်။ ခြံဝန်းတစ်ခုလုံး သားသတ်ရုံကြီးကဲ့သို့ အသွင်ပြောင်သွားလေတော့၏။
"မဟုတ်ဘူး"
အဓိကကလန် ရှစ်ခုလုံး၏ ခေါင်းဆောင်များ ဒေါသကြောင့် မျက်နှာကြီး နီရဲလာကြသည်။
ဓားအလင်းတန်းများ၏ အောက်တွင် သူတို့ကလန်သားများ တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားကြသည်ကို ကြည့်ပြီး သူတို့ ပူဆွေးလာကြသည်။
သေဆုံးသွားသည့်သူများသည် ကျန်းရှီမြို့တွင် သူတို့ကလန်များ ခြေကုပ်ယူနိုင်ရန် ထားရှိထားမည့် အုတ်မြစ်များ ဖြစ်လေသည်။
အခုတော့ သူတို့၏ အုတ်မြစ်များ ပြိုလဲသွားလေပြီ။
ချွင်! ချွင်! ချွင်!
ထို့နောက် ကလန်ရှစ်ခု၏ ခေါင်းဆောင်များသည် ဓားများ၏ တိုက်ခိုက်ခြင်းကို အပြင်းအထန် ခံရလေတော့သည်။
ဓားများ၏ လျင်မြန်သော အရှိန်နှုန်းကြောင့် သူတို့နှင့် ထိမိသည့်သူတိုင်း ထိခိုက်ဒဏ်ရာ ရလျင်ရ၊ မရလျင် သေဆုံးသွားကြသည်ချည်းပင်။
တစ်ခဏအတွင်းမှာပင် ကလန်ရှစ်ခုလုံး၏ ခေါင်းဆောင်များက ဓားချက်များကို ငုံ့ရှောင်နေရသောကြောင့် အလွန် အရှက်ရဖွယ်ကောင်းလှပေသည်။
အင်အားကြီးသူ တော်တော်များများ အသတ်ခံလိုက်ရသည်ကို ကြည့်ပြီး ကူးယွီနှင့် ညအဖွဲ့သားများ အလွန်အမင်း ထိတ်လန့်သွားကြသည်။
"ကောင်းတယ်… သိပ်ကောင်းတာပဲ" အဆိပ်ပြင်း နဂါးဘုရင်က မျက်ခုံးတလှုပ်လှုပ်နှင့် အံ့ဩနေသော မျက်နှာဖြင့် ရေရွတ်လိုက်မိသည်။
ထိုအခါမှသာ သူ့သခင်အသစ်၏ ခွန်အားနှင့် နည်းစနစ်များကို သတိပြုမိတော့သည်။
*ရက်စက်တယ်*
*ကြမ်းကြုတ်တယ်*
*သူ့ရန်သူကို ပုရွက်ဆိတ်လေးလို ဆက်ဆံတယ်*
*သူက နတ်ဆိုးပဲ*
သို့သော် ပွဲက အခုမှ အစပင် ရှိသေးသည်။ ထပ်မံ၍ ဖြစ်ပျက်လာသော မြင်ကွင်းကြောင့် ညအဖွဲ့သားများ အလွန် မှင်တက်သွားရသည်။
ယဲ့ဖန်က နတ်ဆိုးချီဓာတ်များကို ထုတ်လွှတ်လိုက်သည်။ ထိုအနက်ရောင် ချီများက ရက်စက်သော တစ္ဆေအသွင်သို့ ကူးပြောင်းသွားပြီး ဓားချက်များကြားမှ အသက်ရှင် ကျန်ရစ်သူများထံသို့ တိုးဝင်သွားသည်။
ကြယ်တစ်လုံးအဆင့် စွမ်းအားပိုင်ရှင်တစ်ယောက်သည် ဓားချက်ကို ရှောင်လိုက် နိုင်သည်။ ထို့နောက် လေတိုးသံနှင့်အတူ နတ်ဆိုးချီဓာတ်က သူ့ကိုယ်ထဲ တိုးဝင်လာ သောကြောင့် သူ တုန်ယင်လာသည်။
သူ မည်သို့မျှ မတုံ့ပြန်နိုင်ခင်မှာတင် ဓားချက်တစ်ချက်က သူ့ထံ ကျရောက်သည်။ ခေါင်းတစ်လုံး မြေကြီးပေါ်သို့ ပြုတ်ကျလာသည်။
သူ သေသည့်တိုင်အောင် သူ့မျက်လုံးတွင် အကြောက်တရားနှင့် ပြည့်နှက်လို့နေသည်။
ထိုအချိန်တွင် နတ်ဆိုးချီ၏ အကူအညီနှင့် ဓားချက်များကြောင့် အဓိကကလန်ရှစ်ခု၏ အင်အားကြီးသူများ သတ်ဖြတ်ခံလိုက်ရလေတော့သည်။
တစ်ယောက်ပြီး တစ်ယောက် လဲကျလို့သွားသည်။ ထိုဧရိယာသည် အင်အားကြီး သူများ၏ သုသာန်အဖြစ်သို့ ပြောင်းလဲသွားလေတော့သည်။
"အား… ငါ့ကလန်သားတွေ…"
ကြယ်သုံးလုံးအဆင့် စွမ်းအားပိုင်ရှင်တစ်ယောက် ရူးမတတ် ဒေါသထွက်လာသည်။ သူ့ကလန်သားတွေ တစ်ယောက်ပြီးတစ်ယောက် အသတ်ခံလိုက်ရသည်ကို သူ ကြည့်နေရသည်လေ။
"ခွေးမသားလေး… ငါမင်းကို သတ်မယ်၊ သေပေတော့"
သူ့ဓားကို မြှောက်ကာ ယဲ့ဖန်ထံသို့ ဝှေ့ရမ်းလိုက်သည်။
ထိုစဉ် အဆိပ်ပြင်းနဂါးသခင်က သုန်မှုန်နေသော မျက်နှာထားဖြင့် ရှေ့သို့ တစ်ဟုန်ထိုး ပြေးတက်လာသည်။
"မင်းက ငါ့သခင်ကို သတ်ချင်နေတာလား? မင်း ကိုယ့်သေတွင်း ကိုယ် တူးနေတာပဲ"
သုံးမြှောင့်ဓားချွန်ကို ကိုင်ထားသော အဆိပ်ပြင်းနဂါးသခင်၏ တိုက်ကွက်သည် ပြိုင်ဘက်ကင်းလှပေသည်။
ဘန်း! ဘန်း! ဘန်း!
ကြယ်သုံးလုံးအဆင့် စွမ်းအားပိုင်ရှင် နှစ်ယောက်၏ တိုက်ပွဲကား အလွန်ပြင်းထန် လှလေသည်။ ပွဲကား အခုမှ စတင်လေတော့သည်။
ထိုစဉ် နောက်ထပ် ကြယ်သုံးလုံးအဆင့် စွမ်းအားပိုင်ရှင် နှစ်ယောက်က ယဲ့ဖန်ထံသို့ ပြေးလာသော်လည်း ကျားငမန်းသခင်နှင့် သွေးသိမ်းငှက်သခင်တို့၏ တားဆီးခြင်းကို ခံလိုက်ရသည်။
ညအဖွဲ့သားတိုင်း တိုက်ပွဲကို ဝင်နွှဲကြလေတော့သည်။ ဓားများကို ဆွဲကိုင်ကာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းကို စတင်လေတော့သည်။
ဝှစ်!
ကြယ်တစ်လုံးအဆင့် စွမ်းအားပိုင်ရှင် တစ်ယောက် ကိုယ်နှစ်ခြမ်းကွဲသွားလေသည်။
ရွှစ်!
ထိပ်တန်းအဆင့် စွမ်းအားပိုင်ရှင်တစ်ယောက် နှစ်ခြမ်းကွဲသွားပြန်သည်။ နတ်ဆိုးချီနှင့် ဓားသွားများ၏ အကူအညီဖြင့် ညအဖွဲ့သားတိုင်း သူတို့၏ ခွန်အားအကုန်ကို ထုတ်သုံးလေတော့သည်။
ညအဖွဲ့သားများ၏ ထိပ်တန်းအဆင့် စွမ်းအားပိုင်ရှင်များက ကြယ်တစ်လုံးအဆင့် စွမ်းအား ပိုင်ရှင်များ၏ အသက်ကို အလွယ်တကူ ခြွေယူလိုက်နိုင်သည်။
ညအဖွဲ့၏ သာမန်အဆင့် အဖွဲ့သားကပင် ပထမတန်းစားအဆင့် စွမ်းအားပိုင်ရှင်များကို ပုရွတ်ဆိတ်လေးကို ဖိသတ်သကဲ့သို့ သတ်ဖြတ်လိုက်ကြသည်။
ဝှစ်!
ထိပ်ပြောင်အားဆန်သည် ထိပ်တန်းစွမ်းအားပိုင်ရှင် တစ်ယောက်ကို တက်ကြွနေသော မျက်နှာထားဖြင့် နှစ်ခြမ်းပိုင်းပစ်လိုက်သည်။
အမှန်အတိုင်းပြောရလျင် သူ့တွင် ထိုကဲ့သို့ အစွမ်းမရှိပါ။ သို့သော် နတ်ဆိုးချီနှင့် ဓားသွားများ၏ အကူအညီကြောင့် သူက ထိပ်တန်းအဆင့် စွမ်းအားပိုင်ရှင် တစ်ယောက်ကို အသာလေး သတ်လိုက်နိုင်သည်။
"ညီအစ်ကိုတို့ .... မင်းတို့ မြင်နေကြရဲ့လား? ငါတို့ရဲ့ သခင်ကြီးက မင်းတို့ရဲ့ ဝိညာဉ်တွေ အတွက် ရန်သူရဲ့သွေးကို သုံးပြီး ယစ်ပူဇော်နေပြီ၊ မင်းတို့ အခုတော့ ငြိမ်းငြိမ်းချမ်းချမ်း အနားယူနိုင်ပါပြီ"
ထိပ်ပြောင်အားဆန် မျက်ရည်များနှင့် ရေရွတ်လိုက်သည်။ သူ့ညီအစ်ကိုများနှင့် ပခုံးချင်းယှဉ်၍ ရန်သူများကို တိုက်ခိုက်ခဲ့ပြီး ကျန်သော ညီအစ်ကိုများနှင့်အတူ ယဲ့ဖန်နှင့် အတူတကွ ကမ္ဘာကြီးကို လွှမ်းမိုးနိုင်ရန် မျှော်လင့်ခဲ့သည်။
"ညီအစ်ကိုတို့ မင်းတို့ ထွက်သွားခဲ့ပင်မယ့် ငါကတော့ အသက်ရှင်နေခဲ့တယ်၊ မင်းတို့အတွက် ငါ ပိုပြီး သန်မာလာအောင် လုပ်ပြီး ရှင်သန်ပါ့မယ်။ ငါတို့သခင်ကြီး ကမ္ဘာကို လွှမ်းမိုးနိုင်အောင် ကူညီပါ့မယ်"
ထိပ်ပြောင်အားဆန်၏ မျက်လုံးတွင် တိုက်ပွဲဝင်စိတ်ဓာတ်များဖြင့် ပြည့်နှက်လို့နေသည်။
သူ့မျက်နှာပေါ်မှ မျက်ရည်များကို သုတ်ကာ ဓားကို ဝင့်ပြီး အခြားသူတစ်ယောက်ကို နှစ်ပိုင်းပိုင်းလိုက်လေသည်။
အစုလိုက် သုတ်သင်မှုကြီးက ဆက်၍ ဖြစ်ပွားနေသည်။ ဤသည်ကား တစ်ဖက်သတ် အခြေအနေကြီးပင်။
ညအဖွဲ့သား လူလေးဆယ်လေးက ကျန်းပေမြို့၏ အဓိကကလန် ရှစ်ခုမှ လူရာပေါင်းများစွာကို အသာလေး အနိုင်ယူနေသည်။
တစ်ခဏအတွင်းမှာပင် ရန်သူအဖွဲ့၏ အဖွဲ့သားများစွာ အသတ်ခံလိုက်ရသည်။ ကျန်သူများက ကြောက်လန့်တကြား အသက်ကို မနည်းလုရှုနေရသည်။
သူတို့ စိတ်ဓာတ်ကျနေကြသည်။ အလွန်အမင်းကို စိတ်ဓာတ်ကျနေကြခြင်း ဖြစ်သည်။
တော်တော်များများက ထွက်ပြေးချင်ကြသည်။ သို့သော် သူတို့ တံခါးဝရောက်သည်နှင့် သွေးစွန်းပိုက်ကွန်၏ စုတ်ဖြဲခြင်းကို ခံလိုက်ရသည်။
သွေးစွန်းသတ်ကွင်း ဝင်္ကပါတိုက်ကွက်!
ရန်သူအားလုံး သေကျေကာ မည်သူမှ လွတ်မြောက်နိုင်စွမ်း မရှိပါ။ အဓိကကလန် ရှစ်ခု၏ စစ်တပ်ကြီး ပျာပန်းခတ်လာသည်။
သူတို့က ယဲ့ဖန်နှင့် ညအဖွဲ့သားများကို သရဲတစ္ဆေများကို မြင်သကဲ့သို့ ကြည့်သလို ကြည့်နေကြသည်။
ရှစ်ကလန်၊ ကျန့်ကလန်၊ ခုန်းကလန်နှင့် ဖေးကလန်တို့ အလွန်အမင်း နောင်တ ရလာသည်။
သူတို့ ထူကလန်၊ ရှန့်ကလန်၊ စစ်ခုန်ကလန်နှင့် ရှန့်ကလန်တို့ကို ကူညီပေး၍ ယဲ့ဖန်နှင့် သူ့လူတို့ကို ရှင်းပစ်ကာ ထိုနိုင်ပွဲမှ အကျိုးအမြတ်ရမည်ဟု တွက်ထားမိသည်။
သို့သော် ဤတိုက်ပွဲမှ သူတို့၏ သုသာန်အဖြစ်သို့ ပြောင်းလဲသွားမည်ဟု သူတို့ မထင်ထားမိပါ။
"ကျုပ် တော်တော်လေး နောင်တရမိတယ်"
ရှစ်ကလန်မှ တစ်ယောက်သည် သူ့ကိုယ်တွင်းသို့ ဓားများက ဝင်ရောက်သွားချိန်တွင် အလွန်အမင်း နောင်တရလျက်ရှိသည်။
သာမန် အစွမ်းရှိသူများ သာမက ကောင်းကင်ကံကြမ္မာ အဘိုးကြီး၊ မြေဝိညာဉ် အဘိုးကြီးနှင့် အသွင်မဲ့အဘိုးကြီးတို့အတွက်လည်း လွယ်ကူမနေပါ။
"ချီးပဲ…ချီးပဲကွာ… အဲ့စောက်မှော်ဝင်ပစ္စည်းက ဘာကြီးလဲ?"
သူတို့ မယုံမကြည်ဖြစ်နေကြသည်။ သူတို့ မှော်ဝင်ပစ္စည်းများစွာကို မြင်ဖူးကြသော်လည်း မှော်ဝင်္ကပါ တိုက်ကွက် မျိုးကိုတော့ တစ်ခါမှ မြင်ဖူးခြင်းမရှိပါ။ အထူးသဖြင့် ထိပ်တန်းအဆင့် စွမ်းအားပိုင်ရှင် ကောင်လေးတစ်ယောက် လုပ်သည့် ပစ္စည်းမျိုးကိုပေါ့။
*ဒါ… လုံးဝ မဖြစ်နိုင်ဘူး*
ထိုစဉ် လော့ကလန်မှ ကျန်ရှိနေသော နတ်ဆိုးသုံးကောင်သည် ခြေသံတစ်ချို့ကို ဖျတ်ခနဲ ကြားလိုက်ရပြီးနောက် ယဲ့ဖန်က ဓားကျိုးတစ်လက်ကို ကိုင်၍ သူတို့ထံသို့ လှမ်းလာ နေသည်ကို မြင်လိုက်ရသည်။
"သူ့ကိုသတ်၊ ငါတို့ သူ့ကိုသတ်မှဖြစ်မယ်"
ကြယ်သုံးလုံးအဆင့် စွမ်းအားပိုင်ရှင် သုံးယောက် အလွန်အမင်း စိတ်ပျက်နေကြသည်။ သူသာ အသက်ရလာပါက လော့ကလန်တစ်ခုလုံးကို အမြစ်ဖြုတ် သုတ်သင်လိမ့်မည်ကို သူတို့ ရိပ်မိနေသည်။
ကောင်းကင်ကံကြမ္မာ အဘိုးကြီးက သူ့လက်မောင်းတစ်ဘက်ကို ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင် ကျန်ရှိနေသေးသော ကြယ်သုံးလုံးအဆင့် စွမ်းအားပိုင်ရှင် ငါးယောက်က ယဲ့ဖန်ကို ဝိုင်းထားလိုက်သည်။
နတ်ဆိုးချီနှင့် ဓားသွားများသည် ကြယ်နှစ်လုံးအဆင့် စွမ်းအားအောက် ရှိသူများအတွက် သေစေနိုင်သော လက်နက်များ ဖြစ်သည်။
ထိုအရာများက ကြယ်နှစ်လုံးအဆင့် စွမ်းအားပိုင်ရှင်များကို ခြိမ်းခြောက်နိုင်သလို သေတောင်သေ စေနိုင်သော်လည်း ကြယ်သုံးလုံးအဆင့် စွမ်းအားပိုင်ရှင်များကိုတော့ သေစေလောက်သည်အထိ ဒုက္ခမရောက်နိုင်စေပါ။
ကြယ်သုံးလုံးအဆင့် စွမ်းအားပိုင်ရှင်များတွင် အတွင်းအား မြောက်များစွာ ရှိသည့်အပြင် သူတို့၏ အသားများ၊ အရွတ်များနှင့် အရိုးများသည် စတီးများကဲ့သို့ ခိုင်မာ မြဲမြံလှပေသည်။
နတ်ဆိုးချီနှင့် ဓားသွားများသည် ကြယ်သုံးလုံးအဆင့် စွမ်းအားပိုင်ရှင်များအား အလွန်ဆုံး အရှက်ရအောင်သာ လုပ်နိုင်ပေသည်။
ထိုစဉ် ကြယ်သုံးလုံးအဆင့် စွမ်းအားပိုင်ရှင် ငါးယောက်က သန်မာ၍ ကြမ်းကြုတ်သော ချီဓာတ်များဖြင့် ယဲ့ဖန်အား စိုက်ကြည့်နေသည်။
ယဲ့ဖန်ကို မသတ်နိုင်မချင်း သူတို့၏ ကလန်သားများကို သူတို့ မကယ်နိုင်ကြောင်း သူတို့ နားလည်ပေသည်။
သူ့ကိုဝိုင်းထားသော လူငါးယောက်အား ကြည့်၍ ယဲ့ဖန်အား နှုတ်ခမ်းတွန့်ရုံ ပြုံးပြီး နတ်ဆိုးဆန်သော အကြည့်များဖြင့် ကြည့်နေလိုက်သည်။
သူ၏ ဓားကျိုးသည် တိုက်ခိုက်ရမည်ကို မစောင့်နိုင်သကဲ့သို့ လှုပ်လှုပ်ရှားရှား ဖြစ်နေသည်။
"ဒီဓားကျိုးက မင်းတို့ခေါင်းကို ဖြတ်ပြီးတာနဲ့ သူ နာမည်ကြီးလာတော့မှာပဲ"
"သေပေတော့"
ထိုသို့ပြောပြီး ယဲ့ဖန်က ရှေ့သို့ ပြေးတက်လာသည်။