← Chapters

နတ်ဘုရားတစ်ပါး!

Vol. 10 Ch. 149

နတ်ဘုရားတစ်ပါး!

Vol. 10 Ch. 149

"အား…အား…အား…"

"ခွေးမသားလေး… မင်း ငါ့လက်ကို ဖြတ်ရဲတယ်ပေါ့လေ၊ ငါမင်းကို တစ်စစီ ဖြစ်အောင် လုပ်ပစ်မယ်ကွ"

ကောင်းကင်ကံကြမ္မာ အဘိုးကြီး ပေါက်ကွဲလို့ နေသည်။ ကျန်းနန်မြို့နှင့် ကျန်းပေမြို့တို့တွင် ပြိုင်ဘက်ကင်း ဖြစ်ခဲ့ပြီးနောက် သူ တစ်ခါမှ ဒဏ်ရာ အပြင်းအထန်မရဘူးပါ၊ အထူးသဖြင့် ထိပ်တန်းအဆင့် စွမ်းအားပိုင်ရှင်ကြောင့် ဒဏ်ရာ မရဘူးပါ။ ဤမျှ ရှက်ဖွယ်ကောင်းသော အရာကြောင့် သူ သေမတတ် ဒေါသထွက် နေလေသည်။

မြေဝိညာဉ် အဘိုးကြီးနှင့် အသွင်မဲ့ အဘိုးကြီးတို့သည်လည်း ဒေါသပုန်ထလာကြသည်။

"သွားသေလိုက်တော့၊ သေလိုက်တော့၊ သေပေတော့"

သုံးယောက်သား ယဲ့ဖန်အား လျင်မြန်စွာ ဝိုင်း၍ တိုက်ခိုက်ကြလေသည်။

သူတို့၏ သန်မာသော တိုက်ပွဲဝင်ချီဓာတ်များကို ထုတ်လွှင့်လိုက်သည်နှင့် အနီးအနားရှိ သစ်ပင်၊ မြေကြီးနှင့် ကျောက်တုံးများသည်လည်း အရပ်မျက်နှာအနှံ့သို့ လွင့်ပျံ့ ထွက်ကုန်ကြသည်။

ယဲ့ဖန်တောင်မှ သူတို့၏ ခွန်အားကို သတိပြုမိပြီး နတ်ဆိုးသုံးကောင်၏ ဝေးရာသို့ ရှောင်ရားနေရသည်။

ထို့နောက် သူက မြေကြီးကို ဆောင့်နင်းကာ မထီမဲ့မြင်အကြည့်မျိုးနှင့် "ကျုပ်ကို တစ်စစီ ဖြစ်အောင် လုပ်ချင်တာလား? ခင်ဗျားတို့ရဲ့ ဆန္ဒတွေကို ပြည့်မီအောင် လုပ်ပေးရမှာပေါ့"

ထိုသို့ပြောပြီး ယဲ့ဖန်သည် တစ္ဆေတစ်ကောင်ကဲ့သို့ ပျောက်ကွယ်သွားလေတော့သည်။

သူ ပြန်ပေါ်လာသည့်အချိန်တွင် သူသည် နတ်ဆိုးသုံးကောင်၏ ရှေ့သို့ ရောက်နေချေပြီ။ ထို့နောက် သူ၏ ဓားရောင်က လော့ကလန်မှ နတ်ဆိုးသုံးကောင်ပေါ်သို့ နှင်းပွင့်ကဲ့သို့ ဖုံးလွှမ်းသွားလေတော့သည်။

"အရိုးဖျက်ဆီးဝါးမျိုခြင်းဓားချက်"

ယဲ့ဖန်၏ ခက်ထန်သော အသံက ပဲ့တင်ထပ်သွားပြီးနောက် ထိတ်လန့်ဖွယ်ကောင်းသော အဖြစ်အပျက် ဖြစ်လို့လာသည်။ ဓားရောင်အောက်တွင် လော့ကလန်မှ နတ်ဆိုး သုံးကောင်၏ အသားစများက နေရာအနှံ့သို့ လွင့်စင်သွားသည်။

သွေးများနှင့် အသားအလွှာစများက မြေကြီးပေါ်သို့ သွေးစွန်းနေသော နှင်းပွင့်လေးများကဲ့သို့ ကျဆင်းလာသည်။

သုံးယောက်လုံး၏ မျက်လုံးများတွင် အကြောက်တရားများနှင့် ပြည့်နှက်လို့နေသည်။

"အား!" "အား!" "အား!"

စူးရှသော အော်သံများက နေရာအနှံ့ ပဲ့တင်ထပ်လို့နေသည်။ သူတို့ ပို၍ ပိန်ပိန်လာကာ သူတို့၏ အသားစများက တစ်လွှာပြီးတစ်လွှာ ကွာချလာသည်။ သူတို့ ဆိုးရွားစွာ ပုံပျက်ပန်းပျက် ဖြစ်လာပြီး နောက်ဆုံးတွင် သွေးများကပ်နေသော အရိုးစုအဖြစ်သာ ကျန်ရှိတော့သည်။

….

မြင်လိုက်ရသည့် လူတိုင်း သွေးပျက်သွားကြသည်။ ဤမျှ ရက်စက်သည့်နည်းလမ်းမျိုး သူတို့ တစ်ခါမှ မကြုံခဲ့ဖူးပါ။

နတ်ဆိုးသုံးကောင်၏ အရိုးစုများကို ကြည့်ပြီး ကျန်ရှိနေသေးသော ကလန်သားများ အားလုံး ကြက်သီးမွေးညင်း ထလာကြသည်။

ဓားချက်ပျောက်ကွယ်သွားသည်နှင့် ကောင်းကင်ကံကြမ္မာ အဘိုးကြီး၊ မြေဝိညာဉ် အဘိုးကြီးနှင့် အသွင်မဲ့ အဘိုးကြီးတို့ တစ်ချိန်တည်း လဲကျသွားသည်။

တောက်! တောက်!

သွေးစီးကြောင်းများက မြေကြီးပေါ်အနှံ့ စီးနေပြီး ဆိုးဆိုးရွားရွား ပျက်ဆီးနေသော မျက်နှာများက အလွန်အမင်းကို စိတ်ဓာတ်ကျနေပုံ ပေါ်သည်။

"ဘယ်…ဘယ်လောက်တောင် ရက်စက်လိုက်တဲ့ နည်းလမ်းလဲ"

"ယဲ့ဖန် … မင်း ငါတို့ကို သတ်လိုက်မယ်ဆိုရင် မင်းက လော့ကလန်ရဲ့ အဓိကပစ်မှတ် ဖြစ်လာလိမ့်မယ်"

"ငါတို့ရဲ့ သခင်မကြီးက ငါတို့အတွက် လက်စားချေမှာပဲ၊ လေးယောက်မြောက် သခင်ကြီးကလည်း ငါတို့အတွက် လက်စားချေပေးမှာပဲ"

"မင်း သေလိမ့်မယ်၊ မင်းဘေးမှာ ရှိနေတဲ့သူတိုင်း သေကြလိမ့်မယ်"

"လေးယောက်မြောက် သခင်ကြီးက မင်းတို့အားလုံးကို အရက်စက်ဆုံး နည်းလမ်းနဲ့ သတ်လိမ့်မယ်၊ မင်းတို့အားလုံးကိုနော်"

လော့ကလန်မှ နတ်ဆိုးသုံးကောင်သည် ယဲ့ဖန်အား ဆိုးရွားစွာ ကျိန်ဆဲနေကြ၏။

"သခင်မကြီး? လေးယောက်မြောက်သခင်ကြီး?"

"မင်းတို့ အဲ့ဒါကို မမြင်လိုက်ရတော့တာက သနားစရာပဲ"

ထိုသို့ပြောပြီး ယဲ့ဖန်က သူ၏ ဓားကျိုးကို အသာဝင့်လိုက်သည်။

ရွှစ်! ရွှစ်! ရွှစ်!

ဓားချက်တစ်ချက်နှင့်အတူ နတ်ဆိုးသုံးကောင်၏ ဦးခေါင်းသုံးလုံး မြောက်တက် လာသည်။

သူတို့သုံးယောက်လုံး သေသွားလေပြီ။

လော့ကလန်၏ နာမည်ကြီး ပြိုင်ဘက်ကင်း နတ်ဆိုးများ အသတ်ခံလိုက်ရချေပြီ။

အဓိကကလန် ရှစ်ခုလုံး၏ ကျန်ရှိနေသောသူများ ထိတ်လန့်ကြောက်ရွံ့ကာ ငုတ်တုတ်မေ့နေကြသည်။

လော့ကလန်မှ နတ်ဆိုးသုံးကောင်၏ သေဆုံးမှုမှ ဆက်တိုက်ဖြစ်ပွားလာလေတော့သည်။

သွေးသိမ်းငှက်သခင်နှင့် တိုက်ခိုက်နေသော ကြယ်သုံးလုံးအဆင့် စွမ်းအားပိုင်ရှင်သည် မေ့လျော့ကာနေတုန်း သွေးသိမ်းငှက်သခင်၏ နှစ်ပိုင်းပိုင်းခြင်းကို ခံလိုက်ရလေသည်။

အဆိပ်ပြင်းနဂါးသခင်နှင့် တိုက်ခိုက်နေသော ကြယ်သုံးလုံးအဆင့် စွမ်းအားပိုင်ရှင်သည် ချက်ချင်း နောက်လှည့်ပြေးရန် ပြင်လိုက်သည်။

သို့သော် အဆိပ်ပြင်းနဂါးသခင်သည် အစကတည်းက အသင့် ပြင်ဆင်ထားခဲ့ပြီး ဓားကိုရမ်း၍ သူ၏ ခေါင်းကို ခုတ်ချလိုက်သည်။

ကျားငါးမန်းသခင်နှင့် တိုက်ခိုက်နေသော ကြယ်သုံးလုံးအဆင့် စွမ်းအားပိုင်ရှင်သည် ကျန်ရှိနေသောသူထဲတွင် အင်အားအကြီးဆုံးသူ ဖြစ်သည်။

အကွက် တစ်ရာခန့်ရောက်မှသာ ကျားငါးမန်းသခင်၏ ဓားချက်ကို ခံလိုက်ရသည်။ ဤသို့ ကြောက်မက်ဖွယ် အဖြစ်အပျက်များကို ကြည့်ပြီး အသက်ရှင်နေသေးသော အဓိကကလန် ရှစ်ခုမှ သူများ လုံးဝ စိတ်ဓာတ်ကျလာကြသည်။

ပြင်းထန်သော တိုက်ပွဲခေါ်သံများနှင့်အတူ ညအဖွဲ့သားများက ကျန်ရှိနေသောသူများ၏ အသက်ကို ရိတ်သိမ်းကြလေတော့သည်။

နာရီဝက်အတွင်းမှာပင် အဓိကကလန်ရှစ်ခု၏ တာဝန်ပေးအပ်ခြင်း ခံရသော သူများ သေဆုံးသွားကြလေတော့သည်။ စုစုပေါင်း ၈၄၂ ယောက်ခန့် သေသွားကြလေသည်။

ထိုသူတို့သည် ကျန်းပေမြို့၏ ထိပ်တန်း အင်အားအကြီးဆုံး အဖွဲ့အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရသော်လည်း ယခုတော့ တိုက်ပွဲအတွင်းမှာပင် အားလုံး သေသွားကြလေသည်။

ယခုအချိန်မှစ၍ မည်သည့် အဓိကကလန်မှ မရှိတော့။

….

တစ်ချိန်တည်းမှာပင် ကျန်းရှီမြို့၌!

အလုပ်ပြီးသည့်နောက် လင်းလန်သည် သူမအိမ်တော်သို့ ပြန်လာကာ အိမ်တံခါးကို ဖွင့်ရန် ပြင်လိုက်စဉ် ညအဖွဲ့သားတစ်ဦးက သူမကို တားမြစ်လိုက်သည်။

"ခဏလေးပါ မမလေးလင်းလန်"

*ဟင်*

လင်းလန် အံ့ဩသွားကာ ဇဝေဇဝါနှင့် နောက်လှည့်ကြည့်လိုက်သည်။

ညအဖွဲ့ဝင် ရှစ်ဦး သူမနောက်၌ ရှိနေသည်။ သူတို့သည် လင်းလန်ကို ကာကွယ်ရန် တာဝန်ပေးခံထားရသည့်သူများ ဖြစ်သည်။

သူတို့၏ မျက်နှာများက လေးနက်လို့နေသည်။ သူမကို တားဆီးလိုက်သည့်သူက ထပ်ပြောလိုက်သည်။

"မမလေး လင်းလန် … တစ်ခုခု မူမမှန်သလို ဖြစ်နေပါတယ်၊ ဒီတံခါးကို တစ်ယောက်ယောက်က အရင်ဖွင့်ထားပါတယ်"

ထိုသို့ပြောပြီး ထိုသူက လက်ဝှေ့ယမ်းပြလိုက်သည်။ ချက်ချင်းပင် ကျန်ညအဖွဲ့သား ခုနစ်ယောက်က သူမကိုရှေ့မှ ကာထားလိုက်ကြသည်။

အဖွဲ့ခေါင်းဆောင်က တံခါးနားကပ်၍ ဂရုတစိုက် နားထောင်ကြည့်လိုက်သည်။ ချက်ချင်းပင် သူ ထိတ်လန့်လာကာ တီးတိုးပြောလိုက်သည်။

"တစ်ယောက်ယောက် အထဲမှာ ရှိနေတယ်"

"ထွက်ခွာမယ်"

အဖွဲ့ခေါင်းဆောင်က လျင်မြန်စွာ အချက်ပြလိုက်သည်။ အဖွဲ့သားရှစ်ယောက်က လင်းလန်ကို ခေါ်၍ လွတ်ရာသို့ ထွက်ပြေးရန် ပြင်လိုက်သည်။

ထိုစဉ် အတွင်းမှ မနှစ်မြို့ဖွယ်ကောင်းသော အသံတစ်သံ ထွက်လာသည်။

"ဟီးဟီး … လင်းလန် ပြန်ရောက်လာမှတော့ အထဲဝင်လာပါဦးလား၊ မင်းအဖေနဲ့ အခြားမိသားစုဝင်တွေ အားလုံး မင်းဆီ လာလည်ကြတာကို"

"ဘာ"

ထိုအသံကြောင့် လင်းလန်၏ မျက်နှာလေးက ချက်ချင်း ဖြူရော်လာသည်။ တစ်ယောက်ယောက်က သူမအိမ်တော် အတွင်းသို့ ခိုးဝင်နေလိမ့်မည်ဟု သူမ မထင်ထားမိပါ။ အထူးသဖြင့်…

"အဖေ? မိသားစုဝင်တွေ?"

လင်းလန်၏ မျက်နှာလေးက မည်းမှောင်လာသည်။

ကလစ်!

တံခါးက အတွင်းမှ ဖြည်းဖြည်းချင်း ပွင့်လာသည်။ အိမ်ထဲသို့‌ ချောင်းကြည့်လိုက် ပြီးနောက် လင်းလန်၏ မျက်နှာလေးက ဖြူဖတ်ဖြူရော် ဖြစ်လာသည်။

အိမ်တော်၏ ဧည့်ခန်းအတွင်းတွင် အသက်ကြီးကြီး လူတစ်ယောက်၊ သက်လတ်ပိုင်း အရွယ် လူနှစ်ယောက်၊ မိန်းမတစ်ယောက်နှင့် ကလေးတစ်ယောက် စသဖြင့် လူတန်းကြီးတစ်တန်းက ဒူးထောက်လို့နေသည်။

သူတို့အားလုံးသည် အလွန်ဆိုးရွားသော အရာတစ်ခုကို ကြုံတွေ့ခဲ့ရသလို မျက်နှာများက ပြာနှမ်းနေကာ တင်းကျပ်စွာ ကြိုးတုပ်ခံထားရသည်။

ထို့ပြင် ဆိုဖာပေါ်တွင် လူငယ်တစ်ယောက် ထိုင်လျက်ရှိသည်။

ခြေချိတ်ထိုင်လျက်နှင့် သူက ရွှေအိုရောင် ဓားမြှောင်တစ်ချောင်းကို ကိုင်ကာ သူ့လက်သည်းခွံများကို သန့်ရှင်းနေသည်။

ထို့သည်သာမက စားပွဲဝိုင်းပေါ်တွင် ကဗ္ဗည်းတိုင်တစ်ခုကို တင်ထားသည်။ ထိုကဗ္ဗည်းတိုင်တွင် ရေးထားသည်က --- ကုန်းယွင်ဖေး၏ ကဗ္ဗည်းတိုင်!

…

လင်းလန်၏ မျက်နှာလေးက မည်းမှောင်လာကာ ရေရွတ်လိုက်မိသည်။

"အဖိုး…အဖေ…ဦးလေး…အန်တီ…နန်…"

သူမမိသားစုဝင်များ ကြမ်းပြင်ပေါ်တွင် ဒူးထောက်နေသည်ကို ကြည့်ပြီး လင်းလန် အံ့အားသင့်သွားရသည်။

သူတို့အားလုံးသည် သူမ၏ မိသားစုဝင်များ ဖြစ်သည်။ သို့သော် သူတို့အားလုံးသည် ထိတ်လန့်ကြောက်ရွံ့နေသော မျက်နှာများနှင့် တုန်ယင်နေကြသည်။

"လန်…သတိထား…သူ…သူက လော့ကလန်က လေးယောက်မြောက် သခင်ကြီးပဲ"

*ဘာ*

ထိုစကားကြောင့် ညအဖွဲ့သား ရှစ်ယောက်လုံး မှင်တက်သွားကြသည်။

*လော့စစ်*

*ဒါနတ်ဆိုးဆန်တဲ့နာမည်ပဲ*

*လော့ကလန်က သခင်ကြီးတွေထဲက အင်အားအကြီးဆုံးသူ*

*ကျန်းနန်မြို့နဲ့ ကျန်းပေမြို့မှာ သူက လူငယ်မျိုးဆက်တွေရဲ့ ခေါင်းဆောင်လို့ လူသိများသလို၊ ကိုယ်ခံပညာမှာလည်း ဩချရလောက်တဲ့ ပါရမီပါတယ်လို့ ဆိုကြတယ်*

လွန်ခဲ့သည့် သုံးနှစ်တုန်းက သူသည် မကောင်းသော ရာဇဝတ်သား လေးယောက်ကို မိုင်ပေါင်း ၆၀၀ အထိ လိုက်ကာ သူတစ်ယောက်တည်းဖြင့် သူတို့အားလုံး လော့ကလန်ကို အညံ့ခံလာအောင် လုပ်ခဲ့သည်။

ထိုဆိုးရွားသော ရာဇဝတ်သားလေးယောက်သည် လော့ကလန်၏ နတ်ဆိုးလေးကောင် ဖြစ်လာလေတော့သည်။

နောက်ပိုင်းတွင် သူ့ကို စိန်ခေါ်လာသည့်သူတိုင်းနှင့် သူ ယှဉ်ပြိုင်ခဲ့သည်။ သူ ဘယ်နေရာ ရောက်ရောက် လော့ကလန်ကို အောင်မြင်ကျော်ကြားအောင် လုပ်ပေးနိုင်ခဲ့သည်။ ထို့ကြောင့် လော့ကလန်သည် ကျန်းနန်နှင့် ကျန်းပေမြို့တို့တွင် နံပါတ်တစ် တော်ဝင်ကလန် အဖြစ် ကျော်ကြားလာလေတော့သည်။

ထို့ပြင် သူသည် နိုင်ငံတကာမှ ကြေးစားအဖွဲ့များ၏ လေးစားကြည်ညိုခြင်းကိုလည်း ရရှိခဲ့သည်။

သူက အမေရိကားမှ ထိပ်တန်း ကြေးစားအဖွဲ့လေးခုကို ရှင်းပြီခဲ့ပြီး စုစုပေါင်း လူ ၄၁၂ယောက်ကို သတ်ဖြတ်ခဲ့၏။

သူ့အား ကြေးစားအဖွဲ့များ၏ အိပ်မက်ဆိုးဟု ခေါ်ဝေါ်ကြသည်။

သူကား နတ်ဘုရားတစ်ပါး ဖြစ်ပေသည်။

"မမလေးလင်း…မြန်မြန်...ပြေးတော့"

ညအဖွဲ့သား ရှစ်ယောက်လုံး ထိတ်လန့်ကာ လင်းလန်က ဘေးကင်းရာသို့ ထွက်ပြေးနိုင်စေရန် ကြံရွယ်လိုက်သည်။

ထိုစဉ် အေးစက်စက် အသံက ပဲ့တင်ထပ်၍ ထွက်ပေါ်လာသည်။

"ထွက်ပြေးမယ်? စိတ်ကူးယဉ်မနေနဲ့"

လော့စစ်က သူ၏ ရွှေအိုရောင် ဓားမြှောင်ကို ပစ်လွှတ်လိုက်သည်။ ရွှေအိုရောင် ဓားမြှောင်က တံခါးနားကို လှစ်ခနဲ ရောက်ရှိလာကာ ညအဖွဲ့သားများအားလုံး၏ ရှေ့တွင် မှုန်ဝါးဝါး အလင်းရောင် အဖြစ်သာ မြင်လိုက်ရသည်။

ဝှစ်!

သွေးများက နေရာအနှံ့သို့ စင်သွားလေတော့သည်။ ညအဖွဲ့သား ရှစ်ယောက်လုံး ချက်ချင်း တောင့်တောင့်ကြီး ဖြစ်သွားကြသည်။

တစ်ချိန်တည်းမှာပင် သူတို့၏ နဖူးအလယ်တည့်တည့်တွင် သွေးစွန်းနေသော အပေါက်တစ်ပေါက် ဖြစ်ပေါ်လာ၏။

သိပ်မကြာခင်မှာပင် ဖျတ်ခနဲ ရွှေအိုရောင် အလင်းနှင့်အတူ ရွှေအိုရောင် ဓားမြှောင်က လော့စစ်လက်ထဲသို့ ပြန်ရောက်လာသည်။

သွေးစက်များကို ခါလိုက်ရင်း လော့စစ်က အသာပြုံး၍ ရေရွတ်လိုက်သည်။

"မလောက်လေး မလောက်စားလေးတွေ"

All Chapters